Thursday, September 30, 2010

ကြောင်ကလေးကို ရေချိုးပေးသူ

ကျွန်တော်ဟာ ကြောင်ကလေးကို ရေမှန်မှန်ချိုးပေးတယ်။ အချိန်ရတိုင်းပဲ။ သူငယ်ချင်းတွေက အလုပ်မရှိ ကြောင်ရေချိုးတဲ့အကောင်လို့ ပြောကြတယ်။ ဒါပေမယ့် ကိစ္စမရှိဘူး။ ကျွန်တော်ကိုယ်က ကြောင်ကလေးကို ရေချိုးပေးရတာ ဝါသနာပါနေတာကိုး။ ကြောင်ကို ရေချိုးပေးရတာလည်း လွယ်တာတော့ မဟုတ်ဘူး။ ကြောင်ဆိုတာက ရေကြောက်တဲ့ သတ္တဝါမှတ်လား။ ဒါကြောင့် အလုပ်မရှိတိုင်း ကြောင်ကို ရေချိုးပေးဖို့ကလည်း လွယ်တဲ့ ကိစ္စတော့မဟုတ်ဘူး။

ကြောင်ကို ရေချိုးပေးတယ် ဆိုပေမယ့် သာမန်ကာလျှံကာ မဟုတ်ဘူး။ ကြောင်ကို ရေချိုးပေးတဲ့ နည်းစနစ်တွေကို သေချာလေ့လာရသေးတယ်။ ကိုယ်တိုင် ချိုးပေးဖို့ကိုလည်း စိတ်ရှည်ရသေးတယ်။ အခြေအနေနဲ့ အချိန်အခါကိုလည်း လေ့လာရသေးတယ်။ ဒါပေမယ့်လည်း ကိုယ်တိုင်က ကြောင်ကလေးကို ရေချိုးပေးရတာ ဝါသနာပါနေတော့ ကြိုးစားရတာပဲ။ အစပိုင်းတော့ ခက်တယ်။ ကြောင်ကလေးကို ရေချိုးပေးတဲ့ နေရာမှာ အစက မကျွမ်းကျင်သေးတော့ အလုပ်မဖြစ်လှဘူး။ ဒီအလုပ်ဟာ စိတ်ရှည်ဖို့လည်း လိုသေးတယ်။ အစပိုင်း မအောင်မြင်တာနဲ့ စိတ်ဓာတ်ကျနေလို့ မဖြစ်သေးဘူး။ ကြောင်ကလေးကို ရေမှန်မှန်ချိုးတတ်အောင် လေ့လာ၊ လေ့ကျင်ရသေးတယ်။ နောက်ပိုင်းမှ အသားကျသွားတယ်။ ကြောင်ကလေးကို ရေချိုးပေးဖို့ အလုပ်မရှိရုံနဲ့ မလုံလောက်သေးဘူး။


ကြောင်ကလေးကို ရေချိုးပေးဖို့ ငယ်ငယ်တုန်းကတော့ စိတ်ကူးမရှိဘူး။ အလုပ်မရှိ အလုပ်ရှာတဲ့ သူတွေအတွက်လို့ ခပ်ပေါ့ပေါ့ပဲ စိတ်ထဲထားခဲ့မိတယ်။ ဒါပေမယ့် ကံကြမ္မာဆိုတာက အဆန်းသား (ကံဆိုတာကို ယုံလို့တော့ မဟုတ်ဘူး မြန်မာတွေရဲ့ သိမှုထဲမှာ ရိုးတွင်းခြင်ဆီတိုင်အောင် စွဲနေတဲ့ အသုံးအနှုန်းတစ်ခုမို့လို့ သုံးလိုက်တာပဲ) အခုဆို ကျွန်တော့် ဝါသနာလို့ မေးရင် ကြောင်ကလေးကို ရေမှန်မှန်ချိုးပေးတာ လို့ပဲ ဖြေရလိမ့်မယ်။ အစပိုင်းကတော့ ဘာရမယ်မဟုတ်ဘူး။ သူများတွေ ပြောသလို အလုပ်မရှိလို့ ကြောင်ရေချိုးပေးတာပဲ။ နောက်တော့ စွဲလာတယ်။ ကြောင်ကလေးကို ရေမချိုးပေးရင် မနေနိုင်အောင်အထိကို ဖြစ်လာတယ်။ တာဝန်တစ်ခုလိုပါပဲ။ ကြောင်ကလေးကို ရေမှန်မှန်ချိုးပေးဖို့အတွက် လုံလောက်တဲ့ ဆင်ခြေတွေ ကျွန်တော့်မှာမရှိဘူး။ ဒါပေမယ့် ကျွန်တော်ဟာ ကြောင်ကလေးကို ရေမှန်မှန်ချိုးပေးတယ်။ ဒီလို ရေချိုးပေးနေလို့လည်း အကျိုးအမြတ်တစ်ခုရမယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး။ ကြောင်ကလေးကို ရေချိုးပေးတာက ပေးတာပဲ။ ဘာကိုမှ လိုချင်လို့ မဟုတ်ဘူး။ ဝါသနာတစ်ခုပါလို့ ပြောသားပဲ။ ဒါကြောင့် ကျွန်တော်ဟာ ကြောင်ကလေးကို ရေမှန်မှန်ချိုးပေးတယ်။

အစပိုင်းတုန်းကတော့ သတ်သတ်မှတ်မှတ်မရှိဘူး။ အလုပ်မရှိရင် ကြောင်ရေချိုးပေးလိုက်တာပဲ။ တဖြည်းဖြည်းနဲ့ ကြောင်ရေချိုးပေးတာဟာ အရေးပါလာတယ်။ အလုပ်ရှိနေရင်တောင် အလုပ်မရှိအောင် အတင်းလုပ်ယူတတ်လာတယ်။ ကြောင်ကလေးကို ရေချိုးပေးဖို့လေ။ အစပိုင်း ချိုးပေးတုန်းက အခက်အခဲတွေ အများကြီးရှိတယ်။ ကြောင်ကလေးရဲ့ တုန့်ပြန်မှု စသဖြင့်ပေါ့လေ။ ကြောင်ကလေးက ရေကြိုက်တဲ့သတ္တဝါမှ မဟုတ်တာ။ နောက်တော့လည်း သူကြိုက်လာတယ် ထင်ပါရဲ့။ ရေချိုးပေးရတာ အဆင်ပြေလာတယ်။ ဒီလို အဆင်ပြေဖို့လည်း အားတိုင်း လေ့လာနေရတာပဲ။ ကြောင်ကလေးကို ရေချိုးပေးဖို့ အတွက်လေ။ တခြား ကြောင်ရေချိုးတာ ဝါသနာကြီးတဲ့ လူတွေနဲ့ ပေါင်းသင်းရတယ်။ သူတို့ဆီက သင်ယူရတယ်။ အပျော်တမ်း ရေချိုးပေးရာကနေ စနစ်တကျ ရေချိုးပေးတတ်ဖို့ လေ့ကျင့်ရတယ်။ ဒီလိုမျိုး ကြောင်ရေချိုးတတ်တဲ့ သူတွေကလည်း အရှားသား။

တဖြည်းဖြည်းနဲ့ ကျွန်တော်ဟာ ကြောင်ကလေးကို ရေချိုးပေးဖို့ အင်မတန် စိတ်အားထက်သန်လာတယ်။ အခြား ဘာကိုမှ မလုပ်တော့တဲ့ အထိကိုပဲ။ အချိန်ရတိုင်း ကြောင်ကလေးကို ရေချိုးပေးတယ်။ ရေချိုးဖို့အတွက် ပညာရပ်တွေ လေ့လာတယ်။ ဒါပဲ လုပ်တော့တယ်။ အာမခံချက်ရှိတဲ့ အသက်မွေးဝမ်းကြောင်းတွေကိုတောင် စွန့်လွှတ်ပြီး ကြောင်ကလေးကိုသာ ရေမှန်မှန်ချိုးပေးနေတော့တယ်။ ပတ်ဝန်းကျင်၊ မိဘ၊ လူ့အသိုင်းအဝိုင်းရဲ့ ပြင်ပကို တဖြည်းဖြည်း ရောက်လာတယ်။ ကျွန်တော်ဟာ ကြောင်ကလေးကို ရေမှန်မှန်ချိုးပေးတုန်းပဲ။ ကျွန်တော် ကျေနပ်တယ်။ ကျွန်တော့် စိတ်ထဲမှာ ရှိတာက ကြောင်ကလေးကို ရေမှန်မှန်ချိုးပေးဖို့ပဲ။ ဒါကြောင့် ကျွန်တော်ဟာ ကြောင်ကလေးကို ရေမှန်မှန်ချိုးပေးတယ်။

1 comment:

မြှားများ said...

ကြောင်ရေချိုးပေး နေတဲ့ သူတွေ စောက်ချဉ်တဲ့ ဗျ....ပညာရှိ အလွန့်အလွန် ရှိတဲ့ သူ တယောက်က ပြောတာ.....