Wednesday, December 8, 2010

ကြီးကျယ်ခမ်းနားသော အရေးအသားများ ပြီးဆုံးသွားရသည့်အကြောင်းရင်း (မြင့်သန်း)

Download Here ---> ဒီနေရာကို click ပါ


"...ကိုယ်ပိုင်အမှန်တရားဆိုတာကို လာပြီး အကြောက်အကန် ငြင်းနေလို့ကဖြင့် နှစ်တစ်လက်မကောင်းကောင်းတစ်ချောင်းကိုင်ပြီး လက်တွေ့နည်းလမ်းတကျ အမှန်တရားဆိုတာကို ရှင်းပြလိုက်ရုံပဲ။..."

"...မြောက်ဝင်ရိုးစွန်းက ရေခဲတုံးတွေ အရည်ပျော်လာလို့ ကမ္ဘာကြီး ပိုမိုပူနွေးလာတယ်လို့ သူ့ရှေ့မှာ ပြောကြရင် ဒီလိုဖြင့် လာမယ့် ဆောင်းမှာ စောင်ထပ်ဝယ်စရာ မလိုဘူးပေါ့လို့ပဲ သူက ပြောလေ့ရှိတယ်။..."

"...လူကြီးတွေပြောပြောနေတဲ့ အသက်အားဖြင့် တစ်ရက် တစ်မွန်းတည့် တစ်မနက်၊ တစ်နာရီ၊ တစ်စက္ကန့်ကြီးတဲ့လူကို ရိုသေရမယ်ဆိုတာ တရားတာပဲ။ အထူးသဖြင့် ကိုယ်က အသက် ပိုကြီးနေရင် ပိုပြီး တရားသေးတယ်။..."

"...မင်း မှတ်ထား။ ရိုသေပြတယ်ဆိုတာတို့ ဘာတို့က လူ့အဖွဲ့အစည်းကြီးက ဖန်တီးထားတာ။ လူ့အဖွဲ့အစည်းတိုင်းမှာ အဲဒီထွင်လုံးတွေ ရှိတယ်။ အရင်လူက နောက်လာတဲ့လူကို သူလုပ်ချင်တာ လုပ်လို့ရအောင် ထွင်ထားခဲ့တာ။ အစဉ်အဆက် စားလို့ကောင်းအောင်၊ ဝါးလို့ကောင်းအောင် စားကြော ထွင်ထားတာ.."

"...တီဗွီက လာတာတွေဟာ ဖြေဖျော်မှုပေးတာတော့ မှန်တယ်။ အဲဒီဖြေဖျော်မှုကြောင့် လူရဲ့ သိနိုင်တဲ့ အတိုင်းအတာတွေ ပျင်းရိသွားတတ်တယ်ဆိုပဲ။ သူများရဲ့ အားထုတ်မှုနဲ့ ကိုယ့်ရဲ့ ပျင်းရိမှုဟာ အခိုက်အတန့်ပဲ ပျောက်မှာ။ ဖြေဖျော်မှု ပြီးသွားရင် ပိုတောင် ပျင်းရိငြီးငွေ့သွားဦးမှာတဲ့။ ဥပမာ ဘောလုံးပွဲ ထိုင်ကြည့်တာမျိုး..."

What is Philosophy? ဖှီလော်ဆော်ဖီ ဘာလဲ ဘယ်လဲ

ကျွန်တော့်ကို ဘာတက်နေသလဲလို့ မေးတဲ့အခါ Philosophy လို့ ဖြေလိုက်ရင် ဘာမှန်းသေချာမသိကြဘူး။ ပြန်မေးကြတယ်။ အဲ့ဒါ ဘာတွေ သင်ရတာလဲတဲ့။ တစ်ချို့ကျတော့ Philosophy နဲ့ Psychology ကို မသဲကွဲကြဘူး။ ဂေါက်တောက်တောက် ဘာသာရပ်လို့ပဲ ရောပြီး မှတ်ထားကြတယ်။ တကယ်တော့ အဲ့ဒီ နှစ်ခုဟာ မတူကြပါဘူး။ စိတ်ပညာက လူရဲ့ စိတ်ကိုပဲ လေ့လာတယ်။ စိတ်ရဲ့ ပြုမူပုံတွေကို လေ့လာတယ်။ စိတ်ရောဂါဝေဒနာတွေကို ကုသတယ်။ ဆရာဝန်တွေနဲ့ သိပ်မကွာဘူး။ ပြောရရင်တော့ သုတေသီတွေက တွေ့ရှိပြီးသားတွေကို လေ့လာရုံသက်သက်ပဲ။ ဒဿနိကဗေဒဟာ ဘာလဲဆိုရင်တော့ ရှင်းရမှာ တော်တော်ရှည်တယ်။

Philosophy ဟာ ဘာလဲလို့ အတိအကျပြောဖို့က သိပ်မလွယ်ဘူး။ သူ့မှာ ပါဝင်တဲ့ အကြောင်းအရာတွေကလည်း စုံတယ်။ စုံတယ်ဆိုတာထက် အကုန်လုံး (everything) လို့ပဲ ပြောရမယ်ထင်တယ်။ စကြဝဠာကြီး ဘယ်လိုစဖြစ်လာသလဲဆိုတာက အစ ပုရွက်ဆိတ်ဆိုတာ ဘယ်လိုကောင်လဲ၊ ပုရွက်ဆိတ်တစ်ကောင် ကို ဘယ်လိုအဓိပ္ပါယ် ဖွင့်မလဲဆိုတာအထိ ပါတယ်။ အကုန်လုံးအကြောင်းပဲ။ အခြေခံအားဖြင့်တော့ Philosophy ဟာ အဓိပ္ပာယ်တွေနဲ့ ဆော့ကစားတဲ့ ဘာသာရပ်လို့ ပြောကြတယ်။ စကားလုံးတွေရဲ့ အဓိပ္ပာယ်တွေကို "စနစ်တကျ" ရှာဖွေကြည့်တာပဲ။ Philosopher တစ်ယောက်ကို လူ့ဘဝရဲ့ အဓိပ္ပာယ်ဟာဘာလဲလို့ သွားမေးကြည့်ရင် သူက ပြန်မေးလိမ့်မယ်။ မင်းပြောတဲ့ အဓိပ္ပာယ်ဆိုတာက ဘာကိုပြောချင်တာလဲ။ What do you mean by meaning?

Monday, November 29, 2010

ကာတီရေးနဲ့မိန်းမ (မြင့်သန်း)

ဧည့်ခံပွဲလုပ်တဲ့လူက ကျွန်တော်တို့အပေါ်မှာ ကောင်းခဲ့တာတွေ ရှိတယ်။ ကျွန်တော်တို့ လောကမှာ အပြန်အလှန်ကူညီတာ၊ စောင့်ရှောက်ရတာဟာ ရေးသားမထားတဲ့ မူတစ်ခု။ ဒီတော့လည်း ကျွန်တော်တို့ အနေနဲ့ သူ အကူအညီလိုနေတာကို ကူညီရမယ့်သဘော။ သူကတော့ တည့်တည့်ချည်း ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့မှာ တင်နေတဲ့ ကြွေးကို ချေပစ်ချင်တာ မဟုတ်ဘူး။ ကျွန်တော်တို့အပေါ်မှာ ထပ်ပြီး သူ အကြွေးတင်လာအောင် လုပ်ထားချင်နေကြတာ။ ဒီတော့မှ ကျွန်တော်တို့လည်း သူ့ကို အသုံးချလို့ ရမှာကိုး။ တစ်နေ့ကတော့ ဂေါက်သီးရိုက်ရင်း သူ့ကိစ္စကိုပြောတယ်။ မင်းလိုချင်တဲ့ အဖြေရဖို့ဆိုရင်တော့ အကူအညီပေးနိုင်တယ်။ ဒါပေတဲ့ တို့ လုပ်ခိုင်းတာကိုတော့ မင်းက လုပ်။ တို့ ဘာလုပ်မယ်ဆိုတာကို အသေးစိတ် မင်းသိစရာမလိုဘူးလို့ သူ့ကိုပြောတော့ သူက သဘောတူတယ်။ ဒီလိုနဲ့ သူ့အိမ်မှာ ဧည့်ခံပွဲကလေးတစ်ခု လုပ်ဖြစ်သွားတယ်။ အကြောင်းပြချက်ကတော့ အသစ်ရောက်လာတဲ့ သံတမန် တစ်ယောက်ကို ကျန်လူတွေနဲ့ မိတ်ဆက်ပေးတဲ့ ကောက်တေး(လ်)ပွဲပဲ။ ဒါကလည်း သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်ပါ။

ဒီလိုနဲ့ ကျွန်တော်တို့ လေးယောက်သား သူ့ဧည့်ခံပွဲကို ရောက်လာခဲ့တာပဲ။ ကျွန်တော်တို့ဆိုတာက အေဒရီယံရယ်၊ ပက်ဒီရယ်၊ လူးရယ်၊ ကျွန်တော်ရယ်။ ပက်ဒီနဲ့ လူးတို့ နှစ်ယောက်က မှတ်တမ်းတင် ရုပ်သေ၊ ရုပ်ရှင်ရိုက်တဲ့သူတွေရဲ့ လက်ထောက် လုပ်နေကြတယ်။ အမှန်မတော့ လူးက ကျွန်တော်တို့ ကြည့်ချင်တဲ့လူတွေရဲ့ ပုံတွေကို ဘယ်လိုရိုက်ရမယ်ဆိုတာ တကယ်ရိုက်တဲ့လူတွေကို ကပ်ပြီး ညွှန်ကြားနေကြတာ။ ကျွန်တော်တို့ကတော့ ဧည့်သည်တော်တွေအဖြစ် လာပေတဲ့ အခန်းထောင့်တစ်နေရာမှာ လိမ္မော်ရည်ခွက်ကိုင်ရင်း မိုးတိုးမတ်တပ်ပဲ။ ယမကာမှီဝဲလို့ မဖြစ်သေးဘူး။ ဒီတော့လည်း ပျင်းလာတယ်။ သူတို့ အသိုင်းအဝိုင်းက ဟန်များကြတယ်။ ဟန်များတယ်ဆိုတာ ဟန်လုပ်နေကြရတာ များတာ။ လုံးလုံးချည်းမသိတာကို သိသလိုလုပ်ပြီး လိမ်နေတဲ့ လူတွေပါသလို သိနေတာကို မသိသလိုလုပ်ပြီး ညာနေတဲ့လူတွေလည်း ပါတယ်။ ကျွန်တော်တို့နဲ့ တိုက်ရိုက် ပတ်သက်တဲ့လူတွေတော့လည်း မဟုတ်ဘူး။ ဒီတော့ ကျွန်တော်တို့ နှစ်ယောက်သား အခန်းထောင့် တစ်နေရာက ရပ်ကြည့်ရင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အပျင်းပြေအောင် လုပ်နေကြရတယ်။ တခြားတော့ မဟုတ်ဘူး။ တတိယကမ္ဘာက လာကြတဲ့ သံအမတ်ကတော်တွေရဲ့ လူပုံစံ၊ ဝတ်ပုံစားပုံဆိုတာတွေကြည့်ပြီး ပြက်လုံးထုတ်နေမိကြတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ တတိယကမ္ဘာက သံအမတ်ကတော်တွေဟာ ဆယ်ယောက်မှာ ကိုးယောက်လောက်က မဝတ်တတ် မစားတတ်တာများတယ်။ မစားတတ်ဘူးဆိုတာကလည်း မဟုတ်လောက်ဘူး။ အစားကောင်းလို့ ကျားကိုစီး စားလို့မကုန် ပုံကြီးတွေ များတယ်။

Friday, October 1, 2010

အချစ်၊ ဘာလဲ ဘယ်လဲ

ရည်ညွှန်း - မော်မော်သင်း။ ။ သူရဲကောင်း၏ မိုးစက်ပွင့်များ၊ ရှုမ၀မဂ္ဂဇင်း၊ ၁၉၈၂၊ မေလ၊

ဆိုရှယ်လစ် သရုပ်မှန်စာပေ။ ရေးသောခုနှစ်မှာ ၈၂ ခုနှစ်ဖြစ်သောကြောင့် ဆိုရှယ်လစ်ခေတ်အတွင်းတွင် ဇာတ်အိမ်တည်ထားသည်။ ထို့ကြောင့် “ပြည်သူ”၊ “ပစ္စည်းမဲ့လူတန်းစား”၊ “ဘဝမဆန်ဘူး” စသည့် အသုံးအနှုန်းတွေကို တွေ့ရသည်။ ဆိုရှယ်လစ်စနစ် အတွင်းမှာ ဖြစ်တည်နေသော ချစ်ခြင်းမေတ္တာအကြောင်းကို အဓိက ဖော်ကျူးထားသည်။ ရသအပိုင်းမှာ ပြောစရာမရှိ။ သာမန်ရိုးကျ အချစ်ဇာတ်လမ်းတွေကို သဘောကျသော ချာတိတ်တွေ၊ ချာတိတ်မတွေ အကြိုက်ဖြစ်ပါလိမ့်မည်။ တစ်ခါတစ်ရံ စာရေးဆရာ၏ ခေတ်ကို လှောင်နေသော အသံကို ကြားရသည်။ “သူတို့သည် ရုပ်ရှင်ကြည့်လျှင်လည်း ငါးကျပ်တန်းကမှ၊ ဟင်းမကောင်းလျှင် ထမင်းမစားချင်ကြ၊ လက်ဖက်ရည်ဆိုင်ထိုင်ရင်း အချိန်မှန်သမျှကို ရေရာသောအလုပ် ဘာမျှမရှိဘဲ ပစ္စည်းမဲ့လူတန်းစားအတွက်ဟုဆိုကာ ဖြုန်းနေကြလေသည်။” စသည့် စာကြောင်းများတွင် တွေ့ရသည်။

Thursday, September 30, 2010

ကြောင်ကလေးကို ရေချိုးပေးသူ

ကျွန်တော်ဟာ ကြောင်ကလေးကို ရေမှန်မှန်ချိုးပေးတယ်။ အချိန်ရတိုင်းပဲ။ သူငယ်ချင်းတွေက အလုပ်မရှိ ကြောင်ရေချိုးတဲ့အကောင်လို့ ပြောကြတယ်။ ဒါပေမယ့် ကိစ္စမရှိဘူး။ ကျွန်တော်ကိုယ်က ကြောင်ကလေးကို ရေချိုးပေးရတာ ဝါသနာပါနေတာကိုး။ ကြောင်ကို ရေချိုးပေးရတာလည်း လွယ်တာတော့ မဟုတ်ဘူး။ ကြောင်ဆိုတာက ရေကြောက်တဲ့ သတ္တဝါမှတ်လား။ ဒါကြောင့် အလုပ်မရှိတိုင်း ကြောင်ကို ရေချိုးပေးဖို့ကလည်း လွယ်တဲ့ ကိစ္စတော့မဟုတ်ဘူး။

ကြောင်ကို ရေချိုးပေးတယ် ဆိုပေမယ့် သာမန်ကာလျှံကာ မဟုတ်ဘူး။ ကြောင်ကို ရေချိုးပေးတဲ့ နည်းစနစ်တွေကို သေချာလေ့လာရသေးတယ်။ ကိုယ်တိုင် ချိုးပေးဖို့ကိုလည်း စိတ်ရှည်ရသေးတယ်။ အခြေအနေနဲ့ အချိန်အခါကိုလည်း လေ့လာရသေးတယ်။ ဒါပေမယ့်လည်း ကိုယ်တိုင်က ကြောင်ကလေးကို ရေချိုးပေးရတာ ဝါသနာပါနေတော့ ကြိုးစားရတာပဲ။ အစပိုင်းတော့ ခက်တယ်။ ကြောင်ကလေးကို ရေချိုးပေးတဲ့ နေရာမှာ အစက မကျွမ်းကျင်သေးတော့ အလုပ်မဖြစ်လှဘူး။ ဒီအလုပ်ဟာ စိတ်ရှည်ဖို့လည်း လိုသေးတယ်။ အစပိုင်း မအောင်မြင်တာနဲ့ စိတ်ဓာတ်ကျနေလို့ မဖြစ်သေးဘူး။ ကြောင်ကလေးကို ရေမှန်မှန်ချိုးတတ်အောင် လေ့လာ၊ လေ့ကျင်ရသေးတယ်။ နောက်ပိုင်းမှ အသားကျသွားတယ်။ ကြောင်ကလေးကို ရေချိုးပေးဖို့ အလုပ်မရှိရုံနဲ့ မလုံလောက်သေးဘူး။

Wednesday, September 29, 2010

ရုံးတော်မှတစ်ဆင့် ကာ(ဖ)ကာကို ချဉ်းကပ်ခြင်း

ဗျို့ ဦးတေဇာ,

ဦးလေး ဘာသာပြန်တဲ့ ကာ(ဖ)ကာရဲ့ ဝတ္ထုကို ဖတ်ရတယ်။ သဘောလည်းကျတယ်။ တကယ်တော့ အဲဒီ အရေးအသားကို ဖတ်ဖူးတာ ပထမဦးဆုံးတော့ မဟုတ်ဘူး။ တခြားသူတွေ ဘာသာပြန်တာ ဖတ်ဖူးသေးတယ်။ မူရင်းလည်း ဖတ်ဖူးတယ်။ အဲ့ဒီ အရေးအသားဟာ သီးသန့်တော့ မဟုတ်ဘူး။ မှတ်မှတ်ရရ The Trial ဝတ္ထုထဲမှာ ပါတယ်။ အဲ့ဒီထဲက ပုံပြင်လေးကို ပြန်ပြီး ကောက်နုတ်ထားတာလို့တော့ ထင်တယ်။ ထားပါတော့။ ပြောချင်တာက အဲ့ဒါ မဟုတ်ဘူး။

ကာ(ဖ)ကာ ဆိုတာက စာရေးဆရာတွေထဲမှာ အလွန်သိမ်မွေ့ပြီး နားလည်ရခက်တဲ့ စာရေးဆရာတစ်ယောက်ပဲ။ သူ့အရေးအသားတွေကို တစ်ခေါက်ဖတ်ရုံနဲ့ နားမလည်ဘူး။ သုံးလေးငါးခေါက် သေသေချာချာ ဖတ်ရတယ်။ ပြီး သေသေချာချာ ဆက်တွေးရတယ်။ ကာ(ဖ)ကာကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ ကြိုးစားခဲ့တဲ့ ဝေဖန်ရေးဆရာတွေလည်း အများကြီးပဲ။ တစ်ယောက်တစ်မျိုးနဲ့ ကာ(ဖ)ကာကို ချဉ်းကပ်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့ဟာလည်း ကာ(ဖ)ကာရဲ့ အနီးအနားကို ရောက်လာနိုင်စွမ်း မရှိခဲ့ကြဘူး။ ဒါကြောင့်မို့ ကျွန်တော်လည်း ဥာဏ်စွမ်းသလောက် ကာ(ဖ)ကာရဲ့ တရားခွင်ကို ချဉ်းကပ်ကြည့်မယ်။

Monday, September 27, 2010

အသက်အရွယ်

ကျွန်တော် မကျေနပ်တဲ့ စကားလုံးတွေထဲမှာ အသက်အရွယ် ဆိုတဲ့ စကားလည်း ပါတယ်။ တကယ်တော့ အသက်နဲ့ အရွယ်ကို ခွဲခြားထားရင် ကောင်းမယ်။ လူတစ်ယောက်ရဲ့ အသက်နှင့် အရွယ်ကို ဘယ်လိုသိနိုင်သလဲ။ အသက်ဆိုတာဘာကို ပြောတာလဲ။ အရွယ်ဆိုတာတော့ လူတစ်ယောက်ရဲ့ အိုမင်းရင့်ရော်မှုကို ပြနေတဲ့ ဆိုင်းဘုတ်တစ်ခုပဲ။ အသက်ဆိုတာနဲ့ အရွယ်ဆိုတာ သက်သက်စီလို ပြောရင် ရမလား။ အသက်ကြီးပြီး အရွယ်ငယ်တဲ့ လူတွေရှိတယ်လို့ ပြောလို့ရတယ်ဆို လက်ခံနိုင်မလား။ နုပျိုတာကို ပြောတာမဟုတ်ဘူး။ အရွယ်ကြီးပြီး အသက်ငယ်ငယ်လေးပဲ ရှိသေးတဲ့လူတွေလည်း ရှိတယ်။ သူငယ်ပြန်တာကို ပြောတာမဟုတ်ဘူး။ ကျွန်တော်ပြောတဲ့ အသက်ဆိုတာ လူတစ်ယောက် အသက်ရှင်ခဲ့တဲ့ အချိန်အတိုင်းအတာကို ပြောနေတာမဟုတ်ဘူး။ အရွယ်ကို သိချင်ရင်တော့ လူရဲ့ ပုံပန်းသဏ္ဍာန် အိုမင်းရင့်ရော်မှုကို ကြည့်ရင်ရတယ်။ အသက်ဘယ်လောက်ရှိပြီလဲဆိုတာ ဘယ်လိုသိနိုင်မလဲ။ ဒီလိုဆိုရင်တော့ အသက်နဲ့ အရွယ်ဆိုတဲ့ စကားလုံးတွေကို သေချာ ပြန်စဉ်းစားဖို့ လိုလာပြီ။

လူတစ်ယောက်ရဲ့ အသက်ကို ဘယ်လို တိုင်းတာနိုင်မလဲ။ နေ့စဉ်ဘဝမှာ ပြောနေကြတဲ့ အသက်ဘယ်လောက်ရှိပြီလဲ  ဆိုတာ သူအသက်ရှင်ခဲ့တဲ့ အချိန်အတိုင်းအတာကို ပြောတာပဲ။ ကျွန်တော်ပြောချင်တဲ့ အသက်။ ဒါဆိုရင် ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို ပြန်စဉ်းစားကြည့်ရမယ်။ အသက်ဆိုတာ ဘာကို ပြောချင်တာလဲ။ လူတစ်ယောက်ရဲ့ ရင့်ကျက်မှု၊ ဆုံးဖြတ်ချက်ချတတ်မှု၊ လေးနက်မှု စတာတွေကိုပဲ အသက်လို့ သတ်မှတ်ချင်တယ်။ ဟုတ်တယ်။ ဒါတွေက လူတစ်ယောက်ရဲ့ တကယ့်အသက်ပဲ။ ဒါကြောင့် လူတစ်ယောက်ရဲ့ အသက်ဘယ်လောက်ရှိပြီလဲဆိုတာကို လွယ်လွယ်မသိနိုင်ဘူး။ ကုန်ကုန်ပြောရရင် တိတိကျကျ မသိနိုင်ဘူး။ အသက်ဆိုတာ ကိန်းဂဏန်း မဟုတ်ဘူး။ အသက်ဆိုတာ စိတ္တဇနာမ်ပဲ။ တိုင်းတာလို့မရဘူး။

Sunday, September 19, 2010

အိမ်သာအကြောင်း သိကောင်းစရာ

သူဟာ လူ့သမိုင်းကို အကြီးအကျယ်ပြောင်းလဲခဲ့ပါတယ်။ ကျွန်တော်တို့လည်း နေ့စဉ် အသုံးပြုနေကြပါတယ်။ သူဟာ မရှိမဖြစ် လိုအပ်ချက်တစ်ခုပါပဲ။ သင် ယခုတောင် သူ့အပေါ် တက်ထိုင်ကောင်း ထိုင်နေပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့တွေအတွက် သူဟာ လမ်းမညစ်ပတ်အောင်၊ ကိုယ့်ပြဿနာကိုယ်ရှင်းဖို့ တွင်းမတူးနေရအောင် ကူညီပေးတာထက်ပိုပြီး သူ့အကြောင်းကို သိကြရဲ့လား။

လူသားတွေ ကမ္ဘာကို စတင်ကြီးစိုးတဲ့ အချိန်ကစပြီး လူတွေဟာ သဘာဝရဲ့ စိန်ခေါ်မှုကို ဖြေရှင်းရန် သက်တောင့်သက်သာရှိမယ့် နေရာလေးကို ရှာဖွေခဲ့ကြပါတယ်။  “၇ ရက်မြောက်သောနေ့ ကိုယ်တော် အနားမယူမီတွင် လူသားအတွက် ပြဿနာဖြေရှင်းရန် နေရာတစ်ခုအား ဖန်ဆင်းတော်မူခဲ့သည်။ ဘုရားသခင် ချုံပုတ်တစ်ခုကို ဖန်ဆင်းပြီးသကာလ အာဒမ်သည် ထို သစ်ရွက်နန်းတော်ထဲသို့ တမဟုတ်ချင်း ဝမ်းသာအားရ ပြေးဝင်သွားလေတော့သည်။” ဒီလိုအဖြစ်မျိုး တကယ်ဖြစ်ခဲ့ချင် ဖြစ်ခဲ့မှာပါ။

Thursday, September 16, 2010

သင်ဘယ်လိုလူလဲ

Men, though they look, fail to see what is well-being, what is the good in life.
Aristotle, Eudemian Ethics

ရှေးဂရိဒဿနဆရာကြီး အရစ္စတိုတယ်သည် သူ၏ဘဝတစ်လျှောက်လုံးတွင် ဒဿနိကဗေဒဆိုင်ရာ ရှာဖွေတွေ့ရှိမှု အများအပြားကို ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။ သူ၏ ဆောင်ရွက်ချက်များတွင် လောကကို ခွဲခြမ်းစိတ်ဖြာခြင်း၊ (တစ်နည်း) အမျိုးအစားခွဲခြင်း (categorization) မှာ နှောင်းလူတို့အပေါ် အကျိုးသက်ရောက်မှု အများအပြားရှိခဲ့သည်။ သူသည် လူနှင့်ပတ်သက်၍လည်း စရိုက်လက္ခဏာ လေးမျိုးကို ယုတ္တိနည်းကျ ခွဲခြားသတ်မှတ်ခဲ့သည်။ (တကယ်တမ်း ခွဲခြားခဲ့သည်မှာ ခြောက်မျိုးဖြစ်သော်လည်း အစွန်းရောက်နှစ်မျိုးဖြစ်သည့် လူလွန်မသား (superhuman) နှင့် မိစ္ဆာ (bestial) တို့မှာ အင်မတန့် အင်မတန် ရှားပါးသောကြောင့် ချန်လှပ်ထားခဲ့ပါသည်။)

အရစ္စတိုတယ် ခွဲခြားပြခဲ့သော လူစရိုက်လေးမျိုးတို့မှာ လူကောင်း (the virtuous)၊ ရောင့်ရဲလွယ်သူ (the continent)၊ ရောင့်ရဲမလွယ်သူ (the incontinent) နှင့် လူဆိုး (the vicious) တို့ဖြစ်ကြသည်။ စရိုက်တစ်ခုခြင်းစီကို နားလည်လွယ်စေရန် ဥပမာပုံဆောင်၍ ပြသပါမည်။

Wednesday, September 15, 2010

အမြင့်ပျံခြင်း

အနီရောင်နှင်းဆီပွင့်ချပ်တွေ အဖြူရောင်လွှမ်းသွားတဲ့အချိန်မှာ ကိုယ် ဆိတ်ဆိတ်ကလေး ငြိမ်သက်နေတယ်...။

ကိုယ့်အတွက်တော့ ကမ္ဘာမြေကြီးက ထာဝရရပ်တန့်သွားခဲ့ပေါ့..။

လောကမှာ မိဘမောင်ဘွားအပြင် လူပေါင်းများစွာနဲ့ တွေ့ဆုံဆက်ဆံဖူးခဲ့အတွက် ပေလေးဆယ် ပေခြောက်ဆယ် တိုက်ခန်းက ကျဉ်းတယ်လို့ မခံစားခဲ့ရဘူး...။

ဖားငယ်ကလေးအတွက်တော့ နွားခြေရာခွက်ဟာ ကြီးနေခဲ့တာပဲ..။ အပြင်လောကကို အတတ်နိုင်ဆုံး လေ့လာခဲ့တယ်..။ Alexander McQueen ရဲ့ နောက်ဆုံးပေါ်ဒီဇိုင်း၊ အပိုလို (၁၃)၊ ရန်ကင်းဈေး၊ ဝင်းဦး၊ ချစ်ခြင်းမေတ္တာ၊ ဗီလိန်...။

ဒါပေမယ့် မြန်မာဗီဒီယို ဇာတ်ကားတွေကိုတော့ မကြိုက်ခဲ့မိပြန်ဘူး။

Monday, September 6, 2010

အမှန်တရား၊ အမှားတစ်ရံ

တကယ်တော့ အမှန်တရားဟာ အမှားတစ်ရံ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ အမှန်တရားဆိုတာဘာလဲ။ အမှန်တရားရဲ့ ဂုဏ်သတ္တိတွေကဘာလဲ။ ဘယ်လိုအချက်တွေနဲ့ ကိုက်ညီမှ အမှန်တရားလို့ ခေါ်ဆိုနိုင်တာလဲ။ အမှန်တရားဟာရော တကယ့်အစစ်အမှန်တရား ဟုတ်ပါရဲ့လား။ ကျွန်တော်တို့ မြင်နေရသမျှ၊ ကြားနေရသမျှ အားလုံးဟာ အမှန်တရားပဲလား။ ဘယ်ဆင်ခြေတွေနဲ့ ကျွန်တော်တို့ရဲ့ အာရုံငါးပါးကို ယုံကြည်ကြရမှာလဲ။ ဒါတွေကို အတွေးအခေါ်ပညာရှင်တိုင်း သိချင်ခဲ့ကြတာချည်းပဲ။ ကျွန်တော်ကတော့ ဆိုပါရစေ၊ အမှန်တရားဆိုတာ တကယ်တော့ အမှားတစ်ရံပါ။ ဘာကြောင့် ဒီလိုပြောနိုင်တာလဲ။ ကျွန်တော်တို့ လက်တွေ့စမ်းသပ်မှု (experiment) တစ်ခု လုပ်ကြည့်ကြပါမယ်။ လက်တွေ့စမ်းသပ်မှုလုပ်ဖို့ တွဲဘက်အဖြစ်နဲ့ ကျွန်တော့်ရဲ့ ချစ်ခင်လှစွာသော ဦးလေးတေဇာ(လရောင်လမ်း) ကို ဖိတ်ခေါ်ပါတယ်။

Friday, August 20, 2010

ချစ်ခြင်း၊ မုန်းခြင်းနှင့် အရက်ဆိုင်မှ ပြန်သောည

အရက်ဆိုင်မှာ သူငယ်ချင်းက အသဲကွဲပြီး ခံစားနေရတာ မြင်ရတော့ စိတ်မကောင်းဘူး။ သူ့ကို ကြည့်ရတာတော့ အမှန်အကန် ကြေကွဲနေတဲ့ ပုံပဲ။ သူ့ရဲ့ အလွန်အရေးပါတဲ့ အရာတစ်ခု ဆုံးရှုံးသွားတဲ့ ခံစားမှုပဲ။ ကိုယ်တိုင်လည်း ခံစားခဲ့ဖူးတော့ နားလည်မိတယ်။ ပြီးတော့ သူနဲ့က ငယ်ပေါင်းတွေ။ တစ်ယောက်နဲ့ ပြတ်လိုက်၊ အသဲကွဲလိုက်၊ နောက်တစ်ယောက် ရလိုက်နဲ့ မထူးဆန်းတော့ဘူး။ ဒါကြောင့် ကျွန်တော်လည်း ဘာမှ သိပ်မပြောပဲ အင်းလိုက်နေတယ်။ အသဲကွဲတဲ့လူကို စကားပြောရတာလည်း အတိမ်းအစောင်းမခံဘူး။ သူက လိုရာဆွဲတွေးပြီး စွတ်စွတ် ခံစားပစ်လိုက်တတ်တာ။ ဒီတော့လည်း တစ်ခွက်ပြီးတစ်ခွက် သောက်လိုက်၊ အမြည်းစားလိုက်နဲ့ သူပြောတာကိုပဲ လိုက်နားထောင်နေလိုက်မိတယ်။

အိမ်ပြန်ရောက်တော့ မအိပ်ခင်ပြန်ပြီး စဉ်းစားနေမိတယ်။ ကျွန်တော့် သူငယ်ချင်းကို ကြည့်ရတာတော့ အတော်ကလေး ခံစားနေရတဲ့ပုံပဲ။ အင်းပေါ့။ သူ့အတွက် အရေးကြီးတဲ့အရာတစ်ခု ဆုံးရှုံးလိုက်ရတာကိုး။ ဆက်တွေးကြည့်မိတယ်။ လူတွေမှာ ချစ်ခြင်း၊ မုန်းခြင်းဟာ အရေးပါသလား။ ဘယ်လောက်ထိ အရေးပါနေသလဲ။ ကျွန်တော်လည်း အရင်က အသဲကွဲ ခံစားခဲ့တာပဲ။ အဲဒီတုန်းကတော့ ကိုယ့်အတွက် အတော်အရေးပါခဲ့တယ်။ အရေးအကြီးဆုံးအရာတစ်ခုလို့တောင် ပြောလို့ရမယ်ထင်ရဲ့။ လူတစ်ယောက်ကို ချစ်ခြင်း၊ လူတစ်ယောက်ရဲ့ အချစ်ကိုခံရခြင်းတို့ဟာ ဘဝပျော်ရွှင်မှုကို အဆုံးအဖြတ်ပေးနေသလိုပဲ။

အပြာရောင် ကြက်ခြေခတ်ကလေး

ယုတ္တိနည်းကျ "နေ" တဲ့ ကျွန်တော်ဟာ ခေါင်းအေးတယ်။ ထက်မြက်တယ်။ အကွက်မြင်တယ်။ ပိုင်းခြားသိမြင်တတ်တယ်။ ချွန်မြတယ်။ ပြီးတော့ လိမ္မာပါးနပ်တယ်။ ကျွန်တော်ဟာ အဲ့ဒါတွေအားလုံးနဲ့ ပြည့်စုံတယ်။ ကျွန်တော့်ရဲ့ ဦးနှောက်ဟာ ဒိုင်နမိုတစ်လုံးလို စွမ်းအားကောင်းတယ်။ ဓာတုပညာရှင်ရဲ့ ချိန်ခွင်တစ်လက်လို ပြတ်သားတိကျတယ်။ ခွဲစိတ်ဆရာဝန်ရဲ့ ဓားငယ်တစ်လက်လို ထိုးဖောက်နိုင်တယ်။ တွေးမိပါ့မလား။ ကျွန်တော်ဟာ ဆယ့်ရှစ်နှစ်ပဲ ရှိပါသေးတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ အသိဥာဏ်ဒီလောက်ပြည့်ဝဖို့ဆိုတာ တစ်ခြားတစ်ယောက်အတွက်ဆို လွယ်မှာမဟုတ်ဘူး။ ဥပမာ.. တက္ကသိုလ်မှာ ကျွန်တော်နဲ့ တစ်ခန်းထဲနေတဲ့ "ပတ်တီဘဲလို" လိုကောင်မျိုးကို ပြရမယ်။ ကျွန်တော်နဲ့ အသက်တူတူပဲ။ ဘဝနောက်ခံ အခြေအနေချင်းလည်း တူတယ်။ ဒါပေမယ့် အဲ့ဒီကောင်ဟာ နွားသိုးတစ်ကောင်လို တုံးတယ်။ ပေါင်းသင်းရတာတော့ ကောင်းပါတယ်။ အဆင့်နိမ့်တယ်။ အီမိုရှင်နယ်လ်တိုက်ပ် Emotional Type ပဲ။ မတည်ငြိမ်ဘူး။ စိတ်ခံစားမှုနောက်ကို လိုက်တယ်။ အဆိုးဆုံးကတော့ ဒီကောင်ဟာ Faddist တစ်ယောက်ပဲ။ ဖက်ရှင်နောက် အရမ်းလိုက်တယ်။ ဖက်ရှင်နောက်လိုက်တာဟာ ဆင်ခြင်တုံတရားနဲ့ ကင်းလွတ်တာလို့ ကျွန်တော်ယူဆတယ်။ သူများတကာလုပ်တိုင်း လိုက်လုပ်တာ၊ ဝင်ရူးတာဟာ အသိဥာဏ်ခေါင်းပါးမှုပဲ။ အဲ့ဒါဟာ အသိဥာဏ်မရှိမှုရဲ့ အထွတ်အထိပ်ပဲလို့ ကျွန်တော်ခံယူတယ်။ ဒါပေမဲ့ ပတ်တီကတော့ အဲ့ဒီလိုမဟုတ်ပါဘူး။

တစ်နေ့နေ့လည်မှာ သူ . . အိပ်ရာထဲလဲနေတာ တွေ့တယ်။ သောကရောက်နေတဲ့ မျက်နှာနဲ့ပါပဲ။ ဒီကောင် "အူအတတ်ပေါက်ရောဂါ" ရနေပြီလို့ ကျွန်တော် ကောက်ချက်ချလိုက်တယ်။

Sunday, August 8, 2010

လရောင်အထဲကလူ (မြင့်သန်း)

အဲဒီတုန်းကနွေ။ လပြည့်ညလို့တော့ ထင်တာပဲ၊ မဟုတ်ရင် လမပြည့်ခင်ဖြစ်ဖြစ်၊ လပြည့်ပြီးဖြစ်ဖြစ် သုံးလေးညလောက် ဖြစ်မယ်။ လရောင်က အားကောင်းတယ်။ အားကောင်းတယ် ဆိုပေတဲ့လည်း မီးရောင်လောက်တော့ ဘယ်အားကောင်းပါ့မလဲ။ လရောင်အားကောင်းတာကိုတော့ မှတ်မိနေသေးတယ်။ နောက် မှတ်မိတာတစ်ခုက နွေ၊ နွေ ဆိုတော့ ပိုပြီးလင်းလင်းရှင်းရှင်း ရှိတယ်။ အဲဒီမှာ လူတစ်ယောက်ကို တွေ့တယ်။ တွေ့တယ်ဆိုပေတဲ့လည်း သိလို့ တွေ့တယ်ဆိုတာမျိုး မဟုတ်ဘူး၊ တွေ့လို့ သိတယ်ဆိုတာမျိုးလည်း မဟုတ်ဘူး။ တွေ့လို့တွေ့တာပဲ။ တွေ့တာပဲလို့ လွယ်လွယ် ပြောလို့ရတယ်။ လရောင်ထဲမှာ တွေ့တာ။ အမှန်မှာတော့ ပြောရိုး ပြောစဉ်က လရောင်အောက်မှာ တွေ့တာ။ ဒါပေတဲ့ အဲဒီပြောရိုးပြောစဉ်ကြီး ဆိုတာကို သိပ်မကြိုက်ဘူး။ မှန်ပါတယ် လရောင်အောက်မှာပါ။ ဒါပေတဲ့ လရောင်အောက်မှာဆိုရင် လရောင်ဟာ နေရာအားဖြင့် ကန့်သတ်မှု ရှိနေတယ်။ အထက်နဲ့အောက်ဆိုတဲ့ ဒေါင်လိုက်ကန့်သတ်မှု မဟုတ်ဘူး။ အလျားအနံလိုက် ကန့်သတ်ထားတာမျိုးကို ပြောတာ။ စဉ်းစားကြည့် သစ်ပင်အောက်မှာ တံစက်မြိတ်အောက်မှာ ဆိုတာမျိုး။ အဲဒီမှာ သစ်ပင်ရဲ့အတိုင်းအတာ တံစက်မြိတ်ရဲ့ အတိုင်းအတာ ဆိုတာတွေကို ပြမထားဘဲ မြင်နေရတယ်။ အဲဒီလိုပဲ လရောင်အောက်မှာ လို့ပြောရင် လရောင်ရဲ့ သီးခြားအတိုင်းအတာ ပါနေတယ်။ တကယ်တော့ လသာတဲ့ ညတိုင်းမှာ လရောင်ဟာ လွှမ်းခြုံထားတာပဲ။ အကန့်အသတ်ကို ထည့်ပြောလို့မရဘူး။ လရောင်အထဲမှာ ဆိုရင်တော့ လရောင်ရှိနေသမျှရဲ့ နယ်ကုန်ပဲ။ လရောင်လွှမ်းခြုံထားတာနဲ့ နယ်ကုန်ကို အရင်ရှာကြည့်ပြီး ပြောမယ်ဆိုရင်တော့ ပြောလို့ရလိမ့်မယ်။ လရောင်ရဲ့ ကန့်သတ်နယ်မြေကို ရှာဖို့ဆိုတာက မလွယ်တော့ လရောင်ထဲမှာလို့ပြောမယ်ဆိုရင် လရဲ့အရောင်ကို ကန့်သတ်ရာ မရောက်တော့ဘူး။ တစ်ခုတော့ ပြောစရာရှိတယ်။ လရောင်ဟာ နေရောင်လောက် မလင်းဘူး။ ဒီတော့လည်း လရောင်အထဲမှာ ရှိနေတာတွေဟာ နေရောင်ထဲမှာ တွေ့ရနိုင်တာတွေလို ကြည်လင်ချင်မှ ကြည်လင်မယ်။ မှုန်တိ မှုန်ဝါးနေချင်နေမယ်။ မှောင်တောင်တောင် နေချင်နေမယ်။ မှောင်တောင်တောင်နဲ့ မှုန်တိမှုန်ဝါးနေလို့ ပိုပြီး အားစိုက်ကြည့်ရတယ်။ အားစိုက်ကြည့်ရတာ မှန်သမျှဟာ ခက်ခဲတာချည်းပဲ။ ဒါကြောင့် လရောင်ထဲကလူဟာ ဘယ်တော့မှ မသဲကွဲဘူး။ အလင်းထက် အမှောင်ပိုင်းက များတယ်။ ကြည့်နေရင်း မှောင်သွားတတ်တယ်။ မှောင်ထဲမှာ မှောင်နေတာ။ နောက်တော့ မှောင်ထဲမှာ ပျောက်သွားတာ။ တကယ်တော့ လူတွေက လရောင်ထဲက လူလိုချည်းပဲတောင် ဖြစ်ချင်ဖြစ်မယ်။ အဲဒီလူကတော့ ခုထိ ပျောက်မသွားဘူး။ ဘယ်သူ ဘယ်ဝါရယ်လို့သာ မသိလိုက်ရတယ် ပျောက်မသွားဘူး။ ပျောက်မသွားပေတဲ့လည်း သူ့ကို မသိဘူး။ တကယ်တော့ သိတာနဲ့ မသိတာအကြားမှာ သိပ်ကွာခြားလှတာမှ မဟုတ်ဘဲ။ ဘာကြောင့်မှန်းတော့ မသိဘူး။ ကျွန်တော်က သူ့ကို လှမ်းပြီး လက်ပြလိုက်မိတယ်။ အဲဒီညက ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတို့ နှစ်ယောက်သားဟာ တက္ကသိုလ်ရဲ့ အလယ်ခေါင်က ကားသွားတဲ့လမ်းမကို မြင်ရတဲ့ဘက်ကို လှမ်းကြည့်နေမိကြတယ်။ ကျွန်တော်တို့က အဆောင်ပေါ်က။ အဆောင်မှာ ကျောင်းသားတွေ မရှိသလောက်ပဲ။ မရှိဘူးလို့ပဲ ဆိုကြပါစို့။ စာမေးပွဲတွေပြီးလို့ နွေကျောင်းပိတ်ပြီ။ အိမ်ပြန်စရာ လမ်းစရိတ်ကို အကုန်လုံး ရှိုးလိုက်မိလို့ ကိုယ့်အရပ်ကို မပြန်နိုင်ဘဲ အဆောင်မှာ သနားခွင့်တင်ပြီး နားလည်မှုနဲ့ နေတဲ့ ကျောင်းသားတစ်ယောက် နှစ်ယောက်ပဲ ရှိတယ်။ အဆောင်မှူး မိသားစုလည်း မရှိကြဘူး။ အရပ်ပြန်ကြတယ်။ ကျွန်တော့်သူငယ်ချင်းက အဆောင်ကျူတာ။ ဘာမှလုပ်စရာမရှိတော့ အဆောင်ရဲ့ အပေါ်ဆုံးအထပ်မှာ မီးမထွန်းဘဲ ထိုင်နေကြရင်း ဘီယာသောက်နေကြတယ်။ နေဝင်စကတည်းကပဲ ဆိုပါတော့။ ကျွန်တော့် သူငယ်ချင်းက ထမင်းဟင်း အချက်ကောင်းတယ်။ ဈေးထဲက ပေါပေါလောလောရတဲ့ ကြက်ရိုးတွေ၊ တောင်ပံတွေ တစ်ပုံကြီးဝယ်လာပြီး အဆောင်စောင့်ကြီး စိုက်ထားတဲ့ ဘူးခင်းထဲက ဘူးသီးတစ်လုံး ဝယ်တယ်။ နောက်တော့ စပါးလင်နိုင်နိုင်နဲ့ ကြက်သား ကာလသားဟင်း ချက်တယ်။ ကြက်သားဆိုပေတဲ့ အရိုးချည်းပဲလို့ ပြောရမယ်။ ဒါပေတဲ့လည်း ရည်ရွယ်ချက်ကိုက အရိုးကိုက်ချင်ကြတာကိုး။ ကုလားထိုင် အစုတ်နှစ်လုံးကို အခန်းအပြင် ထုတ်၊ ကားလမ်းကို မြင်ရတဲ့ဖက်မှာချ၊ ဟင်းအိုးကို ကုလားထိုင် နှစ်လုံးအကြား မှာထား၊ အရိုးကိုက်ရင်း ဘီယာသောက်ရင်း တောပြော တောင်ပြော ပြောဖြစ်ကြတယ်။ ပြောတာမှ အစုံပဲ။ အစုံဆိုပေတဲ့လည်း နေ့စဉ် ဘဝနဲ့ ဆိုင်တာတွေ များတယ်။ ဒီတော့လည်း ဟိုတုန်းကလူတွေမှာ သူတို့နဲ့ အနီးစပ်ဆုံးအကြောင်းပဲ ပြောစရာရှိတယ်။ သူတို့ကိုယ်တိုင်ကလည်း လူတွေဆိုတော့ လူတွေ၊ လူတွေနဲ့ ဆက်စပ်နေတဲ့အကြောင်းတွေကိုပဲ ပြောကြတော့တာပေါ့။ တကယ်တမ်းကျပြန်တော့ လူတွေမှာ ထူးထူးခြားခြား အကြောင်းတွေ မရှိလှဘူး။ မွေးတာရယ်၊ သေတာရယ်၊ ချစ်တာရယ်၊ မုန်းတာရယ်၊ ဝမ်းသာတာရယ်၊ မနာလိုတာရယ်။ ပြောရပြန်ရင် ဝမ်းသာချင်ယောင်ဆောင်ပြီး မနာလိုတာရယ်၊ ချစ်ဟန်ဆောင် မုန်းတာရယ် ထည့်ပြောရမှာပဲ။ လူတွေမှာက ဖြစ်ရိုးဖြစ်စဉ်ထက်မှ မပိုဘဲ၊ ပိုချင်လို့မှလည်း မရဘဲ။ လူလို့ဖြစ်လာကတည်းက ကန့်သတ်ခံထားရတာချည်းပဲ။ ဒါပေတဲ့ ကန့်သတ်ခံထားရတဲ့ လူတွေရဲ့ ဖြစ်ရိုး ဖြစ်စဉ်ကြီးအထဲမှာ လူတွေဟာ တစ်သီးတခြားစီချည်းပဲ။ သူတို့တစ်ဦးချင်းစီရဲ့ အဖြစ်ဟာ မတူကြဘူး။ အဖြစ်အပျက်တွေ မှန်သမျှဟာ တူမှ မတူကြဘဲ။ ခပ်ဆင်ဆင်လို့ ပြောချင် ပြောလို့ရတာတွေ ရှိတယ်။ ဒါပေတဲ့ မတူဘူး။ လူချင်းတူပေတဲ့ အသက်ရှူတာ ကွဲတယ်ဆိုတဲ့ စကားလိုပဲ။ တကယ်တမ်းမှာတော့ အသက်ရှူတာဟာ ရှူတာပဲ။ သဘာဝတရားက လူကို အလိုလို ပြုမူခိုင်းထားတဲ့ အပြုအမူအထဲက ပထမဦးဆုံး အပြုအမူ။ တကယ်တမ်း ကွဲတာက အသက်ရှူလို့ အသက်ရှင်နေကြတဲ့ လူတွေအထဲမှာ ဘာလို့ အသက်ရှိနေသလဲဆိုတာကို လက်ခံပုံချင်း မတူကြတာပဲ။ တွေးကြည့်ပုံ မတူဘူး။ တွေးပြီး အနက်ဖော်ပုံ မတူကြဘူး။ တွေးပြီး အနက်ဖော်တာကိုက လူရဲ့ လွတ်လပ်ခြင်းပဲ။ ဒါကြောင့်လည်း လွတ်လပ်ခြင်းဆိုတာဟာ ပုဂ္ဂလဓိဌာန်ကျတဲ့ အတွေ့အကြုံပဲ။ ဒီအကြောင်းတွေကို ထည့်မစဉ်းစားတဲ့လူနဲ့ ထည့်စဉ်းစားတဲ့လူ ကွာသွားတာပဲ။ ဒါပေတဲ့ မစဉ်းစားလည်း သေတော့ သေမှာပဲ။ သေသွားတဲ့လူတွေမှာလည်း ပြောစရာအကြောင်းကတော့ ကျန်ရစ်တတ်တာပဲ။ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်သား စကားပြောနေတဲ့အထဲမှာ အသက်ရှိနေတဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ သေသွားတဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ သေမလို မသေမလို ဖြစ်နေတဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ မိတ်ဆွေတွေနဲ့ မိတ်ဆွေလိုလိုလူတွေ၊ လူတွေနဲ့ လူဆိုပေတဲ့ လူနဲ့သိပ်မတူတဲ့လူတွေအကြောင်းက အစုံပဲ။ အစုံပဲလို့ပြောရတာ ကျွန်တော်တို့နှစ်ယောက် ကြက်ရိုးကိုက်ရင်း ဘီယာသောက်ရင်း စကားပြောနေတာဟာ ဘာစည်းကမ်း ဘာနည်းလမ်းနဲ့မျှ ကန့်သတ်ထားတဲ့ စကားပြောပုံမျိုး မဟုတ်လို့ပဲ။ လူနှစ်ယောက် အကန့်အသတ်မပါဘဲ စကားပြောနေတာ။ အတော်ကလေး ကြာလာတော့ ကျွန်တော့်သူငယ်ချင်းက ဟိုကောင်မကလေးရော ရှိသေးလားလို့ မေးတယ်။ သူမေးလိုက်တာ ဘယ်သူဘယ်ဝါဆိုတာ ကျွန်တော် သိလိုက်တယ်။ သေသွားပြီလို့တော့ ကျွန်တော် မကြားမိသေးဘူးလို့ ကျွန်တော်က ဖြေလိုက်တော့ သူက ဟာဗျာ မဟုတ်က ဟုတ်ကလို့ ပြောတယ်။ ကျွန်တော်က ရှိသေးသလားဆိုတာ စကားအဖြစ် ပြောတာပါဗျာလို့ ပြောရင်း ရယ်တယ်။ စကားအဖြစ် ပြောတာဆိုရင်တော့လည်း ရှိတာ မရှိတာ၊ ဖြစ်တာ၊ မဖြစ်တာဆိုတာတွေက အရေးမှ မကြီးဘဲ။ ဒီတော့ ရှိတယ်ထင်တယ်။ ကျွန်တော်နဲ့မတွေ့တာ အတော်ကြာသွားပြီလို့ သူ့ကို ပြောလိုက်တယ်။ သူက ဘာစိတ်ကူးရသွားတယ်တော့ မသိဘူး။ ခုနေ သရက်သီးကင်းကလေးတွေ ကိုက်ရရင် ကောင်းမယ်လို့ ပြောတယ်။ ဒီလိုဖြင့် ဝီစကီ ပြောင်းသောက်ကြရအောင်လားလို့ သွယ်ဝိုက်ပြီး သူ့ကို ထောက်ခံစကားပြောလိုက်မိတယ်။ သူ ပြောတာနဲ့ တိုက်ခိုင်မှု မရှိပေတဲ့ တကယ့်အနေအထားမှာ ဆက်စပ်မှုရှိနေတဲ့ အပြုအမူကိုး။ သူက ကျွန်တော် ထမင်းစားခန်းထဲ သွားရှာဦးမယ်။ ခုလိုအချိန်မျိုးဆို ထမင်းချက်တွေ ကောက်ထားတဲ့ သရက်သီးအကင်းလေးတွေ ရှိတတ်တယ်လို့ပြောရင်း အောက်ထပ်ကိုဆင်းတဲ့ လှေကားဘက်ကို လျှောက်သွားတယ်။ အဲဒီဘက်မှာ အစိတ်အား မီးလုံးတစ်လုံး ထွန်းထားလေတော့ ဝါကျင်ကျင် မီးရောင်အောက်မှာ ဝက်ဝံတစ်ကောင် လျှောက်သွားသလိုမျိုး အရိပ်မဲမဲ တွေ တွေ့နေရတယ်။ သူက ပုပုဝဝ။ ကျွန်တော်လည်း သူ့အခန်းထဲ ဝင်ပြီး ကုတင်အောက်မှာထားတဲ့ ဝီစကီပုလင်းတစ်လုံး ယူလိုက်ပြီး ပုလင်းကို ဖွင့်လိုက်တယ်။ နောက်တော့ သူ့အခန်းထဲက ပြတင်းပေါက် ဘောင်ပေါ်မှာ တင်ထားတဲ့ အကြွေစေ့ကလေးတွေ ထည့်ထားတဲ့ ဖန်ပုလင်းကလေးနဲ့ ခဲတံကလေးတွေ ထည့်ထားတဲ့ ဖန်ပုလင်းကလေးတွေကိုယူပြီး အထဲကဟာတွေကို စားပွဲပေါ်မှာ မှောက်ချထားလိုက်တယ်။ ပြီးတော့မှ ဖန်ပုလင်းကလေးတွေကို ရေဆေးလိုက်တယ်။ ဖန်ပုလင်းကလေးတွေက အရင်ကတော့ စတော်ဘယ်ရီယို ထည့်တဲ့ ပုလင်းကလေးတွေမို့ ဖန်ခွက်လိုသုံးလို့ရတယ်။ သူ့အခန်းထဲမှာက ဖန်ခွက်မှ မရှိဘဲ။ ဒီလိုတော့လည်း မဟုတ်ပြန်ဘူး။ ဖန်ခွက်အနေနဲ့သုံးတဲ့ ပလတ်စတစ်ခွက် ရှိတယ်။ ဝီစကီ သောက်မှာဆိုတော့လည်း ပလတ်စတစ် ခွက်နဲ့သောက်လို့ ဘယ်ကောင်းပါ့မလဲ။ ဝီစကီရယ်မှ မဟုတ်ပါဘူး ရမ်သောက်သောက်၊ ဘရမ်ဒီ သောက်သောက် ပလတ်စတစ်ခွက်နဲ့သောက်လို့ ဘယ်ကောင်းမလဲ။ ရာရာစစ မလိုအပ်ဘဲ ပလတ်စတစ်ကို နေရာပေးဖို့ မကောင်းဘူး။ ကျွန်တော်တို့ ဝီစကီသောက်ကြမယ်ဆိုရင် အဲဒီ ဖန်ပုလင်းကလေးတွေကိုပဲ ဘဝပြောင်းခိုင်းပြီး ဖန်ခွက်လုပ် သောက်ကြတယ်။ ဖန်ခွက်ဆေးနေရင်း သူပြောတဲ့ ကောင်မကလေးကို တွေးမိလိုက်ပြန်တယ်။ ဒီကောင်မကလေးအကြောင်း တွေးမိတော့ ကောင်ကလေးတစ်ယောက်အကြောင်းပါ တွေးလိုက်မိတယ်။ ဒါကတော့ အကြောင်းအရာအားဖြင့် တိုက်ဆိုင်မှု ရှိသွားလို့ပဲ။ တစ်ခါတလေ သူတို့အကြောင်း တွေးလိုက်မိတိုင်း ကျွန်တော့်မှာ စကားလုံးတွေ ပျောက်သွားတတ်တယ်။ သူတို့နှစ်ယောက်ကို ဘယ်လိုခေါ်ရမှန်း မသိဘူး။ ဘယ်လို ခေါ်ရမှန်း မသိဘူးလို့ ပြောရတာက သမီးရည်းစားလား၊ သူငယ်ချင်းပဲလား။ ဘယ်လို ဘယ်ပုံဆိုတာ မသိဘူး။ ယဉ်ယဉ်ကျေးကျေးနဲ့ ချစ်သူနှစ်ဦးလို့ ခေါ်ရင်များ ရလေမလားတော့ မသိဘူး။ ဒါကလည်း သူတို့ကိစ္စဆိုတော့ ကိုယ်က ဆုံးဖြတ်ဖို့တော့ မသင့်ဘူး။ ဘေကျင်းတက္ကသိုလ်ထဲက ရေကန်လိုပဲ သဘောထားလိုက်ရင် ကောင်းမယ်။ ဘေကျင်းတက္ကသိုလ်ထဲမှာ ရေကန်ကြီး တစ်ခုရှိတယ်။ အဲဒီ ရေကန်ကြီးကို နာမည်ပေးကြစို့လို့ ဆိုတော့ နာမည်အမျိုးမျိုး ရွေးကြတယ်။ အဲဒီအထဲမှာ တစ်ယောက်က နာမည်တွေ ဘာတွေ ရွေးမနေနဲ့ဗျာ၊ နာမည်မပေးဘဲ “အမည်မဲ့ကန်” လို့ခေါ်ရင် မကောင်းဘူးလားလို့ပြောလို့ ခုတော့ အဲဒီရေကန်ကို “အမည်မဲ့ကန်” လို့ ခေါ်ကြတယ်။ ဒီတော့လည်း ကောင်မလေးနဲ့ ကောင်ကလေးကို ကောင်မလေးနဲ့ ကောင်ကလေးလို့ပဲခေါ်တာ ကောင်းမယ်ထင်တယ်။ သူတို့က အသိုင်းအဝိုင်းတူတယ်။ ကြီးပြင်းပုံချင်း တူတယ်။ သူတို့ မိဘတွေက စည်းကမ်းကြီးတဲ့လူတွေလို့ ဆိုရပေတဲ့ သူတို့ နှစ်ယောက်ကိုတော့ လွတ်လွတ်လပ်လပ် ထားတယ်။ ဒီအနေအထားကလည်း စကားလုံးပျောက်ရတဲ့ အနေအထားတစ်ခုပဲ။ စည်းကမ်းကြီးတာနဲ့ လွတ်လပ်တာနဲ့ဆိုတာက ဆက်စပ်ကြည့်လို့မှ မဖြစ်ဘဲ။ ဆက်စပ်ကြည့်လို့သာ မဖြစ်တယ် နေလို့ကတော့ ဖြစ်တယ်။ သူတို့နှစ်ယောက်သားက ခပ်ငယ်ငယ်ကတည်းက ခင်ကြတာ၊ ချစ်ကြတာလို့ခေါ်ရင် ရင့်သီးသွားမလားပဲ။ သောကြာနေ့ ညနေတိုင်းဆိုရင် ကောင်မကလေးတို့အိမ်ရှေ့ ဝင်းတံခါးဖြူဖြူကလေးရဲ့ရှေ့က အုတ်ခုံကလေးမှာ နှစ်ယောက်သား ထိုင်စကားပြောနေတာ တွေ့ရတတ်တယ်။ နှစ်ရှည်လများ ထိုင်ကြတော့ ဘာတွေများ ဒီလောက်ပြောစရာ ရှိနေပါလိမ့်လို့ တွေးကြည့်ချင်စရာပဲ။ ချစ်တဲ့ကြိုက်တဲ့အကြောင်း ဆိုရင်တော့ အဲဒီလောက်ကြာကြာ အပြောခံမှာ မဟုတ်ဘူး။ ဒါပေတဲ့ သောကြာနေ့ တစ်ညနေတော့ ကောင်ကလေးက ကောင်မကလေးကို ပြောသတဲ့။ ငါ နင့်ကို မချစ်ချင်ဘူးတဲ့။ ကောင်မကလေးက ကောင်ကလေးကို ပြုံးပြုံးကလေးနဲ့ကြည့်ရင်း နင့်ကို ငါက ချစ်ပါလို့ ပြောဖူးသလားလို့ ပြန်မေးတယ်။ ကောင်ကလေးကလည်း ပြန်ပြုံးရင်း ခေါင်းခါတယ်။ ကောင်မကလေးက ကောင်ကလေးကို ချစ်တယ်ဆိုတာ နားလည်မှုရှိတာ တစ်မျိုးပဲ မဟုတ်လားလို့မေးတော့ ကောင်ကလေးက ခေါင်းညိတ်ပြီး အဖြေပေးသတဲ့။ နောက်တော့ ကောင်မကလေးနဲ့ ကောင်ကလေးလည်း နားလည်မှု ရှိသွားကြတဲ့ပုံပဲ။ သောကြာနေ့တိုင်း ထိုင်စကားပြောပြီးရင် ကောင်ကလေးလည်း ကောင်မကလေးတို့ အိမ်မှာပဲ နောက်တစ်နေ့အထိ ဆက်ပြီးနေလိုက်တယ်။ နားလည်မှု ရှိသွားကြတော့ ပြောစရာတွေက များလာမှပေါ့။ နောက်တော့ ကောင်မကလေးတို့ ညီအစ်မတစ်သိုက်လည်း တစ်ယောက်ပြီး တစ်ယောက် အရပ်တစ်ပါးကို ထွက်သွားကြတယ်။ သောကြာနေ့ ညနေတိုင်း ကောင်ကလေးနဲ့ ကောင်မကလေးတို့ နှစ်ယောက်သားကို ကောင်မကလေးအိမ်ရှေ့က အုတ်ခုံကလေးပေါ်မှာထိုင်တာ မတွေ့ရတော့ဘူး။ ခြေသံကြားလို့ ကြည့်လိုက်တော့ သရက်သီးကင်း လက်တစ်ဆုပ်စာနဲ့ လျှောက်လာတဲ့ ကျွန်တော့်သူငယ်ချင်းကို တွေ့လိုက်ရတယ်။ သူက သရက်သီးကင်းတွေကို ကြွေဇလုံလေးထဲထည့် ရေဆေးနေရင်း အောက်ထပ်မှာ ထမင်းဟင်းချက်တဲ့လူတွေ ငါးပိ စိမ်းစား ဖုတ်နေတာတွေ့လို့ ကျွန်တော် နည်းနည်းတောင်ထားခဲ့တယ်လို့ ပြောတယ်။ ကောင်းသားပဲ။ ချိ(စ) မရှိတဲ့အခါ ငါးပိစိမ်းစားဟာ အကောင်းဆုံးပဲလို့ပြောရင်း ကျွန်တော်က ထောက်ခံလိုက်မိတယ်။ အရာရာမှာ အစားထိုးနိုင်တယ်ဆိုတဲ့ အလားအလာတွေဟာ ရှိနေကြတာချည်းပဲ မဟုတ်လား။ နောက်တော့ ကျွန်တော်တို့ နှစ်ယောက်သား ထိုင်လက်စ ခုံအစုတ် နှစ်လုံးပေါ်မှာ ပြန်ထိုင်လိုက်ကြတယ်။ ကျွန်တော်တို့ ရှေ့ဆီက အုတ်ရိုးပေါ်မှာ တင်ထားတဲ့ ဖန်ပုလင်းဘဝကနေ ဖန်ခွက်ဖြစ်လာတဲ့ ခွက်နှစ်လုံးထဲ ကျွန်တော်က ဝီစကီ ငှဲ့ထည့်လိုက်ပြီး သူ့ကို တစ်ခွက်ကမ်းလိုက်တယ်။ သူကခွက်ကို နှာခေါင်းနားဆီမှာတေ့ရင်း အနံ့ခံနေတယ်။ ပြီးတော့မှ မဆီမဆိုင် မေးတယ်။ ကောင်မကလေးရော ဟိုမှာပဲလားတဲ့။ အင်းလို့ပဲ ကျွန်တော်က ဖြေလိုက်မိတယ်။ သူတို့နဲ့က ဝေးသွားကြပြီကိုး။ သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းလှတော့ဘူး။ ခုနေ စိတ်ဝင်စားစရာကောင်းတာက ညရဲ့ ငြိမ်သက်နေခြင်းပဲ။ လမ်းပေါ်က ကားသံလည်း သိပ်မကြားရတော့ဘူး။ လရောင်ရှိနေလို့ မျက်စိကြောင်ပြီး အိပ်မပျော်တဲ့ ကျီးကန်းတစ်ကောင် နှစ်ကောင် ထပျံရင်း အော်လိုက်တဲ့ အသံလောက်ပဲ ကြားရတယ်။ ကျွန်တော့် သူငယ်ချင်းကလည်း ဘာမျှမပြောဘဲ အတော်ကြာအောင် ငြိမ်နေတယ်။ နောက်တော့မှ သူ့ဘာသာ ဘာကိုသွား စဉ်းစားမိမှန်းတော့ မသိဘူး။ ဘာမှ အဆက်အစပ် မရှိဘဲနဲ့ တွယ်တာမှုဆိုတာ ဘယ်ဟာဖြစ်ဖြစ် ကောင်းတော့မကောင်းလှဘူးလို့ သူက ပြောတယ်။ ကျွန်တော် လန့်သလို ဖြစ်သွားမိတယ်။ မှောင်ထဲမှာ တစ္ဆေကများ ပြောလိုက်သလိုပဲ။ နေစမ်းပါဦး ခင်ဗျားက ဘယ်တုန်းက ဘာကို သွားတွယ်တာမိလို့လဲလို့ ကျွန်တော်က သူ့ကို လှည့်ကြည့်ရင်း မေးလိုက်မိတယ်။ မဟုတ်ပါဘူး၊ ကောင်ကလေးနဲ့ ကောင်မကလေးအကြောင်း ဆက်စဉ်းစားကြည့်လိုက်မိလို့လို့ သူက ဖြေတယ်။ ဘာဖြစ်လို့ ခင်ဗျားက ဆက်စဉ်းစားနေချင်ရတာလဲ။ ဘာဖြစ်လို့ ခင်ဗျားက သူတို့နေရာကို ယူကြည့် ချင်ရတာလဲ။ ခင်ဗျားလည်း သိပြီးသားပဲ သူတို့မှာ အနှောင့်အတဲမရှိတဲ့ ချစ်ခြင်းရှိနေတာ။ ဒီချစ်ခြင်းက သူတို့ရဲ့ လွတ်လပ်မှုကို တည်ဆောက်ပေး ထားတယ်ဆိုတာတွေလို့ ကျွန်တော်က ပြောလိုက်တယ်။ သူက အတော်ကြာအောင် ငြိမ်နေတယ်။ စဉ်းစားနေပုံရတယ်။ နောက်တော့မှ ရုပ်ရှင်လိုပေါ့ဗျာ။ ရုပ်ရှင်ကား ပြနေတဲ့အချိန်မှာ ရုပ်ရှင်ကားထဲက မင်းသား မင်းသမီးက သူတို့ ဘယ်လို သရုပ်ဆောင်ခဲ့တယ်ဆိုတာ မှတ်တောင်မှ မှတ်မိမှာ မဟုတ်တော့ဘူး။ ကြည့်တဲ့လူကတော့ ရုပ်ရှင်ပြီးသွားတဲ့အထိ သူ ကြည့်လိုက်ရတာကလေးကို စွဲကောင်း စွဲနေမိတတ်တယ် မဟုတ်လားလို့ ပြောတယ်။ ကျွန်တော်က သူပြောတာကို မှားတယ် မှန်တယ်လို့ အဆုံးအဖြတ် မပေးချင်ဘူး။ ဒါပေတဲ့ ကျွန်တော် သဘောမတူနိုင်တဲ့ အချက်ကိုတော့ ပြန်ပြောလိုက်မိတယ်။ တွယ်တာမှုဆိုတာ ဘယ်ဟာဖြစ်ဖြစ် ကောင်းတော့ မကောင်းလှဘူးလို့ ခင်ဗျားပြောတာကို ကျွန်တော် သိပ်မကြိုက်လှဘူး။ အမှန်မှာတော့ တွယ်တာမှုဆိုတာ ဘယ်ဟာဖြစ်ဖြစ် ကောင်းကို မကောင်းဘူးလို့ပဲ ဖြစ်သင့်တယ်။ ခင်ဗျား စဉ်းစားကြည့်။ တွယ်တာမိတာ မှန်သမျှဟာ တွယ်တာမိတဲ့ လူဘက်ကသာ ခံရတာချည်းပဲ မဟုတ်ဘူးလားလို့ ကျွန်တော်က ပြောလိုက်တော့ သူက ချက်ချင်းပဲ ဟုတ်တယ်၊ ခင်ဗျားပြောတာ မှန်တယ်လို့ ပြန်ပြောတယ်။ နောက်တော့ သံယောဇဉ်ပဲပေါ့လို့ သူက ပြောပြီး ခဏငြိမ်နေတယ်။ သံယောဇဉ်တိုင်းဟာ လူ့အတွက် မကောင်းတာချည်းပဲလို့ သူက ပြောပြန်တယ်။ ကျွန်တော်ကတော့ နားစွင့်လို့ပဲ နေလိုက်မိတယ်။ သံယောဇဉ်တိုင်းဟာ နေရောင်ခြည်အောက်မှာ ကြည့်ရ မြင်ရသလိုပဲ။ ဘယ်လောက်ဝေးဝေး ဘယ်လောက်နီးနီး ကြည်ကြည် လင်လင် ရှိနေတတ်တယ်လို့ သူက ပြောတယ်။ ကျွန်တော့်ကို ပြောတာလား။ သူ့ဘာသာ ပြောနေတာလားတော့ ကျွန်တော် မသိဘူး။ ကျွန်တော်က ဖန်ခွက်ထဲက ဝီစကီကို ခပ်များများ ပါးစပ်ထဲထည့်ပြီး ငုံထားမိတယ်။ ပြီးမှ နှာခေါင်းထဲကနေ အခိုးကို ဖြည်းဖြည်း ထုတ်လိုက်တယ်။ နှာခေါင်းထဲကို အပူငွေ့ကလေး ရသွားအောင်လို့။ နှာခေါင်းတစ်ဖက်က ပိတ်ချင်နေတာကလေး ပွင့်သွားအောင်လို့ပဲ။ တကယ်တော့ လိုအပ်မှုတစ်ခုကို တန်ဖိုးထားတတ်တာ လွတ်လပ်မှုပဲ မဟုတ်ဘူးလား။ မာ့(စ)ဝါဒဟာ နေရာတကာမှာ သူ့နည်း သူ့ဟန်နဲ့တော့ အသုံးတည့်နေသေးတာပဲ။ သူ့ကို မာ့(စ)ဝါဒအကြောင်း ပြောလိုက်ဦးမယ်လို့ပဲ။ ဒါပေတဲ့ သူက ဆင်းရဲသားဝါဒတွေ ဘာတွေကို သိပ်အယုံအကြည် မရှိဘူး။ အယုံအကြည်မရှိဘူးဆိုတာက ဒီလို။ သူက ပြောဖူးတယ်။ ခင်ဗျားက ဆင်းရဲတဲ့လူတွေကို သနားပြီး သူတို့အတွက် ထွက်ပေါက်ရှာတဲ့အနေနဲ့ မာ့(စ)ဝါဒကို သဘောကျတာ။ ခင်ဗျားက မဆင်းရဲဖူးဘူး။ ကျွန်တော်က ဆင်းရဲဖူးတယ်။ ကျွန်တော့်မှာ ခင်ဗျားလို ဝါဒတစ်ခု အခြေခံပြီး ထိုင်တွေးကြည့်နေရင်း ထွက်ပေါက်ရှာပေးဖို့ မလိုဘူး။ ဆင်းရဲခြင်းထဲက ထွက်နိုင်အောင် ကိုယ့်ဘာသာပဲ ထွက်ပေါက်ရှာရတယ်တဲ့။ အတော်ကလေး ကြာတော့မှ သူ့ဆီက အသံထွက်လာပြန်တယ်။ သံယောဇဉ်ဆိုတာက ကောင်းကို မကောင်းဘူးတဲ့။ ကျွန်တော်လည်း သူ့ကိုမကြည့်ဘဲ ဒီလိုဖြင့် သံယောဇဉ်ဆိုတာကို ဘယ်လိုလုပ်ကြမလဲလို့ ပြောလိုက်မိတယ်။ သူ့ဆီက ဘာအသံမှ ထပ်မကြားရတော့ဘူး။ အဆောင်တစ်ခုလုံးရဲ့ တိတ်ဆိတ်နေတဲ့ အသံကိုပဲ ကြားလာရတယ်။ ဆင်ခြင်တုံတရားကို ရှေ့တန်းတင်ပေးရမှာပဲ ထင်တယ်လို့ ကျွန်တော်က ပြောလိုက်တယ်။ သူက ဘာမှမပြောဘူး။ ဒီတော့ ကျွန်တော်က ဆက်ပြောမိပြန်တယ်။ ဆင်ခြင်တုံတရားကို ရှေ့တန်း သိပ်တင်ပေးလိုက်ပြန်ရင်လည်း ခံစားချက်တို့ ဘာတို့ ရှိမှာမဟုတ်ဘူး။ အဲဒါတွေ မရှိပြန်ရင်လည်း လူ့ဘဝကြီးဟာ ပျင်းစရာကောင်းသွားမှာပဲ။ မျက်လုံးထဲက မျက်ရည်တွေ။ ရင်ထဲက ဝေဒနာအဖြစ် ခံစားတတ်တယ်ဆိုတာတွေရဲ့ တန်ဖိုးတွေ အကုန်မဲ့ကုန်မှာပဲ။ ဝမ်းမနည်းရဘူးဆိုရင် မျက်ရည်တွေ အလုပ်လက်မဲ့ ဖြစ်သွားမှာပဲလို့ ကျွန်တော်က ပြောလိုက်တယ်။ သူက အသံထွက်အောင် ရယ်တယ်။ ပြီးတော့မှ တစ်ခါတလေ ခင်ဗျားတွေးတာတွေကို ကျွန်တော် ပြန်စဉ်းစားကြည့်ဖူးတယ်။ ခင်ဗျားလို နိဂုံးဆွဲယူလို့ မရဘူးလို့ ပြောတယ်။ ခင်ဗျား အဲဒီလိုပဲ မြင်သလားလို့ ကျွန်တော်က သူ့စကားကို ထောက်ပေးလိုက်တယ်။ သူက ဟဲဟဲလို့ တစ်ချက်ရယ်လိုက်ရင်း ကျွန်တော်မှ မဟုတ်ဘူး။ ဆရာကြီးကလည်း ပြောဖူးတယ်။ ခင်ဗျားဟာ ခင်ဗျားအထဲမှာပဲ နေတာက တစ်ဘဝ။ ခင်ဗျားအထဲကနေ ထွက်ပြီးနေတာက တစ်ဘဝတဲ့။ အစကတော့ ကျွန်တော် သိပ်သဘောမပေါက်ဘူး။ ခုတော့ ကျွန်တော် ခပ်ရေးရေး မြင်လာတယ်လို့ သူက ပြောတယ်။ ကျွန်တော်က သူ ပြောတာ နားထောင်နေရင်း သူ့ဖန်ခွက်ထဲကို ထပ်ဖြည့်ပေးလိုက်ပြီး ကျွန်တော့် ဖန်ခွက်ကိုလည်း ဖြည့်လိုက်တယ်။ ကျွန်တော်က ဘာမျှဝင်မပြောတော့ သူက စကားစပြန်တယ်။ ကျွန်တော် တစ်ခုပြောပြမယ်။ တစ်ခါတုန်းက ကျွန်တော် အမျိုးသမီးတစ်ယောက်ကို ကြိုက်ဖူးတယ်။ ဒီအကြောင်း ခင်ဗျားလည်း သိပါတယ်လို့ပြောပြီး ကျွန်တော့်ကို လှည့်ကြည့်လို့ ကျွန်တော်က ခေါင်းညိတ်ပြလိုက်တယ်။ သူက ဆက်ပြောတယ်။ ကျွန်တော်က ဖွင့်ပြောလိုက်တော့ သူက ကျွန်တော့်ကို မကြိုက်ဘဲ တခြားတစ်ယောက်ကို ကြိုက်တယ်လို့ ပြန်ပြောတယ်။ သူကြိုက်တဲ့လူကလည်း သူ့ကို ကြိုက်တာမဟုတ်ဘူး။ ဒီတော့ ကျွန်တော့်စိတ်ထဲမှာ အတော် ထိခိုက်တယ်။ ကျွန်တော်လည်း ကျွန်တော့်ကိုကျွန်တော် မေးခွန်းတွေ အများကြီးပြန် မေးမိတယ်။ သူက ဘာဖြစ်လို့ ငါ့ကို မကြိုက်နိုင်ရတာလဲ၊ ငါက ဟိုလူ့ထက် အရပ်ပုလို့လား။ ဟိုလူက ငါ့ထက် ချမ်းသာလို့လား။ ငါကရော တခြားလူတွေကို မကြိုက်ဘဲ သူ့ကို ဘာလို့ကြိုက်မိရတာလဲဆိုတဲ့ နှိုင်းယှဉ်ချက်တွေ အခြေခံတဲ့ မေးခွန်းတွေ။ နောက်ဆုံးတော့ဗျာ အနက်အဓိပ္ပာယ် ရှာတဲ့အနေနဲ့မေးတဲ့ ကြိုက်တယ်၊ ချစ်တယ်ဆိုတာတွေက ဘာလဲဆိုတဲ့အထိ ရောက်သွားတယ်။ အဲဒီကျတော့ ဘာအဖြေမျှ မပေါ်တော့ဘူး။ မေးခွန်းတွေ၊ မေးခွန်းတွေနဲ့ပဲ ချာလည်လည် ဖြစ်နေတော့တယ်။ အဲဒီတုန်းက ကျွန်တော် ဘာကိုသွားသတိရတယ်ထင်သလဲလို့ မေးရင်း သူက ကျွန်တော့်ကို လှမ်းကြည့်တယ်။ ကျွန်တော်က ခေါင်းခါပြရင်း သေချာအောင် ပုခုံးပါတွန့်ပြလိုက်မိတယ်။ ခင်ဗျားပြောတဲ့ ကောင်မကလေးအကြောင်း သတိရလိုက်မိတယ်။ တစ်ချိန်တည်းမှာပဲ ဆရာကြီးပြောတဲ့ ခင်ဗျားဟာ ခင်ဗျားရဲ့ အပြင်ဘက် ထွက်ကြည့်တတ်တယ်ဆိုတာကိုပါ သတိရလိုက်မိတယ်လို့ သူက ပြောရင်း ဒီတော့ ဘာဖြစ်သွားတယ် ထင်သလဲလို့ သူက ကျွန်တော့်ကို မေးတယ်။ ခင်ဗျား ဘာဖြစ်သွားတယ် ဆိုတာ ကျွန်တော်က ဘယ်လိုလုပ် သိမှာလဲလို့ ကျွန်တော်က ချက်ချင်း ပြန်ဖြေလိုက်တယ်။ သူက ခေါင်းတညိတ်ညိတ် လုပ်နေတယ်။ ဝီစကီကို ဖြည်းဖြည်းချင်း သောက်ချလိုက်ပြီးမှ ဒီတော့ကာမှ ကျွန်တော်ဟာ ခင်ဗျားလို ခင်ဗျားရဲ့အထဲကထွက်ပြီး မကြည့်နိုင်ဘူး။ ကျွန်တော့်အထဲမှာတင် ကျွန်တော့်ဘာသာ ညှပ်ပူးည့ပ်ပိတ် ပိတ်မိနေတယ်ဆိုတာ သဘောပေါက်လာတယ်လို့ သူက ပြောတယ်။ နောက်တော့ သရက်သီးကင်းကလေး တစ်ခုကိုယူပြီး ကိုက်လိုက်ရင်း ဝီစကီကို အရသာခံ သောက်နေပုံရတယ်။ ကျွန်တော်ကတော့ ဖန်ခွက်ကို ဘေးနားကို ချလိုက်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း နှစ်ပေါင်းအတော်ကြာအောင် ကျွန်တော့်အထဲမှာပဲ ကျွန်တော် ပိတ်နေခဲ့ဖူးတယ်လို့ ပြောလိုက်တော့ သူက လှည့်ကြည့်တယ်။ ကျွန်တော်က ဆက်ပြောလိုက်မိတယ်။ တစ်ခါက ကျွန်တော်ဟာ ချစ်တာရယ်၊ ကြိုက်တာရယ်၊ တွယ်တာတာရယ်၊ တပ်မက်တာရယ်ဆိုတဲ့ အကြောင်းလေးခုကို အချိန်တွေ အကြာကြီးပေးပြီး စဉ်းစားခဲ့မိဖူးတယ်။ နောက်ဆုံးတော့ စဉ်းစားတာကို နယ်ချုံ့ပြီး ချစ်တယ်ဆိုတာကိုပဲ စဉ်းစားရတဲ့အခြေအနေ ရောက်သွားတယ်။ အဲဒီမှာ အစဉ်အလာအတိုင်း သိထားခဲ့ရတာနဲ့ ကျွန်တော် နားလည်လက်ခံထားတာနဲ့ အကြားမှာ စေ့စပ်လို့မရလောက်အောင် ဖြစ်သွားခဲ့တယ်။ နောက်ဆုံးတော့ ကျွန်တော်နဲ့ သိပ်ရင်းနှီးတဲ့ အမျိုးသမီးတစ်ယောက်ကို ပြောပြခဲ့တယ်။ ဒီတော့ သူက ကျွန်တော် နားလည်လက်ခံထားတဲ့ အသိမျိုး၊ သူလည်း လက်ခံထားတယ်လို့ ပြောတယ်။ ဒီတော့မှ ကျွန်တော် မြင်လိုက်မိတာက တခြားလူတွေမှာလည်း သူတို့မြင်ပြီး လက်ခံထားတာတွေ ရှိတယ်။ ဒါတွေကိုမြင်ဖို့ အပြင်ထွက်ကြည့်နိုင်ဖို့ လိုတယ်။ လူတိုင်းမှာ အစဉ်အလာက လက်ဝါးကြီးအုပ် ထိန်းကျောင်းထားတဲ့ အမြင်တွေက အများကြီး။ ဒီအမြင်တွေကို ကျော်လွှားနိုင်ဖို့ အပြင်ကို ထွက်ကြည့်ရမှာပဲ။ အပြင်ကို ထွက်နိုင်မှ ကိုယ့်မှာရှိလာတဲ့ အမြင်ရဲ့ အတိမ်အနက် အတိုင်းအတာကို လက်ခံလာနိုင်မှာပဲ။ ကျွန်တော့်အမြင့် ပြောရရင် ခင်ဗျားတို့ ကျွန်တော်တို့ ဆင်ခြင်တယ်ဆိုတဲ့ အတိုင်းအတာဟာ နေရာတစ်ခုအထိရောက်ဖို့တော့ လိုမယ်။ မရောက်သရွေ့ အပြင်ဘက်ကို ထွက်နိုင်မှာ မဟုတ်ဘူး။ ခင်ဗျား ကြားဖူးတယ် မဟုတ်လား။ လူတွေပြောလေ့ ပြောထရှိတဲ့ စကားတစ်ခွန်း ရှိတယ်။ သေသေ ချာချာ တွေးကြည့်တော့မှ ငါမှားမှန်းသိတယ်ဆိုတဲ့ စကားလေ။ အဲဒီအနေအထားရောက်မှ အစဉ်အလာအရ လက်ခံခဲ့တဲ့ သိမှုဟာ မှားနေတယ်ဆိုတာ သိရတော့တာပဲ။ ပြောရရင်တော့ဗျာ ပထမ ငါရဲ့အမှားကို ဒုတိယ ငါက တွေ့လိုက်ရတာပဲလို့ ကျွန်တော်က အရှည်ကြီး ပြောပြလိုက်မိတယ်။ အဲဒီတုန်းမှာပဲ ငါးပိစိမ်းစားမီးဖုတ် ထည့်ထားတဲ့ ပန်းကန်ကိုကိုင်ရင်း အောက်ထပ်က ထမင်းချက်တစ်ယောက် ရောက်လာတယ်။ ခဏလောက် တောပြော တောင်ပြောပြောပြီးတော့ ပြန်တော့မယ်လုပ်တော့ ကျွန်တော်က ငါ့လူ ဝီစကီ လေးတစ်ခွက်လောက် ချသွားဦးလေကွာလို့ ပြောလိုက်တယ်။ တော်ပြီဆရာ ကျွန်တော်တို့ အောက်မှာ အဖြူချနေတယ်လို့ သူက ပြန်ပြောတယ်။ ပြီးတော့ အခု ဆရာတို့တိုက်လို့ ဝီစကီသောက်လိုက်တာက အကြောင်းမဟုတ်ဘူး။ ကြိုက်သွားလို့ မနက်ဖြန်ကာကျ သောက်ချင်ရင် ခက်နေမယ်။ ကျွန်တော့်ပိုက်ဆံနဲ့ ကျွန်တော် ဝယ်မသောက်နိုင်ဘူးလို့ ထပ်ပြောတယ်။ ကျွန်တော်က မနေနိုင်တော့လို့ သူ့စကားဆုံးတာနဲ့ မင်း ဒီကအပြန်မှာ လှေကားပေါ်က ပြုတ်ကျလို့ဖြစ်ဖြစ် တစ်ခုခုကြောင့်ဖြစ်ဖြစ် ရှောသွားရင်း မင်းအတွက် မနက်ဖြန်ဆိုတာ ရှိမှာမဟုတ်တော့ဘူးလို့ ပြောလိုက်တယ်။ ဟာဗျာလို့ သူ့ဆီက အာမေဍိတ်သံ ထွက်လာပြီး ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ၊ မတော်မတည့် ဆရာရယ်လို့ ပြောတယ်။ နောက်တော့မှ ဒီလိုဖြင့်တော့လို့ စကားကို အဆုံးမသတ်ဘဲပြောပြီး ကျွန်တော့်သူငယ်ချင်းအခန်းထဲက စားပွဲပေါ်မှာ တင်ထားတဲ့ ကော်ဖီခွက် အလွတ်တစ်လုံးကို သွားယူလာတယ်။ ကျွန်တော်လည်း သူ့ခွက်ထဲကို ဝီစကီ လက်သုံးလုံးလောက်ထည့်ပေးလိုက်တော့ သူက ကျေးဇူးပဲဆရာ ကျွန်တော် အောက်ကျမှသောက်မယ်လို့ပြောပြီး ထွက်သွားမယ်လို့လုပ်တော့ ကျွန်တော့်သူငယ်ချင်းက မင်း လှေကားအဆင်းမှာ သတိထားပြီး ဆင်း၊ မင်း ပြုတ်ကျရင် ငါတို့လည်း လာကူနိုင်မှာ မဟုတ်ဘူးလို့ ပြောလိုက်တော့ သူက ဖွဟဲ့ လွဲပါစေ ဖယ်ပါစေလို့ပြောပြီး ထွက်သွားတော့တယ်။ ကျွန်တော်တို့က ရယ်လိုက်မိကြတယ်။ ထမင်းချက် ထွက်သွားတော့ ကျွန်တော်က ကျွန်တော့်သူငယ်ချင်းကို မြင်သလားလို့ မေးလိုက်မိတယ်။ သူက ခဏကြာအောင် ငြိမ်နေပြီးမှ အေးဗျာ အဲဒါပဲ၊ အပြင်ကို ထွက်မကြည့်တဲ့အခါ လူတွေဟာ သူဘာလုပ်နိုင်တယ်ဆိုတာကို မမြင်ရုံတင်မကဘူး ဘာဖြစ်နိုင်တယ်ဆိုတာကိုတောင် မသိကြတော့ဘူးလို့ ပြန်ပြောတယ်။ နောက်တော့ သူက ကျွန်တော်တို့တစ်တွေ မေ့လျော့နေတာတစ်ခုက လူတစ်ယောက်ချင်းစီဟာ သူ့ဘာသာ လူရယ်လို့ ဖြစ်နေရခြင်းရဲ့ အခြေခံပဲဆိုတာလို့ ပြောတယ်။ နောက်ထပ် အတော်ကလေးကြာအောင် ကျွန်တော်တို့ချင်း စကား မပြောမိကြတော့ဘူး။ သူကတော့ ဘာတွေးနေသလဲ မသိဘူး။ ကျွန်တော်ကတော့ သူမေးတဲ့ ကောင်မလေးအကြောင်း ပြန်တွေးလိုက်မိတယ်။ ဒီတော့လည်း ကောင်ကလေးနဲ့ ကောင်မကလေးတို့ဟာ တကယ်ချစ်ကြတာလို့ မြင်လာတယ်။ သူတို့က ချစ်ကြတာ၊ အချစ်ရဲ့ ကျွေးကျွန်ဖြစ်ချင်တာ မဟုတ်ဘူး။ တစ်ယောက်ကို တစ်ယောက် ကျွန်ခံခိုင်းနေကြတာ မဟုတ်ဘူး။ ချစ်ခြင်းရဲ့ ပရိဝုဏ်အထဲက လွတ်လပ်ခြင်းကို လိုချင်တာ။ လွတ်လပ်ခြင်းရဲ့ ပရိဝုဏ်အထဲက ချစ်ခြင်းကို လိုချင်ကြတာမှ မဟုတ်ဘဲ။ ကျွန်တော် တွေးကြည့်နေမိတုန်း ဟိုတုန်းကတော့ ငယ်ကြသေးတာကိုးလို့ ပြောလိုက်တဲ့ ကျွန်တော့်သူငယ်ချင်းရဲ့ အသံကို မှောင်ထဲမှာ ကြားလာရမိတယ်။ ကျွန်တော်က ဘာမျှ မတုန့်ပြန်ဘဲ ဆက်ပြီး နားထောင်နေလိုက်မိတယ်။ သူက ဆက်ပြောတယ်၊ ခင်ဗျားပြောဖူးသလိုပေါ့ဗျာ၊ အတွေးကို ဘာသာစကားက ဖော်ထုတ်ပေးတယ် ဆိုသလိုပဲ တပ်မက်မှု၊ တွယ်တာမှုတိုင်းကို သာယာမှုက ဖော်ထုတ်ပေးတာချည်းပဲ မဟုတ်လားတဲ့။ ကျွန်တော်က ဘာမျှ ဝင်မပြောလိုက်မိဘူး။ အားလုံး ငြိမ်သွားတယ်။ ကားသံတွေတောင် မကြားရတော့သလောက်ပဲ။ အရာရာဟာ ငြိမ်သက်ခြင်းအတွင်းမှာ အခိုင်အခန့် တည်ရှိနေတယ်။ ထိုင်နေရာက ထပြီး ရပ်လိုက်ရင်း မလှမ်းမကမ်းဆီက လမ်းကို လှမ်းကြည့်နေလိုက်မိတယ်။ လမ်းက တက္ကသိုလ်ပရိဝုဏ်ရဲ့ အလယ်တည့်တည့်ဆီမှာ၊ တောင်နဲ့ မြောက်ကို တန်းလို့။ မြောက်ဘက်ထိပ်ဆီက ကျောင်းဝင်းရဲ့ အပြင်ဘက်မှာတော့ ရေကန်ကြီးတစ်ခု ရှိတယ်။ အရာရာဟာ လရောင်အထဲမှာ။ လတောင် အပေါ်တည့်တည့်မှာ မရှိတော့ဘူး။ ကျွန်တော့် မျက်လုံးတွေဟာ လရောင်လောက်နဲ့ ကြည်ကြည် လင်လင် မြင်နိုင်လောက်တဲ့ မျက်လုံးမျိုး မဟုတ်ဘူး။ ဒါပေတဲ့ လမ်းပေါ်မှာ လူတစ်ယောက် လျှောက်သွားနေတာကို မြင်နေရတယ်။ သူက မြောက်ဘက်က ရေကန်ရှိရာကို ဦးတည်လျှောက်သွား နေသလိုပဲ။ သစ်ပင်ရိပ်အောက်ကို ဖြတ်လျှောက်သွားတိုင်း ပျောက်သွားပြီး ပြန်ပေါ်လာပြန်တယ်။ ကျွန်တော့် စိတ်အထင်တော့ သူက ကျွန်တော့်ကို လှမ်းကြည့်နေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်က လက်ကို ဝှေ့ရမ်းပြလိုက်မိတယ်။ သူကလည်း ပြန်ပြီး ဝှေ့ရမ်းပြတယ်လို့ ကျွန်တော့်မျက်စိထဲမှာ မြင်နေရသလိုပဲ။ ကျွန်တော်က လက်ကို ဝှေ့ရမ်းပြလိုက်တိုင်း သူကလည်း ဝှေ့ရမ်းပြတယ်။ တဖြည်းဖြည်းနဲ့ အဲဒီလူဟာ သစ်ပင်အုပ်တွေအောက်ကို ရောက်သွားပြီး ကျွန်တော့်ကို လက်ဝှေ့ရမ်းပြရင်း ပျောက်ကွယ်သွားတော့တယ်။ အဲဒီလူ ပျောက်သွားတော့ ကျွန်တော့်ဘာသာ မေးခွန်းထုတ်မိတယ်။ ကျွန်တော်တို့ အဆောင်ကို ကျောပေးလျှောက်သွားတဲ့ လရောင်အထဲက အဲဒီလူဟာ နောက်ပြန် လျှောက်သွားတာလားဆိုတာပဲ။ ကျွန်တော်တို့ အဆောင်က လမ်းရဲ့ တောင်ဘက်အဖျားဆီမှာ၊ သူက တောင်ဘက်ကနေ မြောက်ဘက်ကို လျှောက်သွားတာ။ ကျွန်တော်တို့ အဆောင်ကို ကျော်သွားပြီးတဲ့နောက် အဲဒီလူဟာ နောက်ပြန် လျှောက်မသွားဘူးဆိုရင် ကျွန်တော်က သူ့ကို လက်ဝှေ့ရမ်းပြတိုင်း ကျွန်တော့်ကို ပြန်ပြီးဝှေ့ရမ်းပြမှာ မဟုတ်ဘူး။ လရောင်ထဲကဟာ တကယ်ကော ရှိရဲ့လား၊ ကျွန်တော် မဖြေတတ်ဘူး။ ဟေ့လူ ဘာတွေကြည့်နေသတုန်းလို့ ကျွန်တော့်သူငယ်ချင်းက အိပ်ချင်မူးတူးအသံနဲ့ လှမ်းမေးတယ်။ ကျွန်တော်က လရောင်အထဲမှာ လူတစ်ယောက် တွေ့လိုက်မိသလားလို့ ဖြေလိုက်တယ်။ လရောင်အထဲကလူ ဆိုရင်ဖြင့် အဲဒီလူဟာ ခင်ဗျားလည်း ဖြစ်နိုင်တာပဲ မဟုတ်လားလို့ သူက ဖြေသလိုလိုနဲ့ ပြန်မေးတယ်။ ကျွန်တော်က အင်းလို့ ဟိုလိုလို ဒီလိုလိုနဲ့ပဲ တုန့်ပြန်လိုက်တယ်။ မေးခွန်းဆိုတာကလည်း သိခြင်းနဲ့ စူးစမ်းခြင်းဆိုတာကို ဆက်ထားပေးတဲ့ တံတားတစ်ခုပဲကိုး။

ရိုသေစွာဖြင့်
မြင့်သန်း

Tuesday, August 3, 2010

ဘောပင်ကလေး

ကျွန်တော့်၏ ဘောပင်တစ်ချောင်း ယနေ့ထူးဆန်းစွာ ပျောက်ဆုံးသွားပါသည်။ ထူးဆန်းစွာဟု ဆိုရခြင်းမှာ ထိုဘောပင် ပျောက်ဆုံးသွားရသည့် အကြောင်းရင်းကို ကျွန်တော် မသိ၍ဖြစ်ပါသည်။ ယနေ့ မနက်အထိ ကျွန်တော် အသုံးပြုခဲ့သော ဘောပင်သည် ကျွန်တော် အိပ်ယာမှ ထလာသည့်အခါတွင် ပျောက်ဆုံးနေသည်ကို တွေ့ရှိရပါသည်။ ကျွန်တော် တွေ့ရှိရသည်မှာ ပျောက်ဆုံးသွားသော ဘောပင်မဟုတ်ပါ။ ကျွန်တော့် ဘောပင်၏ ပျောက်ဆုံးနေသည့်အဖြစ်ကို ကျွန်တော့် တွေ့ရှိရခြင်းသာ ဖြစ်ပါသည်။ ဘောပင်ကလေးကို မအိပ်မီက ကျွန်တော် စာကြည့်စားပွဲပေါ်တွင် အရင်နေ့ အရင်အချိန်များကဲ့သို့ပင် တင်ထားခဲ့သော်လည်း ကျွန်တော် နိုးထလာသောအခါတွင် ထိုဘောပင်ကလေး စာကြည့်စားပွဲပေါ်တွင် မရှိတော့ခြင်း ဖြစ်ပါသည်။ မည်သို့ မည်ပုံ ပျောက်ဆုံးသွားသည်ကို ကျွန်တော် အိပ်နေသဖြင့် မသိလိုက်ပါ။ ထို့အပြင် ပျောက်ဆုံးသွားသည် ဆိုသည့် စကားတွင် မသိခြင်းဆိုသည့် အဓိပ္ပာယ်တစ်ချို့တစ်ဝက် ပါဝင်နေသဖြင့် ကျွန်တော် မအိပ်နေသော်လည်း ကျွန်တော် သိမည်မဟုတ်ကြောင်းကို ကျွန်တော်သိပါသည်။

ဘောပင်ကလေး ပျောက်ဆုံးသွားရသည့် အကြောင်းရင်းကို ကျွန်တော်မသိပါ။ ထို့အပြင် အရာဝတ္ထုတစ်ခု၏ ပျောက်ဆုံးခြင်းတွင် ရည်ရွယ်ရင်း အကြောင်းအချက် တစ်စုံတစ်ရာရှိမည်ဟု မည်သူကမျှ ကျွန်တော်မကြားဖူးကြောင်း ဝန်ခံပါသည်။ ကျွန်တော်၏ ဘောပင်ကလေး ပျောက်ဆုံးသွားခြင်းတွင် အကြောင်းရင်း တစ်စုံတစ်ရာ ရှိမည်ဆိုလျှင်တောင် ကျွန်တော် မသိနိုင်တော့ပါ။ အဘယ်ကြောင့်ဆိုသော် ထိုဘောပင်ကလေးနှင့် ပတ်သက်၍ ကျွန်တော်၏ သိမှုထဲတွင် နောက်ဆုံးသတင်းအချက်အလက်တစ်ခုမှာ ထိုဘောပင်ကလေး၏ ပျောက်ဆုံးနေခြင်း ဖြစ်သောကြောင့် ဖြစ်ပါသည်။ ဘောပင်ကလေးနှင့်ပတ်သက်၍ ကျွန်တော့်တွင် နောက်ထပ် သိမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ရန် မရှိတော့ပါ။ ကျွန်တော်၏ သိခြင်းနယ်ပယ်ထဲတွင် ဘောပင်ကလေး၏ ပျောက်ဆုံးသွားခြင်းက နောက်ဆုံးပိတ် သတင်းတစ်ခုဖြစ်ပါသည်။

ဂျက်လန်ဒန် (Jack London)

ဂျက်လန်ဒန် (အမည်ရင်း - John Graffith London) ကို ၁၈၇၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့၌ မွေးဖွားသည်။ လန်ဒန် ရှစ်လသား အရွယ်တွင် မိခင်က ဂျွန်လန်ဒန်ဆိုသူနှင့် အိမ်ထောင်သစ်ထူပြီး ဈေးလမ်းတောင်ဘက်ရှိ အလုပ်သမားရပ်ကွက်တစ်ခုသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ လန်ဒန်တစ်ယောက် လူ့လောကသို့ စတင်ဝင်ရောက်သည့်နှစ်တွင် စီးပွားရေးကပ်ဆိုက်ရောက်နေသဖြင့် ထောင်ပေါင်းများစွာသော အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ကြရသည်။ လုပ်ခလစာတွေ လေးဆယ်မှ ခြောက်ဆယ်ရာခိုင်နှုန်းအထိ လျှော့ချခြင်းခံကြရသည်။ တနိုင်ငံလုံးရှိ အလုပ်သမားတွေမှာ အိုးမဲ့အိမ်မဲ့၊ အလုပ်လက်မဲ့ဖြစ်ကာ တွေ့ရာကျဖမ်းအလုပ်များ လုပ်နေကြရသည်။

စီးပွားပျက်ကပ်၊ အလုပ်လက်မဲ့ကပ်ကြီးက လန်ဒန်တို့မိသားစုကိုလည်း အလွတ်မပေးပါ။ ထို့ကြောင့် လန်ဒန်သည် ငါးနှစ်သားအရွယ်အထိ အလုပ်အကိုင်ဟူ၍ အတည်တကျမရှိသော မိခင်နှင့်ဖခင်တို့ ရွှေ့ပြောင်းရာ နောက်သို့ တကောက်ကောက်လိုက်နေခဲ့ရသည်။ ထိုသို့ ရွှေ့ပြောင်းခဲ့ရသော အကြိမ်ပေါင်း ရှစ်ကြိမ်မျှရှိခဲ့ရာ လန်ဒန်အဖို့ ငယ်စဉ်တောင်ကျေး ကလေးဘဝကစ၍ ကစားဖော်ကစားဖက်ဟူ၍ပင် ကင်းမဲ့ခဲ့ရလေသည်။ ၁၈၈၀ ခုနှစ်တွင် သူ့မိဘက ဖွင့်ထားသော ကုန်စုံဆိုင်ကလေး အရှုံးဖြင့် ရင်ဆိုင်ရကာ ပိတ်လိုက်ရပြီးနောက် အယ်လာမေဒါတွင် ဧကနှစ်ဆယ်ရှိ တောင်ယာသွားလုပ်သည်။ ထိုမှတစ်ဖန် ဆန်မက်ကို၌ ခြံသွားလုပ်သည်။ လန်ဒန် ရှစ်နှစ်သားအရွယ်တွင် လီဗာဟိုးချိုင့်ဝှမ်းသို့ ရွှေ့ပြောင်းပြန်သည်။ ထိုအချိန်တွင် လန်ဒန် စာဖတ်ဝါသနာပါလာခဲ့ခြင်းဖြစ်သည်။ ဝါရှင်တန်အိုရဗင်၏ အယ်လ်ဟမ်ဘရာကို ကျောင်းဆရာတစ်ဦးက ငှားသဖြင့် ပထမဆုံး စမ်းဖတ်ကြည့်ရာက တွေ့သမျှ လက်လှမ်းမီသမျှ စာအုပ်တွေကို သူ ဖတ်လေတော့သည်။

Monday, August 2, 2010

ကွိနှင့် အတူ ဘဝ၏ အဓိပ္ပာယ်ကို ရှာဖွေကြည့်ခြင်း

ဦးဝင်းတင် ဘာသာပြန်တဲ့ Henry Sydnor Harrison ရဲ့ ကွိ ကို ဒုတိယအကြိမ်မြောက် ဖတ်ပြီးသွားတော့ တွေးစရာတွေ အတော်များများ ကျန်ခဲ့တယ်။ ပထမတစ်ခေါက်တုန်းကတော့ သေချာမဖတ်မိဘူး။ ဝတ္ထုတစ်ပုဒ်အနေနဲ့ပဲ သာမန်ကာလျှံကာ ဖတ်လိုက်မိတယ်။ ဒါပေမယ့် ဖတ်ပြီးသွားတော့ ဇာတ်လမ်းလေးက တော်တော်ကောင်းပြီး စိတ်ဝင်စားဖို့ကောင်းတာနဲ့ပဲ နောက်တစ်ခေါက် ထပ်ဖတ်လိုက်တယ်။ ဒုတိယအကြိမ် ဖတ်တဲ့အခါမှာတော့ ဝတ္ထုတစ်ပုဒ်ဖတ်သလို မဟုတ်တော့ဘူး။ ကွိဆိုတဲ့ လူတစ်ယောက်ရဲ့ အတ္တုပ္ပတိကို ဖတ်နေရသလို သဘောထားပြီး စေ့စေ့စပ်စပ် ဖတ်ကြည့်မိတယ်။ အဲ့ဒီမှာ သွားတွေ့ရတာက စာရေးသူက ဒီစာအုပ်ကို သာမာန် ဘဝသရုပ်ဖော်၊ သရုပ်မှန် ဝတ္ထုတွေလို ဇာတ်ကြောင်းချည်းပဲ ရေးခဲ့တာ မဟုတ်ဘူး။ သူ့ ဇာတ်လမ်းကျောရိုးမှာ ပြောချင်တာလေးတွေ ရှိနေတယ်။ ပြောချင်တာက လူတစ်ယောက်ရဲ့ ဘဝကို နေထိုင်နည်းလိုမျိုးပဲ။ နေထိုင်နည်းဆိုတာက best seller စာရင်းဝင်တဲ့ တက်ကျမ်းတွေလို တိုးတက်ကြီးပွားအောင်၊ ဘဝမှာ အောင်မြင်အောင် လုပ်ကိုင်နေထိုင်နည်းတွေကို ပြောတာမဟုတ်ဘူး။ လူတစ်ယောက်ရဲ့ အဓိပ္ပာယ်ရှိတဲ့ဘဝနဲ့ အဓိပ္ပာယ်မဲ့တဲ့ ဘဝနှစ်ခုကို ကွိမှာ သွားတွေ့ရတယ်။ လူ့ဘဝရဲ့ အဓိပ္ပာယ်ဆိုတာမျိုး။

ဒီစာအုပ် မဖတ်ခင် အရင်က ကျွန်တော့်မှာ လူရဲ့ ဖြစ်နေရခြင်းမှာ အဓိပ္ပာယ် တစ်စုံတစ်ရာ မရှိဘူးဆိုတဲ့ဘက်ကို ယိမ်းတဲ့ အမြင်မျိုး ရှိခဲ့တယ်။ အဲဘတ်ကမူးတို့ ယန်းပေါလ်ဆာတ်တို့ရဲ့ အမြင်တွေ လွှမ်းမိုးခဲ့တာလဲ ပါတယ်။ ဖြစ်တည်မှုပါဓာနဝါဒမှာဆိုရင် လူရဲ့ ဖြစ်နေခြင်းဟာ ရည်ရွယ်ချက် အကြောင်းရင်း တစ်စုံတစ်ရာမရှိဘဲ ဖြစ်နေရခြင်းပဲ။ အနည်းဆုံး အဓိပ္ပာယ်ရှိတယ်ဆိုရင်တောင် ဖြစ်နေရခြင်းနဲ့ သေခြင်းဆိုတဲ့ နှစ်ခုလောက်ပဲ။ လူ့ဘဝသက်တမ်းတစ်လျှောက် ကြုံတွေ့၊ ဖြစ်ပျက်နေရတဲ့ အရာအားလုံးဟာ ရည်ရွယ်ချက် အကြောင်းရင်း တစ်စုံတစ်ရာ မရှိဘဲ ကြုံတွေ့၊ ဖြစ်ပျက်နေရတာပဲ။ ဘာကြောင့်ဆိုတော့ လူသားကို ရည်ရွယ်ချက် အကြောင်းရင်း တစ်စုံတစ်ရာနဲ့ တစ်စုံတစ်ယောက်က (ဥပမာ ဖန်ဆင်းရှင်) ဖန်တီးခဲ့ခြင်း မဟုတ်လို့ပဲ။ လူသားရဲ့ ဖြစ်တည်မှုဟာ သဘာဝရဲ့ ဖြစ်စဉ်တစ်ခုပဲ။ ဒါပေမယ့် ဒီစာအုပ်ထဲမှာ လူဖြစ်နေရခြင်းမှာ ရည်ရွယ်ချက် တစ်စုံတစ်ရာ ရှိတယ်လို့ စာရေးသူက ပြောချင်နေတာလို့ ခံစားရတယ်။ ဘာကြောင့် ကျွန်တော် ဒီလိုပြောတာလဲဆိုတာကို နည်းနည်း ရှင်းပြချင်တယ်။

Friday, July 9, 2010

မြို့နဲ့ ဆယ်မိုင်အကွာကကောင် (မြင့်သန်း)

Decived me into thinking
I have something to protect
Good and bad, I define these terms
Quite clear, no doubt, somehow.
At, but I was so much older then,
I am younger than that now.
Bob Dylan, "My Back Pages" (The Byrds)

တို့ ဟိုအကောင်လာတဲ့အထိ ခဏစောင့်လိုက်ရင် ကောင်းမယ်လို့ ထင်တယ်လို့ ပြောလိုက်တဲ့ မင်းဆွေရဲ့ အသံကြားလို့ မဂ္ဂဇင်း တစ်စောင်ကို ဟိုလှန် ဒီလှန်လုပ်ရင်း ကျွန်တော်က သူ့ကို လှမ်းကြည့်မိတယ်။ နောက် ငြိမ်းမောင်ကို ကြည့်လိုက်မိတယ်။ ငြိမ်းမောင်က ကျွန်တော်ယူလာတဲ့ ဝီစကီပုလင်းက အဖုံးပိတ်ကပ်ထားတဲ့ ခဲသားကိုဖယ်ဖို့ ကြိုးစားနေတယ်။ မသောက်သေးပါဘူးကွာ။ ဒီကောင်ဝယ်လာတာတွေက အဖွင့်ရခက်လို့ ကြိုပြီးဖွင့်နေရတာလို့ ပြန်ပြေရင်း ပုလင်းအဖုံးပိတ် ခဲပတ်ကို ဆက်ပြီးဖွင့်နေတယ်။ မင်းကလည်း ဘာလို့ ခက်ခက်ခဲခဲပုလင်း ဝယ်လာရသလဲ။ သံအဖုံးနဲ့ လွယ်လွယ်လှည့်ဖွင့်လို့ရတာ ဝယ်ခဲ့ရောပေါ့လို့ မင်းဆွေက ကျွန်တော့်ကို အပြစ်တင်သလိုနဲ့ ဆရာလုပ်တယ်။ ဟေ့ကောင် ငါ အထဲကအရည်ကိုသောက်တာ အဖွင့်ရလွယ်တဲ့ပုလင်းထဲက အရည်မှန်သမျှကို သောက်တာမဟုတ်ဘူး။ မင်းလည်း မော့(လ) ဝီစကီအကြောင်း ဘာမျှ နားမလည်ဘူး။ နားမလည်တာကို ဝင်ဆရာမလုပ်နဲ့ ငါ နားမလည်တဲ့ မင်းရဲ့ကိစ္စတွေကို ငါ ဝင်မပြောဘူး။ မင်း ပညာရအောင် တစ်ခုမှတ်ထား။ ခဲပတ်ပိတ် ဖော့ဆို့အဖုံးနဲ့ ပုလင်းထဲကအရည်က သံအဖုံးထဲက အရည်ထက် ပိုပြီးအနံ့သာတယ်လို့ ပြောတယ်။ မသောက်ခင် ကြိုဖွင့်ထားရတယ်လို့ သူ့ကို လှမ်းပြောလို့ပြီးမှ နေပါဦး ဟိုအကောင်ဆိုတာက ဘယ်သူလဲ ထွန်းအေးသောင်လားလို့ မေးလိုက်တယ်။ ဘယ်အကောင် ရှိရမှာလဲလို့ သူကပြန်ဖြေပြီး မြို့နဲ့ဆယ်မိုင်ဝေးတဲ့နေရာက အကောင်လေလို့ သူက ပြန်ဖြေတယ်။ ကျွန်တော်က ခေါင်းကို အသာရမ်းလိုက်မိတယ်။ ငြိမ်းမောင်ကလည်း ဖြည်းဖြည်းချင်း ခေါင်းခါတယ်။ ခေါင်းခါနေရင်း ငြိမ်းမောင်ကို ကြည့်ရင်း ဒီအကောင် အခု ဘယ်လိုနေသလဲလို့ မေးလိုက်တယ်။ ဘယ်လိုနေရမှာလဲ ဒီလိုပဲပေါ့ မင်းဆွေက ငြိမ်းမောင်မဖြေခင် အရင်ဖြေတယ်။ ပြီးတော့မှ မြို့နဲ့ ဆယ်မိုင်အကွာမှာ နေတဲ့အကောင်ဟာ မြို့နဲ့ ဆယ်မိုင်အကွာကကောင်ပဲပေါ့လို့ ထပ်ပြောတယ်။ ကျွန်တော်တို့ချင်း ဘာအဓိပ္ပာယ်ရှိမှန်း မသိရတဲ့ အပြုံးကို ပြုံးလိုက်မိကြတယ်။

Thursday, June 24, 2010

လမ်းခွဲ

လူတွေဟာ သူမရွေးခဲ့မိတဲ့ လမ်းအတွက်တော့ နောင်တရမိကြတာချည်းပဲ။ (-- မြင့်သန်း --)

မပြီးဆုံးနိုင်သော ရွေးချယ်မှုများနောက်ဆုံးတွင်
လမ်းခွဲတစ်ခုသို့ သူမျှော်လင့်စွာဖြင့် ရောက်လာခဲ့ပါသည်။ ဤတစ်ကြိမ်သည်လည်း ခါတိုင်းကဲ့သို့ပင် ရွေးချယ်မှုတစ်ခုကို ထပ်မံပြုလုပ်ရဦးမည် ဖြစ်ကြောင်း သူနားလည်ထားပါသည်။ အသေးငယ်ဆုံးသော ရွေးချယ်မှုတစ်ခုကပင်လျှင် ဘဝကို အကြီးအကျယ် လမ်းလွှဲပေးနိုင်ကြောင်း ခေးအော့စ်သီအိုရီတွင် သူကြားဖူးခဲ့သော်လည်း သိပ်တော့ဘဝင်မကျခဲ့။ သို့သော် ဘဝင်ကျခြင်း ဘဝင်မကျခြင်းဆိုသည်မှာလည်း သူ၏ ဘက်လိုက်မှုတစ်ခုသာ မဟုတ်ပေဘူးလား။ ပုံမှန်အားဖြင့် ဘက်လိုက်မှုများကို သဘောမကျတတ်သော သူသည် ရွေးချယ်ရခြင်းကိုလည်း သိပ်မနှစ်သက်ပေ။ ဘဝသည် ရွေးချယ်နေရခြင်းထက် ကြုံရာကျပန်းဖြစ်နေရလျှင် ပို၍ပျော်စရာကောင်းမည်ဟု စဉ်းစားမိပါသည်။ သို့သော်လည်း လူဖြစ်လာကတည်းက ပြုလုပ်ခဲ့ရသော ရွေးချယ်မှုများနှင့် အသားကျခဲ့သည်မှာလည်း အတော်ပင်ကြာခဲ့ပါပြီ။ ဤတစ်ကြိမ်လည်း ထပ်မံရွေးချယ်ရဦးမည်။

Monday, June 7, 2010

ထွက်လာသောနေနှင့် ထိုနေဝင်သွားပြီးနောက် ပြန်ထွက်လာရခြင်းအကြောင်း (မြင့်သန်း)

... fill the cup that clears
Today of Past Regrets and Future Fears:
Tomorrow! - Why, Tomorrow I may be
Myself with Yesterday's Sev'n thousand Years.
Edward Fitzgerald, Omar Khayyam

အလုပ်ကိစ္စတွေပြီးတဲ့ နေ့တစ်နေ့တော့ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတို့ နှစ်ယောက်သား နက်စီဆိုင်ဘက်ဆီ သွားကြတယ်။ နက်စီဆိုင်က ပင်လယ်ကို မြင်နေရတယ်။ ဒါပေတဲ့ ပင်လယ်စပ်မှာတော့ မဟုတ်ဘူး။ နက်ဆီဆိုတာက ဆိုင်ပိုင်ရှင်ရဲ့ နာမည်။ နာမည်အရင်းတော့ မဟုတ်ဘူး။ သူ့နာမည်ရင်းက နာစီဘွမ်းတဲ့။ ဂျူးနာမည်။ ဒီတော့ သူက ဂျူးလူမျိုးပဲ ဖြစ်မယ်။ ဘယ်သူကမျှတော့ ဒီနာမည်မျိုးကို အပျင်းပြေ မှတည့်မှာမဟုတ်ဘူး။ နက်ဆီဆိုတာကလည်း သူ့နာမည်ကို အတိုကောက်ခေါ်သလိုပဲ။ တကယ်တမ်းမှာတော့ မဟုတ်ဘူးလို့ ပြောရမှာပဲ။ အကြောင်းက ဒီလို။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်သာသာလောက်က ဒီဆိုင်ကလေးကို သူဝယ်တော့ ဆိုင်နံရံမှာ အဖြူအမည်း ဓာတ်ပုံခပ်ကြီးကြီးတစ်ပုံ ချိတ်ထားတာ တွေ့ရတယ်။ အဲဒီဓာတ်ပုံက ခုထိရှိသေးတယ်။ ဓာတ်ပုံကတော့ စကော့တလန်နိုင်ငံက နက်(စ)ရေကန်ကြီး Loch Ness ထဲမှာ ခေါင်းထောင်ပြီး ကြည့်နေတဲ့ ဘာကြောင်ကြီးမှန်းမသိရတဲ့ အကောင်ကြီးရဲ့ အဖြူအမည်းဓာတ်ပုံပဲ။ အဲဒီ ဘာမှန်းမသိရတဲ့ အကောင်ကြီးကို ချစ်စနိုးနဲ့ လူတွေက နက်စီလို့ ခေါ်ကြတယ်။ တကယ်တော့ ဘာမှန်းမသိကြတာတစ်ခုကို သိသယောက် ရှိသယောင် သဘောထားပြီး မသိတာတစ်ခုဟာ အရှိဖြစ်လာတာ။ အဲဒီ ဆိုင်နံရံပေါ်က အဲဒီဓာတ်ပုံကို အစွဲပြုပြီး ဆိုင်ကို နက်စီဆိုင်လို့ ခေါ်ကြတာ။ ဆိုင်မှာတော့ ဆိုင်နာမည် ဆိုင်းဘုတ်မရှိဘူး။ အရင်ကတော့ ဆိုင်ပိုင်ရှင် စကော့လူမျိုး မိသားစုနာမည်ကို အစွဲပြုပြီး မက်ဖေဒင်ကဖေးလို့ ခေါ်ကြသတဲ့။ အဲဒီတုန်းက ကျွန်တော်တို့လည်း မရောက်ဖူးလို့ အသေအချာတော့ မပြောနိုင်ဘူး။ ရှိခဲ့ဖူးတာတစ်ခုဟာ ကိုယ်က မသိတော့ အာမခံနဲ့ မပြောနိုင်ဘူး။ သူများပါးစပ်က ပြောတာ ကြားရဖူးတာပဲ။ ဒီဆိုင်ဝယ်ပြီးတော့ ဆိုင်နာမည်အသစ် ပြောင်းမယ်ဆိုပြီး ရှိရင်းစွဲ ဆိုင်းဘုတ်ကို ဖြုတ်ချလိုက်သတဲ့။ အနှစ်သုံးဆယ်သာ ကြာသွားရော အသစ်တော့ မတင်ဖြစ်ပါဘူး။ ဒီလိုနဲ့ပဲ အရင်ပိုင်ရှင်ထားရစ်ခဲ့တဲ့ နံရံပေါ်က ဓာတ်ပုံကို အစွဲပြုပြီး နက်စီိဆိုင်လို့ တွင်နေတယ်။ ပိုင်ရှင်နာမည်ကလည်း နာစီဘွမ်းဆိုတော့ ဆိုင်နာမည် အဲဒီလိုတွင်သွားတာကို သူက ကန့်ကွက်မနေတော့ဘူး။ ခုတော့ သူ့ဆိုင်ကို လာနေကျလူတွေက သူ့ကိုလည်း နက်စီလို့ပဲ ခေါ်ကြတော့တယ်။ နောက်ပိုင်းလာတဲ့လူတွေဆိုရင် သူ့နာမည်ကို နာစီဘွမ်းဆိုတာတောင် မသိကြတော့ဘူး။

Saturday, June 5, 2010

ဇီနို (သို့) ပါမင်းနိဒီးစ်အား ထောက်ခံသူ

ဇီနိုသည် 489 BC ခန့်တွင် မွေးဖွားခဲ့ပြီး အီလာဂိုဏ်းတွင် အရေးပါအရာရောက်သူ တစ်ဦးဖြစ်သည်။ ဧကန်အားဖြင့် ဇီနိုသည် အီလာကျောင်းတွင် မည်သည့်အတွေးအခေါ်သစ် တစ်ရပ်ကိုမှ တီထွင်ခဲ့သူမဟုတ်ပေ။ သူ၏ ထင်ရှားသော လုပ်ဆောင်ချက်မှာ ပါမင်းနိဒီးစ်၏ အဆိုများကို ထောက်ခံသော ဆင်ခြေများသာ ထုတ်ဖော်ပေးခဲ့ခြင်း ဖြစ်သည်။ ပါမင်းနိဒီးစ်၏ အဆိုအရ အာရုံငါးပါးဖြင့်သိနိုင်သော လောကသည် အစစ်အမှန် မဟုတ်။ ထိုလောကတွင် အများအပြားရှိခြင်း (plurality) နှင့် ပြောင်းလဲခြင်း (change) တို့ရှိ၏။ အရှိတရား (Being) ဆိုသည်မှာ တစ်ခုတည်းသာရှိပြီး တည်မြဲ၏။ မပြောင်းလဲနိုင်။ မရွေ့လျားနိုင်။ ပြောင်းလဲခြင်းနှင့် အများအပြားရှိခြင်းတို့သည် အတုအယောင်များသာဖြစ်သည်။ (အသေးစိတ်ကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

Thursday, May 20, 2010

အော်ဂလီ

My thought is me: that is why I can't stop. I exist by what I think...and I can't prevent myself from thinking.
Jean-Paul Sartre, Nausea.


စားသောက်ဆိုင်ထဲကို ဝင်လိုက်တော့ ဆယ်နာရီထိုးဖို့ ဆယ်မိနစ်လိုသေးတယ်။ စားပွဲထိုးကို သူ့နာမည်ပြောလိုက်ပြီး ကြိုမှာထားတဲ့ စားပွဲကို တန်းတန်းမတ်မတ်ပဲ သွားလိုက်တယ်။ မိုးရေထဲ လာရတာမို့လို့ သူ့ကုတ်အင်္ကျီက နည်းနည်းစိုနေပေတဲ့ အရမ်းကြီးတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်မနေတာတော်သေးတယ်။ သူ့အနေနဲ့ ဒီဆိုင်ကို ဆယ်နာရီအတိလောက် ရောက်လာအောင် ထွက်ခဲ့တာ။ ဘာကြောင့်လဲဆိုတော့ သူက ဒါမျိုး စောင့်ဆိုင်းရတာတွေကို သိပ်မုန်းတယ်။ ဒါပေမယ့် အမျိုးသမီးတွေရဲ့ ထုံးစံအတိုင်း ချိန်းထားရင် နောက်ကျတတ်တာကိုလည်း သူသိနေတယ်။ သူက ချိန်းထားပြီးသား စကားကျွံထားလို့သာ လာရတာ သိပ်တော့ လာချင်တာမဟုတ်ဘူး။ ခုလည်း သူက စောရောက်နေတော့ ဟိုအမျိုးသမီး မလာမချင်း ပျင်းပျင်းရိရိနဲ့ စောင့်ရဦးမယ်။ ဆယ်မိနစ်လုံးလုံး ဘယ်လိုအချိန်ဖြုန်းမလဲဆိုတာ သူတွေးရင်းနဲ့ ဆိုင်ထဲကို ဟိုဟိုဒီဒီ လျှောက်ကြည့်နေမိတယ်။

Tuesday, May 18, 2010

လွင့်မျောနေသော ကမ္ဘာကြီး၏ အနုပညာသည်တစ်ဦး

ပို့စ်မော်ဒန်ကာလအတွင်းမှာ ရေးသားနေကြ ပုံစံအတိုင်း အချိန်နဲ့ နေရာရဲ့ အရေးပါမှုကို လျှော့ချထားသည်။ ဇာတ်ကောင် အိုနိုသည် ဇာတ်ကြောင်းကို ပြောပြနေသော်လည်း တစ်ခါတစ်ရံတွင် သူလည်း အသိခံအရာဖြစ်သွားသည်ကို တွေ့ရသည်။ သားတစ်ယောက်၏ ဘဝ၊ ဖခင်တစ်ယောက်၏ ဘဝ၊ အဘိုးတစ်ယောက်၏ ဘဝ တို့ကို တင်ပြသွားပုံမှာ လေးစားဖွယ်ရာဖြစ်သည်။ အချို့ပြန်လည် သွားရောက်ခဲ့သော အခန်းများမှာ အကြောင်းရှိသကဲ့သို့ အသိပေးစေချင်သည်များလည်း ပါသည်။ စာရေးဆရာ၏ ဘာသာစကား ကျွမ်းကျင်မှုကို အတိုင်းသား မြင်တွေ့နိုင်သည်။ ဝတ္ထုရှည်တစ်ပုဒ်အတွင်း၌ ဝတ္ထုတိုများစွာ ပါဝင်လာသည်။

မိုး

မိုးရာသီ ရောက်တော့မည်။ ပူပြင်းတောက်လောင်နေသော ပျင်းရိဖွယ်ရာ နွေဥတုကို ကျောခိုင်းရန် အသင့်ဖြစ်ပြီ။ နံနက် စောစော စီးစီး ကြားလိုက်ရသော မိုးခြိမ်းသံသည် နွေဥတုကို နှုတ်ဆက်လိုက်သော အသံပေလားဟုပင် ထင်မိသည်။ ငြီးငွေ့ဖွယ် နွေရက်များကို ကျော်ဖြတ်ပြီးနောက် မိုးရာသီသို့ ရောက်တော့မည်။ ကြည့်လေ . . . အခုကျနေတဲ့ မိုးရေစက်တွေက ခေါင်းညိတ်ပြနေတယ် မဟုတ်လား . . . ။

မိုးရာသီကို ငယ်ငယ်ကတည်းက နှစ်သက်သည်။ ကျောင်း စာစီစာကုံးတွင် “အနှစ်သက်ဆုံးရာသီ” ဟူသော ခေါင်းစဉ်ကို မြင်လိုက်သည်နှင့် မိုးသားတိမ်လိပ်များနှင့် မိုးရေစက်များကိုသာ မြင်မိတတ်သည်။ (ဘာကြောင့်မှန်းမသိ) မိုးရာသီ၏ အငွေ့အသက်ကို ရလျှင်ပင် ကြည်နူးမိသည်။ နွေရက်များတွင် စိတ်အိုက်နေခဲ့သော အပူများကို မိုးရေများဖြင့် ဆေးကြောပစ်လိုက်မည်။ ဘာကြောင့်မှန်းမသိ မိုးရာသီကို ကျွန်တော် အလွန်သဘောကျမိပါသည်။

Saturday, May 8, 2010

ကျောက်ခဲပူစီပေါင်း (မြင့်သန်း)

နေရပ်ဟောင်းကို အလွန်အောက်မေ့တာ၊ လေးဘုံအပါယ်၊ လေးဘုံ အပါယ်ရွာထဲမှာ၊ နေမြဲသာ၊ များသည်သတ္တဝါ ။    ။
ကျိုက်လတ် ဦးပြုံးချို
“တေးဘုမ္မာ”။

ခပ်လှမ်းလှမ်းက လျှောက်လာတဲ့ အောင်ထွန်းကို ကျွန်တော်တို့ လှမ်းမြင်နေရတယ်။ ခင်မောင်က သူ့လက်နဲ့ ကျွန်တော့်ပခုံးကို လှမ်းပြီး တို့လိုက်ရင်း ဘာစကားမျှ မပြောဘဲ အောင်ထွန်းလာနေတဲ့ဘက်ကို အသာ မေးငေါ့ပြတယ်။ ကျွန်တော်ကလည်း ခေါင်းအသာညိတ်ပြလိုက်တယ်။ အောင်ထွန်းက လက်ဖက်ရည်ဆိုင်ရှေ့ဆီမှာရပ်ပြီး ဟိုဟိုသည်သည် ကြည့်နေပေမယ့် ဆိုင်ထဲက ကျွန်တော်တို့ကို တွေ့ပုံမရဘူး။ ကျွန်တော်တို့ကလည်း ဆိုင်ရဲ့ အတွင်းထဲက ထောင့်နားကလေးဆီမှာ ထိုင်နေတာ။ အောင်ထွန်းမှာ လွယ်အိတ်အနီ ဘယ်နှစ်လုံး ရှိသလဲ မသိဘူးလို့ ခင်မောင်က ပြောတယ်။ ဟုတ်တယ်။ အောင်ထွန်း လွယ်အိတ်အနီ လွယ်ထားလေ့ရှိတာ သတိထားမိပေတဲ့ ကျွန်တော့်အနေနဲ့တော့ သူ့ဘာသာ အနီ လွယ်လွယ် အစိမ်း လွယ်လွယ် ကျွန်တော်တို့နဲ့ ဆိုင်တယ်လို့ မထင်ဘူး။ ဒါကြောင့် သူ့ဘာသာ ဘာအရောင် လွယ်အိတ်လွယ်လွယ်၊ ဘယ်နှစ်လုံးရှိရှိ မင့်အပူလား။ အဲဒါမျိုးတွေကို လိုက်ပူနေပြီး အဖြေရှာနေလို့ကတော့ မင့်မှာ လေကိုရှူဖို့ အချိန်တောင်ရှိမှာ မဟုတ်ဘူးလို့ ကျွန်တော်က ခင်မောင်ကို ပြောလိုက်တယ်။ ကျွန်တော်ပြောတာ သေသေချာချာ သူကြား မကြားတော့ မသိဘူး။ ခင်မောင်က လက်ဖက်ရည် လိုက်ချပေးတဲ့ ကောင်ကလေးကိုခေါ်ပြီး အောင်ထွန်းရှိရာကို လက်ညှိုးထိုးပြရင်း ဟိုလွယ်အိတ်အနီနဲ့ လူကို သွားခေါ်ပေးစမ်းပါလို့ ပြောနေတယ်။ မကြာခင် အောင်ထွန်း ကျွန်တော်တို့ ထိုင်နေတဲ့ စားပွဲဆီကို ရောက်လာတယ်။

Thursday, May 6, 2010

စကင်းနား၏ အဖြေများ (၂)

စကင်းနားကား သက်ရှိ စိတ်ပညာဆရာတွေထဲမှာ သြဇာအကြီးဆုံးဖြစ်သည်။ ဟားဗတ်က ပါမောက္ခ၊ အပြုအမူဝါဒ (Behaviorism) ကို ဦးဆောင် ဦးရွက်ပြုသူ၊ စာအုပ် ၁၄ အုပ် ရေးသူဖြစ်သည်။ Walden Two နှင့် Beyond Freedom and Dignity နှစ်အုပ်လည်း ထိုသူ၏ စာအုပ်စာရင်းတွင် ပါသည်။ အသေးစိတ်သိလိုလျှင် ဤနေရာ တွင် ဖတ်ရှုနိုင်သည်။ အင်တာဗျူးကို ဟားဗတ်တက္ကသိုလ်တွင် လုပ်ပါသည်။ ချင်းတွင်းမဂ္ဂဇင်း ယခုလထုတ်တွင် ပါဝင်၍ မောင်အာကာကျော်မှ မနေနိုင်မထိုင်နိုင် ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။

မေး ။    ။ ပုံသွင်းခံရတာ မရှိဘူး (Unconditioned) လို့ ခင်ဗျား ယုံကြည်သလား။
ဖြေ ။    ။ ပုံသွင်းခံရတယ်ဆိုတဲ့ ဝေါဟာရကို မသုံးပါနဲ့ဗျာ။ လူဟာ လူ့ဘဝကို ပုံသွင်းခံရခြင်း မရှိဘဲနဲ့ စခဲ့တာပါ။ ပုံသွင်းခြင်း (Conditioning) က လူ့ဘဝလမ်းမှာ နောက်မှဖြစ်လာတာ။ တခြားလူတွေရဲ့ သက်ရောက်မှုတွေ၊ လူတစ်ယောက်ဆီက အကြံယူရတာ အမိန့် သို့မဟုတ် ဥပဒေတစ်ခုကို လိုက်နာရတာတွေက နောက်မှ ဖြစ်လာတယ်။ အကျိုးအကြောင်းဆီလျော်လို့ လုပ်ရတာတွေနဲ့ပဲ ကျုပ်ဘဝကို ဖြည့်ထားချင်တယ်။ တစ်စုံတစ်ယောက်က ပြောလို့၊ အစိုးရက၊ ဘာသာတရားက၊ စီးပွားရေးစနစ်က ခိုင်းလို့စေလို့ လုပ်ရတာတွေထက် ကျိုးကြောင်းဆီလျော်လို့ လုပ်ရတာမျိုးက ပိုကောင်းတယ်လို့ ထင်တယ်။

စကင်းနား၏ အဖြေများ (၁)

စကင်းနားကား သက်ရှိ စိတ်ပညာဆရာတွေထဲမှာ သြဇာအကြီးဆုံးဖြစ်သည်။ ဟားဗတ်က ပါမောက္ခ၊ အပြုအမူဝါဒ (Behaviorism) ကို ဦးဆောင် ဦးရွက်ပြုသူ၊ စာအုပ် ၁၄ အုပ် ရေးသူဖြစ်သည်။ Walden Two နှင့် Beyond Freedom and Dignity နှစ်အုပ်လည်း ထိုသူ၏ စာအုပ်စာရင်းတွင် ပါသည်။ အသေးစိတ်သိလိုလျှင် ဤနေရာ တွင် ဖတ်ရှုနိုင်သည်။ အင်တာဗျူးကို ဟားဗတ်တက္ကသိုလ်တွင် လုပ်ပါသည်။ ချင်းတွင်းမဂ္ဂဇင်း ယခုလထုတ်တွင် ပါဝင်၍ မောင်အာကာကျော်မှ မနေနိုင်မထိုင်နိုင် ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။

မေး ။    ။ ခင်ဗျားဘဝကို ဘာယုံကြည်မှုတွေအပေါ် အခြေခံ တည်ဆောက်ပါသလဲ။
ဖြေ ။    ။ ကျုပ်ဘဝကို ဘာယုံကြည်သက်ဝင်မှုအပေါ်မှ အခြေခံပြီး မတည်ဆောက်ပါ။ ကျုပ် ယူမှတ် (assume) ထားတာတွေ ရှိတယ်။ ဒီယူမှတ်တာတွေနဲ့ နေပါတယ်။ ကျုပ်မှာ ယုံကြည်သက်ဝင်မှု (belief) မရှိဘူး။ ယူမှတ်ခြင်း (assumption) ပဲရှိတယ်။ လောကမှာ ရှိရှိသမျှဟာ အစီအစဉ်ကျတယ်၊ နိယာမတွေရှိတယ်။ လောကကို ဒီ “ယူမှတ်ခြင်း” နဲ့ လေ့လာနိုင်တယ်။ ယုံကြည်မှုလို့ နာမည်တပ်ရင် ကျုပ်မှာ သိပ္ပံနည်းကျ ယုံကြည်မှုပဲရှိတယ်။ နက္ခတ္တဗေဒပညာရှင်တွေ၊ စကြဝဠာဗေဒပညာရှင်တွေကတော့ စကြဝဠာအကြောင်း ကျုပ်ထက် ပိုသိတယ်။ ဘစ်ဘန်း ဘယ်လိုဖြစ်သလဲ၊ ကျုပ်မသိဘူး။ သူတို့ကတော့ ရုပ်နု (elements) တွေ ဘယ်နည်းဘယ်ပုံ ဖြစ်လာကြောင်း အာကာသထဲမှာ ဘယ်နည်းဘယ်ပုံ ပျံ့နှံ့နေကြောင်း သိမှာပေါ့။

Friday, April 23, 2010

ကျွန်တော်မသိခြင်းများ

ဤနေရာတွင် စပါသည်။
အစဆိုတော့ ဘယ်က စရင်ကောင်းမလဲ။ အစကပဲ စတာ အကောင်းဆုံးဖြစ်မည် ထင်ပါသည်။ ခက်တာက အစကို ကျွန်တော်ကိုယ်တိုင်ပင် မသိခြင်းဖြစ်ပါသည်။ သို့သော် ဤအက်ဆေးသည် မသိခြင်းအကြောင်းများကို ရေးမည်ဖြစ်၍ အစကိုမသိခြင်းသည် ပြဿနာမဟုတ်ပေ။

Tuesday, April 20, 2010

ကံအကြောင်း

မနေ့ညက ဘီယာသောက်ရင်း စကားတွေ အများကြီး ပြောဖြစ်ကြတယ်။ ဟိုအကြောင်း ဒီအကြောင်း စုံလို့ပေါ့။ ဘာသာရေး နိုင်ငံရေး အကြောင်းတွေလဲ ရောက်သွားတယ်။ အရင်အပတ်က သင်္ကြန်တွင်း ဗုံးပေါက်တဲ့အကြောင်းလဲ ရောက်သွားတယ်။ အဲ့ဒီမှာ ဟိုဝေဖန် ဒီဝေဖန် လုပ်နေတုန်း အကိုကြီးတစ်ယောက်က ဗုံးပေါက်တဲ့အထဲမှာ ဒဏ်ရာရပြီးသေသွားတဲ့လူတွေလဲ သနားပါတယ်။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲကွာ သူတို့ကံပေါ့။ သူတို့ အတိတ်ဘဝကုသိုလ်ကံ မကောင်းခဲ့လို့ ဒီဘဝမှာ ဒီလိုမျိုး ကြုံရတာ လို့ပြောလာတယ်။ ကျွန်တော် နားထောင်ရင်း အဲ့ဒီစကားကို သဘောမတွေ့ဘူးဖြစ်နေတယ်။ ကျွန်တော် ထင်တာကတော့ လူတော်တော်များများရဲ့ သိမှုထဲမှာ ကံဆိုတဲ့အရာကို နားလည်လွဲနေကြတယ်လို့ ထင်တာပဲ။ ကျွန်တော် အခုဆွေးနွေးမှာက ဘာသာရေးအနေနဲ့လဲ နည်းနည်းပါမယ်။ ကျွန်တော် လေ့လာထားသလောက်လေးနဲ့ ကျွန်တော် သိသလောက်အတွင်းက ကျွန်တော် နားလည်ထားတဲ့ ကံ ဆိုတဲ့ဟာအကြောင်းကို နည်းနည်းပြောချင်တယ်။

Monday, April 19, 2010

စာမရေးခြင်း

ခုရက်ပိုင်းအတွင်း စာမရေးဖြစ်ဘူး။ မရေးဖြစ်တာကလည်း ကျွန်တော့်နေ့စဉ်ဘဝမှာက စာတစ်တန် ပေတစ်ဖွဲ့ လုပ်စရာ အကြောင်းအရာ ထူးထူးခြားခြားမှ မရှိဘဲ။ အရင်ကလဲ ဟိုတွေးဒီတွေးနဲ့ပဲ တစ်ပုဒ်စ နှစ်ပုဒ်စ ရေးဖြစ်တာ။ ကိုယ်ကလဲ ဝါသနာပါတဲ့လူဆိုတော့ ဒီလိုပဲ ရှာကြံရေးရတာပေါ့။ ခုရက်ပိုင်းမှာက ရေးချင်စရာ ဘာအကြောင်းအရာမှ ဦးနှောက်ထဲက မထွက်လာဘူး။ ဒါကြောင့်လည်း မရေးဖြစ်တာ။ ဟိုဟိုဒီဒီ တွေးဖို့ဆိုတာကလည်း အချိန်ကသိပ်မရှိဘူး။ အရမ်းအလုပ်များနေလို့တော့ မဟုတ်ဘူးရယ်။ တစ်နေ့တစ်နေ့ အပြင်ထွက်၊ ဂိမ်းဆော့၊ အိပ်၊ စား နဲ့ပဲ အချိန်တွေကုန်နေလို့။ စာရေးဖို့ဆိုတာကလည်း ပျင်းမှ ရေးလို့ကောင်တာမှတ်လား။

ခုရက်ပိုင်းမှာ လူက စိတ်ကြည်လင်နေတယ်။ ဘာကိုမှ ခေါင်းထဲမှာ မရှိဘူး။ ဗိုက်ဆာရင် စားတယ်၊ အိပ်ချင်ရင် အိပ်တယ်။ ဂိမ်းကစားတယ်၊ စာဖတ်တယ်။ ဘဝရဲ့ ဖြစ်တည်မှုတွေ အမှန်တရားတွေ ယောင်လို့တောင် မတွေးမိဘူး။ စာရေးဖို့လည်း အာရုံမရဘူး။ ပြီးတော့ ကျွန်တော့်မှာက အကျင့်ဆိုးတစ်ခုရှိတယ်။ ဒီအတိုင်းနေရင် စာရေးချင်နေပြီးတော့ ရေးနေတုန်းမှာ အဲဒီစိတ်က ပျောက်ပျောက်သွားတာပဲ။ အခုလည်း ရေးနေရင်း ဆက်မရေးချင်တော့ဘူး။ ဒီလောက်နဲ့ပဲ ရပ်မှနဲ့တူတယ်။ စိတ်ကို အနိုင်ကျင့်လို့ သိပ်မကောင်းဘူး မဟုတ်လား။

Saturday, March 27, 2010

အိပ်မက်ထဲမှာ သူမမရှိဘူး

ကျွန်တော် မြို့ကလေးတစ်ခုကို ရောက်မှန်းမသိရောက်နေတယ်။ မြို့မှာ လျှပ်စစ်မီးရှိတယ်။ လက်ကိုင်ဖုန်းရှိတယ်။ ကွန်ပျူတာသင်တန်း ရှိတယ်။ ဂျင်းဘောင်းဘီဝတ်တဲ့ ယောက်ျားလေးတွေနဲ့ ထဘီဝတ် ကောင်မလေးတွေရှိတယ်။ ပြီးတော့ မြို့လေးမှာ ကျွန်တော် မတွေ့ချင်လို့ မတွေ့အောင် လိုက်ရှာနေတဲ့သူ တစ်ယောက်ရှိတယ်။ မြို့ကလေးမှာ မျက်နှာသိတွေ အတော်များတယ်။ ကျွန်တော် မြို့ကလေးရဲ့ တောင်ကုန်းထိပ်ပေါ်မှာ ဘာကြောင့်မှန်းမသိ မူးဝေနေတယ်။ “ငါတို့က လောကနဲ့ အတော်စိမ်းကားလာပြီ” လို့ပြောတော့ သူ့ကိုကြည့်လိုက်တော့ သူ့လက်ထဲမှာ အမြည်းထုပ်နဲ့။ ပြေးရင်းလွှားရင်း လောင်းကစားနည်းတစ်ခုကို ကျွန်တော်သင်ယူ တတ်မြောက်ခဲ့တယ်။ ခပ်တောင့်တောင့် အမျီုးသမီးတစ်ယောက် ဘေးကဖြတ်လျှောက်သွားတဲ့အခါမှာ ကျွန်တော့်ရဲ့ လိင်ပိုင်းဆိုင်ရာ လိုအင်တွေ သူမထံပါသွားခဲ့တယ်။ မြို့ကလေးမှာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေအတွက် အချစ်လမ်းကြားရှိတယ်။ မြောင်းကျယ်ကျယ်ရဲ့ လမ်းဘေးမှာ ထိုင်နေကြတဲ့အတွဲတွေ အများကြီးပဲ။ ဂစ်တာတီးနေကြတဲ့ ကျောင်းသားတွေ။ ကောင်မလေး သူတို့ထဲမှာ မပါဘူး။ သူတို့ထဲမှာ ကျွန်တော်ရှာနေတဲ့ ကောင်မလေးကို မတွေ့ရဘူး။ ကောင်မလေး ကျွန်တော့်အိပ်မက်ထဲမှာ မပါလာဘူး။ အိပ်မက်ထဲမှာ သူမမရှိဘူး။

(၂၇ . ၃ . ၂၀၁၀)
ညနေ ၄ နာရီ ၂၅ မိနစ်

Sunday, March 14, 2010

ကမ္ဘာကြီးကိုကယ်ရတော့မှာလား

ခုတလောတွင် ကမ္ဘာကြီး၏ ကျန်းမာရေး တဖြည်းဖြည်းဆိုးရွားလာသည်ဟု သတင်းတွေကြားနေရသည်။ ကမ္ဘာကြီး ပူနွေးလာခြင်း၊ ငလျင်လှုပ်ခြင်း၊ အိုဇုန်းလွှာပေါက်ခြင်း စသည့် ဖြစ်ရပ်များကလည်း မျက်မြင်ဒိဌ သက်သေထူလျှက်ရှိသည်။ အချို့သော နိုင်ငံရေး မဲဆွယ် သမားများနှင့် သဘာဝပတ်ဝန်းကျင်ဝါဒီများကလည်း ကမ္ဘာကြီးအား ကယ်တင်ရန် တရားဟောကြလေသည်။ မကြာမီပင် ကမ္ဘာကြီး ပျက်စီး၍ ပျောက်ဆုံးတော့ မယောင်ယောင် ပြောနေကြသည်။ ဤလုပ်ကြံမှုကြီးတွင် လူသားတို့၏ တာဝန်မကင်း၊ လူသားတို့ ပြုသမျှ နုရသော ကမ္ဘာကြီးအဖြစ် လူတွေမြင်အောင် တရားပြ၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် ပလတ်စတစ်မသုံးရေး၊ ကာဗွန်လျှော့ချရေး စသဖြင့် နားငြီးအောင် ကြားနေရသည်။ သတင်းစာ၊ ဂျာနယ်များမှအစ အင်တာနက် ဝက်ဘ်ဆိုက်၊ ဘလော့ဂ် များအထိပင် ကျူးကျော်လာကြသည်။ ကမ္ဘာကြီးအား ကယ်တင်ရေး ဆိုသည့်စကားမှာ နှစ်ဆယ့်တစ်ရာစုတွင် လူတိုင်းကြားဖူးနေသော စကားဖြစ်သည်။ ဒီကြားထဲ 2012 ကဲ့သို့ ကမ္ဘာပျက်မည်ကို နိမိတ်ဖတ်သလိုလို ရုပ်ရှင်မျိုးက ပေါ်လာသေးသည်။

Thursday, March 11, 2010

နွေ

နွေသည် သူ၏ ကြုံလှီခြောက်သွေ့သော လက်ချောင်းများဖြင့် ကုတ်ခြစ်ကာ ဂိမန္တပြတင်းတံခါးကို ဖွင့်လိုက်လေသည်။
နေမျိုး (မြင်ကွင်းကျယ်အချစ်ဝတ္ထု)

နွေသည် ကျွန်တော်မုန်းတီးသော အရာများအထဲတွင် အသင်းဝင်တစ်ယောက် ဖြစ်ခဲ့သည်မှာ ကြာခဲ့ပါပြီ။ ပူပြင်းသော နေ့လည်ခင်းများနှင့် သစ်ရွက်အကြွေများကို ငယ်စဉ်ကပင် ကျွန်တော် မုန်းတီးခဲ့သည်။ ချစ်ခြင်း၊ မုန်းခြင်းတွင် အကြောင်းပြချက် လိုအပ်ခဲ့သည်ရှိသော် ကျွန်တော့်တွင် ပေးရန် အကြောင်းပြချက် တစ်စုံတစ်ရာ မရှိပါ။ ဖြစ်နိုင်က ရာသီစက်ဝိုင်းတွင် နွေရာသီအား ခုန်ကျော်သွားချင်သော စိတ်များ တစ်နှစ်တစ်ခါလောက်တော့ ပေါ်ခဲ့ဖူးပါသည်။ အေးချမ်းသော ဆောင်းရာသီသည် မကြာမီရောက်ရှိလာတော့မည့် နွေကာလအတွက် နှစ်သိမ့်ဆုသဖွယ် ဖြစ်နေခဲ့သည်။ ကျွန်တော်မုန်းတီးသော နွေကာလသည် လေပူများ၊ နေ့တာရှည်သောရက်များနှင့်အတူ ကျွန်တော်၏ သိမှုထဲသို့ ဝင်ရောက်လာခဲ့သည်ကို ကျွန်တော်သိရှိခဲ့ရပြီ ဖြစ်ပါသည်။

Monday, March 8, 2010

ခေါင်းစဉ်တပ်၍မရသော

ခြံနားရောက်တယ်ဆိုရင်ပဲ ဒေးဗစ်က ကြိုစောင့်နေတာကို တွေ့ရတယ်။ ခါတိုင်းဆို ကျွန်တော် ရောက်ပြီး အသံပေးလိုက်မှ သူထွက်လာနေကြ။ ဒီနေ့တော့ စောရောက်နေတော့ အိမ်ရှင်ကြီး ခရီးသွားနေတယ်ဆိုတာ တွေးလိုက်မိတယ်။ အိမ်ရှင်ကြီးက ဒီလိုပဲ ခဏခဏ ခရီးသွားနေကြ။ တစ်ခါသွားရင် တနင်္ဂနွေတစ်ပတ်လောက် ကြာတတ်တယ်။ အိမ်ရှင်ကြီး ရှိရင် ဒေးဗစ်ကို အရိပ်တကြည့်ကြည့်နဲ့ ခြံပြင်ပေးထွက်တာမဟုတ်ဘူး။ သူ့ခမြာ ခိုးထွက်ရတာ။ ကျွန်တော်နဲ့ တွေ့ဖို့ဆိုရင် အိမ်ရှင်ကြီး အလစ်မှာ ခြံထောင့်က အပေါက်ကလေးကနေ ခိုးထွက်ရတယ်။ ဒေးဗစ်က သူဌေးအိမ်မှာနေတဲ့ကောင်သာဆိုတယ် ကျွန်တော့်ကိုတော့ ခင်တယ်။ ခင်ဆို သူ့ကို ကျွန်တော်က ကူညီထားဖူးတာကိုး။ တစ်ခါက ဒီကောင် ခြံပြင်ခိုးထွက်လာတုန်း ရပ်ကွက်ထဲက ကောင်တွေနဲ့ ရန်ဖြစ်တုန်းက ကျွန်တော်က သူ့ဘက်ကနေ ဝင်ပြီး ကူညီထားပေးဘူးတယ်။ အဲဒီကတည်းက ဒီကောင် ကျွန်တော့်ကို အရမ်းခင်သွားတာ။ တစ်ခါတစ်လေဆိုရင် သူစားလို့ မကုန်တာတွေကိုတောင် ကျွန်တော့်ကို ကျွေးသေးတယ်။ အမြဲတမ်းရယ်တော့လည်း မဟုတ်ပါဘူး။ ကျွန်တော်ကလည်း အပေအတေသာဆိုတယ် မာနကလေးနဲ့တော့ နေသေးတယ်။

Friday, March 5, 2010

ပျောက်ဆုံးနေခြင်းများအတွင်း၌ ရှာဖွေ၍မရနိုင်တော့သည်များ (မြင့်သန်း)

... What happens to me happens through me, and I can neither affect myself with it nor revolt against it nor resign myself to it. I am alwasys the focal point of everything that happens to me.
Jean-Paul Sartre, Being and Nothingness.

အဘိုးဆုံးသွားတာ ကြာပြီ။ အဘိုးဆုံးသွားတော့ အဖေက ဖုန်းဆက်ပြောတယ်။ နယ်ပိုင်ကြီးကလည်း ဆက်တယ်။ မင်း လာနိုင်မယ် မထင်လို့ ငါနဲ့ နယ်ပိုင်ကြီးနဲ့ ကြည့်ပြီးစီစဉ်လိုက်တယ်လို့ အဖေက ပြောတယ်။ နယ်ပိုင်ကြီးကပြောတော့ ခင်ဗျား အဖေကပဲ ဦးဆောင်ပြီး စီစဉ်လိုက်တယ်လို့ ပြောတယ်။ ဘယ်လို စီစဉ်လိုက်ကြမှန်းတော့ မသိဘူး။ ကျွန်တော်လည်း မေးမကြည့်မိဘူး။ အသက်မရှူတော့တဲ့ ရုပ်ခန္ဓာချည်းသက်သက်ကို မြေမြှုပ်ချင်မြှုပ်၊ မီးသင်္ဂြိုလ်ချင် ဂြိုလ် ဒီနှစ်ခုပဲ ရှိတယ်။ ဂူတွေဘာတွေတော့ လုပ်မှာမဟုတ်ဘူး။ အဘိုးက ဂူသွင်းတာတို့ဘာတို့ မကြိုက်ဘူး။ ငါသေရင် ငါ့ကို သတိမရနေကြစေချင်ဘူးရယ်လို့ ပြောဖူးတယ်။ သေသွားတဲ့အဘိုးကို ဘယ်လိုစီစဉ်လိုက်ကြတယ်ဆိုတာ ကျွန်တော်လည်း မသိချင်ဘူး။ လူအဖြစ်နဲ့ ရှိနေစဉ်တုန်းက ကျွန်တော်ရဲ့ အဘိုးဟာ သေသွားတော့ အဘိုးမဟုတ်တော့ဘူးလို့ ကျွန်တော်ထင်တယ်။ အသက်လည်း မရှိတော့ဘူး။ သိမှုမရှိတော့ ထင်းတုံးတစ်တုံးနဲ့ ဘာမျှ ကွာမှာမဟုတ်တော့ဘူး။ ဒီလို တွေးကြည့်မိတော့လည်း တိဗက်တွေဟာ လူသေသွားပြီးရင် ခုတ်ထစ်ပြီး လဒစာကျွေးတယ်ဆိုတာ ဟုတ်တုတ်တုတ်ပဲလို့တောင် မြင်မိတယ်။ ဘာချည်းပြောပြော အဘိုးကိုတော့ သတိရ နေသေးတယ်။ သူ အသက်ရှင်နေတုန်းကာလကို သတိရနေမိတယ်။ သူ အသက်ရှိစဉ်က ကျွန်တော်ရဲ့ အဘိုးဖြစ်ခဲ့တဲ့ လူတစ်ယောက်ကို သတိရနေမိတာ။ “သူ” ဆိုတဲ့နာမ်စားဟာ ခုတော့ “ရှိတုန်းက” ဆိုတဲ့ အချိန်ပြပုဒ်တစ်ခုနဲ့ တွဲသုံးစရာ ဖြစ်သွားတယ်။

Wednesday, March 3, 2010

နှောင်းမှပြောင်းတတ်သော အချစ်တစ်မျိုး (မြင့်သန်း)

ဘဲမနဲ့တွေ့တယ်။ သာသနာပြုကျောင်းမှာနေတုန်းက သူ့နာမည်က ဘယ်လမီ။ ငြိမ်းမောင်နဲ့ ကျွန်တော်က သူ့ကို ဘဲမလို့ခေါ်ကြရင်းက ဘဲမလို့ နာမည်တွင်သွားတာ၊ ကျွန်တော်တို့ သုံးယောက်သားက ငယ်ငယ်တည်းက ကျောင်းသွားအတူတူ၊ ကြီးလာတော့ ကျောင်းပြေးတာအတူတူ။ ကျောင်းပြေးရင် ကျွန်တော်တို့က၊ သူ့ကို မပါစေချင်ဘူး။ ငါပါ ကျောင်းမပြေးရရင် တိုင်ပြောမယ်ဆိုတာနဲ့ ကျွန်တော်တို့ ကျောင်းပြေးတဲ့အခါ ကန့်လန့်ကန့်လန့်နဲ့ သူပါလာတာ။ မိဖတွေကလည်း ရင်းကြတော့ ကျွန်တော်တို့က မောင်နှမတွေလိုပဲ။ ပိုဆိုးတာကတော့ သူ့ကို မောင်နှမတွေထက်ပိုပြီး သဘောထားကြည့်လို့ မရတာပဲ။ ငြိမ်းမောင်ကို ကျွန်တော်က မေးဖူးတယ်၊ မင်း ဘဲမကို မကြိုက်ဘူးလားလို့။

Friday, February 26, 2010

ပစ္စုပ္ပန်ကိုရှာမတွေ့နိုင်ကြသူများ (မြင့်သန်း)

You must live in present, launch yourself on every wave, find your eternity in each moment.
Henry David Thoreau

တစ်နေ့တော့ ဟိုအကောင်က ဖုန်းဆက်တယ်။ အတော်ပဲ အံ့အားသင့်သွားမိတယ်။ ကျွန်တော့်ဆီ ရန်ကုန်ကနေ ဖုန်းဆက်တဲ့လူ ရှားတယ်။ ကျွန်တော့်ယောက်ဖတစ်ယောက်ကတော့ သူ့အစ်မဆီ ဆက်လေ့ရှိတယ်။ ငြိမ်းမောင်တစ်ယောက်ပဲ နည်းနည်းထွေပြီး အိပ်မရရင် ဆက်တတ်တယ်။ ဒါကလည်း ကျွန်တော်ချဲထားလို့။ တစ်ခါက စားရင်းသောက်ရင်း ကျွန်တော်လည်း စိတ်ကူးပေါက်ပေါက်နဲ့ ချဲပစ်လိုက်ဖူးတယ်။ တတိယကမ္ဘာကလူတွေမှာ အက်တိကက်ဆိုတာမရှိဘူး။ ပရိုတိုကော်(လ) ဆိုတာ နားမလည်ဘူးလို့ ငါ ဖတ်ရဖူးတယ်။ ဆယ်ခါ ဖုန်းဆက်လို့မှ တစ်ခါပြန်ပြီး ဖုန်းဆက်ရမှန်း မသိတဲ့အကောင်တွေ။ အီးမေး(လ်)ပို့လို့မှ ပြန်ရမှန်းမသိတဲ့ အကောင်တွေ။ မင်းတို့နဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေနဲ့ ဘာကွာလို့လဲလို့ ပြောရင်း ချဲလိုက်မိတယ်။ အဲဒီကတည်းက ငြိမ်းမောင် တစ်ယောက်က မူးလာရင် ဖုန်းဆက်တယ်။ သူဆက်တာ ည ဆယ်နာရီလောက်ဆိုတော့ ကျွန်တော့်ဆီမှာ သန်းခေါင်ကျော်နေပြီ။ မင်းဆွေကတော့ အီးမေး(လ)ပြန်ဖို့ ငှားထားတဲ့ ကောင်မလေးလာတဲ့အခါ အီးမေး(လ)ပြန်ပို့တယ်။ စာကတော့ တစ်ကြောင်း၊  နှစ်ကြောင်းပဲ။ သူ့အီးမေး(လ)ဖတ်ရတိုင်း သူပြောချင်တာနဲ့ ကောင်မလေးရေးတာနဲ့ တစ်ခြားစီလို ဖြစ်နေတာတော့ ရိပ်မိတယ်။

Wednesday, February 24, 2010

အဓိပ္ပါယ်မရှိတဲ့အက်ဆေး

ဒုတိယအကြိမ်အဖြစ် ကျွန်တော်ရှင်ပြန်ထမြောက်လာပါသည်။ ကျွန်တော် ပြန်ရှင်လာသောအခါ ဘယ်ရောက်နေမှန်း မသိရပါ။ ဘုရားသခင်နှင့်အတူ ကမ္ဘာကြီး သေဆုံးသွားပြီ ဖြစ်ကြောင်း သတင်းစာဖြတ်ပိုင်းလေးတစ်ခုမှ သိရပါသည်။ ကမ္ဘာကြီးအတွက် အလွန်စိတ်မကောင်းဖြစ်မိပါသည်။ ကမ္ဘာကြီး မည်သည့်ရောဂါဖြင့် သေဆုံးသွားမှန်း ကျွန်တော် မသိပါ။ ကျွန်တော်လမ်းလျှောက်ရန် ခြေလှမ်းလိုက်သည်။ ကမ္ဘာကြီးမရှိတော့သဖြင့် ကျွန်တော် လမ်းလျှောက်၍မရပါ။ အင်မတန်ခက်တော့သည်။ ကမ္ဘာကြီးမရှိသော်လည်း ကမ္ဘာကြီးရှိနေခဲ့တာကိုတော့ သိနေသည်။ ကျွန်တော် သိသော်လည်း ကမ္ဘာကြီး မရှိတော့ပါ။ သိခြင်းနှင့် ရှိခြင်းသည် ညီအစ်ကိုများ ဖြစ်သော်လည်း မနီးစပ်လှပါ။ ကျွန်တော် ဘာလုပ်ရမှန်းမသိပါ။ ထိုကြောင့် ကျွန်တော် ဘာမှမလုပ်ပါ။

Thursday, February 11, 2010

သံသယဖြင့်အဆိုးမြင်ခြင်း

“ဖန်ခွက်ထဲတွင် ရေတစ်ဝက်ရှိသည်။ ဖန်ခွက်ထဲရှိရေသည် တစ်ဝက်ပြည့်နေသည် သို့မဟုတ် တစ်ဝက်လျော့နေသည်။” လူတိုင်းကြားဖူးမည်ဖြစ်သော ပုစ္ဆာလေးတစ်ခု ဖြစ်ပါသည်။ အကောင်းမြင်နှင့် အဆိုးမြင်ကို သိသာစေရန် အကောင်းဆုံးသော ဥပမာတစ်ခုပင် ဖြစ်သည်။ အကောင်းမြင်သမားက ရေသည် တစ်ဝက်ပြည့်နေသည်ဟု ပြောမည်။ အဆိုးမြင်သမားကတော့ ရေသည် တစ်ဝက်လျော့နေသည်ဟု ပြောမည်။ ဖြစ်ရပ်တစ်ခုကို ယေဘူယျအားဖြင့် အကောင်းမြင်နှင့် အဆိုးမြင်ဟူသော ရှုထောင့်နှစ်မျိုးဖြင့် ကြည့်ရှုနိုင်သည်။ တစ်ဦးနှင့်တစ်ဦး အမြင်တော့ အလုံးစုံမတူညီနိုင်ပေ။  မိမိသဘောထား၊ မိမိအမြင်ကို တင်ပြရာတွင် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါသည်။

Sunday, February 7, 2010

ချက်ကြီး

ကျွန်တော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့နာမည်က ချက်ကြီးတဲ့။ အဲ.. တိတိကျကျ ပြောရရင် ကျွန်တော့်မှာ ချက်ကြီးလို့ ခေါ်တဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ တစ်ယောက်ကတော့ သူ့အစ်ကိုနာမည်က ၀က်ကြီး၊ သူ့ညီနာမည်က ကြွက်ကြီး၊ ဒီတော့ သူက အော်တိုမက်တစ် ချက်ကြီး ဖြစ်သွားတာပေါ့။ သူ့ချက်ကလည်း နည်းနည်း စူတယ်လေ။ ထားပါတော့။ အခုပြောမယ့် ချက်ကြီး က နာမည်ရင်းမဟုတ်ဘူး။ နာမည်ရင်းတော့ မပြောတော့ပါဘူး။ (ချောင်းရိုက်ခံရမှာ စိုးလို့) သူ့ကို ချက်ကြီး လို့ ခေါ်ရတဲ့ အကြောင်းရင်းက အခုလူငယ်တွေကြားမှာ ခေတ်စားနေတဲ့ အင်တာနက်ဆိုတာမှာ သူကချက်တယ်လေ။ အရမ်းချက်လွန်းလို့ သူ့ကို ချက်ကြီးလို့ ခေါ်တာ။ ဘယ်လောက်ထိ ချက်လဲဆိုရင် မိုးလင်းမိုးချုပ် လို့တော့ မထင်လိုက်ပါနဲ့။ မိုးချုပ်မိုးလင်း ကိုချက်တာ။ ညဘက် ၉ နာရီလောက်က စချက်တာ မနက် ၅ နာရီထိုးမှ ပြီးတယ်။ အဲလောက်ကိုချက်တာ။ အခုသူ့အကြောင်းကို ပြောမလို့.. အင်း.. အတင်းတုတ်မလို့ ဆိုပါတော့။

ချက်ကြီးက ၀ိုင်ဂျီအမ်ချက် ဆိုလားဘာလားမသိပါဘူး။ အဲဒီမှာ ချက်တယ်ဗျ။ အဲမှာ မသိတဲ့သူအချင်းချင်း မိတ်ဆွေဖွဲ့ကြ ကျူကြပေါ့ဗျာ။ အဲလို ကျူတဲ့အထဲမှာလည်း ချက်ကြီးပါတယ်။ သူက ကျူတာများလို့လားတော့ မသိဘူး။ တော်တော်တော့ အကျူကောင်းတယ်ဆိုပဲ။ ကျူစရာမရှိရင် ယောက်ျားချင်း ကိုယ့်ကိုယ်ကို မိန်းကလေးလို့ ပြောပြီးကျူတာတဲ့။ အဲလို ၀ါသနာကြီးပုံက။ ဒီလို အကျူကောင်းလို့လဲ ဒီဇာတ်လမ်းလေး ဖြစ်လာတာပေါ့။

ဇာတ်လမ်းက ဒီလိုဗျ။ တစ်နေ့သူက နေ့စဉ်ဝတ္တရားအတိုင်း အွန်လိုင်းမှာ ကျူနေတုန်း မမ တစ်ယောက်နဲ့ တွေ့တယ်။ မမ ဆိုပေမယ့်လဲ သိပ်တော့ မကြီးသေးပါဘူး (အသက်ကိုပြောတာနော်)။ ချက်ကြီးနဲ့ ကွာလှ အလွန်ဆုံး ငါးနှစ်ပေါ့။ သိတယ်မှတ်လား ချက်ကြီးကလဲ ဘယ်ရမလဲ။ အပီအပြင်ကို ကျူတာပေါ့။ မ မ နဲ့ ကျူတာ။ နေ့စဉ်ရက်ဆက် ဂျီတော့ခ် မှာရော ချက်ထဲမှာပါ ကျူလိုက်တာ ဖုန်းနံပါတ်တွေ ဘာတွေရပြီး ညလုံးပေါက် ဖုန်းပြောတဲ့အဆင့်တွေ ဘာတွေဖြစ်ကုန်ပါရောလား။ ချက်ကြီးရဲ့ တော့ကီတွေကြားမှာ တစ်လုံးပြီးတစ်လုံး မြောပေါ့။ ဟိုက မမ အသံလေးကလဲ ဆည်းလည်းသံလေး ဆိုတော့ ချက်ကြီးတို့က အပိုင်ပဲဆိုပြီး ဖွင့်ပြောပါလေရော။

ဒီလိုနဲ့ပဲ မ နဲ့ မောင် ဖြစ်သွားကြတယ်ပေါ့။ နောက်ပိုင်း တစ်ယောက်အကြောင်းတစ်ယောက် မေးရင်းမြန်းရင်းက တော်တော်လေး သိလာကြပြီ။ နောက်ဆုံး ချက်ကြီး မနေနိုင်တော့ဘူး။ သူ့ မမ ကို အရမ်းတွေ့ချင်လာတာပေါ့။ ဟိုကလဲ တွေ့ချင်တယ်ဆိုတော့ ချက်ကြီးက လည်တယ်။ ချစ်သူများနေ့မှာ ကန်ဘောင်မှာတွေ့မယ်ဆိုပြီး ချိန်းလိုက်ပါလေရော။ ဒီလိုနဲ့ ချစ်သူများနေ့ရောက်..။ ချက်ကြီးလဲ အပီအပြင် အလှတွေပြင်ပြီး ကန်ဘောင်ကို ထွက်လာခဲ့တယ်။ ကန်ဘောင်ရောက်တော့ သူများတွေက အတွဲကိုယ်စီနဲ့ ချက်ကြီးလည်း အားကျချင်သလိုတောင် ဖြစ်လာတယ်။ ဒါပေမယ့် မပူပါနဲ့ပေါ့။ အလာတုန်းကသာ မျက်နှာငယ်တာ အပြန်လမ်းမှာတော့ မျက်နှာပန်းလှမှာဆိုပြီး ချက်ကြီးတစ်ယောက် ပီတိတွေဖြာ အင်အင်းတွေပါ နေလိုက်တာ။ နောက်တော့ စုံတွဲတစ်တွဲ ထသွားတဲ့ ထိုင်ခုံတစ်ခုကို ချက်ကြီးက အတွဲနှစ်တွဲနဲ့ မျောက်ငှက်ပျောသီး လုသလို လုလိုက်တယ်။ ပြီးတော့ သူ့ မမ ကိုထိုင်စောင့်ပေါ့။

သူထိုင်ပြီး သိပ်မကြာဘူး။ ချက်ကြီးအနောက်က အသံတစ်ခုထွက်လာတယ်။

'မောင်လေးလားဟင်?'

ချက်ကြီး ပီတိတွေ အလိပ်လိုက် တက်လာတယ်။ သေချာပြီ ဒါဖုန်းထဲက သူ့ မမ အသံ။ ချက်ကြီး အသာလေး နောက်ကို ဖြည်းဖြည်းချင်း ခေါင်းငုံ့ပြီး လှည့်လိုက်တယ်။ အရင်ဆုံးတွေ့လိုက်ရတာက အရမ်းလှတဲ့ ဖိနပ်တစ်ရံကို စီးထားတဲ့ ဖြူဖြူဖွေးဖွေး ခြေဖ၀ါးလေးနှစ်ခု။

'ခွိ'

ချက်ကြီး ပျော်လွန်းလို့ ခွိ သွားတယ်။ သူ လူရွေးမှန်သွားပြီပေါ့။ အသံနဲ့ရုပ်နဲ့လည်း လိုက်ပါပေ့ လို့တောင် စဉ်းစားလိုက်သေးတယ်။ ပြီးတော့ ခြေဖ၀ါးကနေ တဖြည်းဖြည်းချင်း အပေါ်ကို မော့ကြည့်...။ ခြေသလုံး။ နည်းနည်းတုတ်သလိုပဲ။ အို.. စိတ်ထင်တာပါ။ ပေါင်...။ ပိုပြီးတုတ်လာသလိုပဲ။ ဒါပေမယ့် ပေါင်တုတ်တာက.. အင်း... ကောင်းပါတယ်.. နော့.။ ချက်ကြီး တွေးချင်တာတွေတွေးပြီးတော့ ခွိ နေတယ်။ ပေါင်ပြီးတော့ အဲ.. ခါး။ ချက်ကြီးမျက်နှာ တစ်မျိုးဖြစ်သွားတယ်။ ခါးကျတော့ သိသိသာသာကြီးကို တုတ်နေတာ။ ခါးထက်အပေါ်ထပ်တက် အင်း... လည်ပင်းပေါ့နော်။ ပြီးတော့ မျက်နှာ...။ ချက်ကြီး မျက်နှာ ချက်ချင်းသွေးဆုတ်သွားတယ်။ ဒရက်ကူလာနဲ့ ထိပ်တိုက်ရင်ဆိုင် နေရတဲ့ သနားစရာ သတ္တ၀ါလိုမျိုးလေး။ ပြီးတော့ ခြေဆုံးခေါင်းဆုံး ပြန်ကြည့်တယ်။ သွားပြီ။ ချက်ကြီး ဖြစ်နိုင်ရင် အခုချက်ချင်း ရေထဲ ခုန်ချချင်စိတ်တွေ တဖြည်းဖြည်းပေါက်လာတယ်။ သူ့ မမ ရဲ့ရူပါကိုလည်း နည်းနည်းကြည့်ဦးလေ..။

ကိုယ်လုံးကိုယ်ပေါက်ကလား..။ ဂစ်တာ shape..။ ဒါပေမယ့် ဂစ်တာကို ပြောင်းပြန်ထားပြီးကြည့်ရမှာ။ ဘယ့်နှယ့်ဗျာ။ ခြေထောက်ကလေးတွေက ပိန်ကပ်ကပ်လေးတွေနဲ့ အပေါ်ပိုင်းရောက်လေ ကြီးလေပဲ။ နောက်ဆုံး မျက်နှာလဲ ရောက်ရော။ အားပါး..။ ရုပ်ရှင်မင်းသမီးလေး ပွင့် ကိုသိတယ်မှတ်လား။ သူ ပေါက်စီနှစ်လုံးကို တပြိုင်တည်း စားနေရင်ဘယ်လိုဖြစ်မလဲ စဉ်းစားသာကြည့်ပေတော့။ ချက်ကြီးလည်း ခုနက သူ့ရဲ့ အသံနဲ့ရုပ်နဲ့လိုက်ပါပေ့ ဆိုတဲ့ စကားကို လုံးချေပြီး အင်းယားကန်ထဲကို ကန်ချပလိုက်တော့တယ်။

'မောင်လေးလားဟင် လို့'

အောင်မလေး။ ချက်ကြီး အော်ငိုချင်သွားတယ်။ အသံလေးက ဆည်းလည်းသံမဟုတ်တော့ဘူး။ ချွဲပျစ်နေတာမှ ရွှေတယော် သုံးထုပ်နဲ့ လျှော်ပြီး ရေမလောင်းထားတဲ့ အတိုင်းပဲ။ ချက်ကြီးလဲ ကြောက်လန့်ပြီး ဟုတ်ကဲ့ လို့ထွက်သွားတော့တယ်။ 

'မောင်လေးကလဲ ဒီကခေါ်နေတာ လေးခါတောင်ရှိပြီ ဘာတွေစဉ်းစားနေတာလဲ' ဆိုပြီး ပြောပြောဆိုဆိုနဲ့ ချက်ကြီး ဘေးမှာ ၀င်ထိုင်လိုက်တယ်။ ချက်ကြီးလဲ ဟိုဘက်တိုးရှာပါတယ်။ ဒါပေမယ့် သူ့ မမ ကိုယ်ခန္ဓာက ချက်ကြီးသုံးယောက်စာလောက်ရှိတော့ မတတ်နိုင်ဘူး။ ပြီးတော့ မမ က ဘာတွေပြောနေလဲတော့ ချက်ကြီးမသိတော့ဘူး။ မျက်စိလေးမှေးပြီး နားထောင်သလိုလိုနဲ့ ဘုရားစာတွေ မှတ်မိသမျှ ဒိုင်ခံရွတ်နေတော့တယ်။

ခဏနေတော့...

'မောင်လေး ပြန်ပြောဦးလေ.. မ ချည်းပဲ ပြောနေရတာ မောလာပြီကွ'

'.....'

'မောင်လေး.. သြော်.. မ ကိုတွေ့တွေ့ချင်းမို့လို့ ရှိန်နေတာလား။ မရှိန်ပါနဲ့ကွာ.. ဖုန်းထဲမှာကျတော့ သူချည်းပဲ ပြောနေပြီးတော့ ဟွန်း'

'.....'

'မောင်လေး.....'

ချက်ကြီး အကြံရသွားပြီ။ တစ်သက်လုံး မကောင်းခဲ့တဲ့ ဦးနှောက်။ အခုမှ အကြံကောင်းထွက်လို့ ကျေးဇူးတင်လိုက်တာဗျာ လို့တောင် တိုးတိုးလေး ရေရွတ်လိုက်သေးတယ်။ ပြီးတော့မှ မမ ဘက်လှည့်ပြီး မျက်နှာသေနဲ့။

'မ.. မ ကိုတစ်ခုဝန်ခံစရာရှိတယ်'

'ပြော မောင်လေး'

'အမှန်တကယ်တော့ ကျွန်တော်ဟာ မ နဲ့ညတိုင်း ဖုန်းပြောတဲ့ မောင်လေးမဟုတ်ဘူး'

'ဘယ်လို ဘယ်လို'

'မ နဲ့ဖုန်းပြောတဲ့တစ်ယောက်က ကျွန်တော့်သူငယ်ချင်းပါ သူက မ နဲ့ မတွေ့ရဲလို့ ဆိုပြီး ကျွန်တော့်ကို သူ့ကိုယ်စား ဟန်ဆောင်ပေးဖို့ လွှတ်လိုက်တာပါ'

'သြော်.. အဲလိုလား'

'ဟုတ်ကဲ့ ကျွန်တော့်ကို ခွင့်လွှတ်ပါ' ချက်ကြီး ကူလီကူမာလုပ်တာလေ။ ချက်ကြီးကတော့ အပိုင်ပဲပေါ့။ သူမဟုတ်ဘူးလို့ ပြောလိုက်ရင် ပွဲပြတ်သွားပြီ။ နောက်တစ်ခေါက်လည်း တွေ့ဖို့ အကြောင်းမရှိတော့ဘူး မှတ်လား။ ဒါပေမယ့် ချက်ကြီး မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး…။

'မလိုပါဘူးကွယ် ဘာလို့လဲဆိုတော့ မ ကိုယ်တိုင်ကလဲ မောင်လေးသူငယ်ချင်းနဲ့ ဖုန်းပြောခဲ့တဲ့ မမ မှမဟုတ်ပဲ'

'ဘာရယ်!' ချက်ကြီး မျက်လုံးတွေ ပြူးသွားတယ်။ ကမ္ဘာကြီး ဘာတွေဖြစ်နေပြီလဲ။ သူဝေ ခွဲမရ ဖြစ်နေတုန်း သူ့နောက်က ရင်းနှီးတဲ့ အသံတစ်သံကို ကြားလိုက်ရတယ်။

'ဟုတ်တယ် မောင်လေးရေ မမ ကလဲ မောင်လေးသူငယ်ချင်းနဲ့ မတွေ့ရဲလို့ မမ သူငယ်ချင်းကို လွှတ်လိုက်တာပဲ'

ချက်ကြီး အသံလာရာကို လှည့်ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်။ သူ့ထက် အသက်လေးငါးနှစ်လောက် ပိုကြီးမယ်။ ခေတ်စကားနဲ့ ပြောရရင်တော့ အလန်းလေး။

'ဒါ..ဒါဆို အစ်မက..?'

'ဟုတ်တယ်.. မောင်လေးသူငယ်ချင်းနဲ့ ဖုန်းပြောခဲ့တဲ့တစ်ယောက်က အစ်မပဲ'

Friday, February 5, 2010

မချစ်ကြပါနဲ့ (မြင့်သန်း)

Love, Love alone, has pains severe and many:
Then, Loveliest! Keep me free,
From torturing jealousy.

John Keats. "To Fanny".

အနောက်ဘက်ကို မျက်နှာမူနေတဲ့ ပြတင်းပေါက်ရဲ့မှန်ကို ခေါက်လိုက်သံ ကြားလိုက်ရတယ်။ ကျွန်တော့်အခန်းမှာ ပြတင်းပေါက်တွေက တောင်ဘက်နဲ့ အနောက်ဘက်မှာပဲ ရှိတယ်။ တောင်ဘက်က ပြတင်းပေါက်ရှေ့မှာ နွယ်သာကီ အဖြူရောင်အပင်ရှိနေလို့ ပြတင်းပေါက်တွေကို ကာထားသလို ဖြစ်နေတယ်။ အနောက်ဘက်က ပြတင်းပေါက်တွေကတော့ အိမ်နောက်ဖေးက ကားဂိုထောင်ကိုသွားတဲ့ ကားလမ်းဘေးမှာ။ အဲဒီဘက်မှာတော့ ခေါင်ရမ်းပန်းပင်တွေရှိတယ်။ ဖေဖေက တကူးတကမှာပြီး စိုက်ထားတဲ့ ဝါလွင်လွင် ခေါင်ရမ်းပန်းပင်တွေ။ မစ် ဟာဝိုင်ယံလို့ ခေါ်တယ်ထင်တယ်။ နားထောင်နေတုန်း ခေါက်သံ ထပ်ကြားလာပြန်တယ်။ ကျွန်တော်လည်း ဖတ်လက်စ စာအုပ်ကို အသာချပြီး ပြတင်းပေါက်ဆီ သွားလိုက်တယ်။ ခန်းဆီးစကိုဖယ်ပြီး တံခါးဖွင့်လိုက်ရင်း အော်. . နင်ကိုးလို့ ပါးစပ်က အသံထွက်သွားတယ်။ နင်က ဘယ်သူထင်လို့လဲလို့ သူက ပြန်မေးတယ်။ ကျွန်တော်က ငါက သိကြားမင်းလားလို့။ ခွေးသားရေပတ်နဲ့ နာမည် လာမှတ်သလားလို့ ပြန်ပြောလိုက်တော့ သူက သိကြားမင်းကတော့ အချိန်ကုန်ခံပြီး နင့်ကို စာရင်းလာမှတ်မှာ မဟုတ်တော့ဘူး။ သူ့ စာရင်းထဲမှာ နင့်နာမည်က များလှပြီလို့ပြောရင်း ပြုံးတယ်။ ပြီးတော့မှ နင် ဘာလုပ်နေသလဲလို့ မေးတယ်။ ငါ စာဖတ်နေတယ်လို့ ကျွန်တော်က ဖြေလိုက်တယ်။ အစောကြီးဟယ်။ ခုမှ ဆယ်နာရီခွဲ ဆယ့်တစ်နာရီလောက်ပဲ ရှိသေးတယ်လို့ သူက စကားစမပါဘဲ ကောက်ချက်ချတယ်။ မနက်ဘက် စာမဖတ်ရဘူးလို့ နင့်ကို တစ်ယောက်ယောက်က ပြောဖူးသလားလို့ ကျွန်တော် ပြန်ပြောလိုက်တော့ သူက ဘာမျှမပြောဘဲ အိမ်ရှေ့ဘက်ကို လှမ်းကြည့်နေတယ်။ ငါ ပျင်းလို့လို့ သူကပြောပြီး နင်ဖတ်နေတာတွေ သိပ်အရေးမကြီးရင် စကားပြောရအောင်လို့ သူက ဆက်ပြောတယ်။ ဘာမျှအရေးမကြီးပါဘူး။ ငါလည်း ပျင်းတာနဲ့ ဘိုင်ရွန်ကဗျာတွေ ပြန်ဖတ်နေတာ . . လို့ ကျွန်တော်က ပြောနေတုန်း ဟယ် . . ဘိုင်ရွန်လို့ သူ့ပါးစပ်က အရင်းမရှိ အဖျားမရှိ အသံထွက်လာတယ်။ ဘိုင်ရွန် . . ဘာဖြစ်သလဲလို့ ကျွန်တော်က အသံမာမာနဲ့ မေးလိုက်မိတယ်။ ဘာမျှမဖြစ်ပါဘူးလို့ သူက ပြုံးစေ့စေ့ သရော်တော်တော် မျက်နှာထားနဲ့ပြောပြီး အိမ်ရှေ့ဆီ လာခဲ့လေလို့ ပြောတာနဲ့ ကျွန်တော်လည်း ခေါင်းညိတ်ပြလိုက်တယ်။

Sunday, January 31, 2010

နှစ်ဆယ့်တစ်ရာစု ပြိုလဲခြင်း

နှစ်ဆယ့်တစ်ရာစုကို ရောက်လာခဲ့တာ ဆယ်စုနှစ်တစ်ခု ကျော်လာခဲ့ပြီ။ ဒါပေမဲ့ ဒီဆယ်စုနှစ်တစ်ခုဟာ လွန်ခဲ့တဲ့ အနှစ်ငါးဆယ်ထက် ကမ္ဘာကြီးကို ပိုမို အသွင်ပြောင်းစေခဲ့တယ်။ နှစ်ဆယ့်တစ်ရာစုဟာ လူသားမျိုးနွယ်ကို နှစ်ဆယ်ရာစုထက် ပိုမို ခြိမ်းခြောက်နိုင်လာခဲ့ပြီ။ နှစ်ဆယ်ရာစုကို ကြည့်လိုက်ရင် ကမ္ဘာစစ်တွေ၊ အယူဝါဒတိုက်ပွဲတွေ၊ တော်လှန်ရေးတွေနဲ့ ကမ္ဘာ့သမိုင်း စာမျက်နှာကို ချယ်လှယ်နိုင်ခဲ့ပေမယ့် ဒါတွေကို ကျွန်တော်တို့ ဖြတ်ကျော်နိုင်ခဲ့ကြတယ်။ အဲဒီအဖြစ်အပျက်တွေရဲ့ ရလဒ်ဟာ နှစ်ဆယ့်တစ်ရာစုမှာ အရိပ်ထင်လာခဲ့တယ်။ နှစ်ဆယ့်တစ်ရာစုဟာ လူသားမျိုးနွယ်ကို ဆိုးဝါးတဲ့ နမိတ်ပုံတွေနဲ့ စတင်လာခဲ့တယ်။ ကမ္ဘာမြေနဲ့ လူသားတို့ရဲ့ ရှင်သန်ရေးတိုက်ပွဲ (survival quest) မှာ ကမ္ဘာမြေဟာလည်း လူသားမျိုးနွယ်ကို ပြန်လည် တိုက်ခိုက်လာခဲ့တယ်။

လူသားနဲ့ ကမ္ဘာမြေတို့ရဲ့ စစ်ပွဲမှာ ကမ္ဘာမြေက လူသားတို့ကို တန်ပြန်ထိုးစစ် (counter attack) နဲ့သာ တိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် နှစ်ဆယ့်တစ်ရာစုအစမှာ ကမ္ဘာမြေရဲ့ ဗျူဟာ အပြောင်းအလဲကို ကျွန်တော်တို့ ခပ်ရေးရေး မြင်လာခဲ့ရတယ်။ ခံစစ်ကနေ ထိုးစစ် အနေအထားကို ပြောင်းလဲလာတာ တွေ့ရတယ်။ ကျွန်တော်တို့ လူသားတွေကို နှစ်ဆယ့်တစ်ရာစုဟာ ပထမဆုံးနေ့မှာတင် Y2K ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရစေတယ်။ ဒါဟာ လူသားမျိုးနွယ်တစ်ရပ်လုံးကို တုန်လှုပ်သွားခဲ့စေပေမယ့် Y2K ပြဿနာဟာ နောင်လာမယ့် အခက်အခဲများစွာရဲ့ ရှေ့ပြေး နိမိတ်ပုံအဆင့်သာ ရှိပါတယ်။

Monday, January 25, 2010

လူတို့သည်

  • ကျားတစ်ကောင် လူကိုကိုက်သောအခါ နာကျည်းစွာ လက်စားချေကြသော်လည်း လူတစ်ယောက် ကျားကိုသတ်သောအခါ အမဲလိုက်ခြင်းဟု အမည်ပေးတတ်ကြသည်။
  • လူဆိုသည်မှာ အလင်းရောင်သာမရှိလျှင် ကြောက်တတ်လွန်း၊ မကောင်းမှုများစွာ ကြံစည်တတ်လွန်းသော အကောင်တစ်မျိုးဖြစ်သည်။ ထိုအကောင်တွင် ထက်မြက်သော သွားများမရှိပါ။ အင်အားကောင်းသော နှာမောင်းများမရှိပါ။ ပျော်ဝင်စေတတ်သော အဆိပ်များလည်းမရှိပါ။ ခုန်ပျံနိုင်သော အစွမ်းလည်းမရှိပါ။
  • သို့သော် ထိုလူတို့သည် မာကျောသောအရာများကို ခပ်တုံးတုံး သွားများဖြင့် ကိုက်ဝါးနိုင်ရန် မီးကို သုံးတတ်သည်။ အားကောင်းသော နှာမောင်းများကို ထိန်းချုပ်ရန် ချွန်းဆိုသော အရာကို ကိုင်တွယ်တတ်သည်။ အဆိပ်ရှိသော သတ္တဝါများကိုပင် ရောင်းစားတတ်သေးသည်။
  • ထိုလူတို့ ခေါင်းထဲတွင် တရုတ်တန်းမှရောင်းသော အီကုတ်ခေါ် အကောင်လေးများပုံစံ ခပ်ပျော့ပျော့ ဦးနှောက်ဆိုသော အရာရှိသည်။ ထိုဦးနှောက်ထဲတွင် သွေးသားဆန္ဒ၊ ငွေကြေး၊ လောဘများနှင့် အတ္တသာရှိသည်။ ထိုအရာ၏အရောင်မှာ အဖြူရောင်သဲ့သဲ့ရှိသည်။ ရေစိမ်ကြည့်လျှင် အနီရောင်နှင့် အနက်ရောင်များ လျှို့ဝှက်စွာ ထွက်လာတတ်သည်။
  • လူတွင် လက်နှစ်ဘက်ပါသည်။ တစ်ဖက်မှာ လက်ဆွဲနှုတ်ဆက်ရန်ဖြစ်၍ အခြားတစ်ဘက်မှာ လုပ်ကြံရန်ဖြစ်သည်။ ကျေးဇူးပြု၍ လက်ဆွဲနှုတ်ဆက်တတ်သူများကို သတိထားပါရန်။
  • လူတွင် ခြေထောက်နှစ်ချောင်းပါသည်။ တစ်ချောင်းမှာ ရှေ့တစ်လှမ်းတိုးရန်ဖြစ်၍ နောက်တစ်ချောင်းမှာ နောက်သို့ နှစ်လှမ်းဆုတ်ရန်ဖြစ်သည်။ ရှေ့တစ်လှမ်းတိုးလာသူများကို စွန့်ခွာမည့်သူအဖြစ် မှတ်ယူပါ။
  • လူတွင် မျက်စိနှစ်လုံးပါသည်။ တစ်လုံးမှာ သူတစ်ပါးအပြစ်ကို လိုက်ရှာရန်ဖြစ်၍ နောက်တစ်လုံးမှာ အိပ်စက်ရန်သာဖြစ်သည်။ အိပ်စက်နေချိန်တွင် မျက်စိတစ်ဖက် ပွင့်နေသူများကို သတိပြုပါ။
  • လူတွင် နှာခေါင်းပေါက် တစ်စုံပါသည်။ တစ်ပေါက်မှာ ရနံ့များကို ခံယူရန်ဖြစ်၍ နောက်တစ်ပေါက်မှာ ဆေးလိပ်ငွေ့များကို စွန့်ထုတ်ရန်ဖြစ်သည်။ ဆေးလိပ်သောက်သူများကို ကြင်နာပါ။
  • လူတွင် အသည်းနှစ်လုံးတစ်ခုပါသည်။ သွေးကြောကျဉ်းရောဂါဖြစ်ရန် စိတ်ချလုံခြုံရသော အခန်းတစ်ခုပင် ဖြစ်သည်။ အသည်းနှလုံးမပါသူများကို ကောင်းချီးပေးပါ။

Friday, January 22, 2010

အထီးကျန်လူအုပ်ကြီး

မြို့ပြဝါဒရဲ့ ရိုက်ခတ်မှုကြောင့် မြန်မာပြည်ရဲ့ မြို့ပြလူဦးရေဟာ တစ်ဟုန်ထိုး များပြားလာခဲ့တယ်။ လူဦးရေများလာတာနဲ့အမျှ အလုပ်သမားတွေ များပြားလာခဲ့တယ်။ အပေါ်ဆုံးအလွှာနဲ့ အောက်ခြေအလွှာရဲ့ ကွာဟမှုကလည်း ပိုမိုကြီးထွားခဲ့ရပြန်တယ်။ မြို့ပြရဲ့ အဆင်တန်ဆာဖြစ်တဲ့ တိုက်ခန်းတွဲတွေကလည်း မှိုလိုပေါက်ခဲ့ပေါ့။ မြို့ပြလူ့အဖွဲ့အစည်းဟာ ကျေးလက်လူ့အဖွဲ့အစည်းနဲ့ မတူချေဘူး။ မြို့ပြက လူတွေဟာ တိုက်ခန်းတွဲတစ်ခုထဲ အတူနေတာတောင် တစ်ယောက်နဲ့တစ်ယောက် မသိကြဘူး။ လမ်းပေါ်မှာ ခင်ဗျားတွေ့ရတဲ့ လူတွေဟာ မျက်နှာစိမ်းတွေချည်းပဲ။ ယုံကြည်လို့ မရတဲ့ သူတွေချည်းပဲ။ များသောအားဖြင့် ကိုယ့်ကို ကြည့်နေကြတဲ့ မျက်နှာတွေက စိတ္တဇလူသတ်ကားတွေထဲကလို အေးစက်တဲ့ မျက်နှာသေကြီးတွေ ဖြစ်နေတတ်တယ်။

Wednesday, January 20, 2010

မင်္ဂလာရှိသော ညနေခင်း

`ဟိတ်´.. ခပ်ဆတ်ဆတ် ဟောက်လိုက်သံကြောင့် သူလန့်ပြီး မော့ကြည့်သည်။ နည်းနည်းတော့ ကြောက်သွားပုံရသည်။ ထည့်လက်စ ပလတ်စတစ်အိတ်လေးကို လုံး၍ ကိုင်လိုက်သည်။ ဘေးနားတွင် ချထားသော ခြင်းကို ကောက်လွယ်ပြီး ပြေးဟန်ပြင်သည်။ `ဟိတ်နေဦး´.. ကျွန်တော်အသံမာမာနှင့် ပြောလိုက်သောကြောင့် သံလိုက်နှင့် အဆွဲခံရသလို တန့်သွားသည်။

`ဒီ ခွက်ထဲကထမင်းတွေမင်းနေ့တိုင်းယူနေတာလား´

သူခေါင်းညိတ်ပြသည်။

`ဒါခွေးစားဖို့ထည့်ထားတာကွ မင်းသိလား´

သူဒုတိယအကြိမ်ခေါင်းညိတ်ပြသည်။

Monday, January 18, 2010

ဆိုရှယ်လစ်လွန် ဟင်းလင်းပြင် နှင့် နတ္တိဝါဒ

ဆိုရှယ်လစ်လွန် ဟင်းလင်းပြင် (Post-Socialist Void)

ဆိုရှယ်လစ်ခေတ်မှာ အမှန်တရားဟာ ပါတီအမှန်တရားမျှသာဖြစ်ပြီး အနုပညာဟာလည်း ဝါဒဖြန့်ချီရေးအဆင့်သာ ရှိခဲ့တယ်။ အထူးသဖြင့် တရုတ်နဲ့ ရုရှတို့လို နိုင်ငံတွေမှာ ပိုဆိုးတာပေါ့။ ဆိုရှယ်လစ်စနစ် နိဂုံးချု့ပ်သွားတော့ ကျွန်တော်တို့ အသည်းနှလုံးကို ဖိနှိပ်ထားတဲ့အရာတွေ လျော့သွားတယ်။ အီလျာအာရင်ဘာ့(ဂ) (Ilya Ehrenburg) ရဲ့ စကားနဲ့ပြောရရင်တော့ “ကျွန်တော်တို့ မျိုးဆက်မှ လူများ၏ အသည်းနှလုံးများပေါ်၌ ကျောက်တုံးကြီးကဲ့သို့ လဲလျောင်းတည်ရှိနေသော အရာများအားလုံး” (all the things taht lie like a stone on the hearts of people of our generation) လျော့သွားတာပေါ့။


Sunday, January 17, 2010

17 ဇန်နဝါရီ၊ 2010


တစ်အိမ်လုံးတွင် အခန်းလေးတစ်ခန်းမှ လွဲ၍မှောင်နေသည်။ ကွန်ပြူတာမှ သီချင်းသံတိုးတိုးလေး ထွက်နေသည်။ ကုလားထိုင်ပေါ်တွင် ကောင်လေးတစ်ယောက် ယန်းပေါလ်ဆာတ်၏ “နော့်ဆီယာ” (Nausea) စာအုပ်ကို ဖတ်နေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်သက်။ ကားတစ်စီးနှစ်စီး လမ်းမပေါ်တွင် ဖြတ်သွားသံကို တစ်ခါတစ်ရံ ကြားရသည်။ ပူနွေးသော ရန်ကုန်မြို့၏ ညသန်းခေါင်ယံ သို့မဟုတ် မိုးသောက်ယံအချိန်တွင် တိုက်ခန်းတစ်ခန်းအတွင်း၌ အသက်ဝိဥာဉ်ကင်းမဲ့နေသလိုပင် ထင်နေရသည်။ ဒီနေ့သည် ဇန်နဝါရီလ ၁၇ ရက် ဖြစ်သည်။ ယနေ့မှစ၍ လွန်ခဲ့သော ၁၇ နှစ်တိတိ နံနက် ၀:၂၂ တွင် ထို “စာဖတ်သူ” ကောင်လေးကို မွေးဖွားခဲ့သည်။ ထို့ကြောင့် ယနေ့သည် ထိုကောင်လေး၏ မွေးနေ့ဟု သတ်မှတ်ကြသည်။ သတ်မှတ်ထားပါသည်။

Thursday, January 14, 2010

ကျွန်တော်နှင့်အယ်လ်ကိုဟော


ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ခန္ဓာကိုယ်ထဲသို့ အယ်လ်ကိုဟော ဝင်ရောက်ခြင်းသည် လွန်ခဲ့သော သုံးနှစ်ခန့်၊ အသက်ဆယ့်လေးနှစ်၊ ရှစ်တန်းကျောင်းသားအရွယ်တွင် ဖြစ်သည်။ ဘယ်အပေါင်းအသင်းမှ ဆွဲဆောင်ဖျက်ဆီး၍ လည်းမဟုတ်၊ မိမိဘာသာပျက်စီးချင်သည့် ဗီဇ ပါလာ၍ အဖေ့အရက်ပုလင်းမှ ခိုးသောက်မိခြင်းပင်။ ထိုသို့ပြော၍ ကျွန်တော့်အဖေ အရက်သမားဟု မထင်လိုက်ပါနှင့်။ အဖေသည် လူကြီးပီပီ ဆေးဖြစ်ဝါးဖြစ် တစ်နေ့ နှစ်ပက်ခန့် ပုံမှန်သုံးဆောင်နေသော ဂုဏ်သရေရှိ “လူကြီးလူကောင်း” သာဖြစ်သည်။ ထိုစဉ်က သီတင်းကျွတ်ကာလဖြစ်ရာ အဖေ့ကို လာရောက် “သြကာသ” သူများနှင့် စည်ကားလျက်၊ အိမ်တွင် ပုလင်းများ တန်းစီနေသော အချိန်ကောင်းပင် ဖြစ်သည်။ လူငယ်ပီပီ အရာရာကို စမ်းသပ်ချင်သော သဘာဝ၏ စေ့ဆော်မှုကြောင့် ဟူ၍သာ လွှဲချလိုက်တော့မည်။

Saturday, January 9, 2010

လိုအပ်ချက်

ကျွန်မခင်ပွန်း ဒန်နီယယ် နဲ့ ပတ်သက်ပြီး သိခဲ့တဲ့ မိတ်ဆွေတစ်ယောက် ရှိပါတယ်။ သူ့နာမည်က ဂျက်ဖရီ ပါ။ သူတို့နှစ်ယောက်ဟာဆိုရင် ကျောင်းမှာလဲ အတူစား အတူလာ၊ အပြင်မှာရော ပူးပူးတွဲတွဲနဲ့ နေထိုင်ကြသူတွေပါ။ ဒန်နီရယ် နိုင်ငံခြားမှာ အင်ဂျင်နီယာကျောင်း သွားတက်တော့ ဂျက်ဖရီ က မလေးရှားမှာပဲ တက္ကသိုလ်တက်ပြီး ကျန်ခဲ့ပါတယ်။

အဲဒီမှာစပြီး ဂျက်ဖရီ ပျက်စီးတာပါပဲ။ သူ မူးယစ်ဆေးတွေ သုံးလာတယ်။ စာတွေမကျက်ဘူး။ နောက်ဆုံး သူ့အဖေက သူ့ကို အိမ်က နှင်ချတဲ့အထိတောင် ဆိုးရွားလာပါတယ်။ ဂျက်ဖရီ ဟာ ကွာလာလမ်ပူ မြို့ရဲ့ လမ်းမတွေမှာ နေထိုင်ကျက်စားပြီး ဘ၀ရဲ့အချိန်တွေကို ပိုက်ဆံ တပြားတချပ်မှမရှိဘဲ မူးယစ်ဆေးနဲ့ ကုန်လွန်စေခဲ့ပါတယ်။ ကံကောင်းချင်တော့ ဂျက်ဖရီ ရဲ့ ကျောင်းတုန်းက သူငယ်ချင်းဟောင်းတစ်ယောက် သူ့ကိုတွေ့သွားပြီး သနားတာနဲ့ သူ့ကို အင်္ကျီအသစ်တွေဝယ်ပေး၊ ထမင်းကျွေး၊ ပိုက်ဆံနည်းနည်းပေးပြီး အိမ်အထိ ပြန်လိုက်ပို့ပေးခဲ့ပါတယ်။

Tuesday, January 5, 2010

မလျှော့သောဖွဲနှင့်

ဒီအကြောင်းဟာ Reader’s Digest မှာ Richard Neol က Marathon man of the East ဆိုတဲ့ဆောင်းပါးကနေ ဘာသာပြန်ထားတာပါ။ ကာယကံရှင်ကိုယ်တိုင်လည်း လုံးချင်းစာအုပ် ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

လီတန်ဟာ တောင်ဗီယက်နမ်နိုင်ငံက ဂျက်လေယာဉ်မှူးဟောင်းဖြစ်ပြီး ဗီယက်နမ်ပြည်တွင်းစစ် ပြီးခဲ့တဲ့ ၁၉၇၅ ခုနှစ်နှောင်းပိုင်းမှာ အာဏာပိုင်တွေရဲ့ ထိန်းသိမ်းခံခဲ့ရပါတယ်။ အကျဉ်းစခန်းတွေမှာ ၅ နှစ်ကြာ အဖမ်းခံခဲ့ ရတာပါ။

ဒီနောက် သူ ၂၇ နှစ်အရွယ်မှာ အကျဉ်းသားမိတ်ဆွေတစ်ယောက် ထောင်ဝင်စာတွေ့ချိန်မှာ သူ့မျက်စိအောက်မှာတင် ပစ်သတ်ခံရတာ မြင်လိုက်ရတာက သူထွက်ပြေးဖို့ ကြံခဲ့တော့တာပါပဲ။

အမှောင်ညအလွန်

ညဆယ်နာရီခန့်တွင် ဖြစ်သည်။ အနက်ရောက် ဇိမ်ခံကားလေး တစ်စီးသည် မှောက်မိုက်သောလမ်းမပေါ်တွင် ဖြည်းဖြည်း မှန်မှန် မောင်းနှင်လာသည်။ ယာဉ်မောင်းသူမှာ လူငယ်ပင်ဖြစ်ပြီး ရုပ်ရည်ချောမော ပြေပြစ်သူဟု ဆိုနိုင်ပေသည်။ သူ၏မျက်လုံးများမှာ စူးရှ၍ တစ်စုံတစ်ခုအား အမြဲလိုလိုပင် အာရုံစူးစိုက်နေ သယောင်ယောင် ရှိသည်။ သူသည် အနောက်တိုင်းဝတ်စုံ အနက်ရောင်ကို သပ်ရပ်စွာ ၀တ်ဆင်ထားသည်။ ထိုသူ၏ အမည်မှာ မောင်ပြည်သိန်း ဖြစ်ပြီး လူကုံထံ အသိုင်းအ၀ိုင်းတွင် သူ့အား မသိသူရှားသည်။ ပွဲစား မောင်ပြည်သိန်းဆိုလျှင် အထူးသဖြင့် သူဌေးကတော်များ သိကြသည်။ သို့သော် အမြဲလိုလို ဟန်ဆောင်ပြုံးခဲ့သော သူ၏ မျက်နှာသည် ယခုတော့ စိတ်ညစ်သော အရိပ်အယောင်များ သိသာထင်ရှားစွာ ပေါ်လွင်နေသည်။ မောင်ပြည်သိန်းသည် ကားမောင်းရင်နှင့်ပင် တစ်စုံတစ်ခုကို အလိုမကျ သကဲ့သို့ ပါးစပ်မှ ရေရွတ်နေပေသည်။