Saturday, February 26, 2011

ပျော်တယ်ဆိုတဲ့ကိစ္စ (မြင့်သန်း)

ငယ်ငယ်က အဖေရယ်၊ ဘကြီးသုခရယ်၊ ဦးလေးခန့်ရယ် ဘုန်းကြီး ဦးအဂ္ဂရဲ့ ဖိုရုံကလေးမှာ ထိုင်စကားပြောကြရင်း ငြင်းကြတဲ့ အကြောင်းတစ်ခုရှိတယ်။ "ပျော်တယ်" ဆိုတဲ့အကြောင်းပဲ။ ဘာရယ်တော့ မဟုတ်ဘူး။ ရေနွေးကြမ်းသောက်ကြရင်း စကားအူပေါက် လျှောက်ပြောကြရာက အဲဒီအကြောင်းကို ပြောလေ့ရှိကြတာပဲ။ ဦးလေးခန့်ကတော့ ကျောင်းဆရာပေတဲ့ စကားနည်းတယ်။ (အဖေတို့တစ်တွေဟာ ကျောင်းဆရာဘဝက လာကြတာချည်းပဲ။ ဦးလေးခန့် တစ်ယောက်သာ သေတဲ့အထိ ကျောင်းဆရာ လုပ်သွားတာ။) သူက နားထောင်တာ များတယ်။ ကျွန်တော်ကတော့ အဖေနဲ့ ဘကြီးသုခတို့နှစ်ယောက်သား စကားအချေအတင်ပြောရင် သဘောကျတယ်။ ကျွန်တော် သဘောကျတဲ့ အဓိကအချက်တစ်ခုကတော့ အဖေနဲ့ ဘကြီးသုခတို့နှစ်ယောက်ရဲ့ ကျောထောက်နောက်ခံအမြင်ဟာ လုံးလုံးကို မတူဘူး။ အဖေက ဘာသာရေးမှာ အခြေခံတယ်။ ဘကြီးသုခက လွတ်လပ်စွာ တွေးခေါ်မှုမှာ အခြေခံတယ်။

အဖေနဲ့ ဘကြီးသုခတို့ပြောတဲ့ "ပျော်တယ်"၊ "မပျော်ဘူး"။ "လူဘယ်လိုပျော်သလဲ"၊ "လူပျော်နိုင်သလား" ဆိုတာတွေကို အရှည်အကျယ် စဉ်းစားမကြည့်ခဲ့မိဖူးဘူး။ ခေါင်းထဲမှာတော့ ရှိနေတယ်။ မဟုတ်ရင် ဦးနှောက်ရဲ့ နောက်ကျော တစ်နေရာမှာ ရှိနေခဲ့ပုံပဲ။ အထူးသဖြင့် အသက်ကြီးလာတော့ လူငယ်တွေ ပျော်တာတွေ့ရင် ငါကော ဒီလိုပျော်ဖူးသလားဆိုတဲ့ မေးခွန်းက ပေါ်လာတတ်တယ်။ မနှစ်ကတော့ ခရီးသွားရင်း ကျွန်တော့်ဇနီးရယ်၊ ကျွန်တော့် မိတ်ဆွေရယ်၊ ကျွန်တော်ရယ် ထိုင်ပြီး စကားပြောဖြစ်ကြတယ်။ အဲဒီတုန်းမှာ မိတ်ဆွေက တို့ ဘယ်တော့လောက် ဟိမဝန္တာတောင်ခြေ သွားကြမလဲလို့ မေးတယ်။ သူက အတည်ပြောတာ။ ဇနီးသည်က ရှင်လည်း အဲဒီစာရင်းထဲ ပါသွားပြီလားလို့ မိတ်ဆွေကို ကြားဖြတ်မေးတယ်။ ပြီးတော့ ကျွန်မလည်း သူ့ကို သွားစေချင်ပါတယ်လို့ ဆက်ပြောတယ်။ မိတ်ဆွေကတော့ ပြန်မဖြေဘဲနေပြီး ခေါင်းခါတယ်။ ခေါင်းခါတယ်ဆိုတာကလည်း ခက်တော့ အခက်သား။ ဒါပေတဲ့ ကျွန်တော့်မိတ်ဆွေ ခေါင်းခါတာကတော့ မကောင်းစိတ်နဲ့ ဆန့်ကျင်စိတ်နဲ့ မဟုတ်ဘူးဆိုတာ ကျွန်တော် ယုံတယ်။

Friday, February 25, 2011

ဒဿနိကအရှုပ်အထွေး

ဒဿနိကဗေဒကို တော်တော်ရှုပ်တဲ့ ဘာသာရပ်ဟု ပြောစမှတ်ပြုကြသည်။ တချို့ဆိုလျှင် ဘယ်လောက်ဖတ်ဖတ် နားမလည်ဘူးဟု ပြောင်ပြောင်တင်းတင်း ဝန်ခံကြသေးသည်။ မှန်ပါသည်။ ဒဿနိကဗေဒသည် အင်မတန်ရှုပ်ပါသည်။ ဝေါဟာရတွေကို စနစ်တကျလေ့လာသော ဘာသာရပ်လည်း ဖြစ်သောကြောင့် ဝေါဟာရများမှာ အင်မတန်နက်နဲပါသည်။ ထိုသို့ နက်နဲသော ဝေါဟာရများကို မြန်မာဘာသာသို့ ပြန်ဆိုရာတွင် မြန်မာဘာသာစကား၏ နက်နဲမှုကြောင့် ပို၍ပင် ရှုပ်ကုန်ပါတော့သည်။ ထို့ကြောင့် ဒဿနိကဗေဒကို နားမလည်ရသော အကြောင်းရင်း၏ လက်သည်မှာ စကားလုံးများပင် ဖြစ်သည်ဟု ဆိုပါရတော့မည်။

ဒဿနိကဗေဒအကြောင်းကို ရေးသားရာတွင် အချို့ဝေါဟာရများကို မြန်မာဘာသာသို့ ဖလှယ်ခြင်း မပြုဘဲ မူရင်း အင်္ဂလိပ်ဘာသာအတိုင်း ရေးသားလျှင် ပို၍သင့်တော်မည်ဟု ထင်ပါသည်။ ဘာသာစကားတစ်ခုမှ တစ်ခုသို့ ဖလှယ်ရာတွင် မူရင်းအဓိပ္ပါယ်ပျောက်ဆုံးမှု အနည်းငယ်ရှိပါသည်။ ဒဿနိကဗေဒ ဝေါဟာရတချို့ကို မြန်မာသာသာသို့ ပြန်ဆိုလိုက်သောအခါတွင် အဓိပ္ပါယ်သွေဖီသည်သာမက လုံးဝမတူတော့သည်များပင် ရှိသည်ကို တွေ့ရပါသည်။

Thursday, February 24, 2011

ဒေးကား၊ Matrix နှင့် အစစ်ယောင်ကမ္ဘာ

Matrix ရုပ်ရှင်ကားကို တော်တော်များများ ကြည့်ဖူးကြလိမ့်မည်။ ထိုရုပ်ရှင်ထဲတွင် ကမ္ဘာပေါ်ရှိ လူသားများကို စက်ရုပ်များက ဖမ်းဆီး၍ စွမ်းအင်ထုတ်သည့်အခါတွင် လူသား၏ အသိအာရုံ (conscious) သည် matrix ဟူသော ကမ္ဘာ သို့မဟုတ် နယ်ပယ်အတွင်းသို့ ရောက်ရှိနေသည်။ ထိုနယ်ပယ်၏ ပြင်ပတွင် သူ၏ အစစ်အမှန်လောကတွင် တည်ရှိနေခြင်းကို ကာယကံရှင် လူသားကိုယ်တိုင်သော်မှ သတိမပြုမိချေ။ သူ၏ စိတ်အာရုံသည် အမှန်တကယ်မရှိသော matrix နှင့်သာ အမြဲတစေ ထိတွေနေခဲ့ရသောကြောင့် ထို matrix ကိုသာ အစစ်အမှန်ကမ္ဘာဟု ထင်ယောင်ထင်မှား ဖြစ်နေခဲ့ခြင်းသာ ဖြစ်သည်။ ထိုကဲ့သို့ အစစ်အမှန်လောက ဟု အထင်ခံရသော အတုအယောင် လောကကို အစစ်ယောင်ကမ္ဘာ (virtual reality) ဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။

အစစ်ယောင်ကမ္ဘာ အိုင်ဒီယာကို ဦးစွာပထမ အစဖော်ပေးခဲ့သူမှာ ခေတ်သစ်တွေးခေါ်ပညာရှင် [1] ဒေးကား ပင်ဖြစ်သည်။ သူ၏ အတွေးအခေါ်စနစ်သည် သံသယကို အခြေခံသည်။ လောကတွင် သံသယ ဖြစ်နိုင်သမျှ အရာအားလုံးကို သံသယထားရမည်ဟု ဒေးကားက သူ၏ အတွေးအခေါ်ကို စတင်ခဲ့သည်။ ဆိုလိုသည်မှာ မည်သည့်အရာကိုမျှ လုံးဝဥသုံ ယုံကြည်ခြင်း မရှိစေခြင်းပင်ဖြစ်သည်။ ထိုသို့ သံသယဖြင့် စတင်ပါမှ နောက်ဆုံးတွင် လုံးဝ သံသယမရှိနိုင်သော မငြင်းပယ်နိုင်သော အမှန်တရားကို ရောက်နိုင်မည်ဟု ဒေးကားက ဆိုသည်။ [2]

Wednesday, February 23, 2011

Diary Entry, 22th Feb

ဒီနေ့ အိပ်မပျော်ဘူး။ တကယ်တော့ ဒီနေ့ကျမှ ထွေထွေထူးထူး အိပ်မပျော်တာ မဟုတ်ဘူးရယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ insomnia ဖြစ်နေတာကြာပြီ။ ကိုယ့်ကိုယ်ကိုတော့ genius တွေမှ ဖြစ်တတ်တဲ့ ရောဂါလို့ လိမ်ထားတာပဲ။ အိပ်မပျော်တာနဲ့ပဲ ဆေးလိပ်သောက်ရင်း လရောင်နဲ့ အိမ်ပတ်ဝန်းကျင်ကို ငေးနေမိတယ်။ ကျွန်တော်နေတဲ့ ရပ်ကွက်က ခြံဝန်းကြီးထဲမှာ တိုက်နေကို မျက်နှာချင်းဆိုင်အတိုင်း ဆောက်ထားတယ်။ ဝန်းရဲ့ အလည်ခေါင်မှာ သစ်ပင်ပန်းခြံလိုလို၊ ချုံလိုလိုရှိတယ်။ ညသန်းခေါင်းအချိန် လရောင်တစ်ဝက် သစ်ပင်တွေကို ထိုးနေတာ ကြည့်ရတာ လှတယ်။ ပတ်ဝန်းကျင်ကလဲ တိတ်ဆိတ်နေတာပဲ။ လရောင်တစ်ဝက်လို့ ရေးတာက ဒီနေ့လတစ်ဝက်ပဲ ရှိတဲ့နေ့မို့လို့ရယ်။ ဆေးလိပ်ကုန်သွားတော့ အိမ်ထဲကို ပြန်ဝင်ပြီး စာထိုင်ရေးလိုက်တယ်။

စာမရေးတာကြာနေပြီ။ ဘလော့ဂ်မှာ ပို့စ်အသစ်မတင်ဖြစ်တာ နှစ်လစွန်းစွန်း ရှိရော့မယ်။ ဒီနှစ်လအတွင်း ရေးဖြစ်တာနည်းနည်းပါးပါးတော့ ရှိတယ်။ သိမ်းထားတာတွေလဲ ပါတယ်။ အမှိုက်ပုံးထဲ ရောက်သွားတာတွေလဲ ပါတယ်။ မတင်ဖြစ်တာကတော့ ဘာရယ်မဟုတ်ဘူး။ လမ်းမကြုံသေးလို့ပဲ ဆိုရမယ်။ ပို့စ်တစ်ခါတင်ရတာလဲ လွယ်တာမှမဟုတ်ဘဲ။ ကျော်ရခွရနဲ့။ ပြီးတော့ ဒီရက်ပိုင်း ကော်နက်ရှင်အခြေအနေဆိုးတယ်။ ကိုယ်လုပ်စရာရှိတာလေးတွေ လုပ်တာတောင်မှ အချိန်တော်တော်ကုန်နေပြီ။ ဘလော့စပေါ့ကို အချိန်မပေးနိုင်ဘူး ဖြစ်နေတယ်။