တကယ်တော့ အမှန်တရားဟာ အမှားတစ်ရံ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ အမှန်တရားဆိုတာဘာလဲ။ အမှန်တရားရဲ့ ဂုဏ်သတ္တိတွေကဘာလဲ။ ဘယ်လိုအချက်တွေနဲ့ ကိုက်ညီမှ အမှန်တရားလို့ ခေါ်ဆိုနိုင်တာလဲ။ အမှန်တရားဟာရော တကယ့်အစစ်အမှန်တရား ဟုတ်ပါရဲ့လား။ ကျွန်တော်တို့ မြင်နေရသမျှ၊ ကြားနေရသမျှ အားလုံးဟာ အမှန်တရားပဲလား။ ဘယ်ဆင်ခြေတွေနဲ့ ကျွန်တော်တို့ရဲ့ အာရုံငါးပါးကို ယုံကြည်ကြရမှာလဲ။ ဒါတွေကို အတွေးအခေါ်ပညာရှင်တိုင်း သိချင်ခဲ့ကြတာချည်းပဲ။ ကျွန်တော်ကတော့ ဆိုပါရစေ၊ အမှန်တရားဆိုတာ တကယ်တော့ အမှားတစ်ရံပါ။ ဘာကြောင့် ဒီလိုပြောနိုင်တာလဲ။ ကျွန်တော်တို့ လက်တွေ့စမ်းသပ်မှု (experiment) တစ်ခု လုပ်ကြည့်ကြပါမယ်။ လက်တွေ့စမ်းသပ်မှုလုပ်ဖို့ တွဲဘက်အဖြစ်နဲ့ ကျွန်တော့်ရဲ့ ချစ်ခင်လှစွာသော ဦးလေးတေဇာ(လရောင်လမ်း) ကို ဖိတ်ခေါ်ပါတယ်။
“ကျွန်တော့် ဓာတ်ပုံလေး ကြည့်စမ်းပါ.. မချောဘူးလား”
“မချောဘူး”
“ဘာလို့လဲဗျ”
“နှာခေါင်းက ကြီးနေတယ်”
(မကျေမနပ်ဖြင့်) “ဘာလို့ အဲ့လို ပြောနိုင်ရတာလဲ”
“မင်းနှာခေါင်းက အများစုထက် ပိုကြီးနေတာကိုး”
“ဦးလေးက နှာခေါင်းအများစုကို မြင်ဖူးလို့လား”
“ဘာ..?”
“မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၄၀ ကျော်ရှိတယ်ဗျာ၊ သူတို့ နှာခေါင်းအားလုံးကို မြင်ဖူးလို့လား၊ ကမ္ဘာပေါ်မှာရှိတဲ့ လူအများစုရဲ့ နှာခေါင်းတွေကို မြင်ဖူးလို့လား”
“ဟေ့အေး”
“ဒါဆို ဘာလို့ ကျွန်တော့် နှာခေါင်းမှ ကြီးတယ်လို့ ပြောရတာတုန်း”
(စိတ်မရှည်သံဖြင့်) “မသိဘူးကွာ”
“ဦးလေး မသိတာမှန်ပါတယ်။ ကျွန်တော့် နှာခေါင်းကို ကြီးတယ်လို့ ပြောမယ်ဆိုရင် ဦးလေးရဲ့ အသိဥာဏ်ထဲမှာသာ ရှိတဲ့ နှာခေါင်း အများစုနဲ့ပဲ နှိုင်းယှဉ်ပြီး ပြောလိုက်တာဖြစ်တယ်။ မင်းနှာခေါင်းက ကြီးနေတယ်လို့ ဆိုလိုက်ခြင်းက "ငါမြင်ဖူးသမျှထဲမှာ" မင်းနှာခေါင်းက ကြီးနေတယ်လို့ ဆိုလိုခြင်းပဲ မဟုတ်လား”
“အေ အေ”
ဒီစမ်းသပ်ချက်ကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ သိထားတဲ့ အသိဥာဏ်တွေဟာ တကယ်တော့ အသိဥာဏ် စစ်စစ်တွေ မဟုတ်ဘူးဆိုတာကို ကောက်ချက်ဆွဲလို့ ရနိုင်ပါလိမ့်မယ်။ တကယ်တော့ ကျွန်တော်တို့ သိထားတဲ့ အမှန်တရားဆိုတာက အခြားအရာတွေနဲ့ နှိုင်းယှဉ်ပြီးမှ ရလာတဲ့ အမှန်တရား တွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံကို အခြေခံပြီးရရှိလာတဲ့ အသိပညာဟာ သမုတိသဘော (relative) မှာရှိနေပါတယ်။
ဒါကြောင့် ကျွန်တော်တို့ဟာ လူတစ်ယောက် သို့မဟုတ် အရာဝတ္ထုတစ်ခုရဲ့ ဂုဏ်အရည်အချင်း (quality) ကို စကားတွေနဲ့ ဖော်ပြလို့မရနိုင်ပါဘူး။ တစ်နည်း၊ ကျွန်တော်တို့ “တိတိကျကျ” မသိနိုင်ပါဘူး။ တစ်ခါက စာသင်ခန်းထဲမှာ ဆရာမက ရောင်စုံဘောလုံးတွေထုတ်ပြပြီး ဘာအရောင်လဲလို့ မေးပါတယ်။ ဆရာမက အစိမ်းရောင်ဘောလုံးလေးကို ထုတ်ပြပြီး ဒါဘာအရောင်လဲလို့ မေးလိုက်ပါတယ်။ ဒါပေမယ့် ဘယ်သူမဖြေနိုင်လို့ ဆရာမက “ဒါအစိမ်းရောင်” လို့ အဖြေပေးလိုက်ပါတယ်။ အဲ့ဒီမှာ ကျောင်းသားလေးတစ်ယောက်က “ဆရာမ အဲ့ဒါအစိမ်းရောင်မှန်း ဘယ်လိုလုပ်သိတာလဲ” လို့ မေးလိုက်ရင် အဲ့ဒီဆရာမမှာ ဖြေစရာ စကားရှိမှာမဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အသိဥာဏ်ထဲမှာ ရှိတဲ့ ဂုဏ်အရည်အချင်းနဲ့ဆိုင်တဲ့ စကားလုံးတွေဟာ တကယ်တော့ သူ ငယ်စဉ်က ပတ်ဝန်းကျင်က သတ်မှတ်ပေးထားတဲ့ စကားလုံးတွေသာ ဖြစ်နေလို့ပါ။ အဲ့ဒီ စကားလုံးတွေရဲ့ “တကယ့်” အဓိပ္ပာယ် အစစ်အမှန်တရားကို သူမသိပါဘူး။ သူ မသိနိုင်ပါဘူး။
နောက်ထပ် ဥပမာပေးရရင် ကျွန်တော့် အခုရေးနေတဲ့ စာကြည့်စားပွဲဟာ အညိုရောင်ဖြစ်ပါတယ်။ ပုံသဏ္ဍာန်က ခြေလေးချောင်းနဲ့ လေးထောင့် ဖြစ်ပါတယ်။ ခေါက်ကြည့်ရင် ဒေါက်၊ ဒေါက်၊ ဒေါက် လို့ သစ်သားသံ မြည်ပါတယ်။ စားပွဲဟာ အညိုရောင်ဖြစ်ပေမယ့် ပြတင်းပေါက်က အလင်းရောင် ဝင်နေတဲ့အတွက် အလင်းပြန်နေတဲ့ အချို့နေရာတွေက ပိုပြီး အညိုရောင် တောက်နေပါတယ်။ ကျွန်တော်သာ နေရာရွေ့ကြည့်ရင် အလင်းပြန်တဲ့ နေရာတွေက တူမှာမဟုတ်တော့ပါဘူး။ အကယ်၍ လူအများကြီးက ဒီစားပွဲတစ်လုံးတည်းကိုပဲ ကြည့်မယ်ဆိုရင် စားပွဲကို မြင်ပုံချင်း တစ်ယောက်မှ တူမှာမဟုတ်ပါဘူး။ ကြည့်တဲ့ ရှုထောင့် နည်းနည်းလေး မတူတာနဲ့ စားပွဲရဲ့ အရောင် (အလင်းပြန်နေသဖြင့်) တူညီမှာ မဟုတ်တော့ပါဘူး။
ပုံသဏ္ဍာန်ကို ပြောရင်လည်း ဒီအတိုင်းပဲ ဖြစ်မှာပါပဲ။ စားပွဲကို ရေပြင်ညီမျဉ်းအတိုင်း ကြည့်တဲ့သူ၊ ထောင့်မှန်အနေအထားနဲ့ အပေါ်တည့်တည့်က ကြည့်တဲ့သူ၊ လေးဆယ့်ငါး ဒီဂရီထောင့်ချိုးကနေ ကြည့်တဲ့သူ တို့ဟာ စားပွဲရဲ့ ပုံသဏ္ဍာန်ကို အမျိုးမျိုး မြင်နေရပါလိမ့်မယ်။ ဒါဆို ဒီစားပွဲရဲ့ “တကယ့်” ပုံသဏ္ဍာန်ဟာ ဘယ်လိုလဲ။ ကျွန်တော်တို့ မြင်နေရတဲ့ ပုံသဏ္ဍာန်ဟာ ရှုထောင့်တစ်ခုပြောင်းတာနဲ့ ပြောင်းလဲသွားတဲ့အတွက် ကျွန်တော်တို့ အဲ့ဒါဟာ တကယ့်ပုံသဏ္ဍာန်အစစ်လို့ ယုံလို့မရတော့ပါဘူး။ အထိအတွေ့၊ အသံ၊ အကြား စတဲ့ နေရာတွေမှာလည်း ဒီလိုစမ်းသပ်ကြည့်ရင် ဘယ်ဟာက အစစ်အမှန်လဲလို့ သင် သံသယ ဖြစ်လာပါလိမ့်မယ်။
ဒါဆို အမှန်တရားက ဘယ်မှာလဲ။ စားပွဲရဲ့ တကယ့်ပုံသဏ္ဍာန်အစစ်က ဘယ်မှာလဲ။ ပလေတိုရဲ့ ယေဘုယျလောက ထဲမှာလား။ ဟေဂယ်ရဲ့ အနန္တဝိဥာဏ်တော်ကြီး မှာလား။ ဒါမှမဟုတ် ယန်းပေါဆတ်ပြောသလို မိမိမြင်နေရတဲ့ဟာက အမှန်တရားပဲလား။ ဘယ်သူက တိတိကျကျ အဖြေကို ပေးနိုင်မှာလဲ။ ကျွန်တော် ပြောနိုင်တာ တစ်ခုတော့ ရှိပါတယ်။ အခု ကျွန်တော်တို့ သိထားတဲ့ အမှန်တရားဟာ အမှားတစ်ရံပါ။ အကြား၊ အမြင်၊ အသံ၊ အထိအတွေ့၊ အနံ့ ဆိုတဲ့ အာရုံငါးပါး လို့ခေါ်တဲ့ အာရုံခံအတွေ့အကြုံ တစ်စုံက လာတဲ့ အမှားတစ်ရံ သက်သက်သာ ဖြစ်ပါတယ်။
3 comments:
ပညတ်တွေမှာ အမှန်တရားမရှိပါ။ အမှန်တရားက ပရမတ်မှာပဲရှိတယ်။ သိသလောက်ဝင်ရွှီးသည်။
သိပ်ကြိုက်သည်။
အမှန်တရားရဲ့ အမှားတစ်ရံ...ခေါင်းစဉ်နဲ့ ကဗျာ တစ်ပုဒ် ဟိုး...ဟိုး..တုန်းက ရေးပြီး သိမ်းထားခဲ့ ဘူးတယ်။ နှစ်ခြိုက်စွာ ဖတ်သွားပါတယ်။
Post a Comment