ဒီနေ့ အိပ်မပျော်ဘူး။ တကယ်တော့ ဒီနေ့ကျမှ ထွေထွေထူးထူး အိပ်မပျော်တာ မဟုတ်ဘူးရယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ insomnia ဖြစ်နေတာကြာပြီ။ ကိုယ့်ကိုယ်ကိုတော့ genius တွေမှ ဖြစ်တတ်တဲ့ ရောဂါလို့ လိမ်ထားတာပဲ။ အိပ်မပျော်တာနဲ့ပဲ ဆေးလိပ်သောက်ရင်း လရောင်နဲ့ အိမ်ပတ်ဝန်းကျင်ကို ငေးနေမိတယ်။ ကျွန်တော်နေတဲ့ ရပ်ကွက်က ခြံဝန်းကြီးထဲမှာ တိုက်နေကို မျက်နှာချင်းဆိုင်အတိုင်း ဆောက်ထားတယ်။ ဝန်းရဲ့ အလည်ခေါင်မှာ သစ်ပင်ပန်းခြံလိုလို၊ ချုံလိုလိုရှိတယ်။ ညသန်းခေါင်းအချိန် လရောင်တစ်ဝက် သစ်ပင်တွေကို ထိုးနေတာ ကြည့်ရတာ လှတယ်။ ပတ်ဝန်းကျင်ကလဲ တိတ်ဆိတ်နေတာပဲ။ လရောင်တစ်ဝက်လို့ ရေးတာက ဒီနေ့လတစ်ဝက်ပဲ ရှိတဲ့နေ့မို့လို့ရယ်။ ဆေးလိပ်ကုန်သွားတော့ အိမ်ထဲကို ပြန်ဝင်ပြီး စာထိုင်ရေးလိုက်တယ်။
စာမရေးတာကြာနေပြီ။ ဘလော့ဂ်မှာ ပို့စ်အသစ်မတင်ဖြစ်တာ နှစ်လစွန်းစွန်း ရှိရော့မယ်။ ဒီနှစ်လအတွင်း ရေးဖြစ်တာနည်းနည်းပါးပါးတော့ ရှိတယ်။ သိမ်းထားတာတွေလဲ ပါတယ်။ အမှိုက်ပုံးထဲ ရောက်သွားတာတွေလဲ ပါတယ်။ မတင်ဖြစ်တာကတော့ ဘာရယ်မဟုတ်ဘူး။ လမ်းမကြုံသေးလို့ပဲ ဆိုရမယ်။ ပို့စ်တစ်ခါတင်ရတာလဲ လွယ်တာမှမဟုတ်ဘဲ။ ကျော်ရခွရနဲ့။ ပြီးတော့ ဒီရက်ပိုင်း ကော်နက်ရှင်အခြေအနေဆိုးတယ်။ ကိုယ်လုပ်စရာရှိတာလေးတွေ လုပ်တာတောင်မှ အချိန်တော်တော်ကုန်နေပြီ။ ဘလော့စပေါ့ကို အချိန်မပေးနိုင်ဘူး ဖြစ်နေတယ်။
အချိန်မပေးနိုင်ဘူးဆိုလို့ အရမ်းအလုပ်များနေတယ်တော့ မဟုတ်ဘူးရယ်။ အချိန်မပေးချင်ဘူးလို့ ပြောရလိမ့်မယ်။ ခုရက်ပိုင်း အပျင်းကြီးတာလားတော့မသိဘူး။ ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ချင်ဘူးဖြစ်နေတယ်။ အပြင်လည်း သိပ်မထွက်တော့ဘူး။ ညနေပိုင်းခဏလောက်ပဲ ထွက်တယ်။ တစ်နေကုန် အခန်းထဲမှာ စာထိုင်ဖတ်နေတာများတယ်။ ကြွားတာတော့ မဟုတ်ဘူး။ အခုတလော စာအရမ်းဖတ်ဖြစ်နေတယ်။ ဒီတစ်ပတ်အတွင်း ဖတ်ပြီးသွားတာ လေးအုပ်ရှိတယ်။ ကမ္ဘာပြားပြီ (ကျော်ဝင်း)၊ ကျွန်မချစ်သောယောက်ျားများ (ဂျူး)၊ Old Man and The Sea (Heminway)၊ Kafka on the shore (Haruki Murakami)။ ဒီကြားထဲ anime တော်တော်များများလဲ ကြည့်ဖြစ်သေးတယ်။
ကြုံတုန်း kafka on the shore အကြောင်းပြောချင်တယ်။ အင်္ဂလိပ်လိုရေးတဲ့ ဂျပန်ကြီး Haruki Murakami ရဲ့ ဝတ္ထုရှည်။ တော်တော်ကောင်းတယ်။ ဦးတေဇာတကူးတက မေးလ်ပို့ပြီးကို ညွှန်းတဲ့စာအုပ်။ အရေးအသား၊ ဇာတ်လမ်း၊ ပြောစရာမလိုအောင် ကောင်းတယ်။ မြန်မာပြည်က မော်ဒန်ယောင်ဝတ္ထုမတိုမရှည်တွေနဲ့ ဘာကွာသလဲ သိချင်ရင် ဖတ်ကြည့်ဖို့ကောင်းတယ်။ သူ့ရဲ့ အခြားဝတ္ထုတို စာအုပ်တွေလဲ ဖတ်ကောင်းတယ်လို့ ကြားတယ်။ ဖတ်ကြည့်ဦးမယ်။
ရေးနေတာက ဘယ်လောက်မှ မရှိသေးဘူး။ ရေးစရာက ကုန်သွားပြီ။ တကယ်တော့ ရေးစရာက ကုန်တယ်တော့ မရှိနိုင်ဘူးရယ်။ ဆက်မရေးတတ်တော့တာလို့ ပြောရမယ်။ လေးနာရီ ခွဲပြီ။ ငါးနာရီလောက်ဆို အင်းယားကန်ဘက် သွားရင်ကောင်းမလား စဉ်းစားမိတယ် ပြန်လာရင် အိပ်ငိုက်မှာနဲ့တော့ အတော်လောက်ပဲ။ Laptop ကို virus scan လုပ်ထားတာလဲ မပြီးသေးဘူး။ 18% ပဲပြီးသေးတယ်။ Virus file ပေါင်းက 4880 ဖြစ်နေပြီ။ Format ချလိုက်ရင်ပဲ ကောင်းမလား။ ဒါလဲ မဖြစ်သေးဘူး။ ဆိုင်က ထည့်ပေးလိုက်တဲ့ software တွေကို နှမြောတယ်။
သူစာရေးနေရင်းနဲ့ ဆေးလိပ် နောက်တစ်လိပ်ကို မီးညှိလိုက်တယ်။ ကွန်ပျူတာ ဖန်သားပြင်ကို ကြည့်နေပြီး ဘာဆက်ရေးရမလဲ စဉ်းစားနေတယ်။ ပြီးတော့ အိမ်ခန်းထဲဝင်ပြီး ရေတစ်ခွက်သွားသောက်တယ်။ အကြံကုန်သွားပြီထင်တယ်။ သူစာဆက်ရေးမယ်လို့ မထင်ဘူး။ ဝရန်တာကို ထွက်လာတော့ လရောင်က အားလျော့လာပြီ။ မိုးလင်းတော့မယ်။ လခြမ်းက စက်ဝိုင်းခြမ်းကို ပက်လက်လှန်ထားတဲ့ ပုံစံဖြစ်နေတယ်။ သူ့ပတ်ဝန်းကျင်မှာတော့ ကားသံတချို့တလေကလွဲရင် တိတ်ဆိတ်နေတုန်းပဲ။ မျက်နှာချင်းဆိုင်က တိုက်ကို ဆေးလိပ်သောက်ရင်း ငေးကြည့်နေတယ်။ သူအိပ်ချင်လာတယ်။ တကယ်တော့ သူအိပ်မပျော်တာ ကြာပြီပဲ။
နောက်ဆုံး ပို့စ်မော်ဒန်ကဗျာဆရာတွေကို မေးကြည့်ချင်တာ တစ်ခုရှိတယ်။ ဒါကို ကဗျာလို့ label တပ်လိုက်ရင် ကဗျာတစ်ပုဒ်အနေနဲ့ ခံစားပြီး ဖတ်ကြည့်ပေးနိုင်မလား။းP
No comments:
Post a Comment