Matrix ရုပ်ရှင်ကားကို တော်တော်များများ ကြည့်ဖူးကြလိမ့်မည်။ ထိုရုပ်ရှင်ထဲတွင် ကမ္ဘာပေါ်ရှိ လူသားများကို စက်ရုပ်များက ဖမ်းဆီး၍ စွမ်းအင်ထုတ်သည့်အခါတွင် လူသား၏ အသိအာရုံ (conscious) သည် matrix ဟူသော ကမ္ဘာ သို့မဟုတ် နယ်ပယ်အတွင်းသို့ ရောက်ရှိနေသည်။ ထိုနယ်ပယ်၏ ပြင်ပတွင် သူ၏ အစစ်အမှန်လောကတွင် တည်ရှိနေခြင်းကို ကာယကံရှင် လူသားကိုယ်တိုင်သော်မှ သတိမပြုမိချေ။ သူ၏ စိတ်အာရုံသည် အမှန်တကယ်မရှိသော matrix နှင့်သာ အမြဲတစေ ထိတွေနေခဲ့ရသောကြောင့် ထို matrix ကိုသာ အစစ်အမှန်ကမ္ဘာဟု ထင်ယောင်ထင်မှား ဖြစ်နေခဲ့ခြင်းသာ ဖြစ်သည်။ ထိုကဲ့သို့ အစစ်အမှန်လောက ဟု အထင်ခံရသော အတုအယောင် လောကကို အစစ်ယောင်ကမ္ဘာ (virtual reality) ဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။
အစစ်ယောင်ကမ္ဘာ အိုင်ဒီယာကို ဦးစွာပထမ အစဖော်ပေးခဲ့သူမှာ ခေတ်သစ်တွေးခေါ်ပညာရှင် [1] ဒေးကား ပင်ဖြစ်သည်။ သူ၏ အတွေးအခေါ်စနစ်သည် သံသယကို အခြေခံသည်။ လောကတွင် သံသယ ဖြစ်နိုင်သမျှ အရာအားလုံးကို သံသယထားရမည်ဟု ဒေးကားက သူ၏ အတွေးအခေါ်ကို စတင်ခဲ့သည်။ ဆိုလိုသည်မှာ မည်သည့်အရာကိုမျှ လုံးဝဥသုံ ယုံကြည်ခြင်း မရှိစေခြင်းပင်ဖြစ်သည်။ ထိုသို့ သံသယဖြင့် စတင်ပါမှ နောက်ဆုံးတွင် လုံးဝ သံသယမရှိနိုင်သော မငြင်းပယ်နိုင်သော အမှန်တရားကို ရောက်နိုင်မည်ဟု ဒေးကားက ဆိုသည်။ [2]
ထိုသို့ သံသယထားရာတွင် ဒေးကားသည် သူယခင်သိထားခဲ့သော အသိပညာများ၊ ပညာရပ်များကို သံသယ ထားကာ ပြန်လည်ဆန်းစစ်ရုံမက သူ၏ ခံစားမှုအာရုံငါးပါးကိုပါ သံသယထားခဲ့သည်။ အကယ်၍သာ မိမိခံစား၊ မြင်တွေ့နေရသမျှ အရာအားလုံးသည် အစစ်အမှန်မဟုတ်ပါလျှင် မည်သို့ဖြစ်မည်နည်း။ အကယ်၍သာ နတ်ဆိုးတစ်ကောင်ကောင်က မိမိအား ဤအရာတို့ကို မြင်စေ၊ ကြားစေ၊ တွေးစေအောင် ပဉ္စလက်အတတ်ဖြင့် ဖန်တီးပြုလုပ်နေပါလျှင်ကော။ အကယ်၍သာ မိမိဆိုသည်မှာ ယခုလို လူမဟုတ်ဘဲ သိပ္ပံစမ်းသပ်ခန်းအတွင်းရှိ ဖန်ပေါင်းချောင်ထဲမှ ဦးနှောက်တစ်လုံးသာ ဖြစ်နေမည်ဆိုလျှင်ကော။ [3] Evil Scientist တစ်ယောက်၏ စမ်းသပ်ခံ ဦးနှောက်တစ်ခုမှ မြင်နေ၊ ကြားနေ၊ တွေးနေခြင်းများသည် ယခုမိမိ အစစ်အမှန်လောကဟု ထင်ယောင်နေသည်များ ဖြစ်နေလျှင်ကော။ စသည့်သံသယလွန် မေးခွန်းများဖြင့် ဒေးကားသည် အစစ်ယောင်ကမ္ဘာ အတွေးအခေါ်အား မိတ်ဆက်ပေးခဲ့သည်။
ဒေးကား စတင်မိတ်ဆက်ပေးခဲ့သည့် အစစ်ယောင်ကမ္ဘာ အတွေးအခေါ်မှာ ဂျာမန် Idealism အထိ သက်ရောက်မှုရှိခဲ့ပြီး [4] ယခုခေတ် ရုပ်ရှင်နှင့် စိတ်ကူးယဉ်ဝတ္ထုများတွင်ပါ အရိပ်ထိုးလျှက်ရှိသည်။ ရိုမက်တစ်ဝါဒီများ၏ ဘဝဇာတ်ခုံ အယူအဆမှာလဲ ဤနည်းနှင်နှင်ပင် ဖြစ်သည်။ သို့သော် ပညာတတ် အသိုင်းအဝိုင်းနှင့် အနုပညာအသိုင်းအဝိုင်းတွင်သာ ခေတ်စားပြီး ပြည်သူလူထုထဲသို့ များများစားစား ပျံ့နှံ့ခြင်း မရှိချေ။ Sophie’s World, Alice in Wonderland, Matrix, Inception စသော ရုပ်ရှင်၊ ဝတ္ထုများသည် အစစ်ယောင်ကမ္ဘာ အတွေးအခေါ်ကို အခြေခံသော ရုပ်ရှင်၊ ဝတ္ထုများ ဖြစ်ကြသည်။
ထိုသို့သော အစစ်ယောင်ကမ္ဘာဇာတ်လမ်းများမှာ ကျွန်ုပ် အကြိုက်ဆုံး ဇာတ်လမ်းအမျိုးအစားများ ဖြစ်ကြသည်။ ဥပမာ ဆိုဖီရဲ့ကမ္ဘာ (Sophie’s World) တွင် ဆိုဖီသည် ဟီလ်ဒီ (Hilde) ဖတ်နေသော စာအုပ်ထဲမှ ဇာတ်ကောင်တစ်ယောက်သာဖြစ်သည်။ ထို့အတူပင် ဟီလ်ဒီသည် ကျွန်ုပ်ဖတ်နေသော စာအုပ်ထဲမှ ဇာတ်ကောင်တစ်ယောက် ဖြစ်နေပြန်သည်။ ထိုအခါတွင် ကျွန်ုပ်သည်ပင်လျှင် တစ်ယောက်ယောက် ဖတ်နေသော စာအုပ်ထဲမှ ဇာတ်ကောင်တစ်ယောက် ဖြစ်မနေနိုင်ဘူးလော။
အစစ်ယောင်ကမ္ဘာ၏ ဂုဏ်သတ္တိတစ်ခုမှာ စွဲလမ်းခြင်းပင် ဖြစ်သည်။ ဥပမာအားဖြင့် ဘဝတဏှာကဲ့သို့ပင် ဖြစ်သည်။ လက်ရှိမြင်တွေ့နေရသော လောကသည် အစစ်အမှန်မဟုတ်၊ အတုအယောင်သာ ဖြစ်သည်ဟု သံသယဝင်ခဲ့သောသူသည်ပင် သေခြင်းတရားအား ငြင်းဆန်နေပေလိမ့်မည်။ အစစ်ယောင်ကမ္ဘာသို့ ရောက်နေသောသူသည် ထိုလောကအား စွဲလမ်းခြင်းကတော့ ရှိနေလိမ့်မည်။
တကယ်တော့ အစစ်ယောင်ကမ္ဘာသည် စာအုပ်များ၊ ရုပ်ရှင်များတွင်သာ ရှိနေသည် မဟုတ်ပါ။ လက်တွေ့မှာတွင်လည်း ကျွန်ုပ်တို့ ခံစားစပြုနေပြီ ဖြစ်သည်။ တိုးတက်လာသော နည်းပညာနှင့်အတူ အစစ်ယောင်ကမ္ဘာသည် ကျွန်ုပ်တို့ထံသို့ ချီတက်လာပြီ ဖြစ်သည်။ အင်တာနက်စွဲခြင်းနှင့် အွန်လိုင်းဂိမ်း စွဲလမ်းခြင်းတို့သည် အစစ်ယောင်ကမ္ဘာ၏ ရှေ့ပြေးလက္ခဏာများပင် ဖြစ်ကြသည်။ နှစ်ဆယ့်တစ်ရာစု လူသား၏ ဘဝတွင် အင်တာနက်သည် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းကဲ့သို့ အရေးပါသည်။ အွန်လိုင်းပေါ်မှဘဝသည် သူ၏ ဒုတိယဘဝပင် ဖြစ်သည်။ အွန်လိုင်းဂိမ်းကစားသူများမှာ ပိုဆိုးတော့သည်။
တိုးတက်နေသော နည်းပညာများသည် တစ်ချိန်တွင် လူများအား အပြည့်အဝ အစစ်ယောင်ကမ္ဘာတစ်ခု ဖန်တီးပေးလာနိုင်မည်မှာ ဖြစ်နိုင်ချေရှိပေသည်။ ဆိုလိုသည်မှာ Matrix ရုပ်ရှင်ကဲ့သို့ပင် အွန်လိုင်းပေါ်တွင် အာရုံငါးပါးစလုံး ခံစားလာနိုင်မည်။ သင်၏ အလုပ်၊ ကျောင်း၊ သူငယ်ချင်း၊ မိသားစုမှာလဲ အွန်လိုင်းတွင်။ သင်သည် အချိန်ပြည့် login ဝင်နေရလိမ့်မည်။ logout လုပ်ခြင်းသည် သင်၏ သေခြင်းပင် ဖြစ်လိမ့်မည်။ သင်သည် အချိန်ကြာလာသောအခါတွင် ထိုလောကအား အမှန်တကယ်လောကဟု ထင်မြင်လာပေလိမ့်မည်။
အကယ်၍သာ သင်သည် ထို အစစ်ယောင်ကမ္ဘာတွင် နေထိုင်သည် ဆိုပါစို့။ တစ်နေ့သင်သည် ထိုလောကမှာ အတုအယောင်မျှသာ ဖြစ်သည်ကို သိရှိသွားခဲ့မည်ဆိုပါလျှင် သင်ဘာကိုရွေးမည်နည်း။ ထို အစစ်ယောင်လောကတွင်သာ ဆက်လက်နေထိုင်မည်လား၊ သို့မဟုတ် အမှန်တရားသို့ ပြန်လာမည်လား။ ထိုအခါ သင်သည် မွန်စီယာဒေးကားနှင့် အတွေးအခေါ်ပညာရှင်များကို ကိုယ်ချင်းစာနိုင်လိမ့်မည် ထင်ပါသည်။
Footnotes :
[1] ဤတွင် ခေတ်သစ်ဆိုသည်မှာ အလယ်ခေတ်နောက်ပိုင်း ကာလကို ဆိုလိုသည်။
[2] ဒေးကား၏ အတွေးအခေါ်ကို အသေးစိတ် မဆွေးနွေးထားပါ။ အသေးစိတ်လေ့လာလိုလျှင် ဤတွင် လေ့လာနိုင်ပါသည်။ http://www.themoonlitpath.net/2010/08/blog-post_11.html
[3] ဤ အတွေးစမ်းသပ်ချက်ကို Brain in a vat ဟုခေါ်သည်။ http://en.wikipedia.org/wiki/Brain_in_a_vat
[4] ဂျာမန် Idealism တွင် လောကရှိ အရာအားလုံးသည် God ၏ စိတ်ကူးထည်များသာဖြစ်သည်ဟု ဆိုသည်။
No comments:
Post a Comment