Showing posts with label philosophy. Show all posts
Showing posts with label philosophy. Show all posts

Tuesday, June 25, 2019

Euthyphron အကြောင်း (၁)


Euthyphron ရဲ့ အဓိကအကြောင်းအရာက ယုံကြည်ကိုင်းရှိုင်းမှု (Piety) ပဲ။ အကြောင်းအမျိုးမျိုးကြောင့် Euthyphron ထဲမှာ ပလေတိုရဲ့ ယုံကြည်ကိုင်းရှိုင်းမှု အပေါ် ဘယ်လိုမြင်သလဲဆိုတာ တွေ့ရမှာ မဟုတ်ဘူး။ ပြောချင်တာက သူ့ရဲ့ ယုံကြည်ကိုင်းရှိုင်းမှု အပေါ်မှာရှိတဲ့ အပြီးသတ်အမြင် ပြည့်ပြည့်စုံစုံကို တွေ့ရမှာမဟုတ်ဘူး။ ဒါပေမယ့်လည်း ဒီအရေးအသားထဲမှာ ပလေတိုရဲ့ ယုံကြည်ကိုင်းရှိုင်းမှု အပေါ် ခွဲခြမ်းစိတ်ဖြာဆင်ခြင်ထားတဲ့ အရေးကြီးတဲ့ အပိုင်းတစ်ခုကို တွေ့ရမှာဖြစ်တယ်။ ဒါကြောင့် Euthyphron ကိုလေ့လာခြင်းအားဖြင့် ပလေတိုသိခဲ့တဲ့ အမှန်တရား (Truth) အပြည့်အဝကိုတော့ တွေ့ရမှာမဟုတ်ဘူး။ အမှန်တရား ရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ တွေ့ရမှာဖြစ်တယ်။ အချိန်တည်းမှာပဲ အမှန်တရား ရဲ့တစ်စိတ်တစ်ပိုင်းဆိုတာဟာ အမှားရဲ့ (Untruth) တစ်စိတ်တစ်ပိုင်းလို့လည်း ဆိုလို့ရမှာဖြစ်တယ်။ ဒါပေမယ့်လည်း ဒီအရေးအသားကို လေ့လာခြင်းအားဖြင့် ပလေတိုသိခဲ့တဲ့ အမှန်တရား အပြည့်အဝကို ကျွန်တော်တို့ မတွေ့နိုင်ရင်တောင်မှ Euthyphron မှာ ပြခဲ့တဲ့ အမှန်တရား တစ်စိတ်တစ်ပိုင်းကို နားလည် ကျေညက်ပြီးမှသာ ပလေတိုသိခဲ့တဲ့ အမှန်တရား အပြည့်အဝကို တွေ့နိုင်လိမ့်မယ်။ “Euthyphron မှာ” ထက်စာရင် “Euthyphron ကတဆင့်” လို့ပြောရင် ပိုမှန်လိမ့်မယ်။

Euthyphron ကတဆင့်ပြခဲ့တဲ့ အမှန်တရားတစ်စိတ်တစ်ပိုင်း (Half-truth) က သမာရိုးကျအမျိုးအစားဖြစ်တဲ့ အမှန်တရားတစ်စိတ်တစ်ပိုင်း မဟုတ်ဘူး။ သမာရိုးကျအဖြစ်ဆုံး အမှန်တရားတစ်စိတ်တစ်ပိုင်းတွေဆိုတာ အများက လက်ခံထားတဲ့ ထင်မြင်ယူဆချက်တွေ (Opinion) ကို ဖော်ပြတယ်။ Euthyphron ကတဆင့် ပြထားတဲ့ အမှန်တရား တစ်စိတ်တစ်ပိုင်းက အများက ယေဘုယျအားဖြင့် လက်ခံထားတဲ့ အမှန်တရားတစ်စိတ်တစ်ပိုင်း မဟုတ်ဘူး။ ဒီအမှန်တရား တစ်စိတ်တစ်ပိုင်းဟာ သာမန်အားဖြင့် လက်ခံထားတာ မဟုတ်တဲ့ အတွက် ကသိကအောက်နိုင်တယ် (Irritating)။ ဒါပေမယ့် တနည်းအားဖြင့် ကသိကအောက်နိုင်တဲ့ အမှန်တရားတစ်စိတ်တစ်ပိုင်းဟာ သမာရိုးကျ အမှန်တရား တစ်စိတ်တစ်ပိုင်းထက်သာတယ်။ ကသိကအောက်နိုင်တဲ့ အမှန်တရားတစ်စိတ်တစ်ပိုင်းကို ရဖို့အတွက် အနည်းငယ် အားစိုက်ထုတ်ရတယ်။ စဉ်းစားရတယ်။ အဲတော့ Euthyphron ကိုဖတ်ပြီး စဉ်းစားခန်းဝင်ပြီးတော့ နောက်ဆုံးရလာတဲ့ ရလဒ်က ကသိကအောက်ဖြစ်စရာ ယာယီအဖြေပဲဆိုရင်တော့ သိပ်တော့ ကျေနပ်စရာမကောင်းလှဘူး။ ဒါကို နှစ်သိမ့်လို့ရတာ နှစ်မျိုးရှိတယ်။ ပထမက စဉ်းစားခြင်းဆိုတာကိုကကျေနပ်စရာကောင်းတဲ့ လုပ်ရပ်လို့ ယူဆလို့ရတယ်။ နောက်တစ်ခုက စဉ်းစားခြင်းဆိုတာ ဘယ်လိုပဲကျေနပ်စရာကောင်းပါစေ နောက်ဆုံးရလဒ်က ပိုအရေးကြီးတယ်လို့သာ ယူဆမယ်ဆိုရင် ပလေတိုရဲ့ စရိုက်ကို ကြည့်ခြင်းအားဖြင့် ယုံကြည်ကိုင်းရှိုင်းမှု အကြောင်း ပြီးပြည့်စုံတဲ့အမြင် သို့မဟုတ် အမှန်တရားဟာ လုံးဝကျေနပ်စရာကောင်းမှာဖြစ်ပြီး ကသိကအောက်ဖြစ်မှာမဟုတ်ဘူးလို့ ယူဆနိုင်တယ်။

Euthyphron ဆိုတာ ယူသိုင်ဖရွန်နဲ့ ဆိုကရေးတီးတို့အကြား ယုံကြည်ကိုင်းရှိုင်းမှု အကြောင်း စကားဝိုင်းဖြစ်တယ်။ ယုံကြည်ကိုင်းရှိုင်းမှု ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် သုံးခုကို အဆိုပြုထားပြီး သုံးခုလုံး မလုံလောက်ကြောင်း ပြထားတယ်။ ဒိုင်ယာလော့ရဲ့ အဆုံးကို ရောက်တဲ့အခါမှာ စာဖတ်သူအနေနဲ့  ယုံကြည်ကိုင်းရှိုင်းမှု နဲ့ ပတ်သက်ပြီး ဇဝေဇဝါဖြစ်သွားတယ်။ ယုံကြည်ကိုင်းရှိုင်းမှု ဆိုတာဘာလဲဆိုတာ ကျွန်တော်တို့မသိဘူး။ ဒါပေမယ့် ယုံကြည်ကိုင်းရှိုင်းမှုဆိုတာ လူတိုင်းမသိဘူးလား။ ယုံကြည်ကိုင်းရှိုင်းတယ်ဆိုတာ မိရိုးဖလာ နတ်၊ ဘုရားတွေကို မိရိုးဖလာ ဓလေ့ထုံးစံအတိုင်း ကိုးကွယ်တာပဲ။ ဒါပေမယ့် ယုံကြည်ကိုင်းရှိုင်းမှုဆိုတာ ကိုယ်ရည်ကိုယ်သွေးကောင်း (virtue/excellence, ᾰ̓ρετή) တစ်ခုလည်း မဟုတ်ဘူးလား။ ဒါဆိုရင် ဒါဟာ ကောင်းတဲ့ အရာတစ်ခု မဟုတ်ဘူးလား။ ဒါပေမယ့် ယုံကြည်ကိုင်းရှိုင်းမှုဆိုတာ တကယ်ကောင်းတာလား။ မိရိုးဖလာ နတ်၊ ဘုရားတွေကို မိရိုးဖလာ ဓလေ့ထုံးစံအတိုင်း ကိုးကွယ်တာဟာ ကောင်းသောအရာတစ်ခုလား။ Euthyphron ထဲမှာ ဒါကို မဖြေထားဘူး။ ပိုပြီးတိတိကျကျ ပြောရရင် Euthyphron ထဲမှာ ဖော်ပြထားတဲ့ ဆွေးနွေးချက်ထဲမှာ မဖြေထားဘူး။ ဒါပေမယ့် ပလေတိုရဲ့ ဘယ်ဒိုင်ယာလော့မဆိုမှာ ဆွေးနွေးချက်ဆိုတာဟာ ဒိုင်ယာလော့ရဲ့ အစိတ်အပိုင်း တစ်ခုပဲဖြစ်တယ်။ logos လို့ခေါ်တဲ့ ဆွေးနွေးချက်တွေ၊ စကားလုံးတွေကတစ်ပိုင်း၊ ergon လို့ခေါ်တဲ့ လုပ်ရပ်တွေ၊ အဖြစ်အပျက်တွေ၊ ဒိုင်ယာလော့ထဲမှာ ဘာဖြစ်နေလဲဆိုတာတွေ၊ ဇာတ်ကောင်တွေ ဘာလုပ်နေသလဲ ဘာတွေဖြစ်နေသလဲဆိုတာတွေက တစ်ပိုင်းဖြစ်တယ်။ အဆုံးမှာ logos အရ နှုတ်ဆိတ်နေပေမယ့် အဖြစ်အပျက်တွေက စကားလုံးတွေနဲ့ဖုံးထားတာကို ဖော်ထုတ်ပေးနိုင်တယ်။

ဆိုကရေးတီးနဲ့ ယူသိုင်ဖရွန်တို့အကြား စကားဝိုင်းဟာ ဆိုကရေးတီးကို ယုံကြည်ကိုင်းရှိုင်းမှုမရှိဘူးလို့ စွတ်စွဲခံရပြီးနောက်မှ ဖြစ်တယ်။ ဒိုင်ယာလော့ထဲမှာလည်း ဒီအဖြစ်အပျက်၊ ဒီအချက်ကို ညွှန်းဆိုထားတာတွေ အများကြီးတွေ့ရတယ်။ ဒီတော့ ကျွန်တော်တို့ စဉ်းစားရမှာက ဆိုကရေးတီးဟာ ယုံကြည်ကိုင်းရှိုင်းသူတစ်ယောက်လား၊ ဆိုကရေးတီးအနေနဲ့ မိရိုးဖလာ နတ်၊ ဘုရားတွေကို မိရိုးဖလာ ဓလေ့ထုံးစံအတိုင်း ကိုးကွယ်သလားဆိုတာပဲ။ ဒီတော့ Euthyphron ထဲမှာ ယုံကြည်ကိုင်းရှိုင်းမှုအကြောင်း နှစ်မျိုးတွေ့ရတယ်။ ပထမက ယုံကြည်ကိုးကွယ်မှုဆိုတာဘာလဲဆိုတဲ့ ဆွေးနွေးချက်၊ ဒုတိယက ဆိုကရေးတီးရဲ့ ယုံကြည်ကိုင်းရှိုင်းမှုနဲ့ ပတ်သက်တဲ့ပြဿနာအကြောင်း ဖော်ပြချက်။ ဒီနှစ်ခုကို ကြည့်လိုက်ရင် သီးသန့် အကြောင်းအရာ အမျိုးအစားနှစ်ခုလို့ ထင်ရတယ်။ ယုံကြည်ကိုင်းရှိုင်းမှုဆိုတာဘာလဲဆိုတဲ့ မေးခွန်းက ဒဿနဆိုင်ရာမေးခွန်းဖြစ်ပြီး ဆိုကရေးတီးက ယုံကြည်ကိုင်းရှိုင်းသူလားဆိုတဲ့မေးခွန်းက ဒဿနဆန်တာထက် အတင်းအဖျင်းပိုဆန်တယ်။ ဒါဟာ တနည်းအားဖြင့်မှန်တယ်ဆိုပေမယ့် အရေးကြီးတဲ့အချက်တစ်ခုကို ထည့်မစဉ်းစားထားဘူး။ ဘာကြောင့်လဲဆိုတော့ တကယ့်ဒဿနမေးခွန်းက အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ ယုံကြည်ကိုင်းရှိုင်းမှု ဟာ virtue လား ဆိုတာပဲ။ ဒါပေမယ့် လူတစ်ယောက်အနေနဲ့ ရှိနိုင်တဲ့ အတိုင်းအတာအလျောက် ကိုယ်ရည်ကိုယ်သွေးကောင်းတွေအားလုံးရှိထားတဲ့သူဟာ ဖီလိုဆိုဖာ (philosopher) ပဲ။ ဒါကြောင့် အကယ်၍သာ ဒဿနပညာရှင်ဟာ ယုံကြည်ကိုင်းရှိုင်းသူတစ်ယောက်ဆိုရင် ယုံကြည်ကိုင်းရှိုင်းမှုဟာ ကိုယ်ရည်ကိုယ်သွေးကောင်းပဲ။ ဒါပေမယ့် ဆိုကရေးတီးက ဒဿနပညာကို ကိုယ်စားပြုတယ်။ ဒီတော့ ဆိုကရေးတီးကသာ ယုံကြည်ကိုင်းရှိုင်းသူဖြစ်ရင် ယုံကြည်ကိုင်းရှိုင်းမှုဟာ ကိုယ်ရည်ကိုယ်သွေးကောင်းပဲ။ သူကသာ ယုံကြည်ကိုင်းရှိုင်းသူ မဟုတ်ခဲ့ရင် ယုံကြည်ကိုင်းရှိုင်းမှုဟာ ကိုယ်ရည်ကိုယ်သွေးကောင်းမဟုတ်ဘူး။ ဒီတော့ ဆိုကရေးတီးက ယုံကြည်ကိုင်းရှိုင်းသူ ဟုတ်မဟုတ်ဆိုတဲ့ အတင်းအဖျင်းမေးခွန်းကို ဖြေခြင်းအားဖြင့် ယုံကြည်ကိုင်းရှိုင်းမှုရဲ့ အနှစ်သာရနဲ့ ပတ်သက်တဲ့ ဒဿန မေးခွန်းကို ဖြေလို့ရမှာဖြစ်တယ်။ ဒီတော့ Euthyphron ထဲမှာ ဆိုကရေးတီးရဲ့ ယုံကြည်ကိုင်းရှိုင်းမှုအကြောင်း ဘာတွေ တွေ့နိုင်မလဲ ကြည့်ရအောင်။


အပိုင်း(၂) ဆက်ရန်

Friday, July 12, 2013

PHAEDO / ပလေတို၏ ဖိဒလ ဇာတ်ထုပ် (၁)

ပလေတိုရဲ့ ဖီဒိုကို ဒုတိယအကြိမ်မြောက် ဖတ်ဖြစ်တယ်။ ပထမတစ်ခေါက်နဲ့ တစ်နှစ်တိတိ ခြားတယ်။ ကျွန်တော့်အထင် ပလေတိုရဲ့ စာမျိုးဟာ နှစ်တိုင်းနှစ်တိုင်း ပြန်ဖတ်ကြည်သင့်တဲ့ စာအုပ်မျိုးတွေလို့ ထင်တယ်။ ပထမတစ်ခေါက်နဲ့ ဒုတိယတစ်ခေါက် နားလည်ပုံချင်းသာကွာတာမဟုတ်ပဲ အသိသစ်တွေပါ ပိုပြီးရတာ တွေ့ရတယ်။ ဖီလိုဆိုဖီမှာ တခြားဘာသာရပ်တွေလို စာအများကြီး ဖတ်စရာမလိုဘဲ တစ်အုပ်ထဲကို အကြိမ်ကြိမ်ဖတ်ပြီး ထပ်ကာထပ်ကာစဉ်းစားလို့ရတာ ပျော်စရာတစ်ခုလို့ထင်တယ်။ အခု ဖီဒိုကို ဒုတိယအကြိမ် ဖတ်ပြီး ကိုယ်နားလည်မိသလောက် ပြန်ရေးကြည့်ထားတယ်။ အခုလိုရေးတာဟာ မဖတ်ရသေးတဲ့သူတွေကို ဒီဟာဒီလိုရှိတယ်ကွ ဆိုပြီး ဆရာလုပ်ချင်တာမဟုတ်ဘဲ ဖတ်ပြီးသားသူတွေနဲ့ နားလည်ပုံချင်း ဖလှယ်ချင်တာ ဖြစ်တာကြောင့် ဖီဒို မဖတ်ရသေးတဲ့သူတွေ အရင် ဖတ်ကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။


ဖီဒိုကို 360 ဘီစီလောက်မှာ ရေးတယ်လို့ ယူဆရတယ်။ ပလေတို ဒီစာတွေရေးတဲ့အချိန်မှာ ဆိုခရေးတီးက သေပြီးသွားပြီ။ ဇာတ်လမ်းက အေသင်သား မောင်ဖီဒို Phlius မြို့ရောက်နေတုန်း သူ့ကို ဆိုခရေးတီး သေသွားတဲ့အကြောင်း ဝိုင်းမေးကြလို့ ဖီဒိုက နောက်ကြောင်းပြန်တာပဲ။ ဆိုခရေးတီး မသေခင် နောက်ဆုံးအချိန်မှာ သူလည်းရှိနေတယ်။ ပြောရရင် ဒီ ဇာတ်ထုပ်က ဆိုခရေးတီးရဲ့ နောက်ဆုံးစကားတွေပဲ။ ဒီတော့လည်း ပြောကြတဲ့ အကြောင်းအရာက သေခြင်းတရားနဲ့ဆိုင်တဲ့ အကြောင်းတွေပဲ။ သေရတော့မယ် ဆိုတာတောင် သူငယ်ချင်းတွေနဲ့ သေခြင်းတရားအကြောင်း ဆွေးနွေးနေနိုင်တဲ့ ဆိုခရေးတီးဆိုတာ စံပြတွေးခေါ်ရှင်တစ်ယောက် ဖြစ်တယ်ဆိုတာ တွေ့ရလိမ့်မယ်။ ဆိုခရေးတီးရဲ့ စိတ်ဓာတ်နဲ့ ပညာအပေါ်ထားတဲ့ သဘောထားကို Apology မှာ ပိုပြီးတွေ့ရတယ်။ ထားတော့။ ဖီဒို အကြောင်းပဲ ပြောရအောင်။

Wednesday, March 13, 2013

On Death

“When we are, death is not come, and, when death is come, we are not.”
-Epicurus, Letter to Menoeceus

Death is one of the most mysterious things on the universe. It is asked by many people and many thinkers but a certain answer is never known. There are many questions left unanswered in curious minds of human. What is death like? Is there life after death? What will happen if you die? Do you suffer death or do you suffer just pain? Now, I will try to explore the most important questions about death in this paper. Is there life after death? My response will be “No”. I believe there is no life after death.

I even find the question itself is somewhat ridiculous. If we take the meaning of “death” in common sense, it means “the end of life.” Therefore, the question become “Is there life after the end of life?” (Rosenberg, 30) The answer will be obviously no. It is like saying “What happens in the movie after it ends?” which is nonsense. Even if we change the question to something like “Do I have life after death?” or “Will I live after death?” it is still a nonsense question. Therefore, we need to clarify the notions “I” and “death”. What do they exactly mean? What exactly is a person? How do we define death?

Tuesday, January 1, 2013

On Ethics of Genetic Extermination

This is the second hour of 2013 and I am reading a blog post on talkingphilosophy.com. It talks about the ethics of genetic extermination.

I am not interested in whether we should genetically modify species to exterminate them or not. I am rather interested in, as usual, the line of reasoning.

The writer argued that it can be justified with utilitarian approach, saying that
"its extermination would seem to be morally justified on the grounds that doing so would create more good than harm. Naturally, if a harmful species were also beneficial in other ways, then the matter would be rather more complicated and such extermination could be wrong on the grounds that it would do more harm than good."

Friday, May 6, 2011

ဘာသာပြန်တဲ့ကိစ္စ

ဗျို့ ဦးတေဇာ

ကျွန်တော် ဟိုနေ့ညက အင်တာနက်လိုင်း ပြတ်တောက်သွားလို့ ပြောနေတာလေး မပြီးမပြတ် ဖြစ်သွားရတာကို အခု နည်းနည်းတော့ ဆက်ပြောချင်တယ်။ ကျွန်တော် ဘာသာပြန်တဲ့ ကိစ္စမှာ မကျွမ်းကျင်သလို ဘိုစာကိုလည်း တစ်ဖက်ကမ်းခတ် တတ်မြောက်ထားတဲ့သူ မဟုတ်ပါဘူး။ စာဖတ်သူတစ်ယောက်ရဲ့အမြင်၊ လမ်းပေါ်က လူတစ်ယောက်ရဲ့ အတွေးနဲ့ ဆွေးနွေးကြည့်တာပါပဲ။

ဘာသာရပ်ဆိုင်ရာ အရေးအသားတွေကို ဘာသာပြန်တဲ့ကိစ္စဟာ တော်တော်မလွယ်တဲ့ ကိစ္စပါ။ အထူးသဖြင့် Philosophy လို ဘာသာရပ်မျိုးပေါ့။ ဦးလေးသိတဲ့အတိုင်း Philosophy ဟာ နဂိုကတည်းက သဘောတရား ရှုပ်ထွေးတဲ့အပြင် စကားလုံး အသုံးအနှုန်းတွေကလည်း ခက်ခဲပါတယ်။ ဒီလိုဟာမျိုးကို ဘာသာစကား ဖလှယ်ပြီး ပြန်လည်တင်ပြဖို့ဆိုတာ တော်တော်မလွယ်ပါဘူး။ ဒါပေမယ့်လည်း Philosophy မှာ စကားလုံး/စာလုံးတွေက အရေးကြီးဆုံး ဖြစ်နေလေတော့ ဘာသာစကားနဲ့လည်း ကင်းကွာလို့ မဖြစ်ဘူး။ (သင်္ချာမှာလို သင်္ကေတနဲ့ ရှင်းပြဖို့ဆိုတာ မဖြစ်နိုင်ဘူး။) ဒီတော့လည်း Philosophy ကို ဘာသာပြန်တဲ့ အခါမှာ အဓိပ္ပာယ်တိကျမှုက လိုအပ်ချက် တစ်ခုပဲ။ စကားလုံး/စာလုံး တစ်ခုဟာ အယူအဆ၊ အဓိပ္ပာယ် ကွဲပြားသွားနိုင်တာပဲ။

Friday, February 25, 2011

ဒဿနိကအရှုပ်အထွေး

ဒဿနိကဗေဒကို တော်တော်ရှုပ်တဲ့ ဘာသာရပ်ဟု ပြောစမှတ်ပြုကြသည်။ တချို့ဆိုလျှင် ဘယ်လောက်ဖတ်ဖတ် နားမလည်ဘူးဟု ပြောင်ပြောင်တင်းတင်း ဝန်ခံကြသေးသည်။ မှန်ပါသည်။ ဒဿနိကဗေဒသည် အင်မတန်ရှုပ်ပါသည်။ ဝေါဟာရတွေကို စနစ်တကျလေ့လာသော ဘာသာရပ်လည်း ဖြစ်သောကြောင့် ဝေါဟာရများမှာ အင်မတန်နက်နဲပါသည်။ ထိုသို့ နက်နဲသော ဝေါဟာရများကို မြန်မာဘာသာသို့ ပြန်ဆိုရာတွင် မြန်မာဘာသာစကား၏ နက်နဲမှုကြောင့် ပို၍ပင် ရှုပ်ကုန်ပါတော့သည်။ ထို့ကြောင့် ဒဿနိကဗေဒကို နားမလည်ရသော အကြောင်းရင်း၏ လက်သည်မှာ စကားလုံးများပင် ဖြစ်သည်ဟု ဆိုပါရတော့မည်။

ဒဿနိကဗေဒအကြောင်းကို ရေးသားရာတွင် အချို့ဝေါဟာရများကို မြန်မာဘာသာသို့ ဖလှယ်ခြင်း မပြုဘဲ မူရင်း အင်္ဂလိပ်ဘာသာအတိုင်း ရေးသားလျှင် ပို၍သင့်တော်မည်ဟု ထင်ပါသည်။ ဘာသာစကားတစ်ခုမှ တစ်ခုသို့ ဖလှယ်ရာတွင် မူရင်းအဓိပ္ပါယ်ပျောက်ဆုံးမှု အနည်းငယ်ရှိပါသည်။ ဒဿနိကဗေဒ ဝေါဟာရတချို့ကို မြန်မာသာသာသို့ ပြန်ဆိုလိုက်သောအခါတွင် အဓိပ္ပါယ်သွေဖီသည်သာမက လုံးဝမတူတော့သည်များပင် ရှိသည်ကို တွေ့ရပါသည်။

Thursday, February 24, 2011

ဒေးကား၊ Matrix နှင့် အစစ်ယောင်ကမ္ဘာ

Matrix ရုပ်ရှင်ကားကို တော်တော်များများ ကြည့်ဖူးကြလိမ့်မည်။ ထိုရုပ်ရှင်ထဲတွင် ကမ္ဘာပေါ်ရှိ လူသားများကို စက်ရုပ်များက ဖမ်းဆီး၍ စွမ်းအင်ထုတ်သည့်အခါတွင် လူသား၏ အသိအာရုံ (conscious) သည် matrix ဟူသော ကမ္ဘာ သို့မဟုတ် နယ်ပယ်အတွင်းသို့ ရောက်ရှိနေသည်။ ထိုနယ်ပယ်၏ ပြင်ပတွင် သူ၏ အစစ်အမှန်လောကတွင် တည်ရှိနေခြင်းကို ကာယကံရှင် လူသားကိုယ်တိုင်သော်မှ သတိမပြုမိချေ။ သူ၏ စိတ်အာရုံသည် အမှန်တကယ်မရှိသော matrix နှင့်သာ အမြဲတစေ ထိတွေနေခဲ့ရသောကြောင့် ထို matrix ကိုသာ အစစ်အမှန်ကမ္ဘာဟု ထင်ယောင်ထင်မှား ဖြစ်နေခဲ့ခြင်းသာ ဖြစ်သည်။ ထိုကဲ့သို့ အစစ်အမှန်လောက ဟု အထင်ခံရသော အတုအယောင် လောကကို အစစ်ယောင်ကမ္ဘာ (virtual reality) ဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။

အစစ်ယောင်ကမ္ဘာ အိုင်ဒီယာကို ဦးစွာပထမ အစဖော်ပေးခဲ့သူမှာ ခေတ်သစ်တွေးခေါ်ပညာရှင် [1] ဒေးကား ပင်ဖြစ်သည်။ သူ၏ အတွေးအခေါ်စနစ်သည် သံသယကို အခြေခံသည်။ လောကတွင် သံသယ ဖြစ်နိုင်သမျှ အရာအားလုံးကို သံသယထားရမည်ဟု ဒေးကားက သူ၏ အတွေးအခေါ်ကို စတင်ခဲ့သည်။ ဆိုလိုသည်မှာ မည်သည့်အရာကိုမျှ လုံးဝဥသုံ ယုံကြည်ခြင်း မရှိစေခြင်းပင်ဖြစ်သည်။ ထိုသို့ သံသယဖြင့် စတင်ပါမှ နောက်ဆုံးတွင် လုံးဝ သံသယမရှိနိုင်သော မငြင်းပယ်နိုင်သော အမှန်တရားကို ရောက်နိုင်မည်ဟု ဒေးကားက ဆိုသည်။ [2]

Wednesday, December 8, 2010

What is Philosophy? ဖှီလော်ဆော်ဖီ ဘာလဲ ဘယ်လဲ

ကျွန်တော့်ကို ဘာတက်နေသလဲလို့ မေးတဲ့အခါ Philosophy လို့ ဖြေလိုက်ရင် ဘာမှန်းသေချာမသိကြဘူး။ ပြန်မေးကြတယ်။ အဲ့ဒါ ဘာတွေ သင်ရတာလဲတဲ့။ တစ်ချို့ကျတော့ Philosophy နဲ့ Psychology ကို မသဲကွဲကြဘူး။ ဂေါက်တောက်တောက် ဘာသာရပ်လို့ပဲ ရောပြီး မှတ်ထားကြတယ်။ တကယ်တော့ အဲ့ဒီ နှစ်ခုဟာ မတူကြပါဘူး။ စိတ်ပညာက လူရဲ့ စိတ်ကိုပဲ လေ့လာတယ်။ စိတ်ရဲ့ ပြုမူပုံတွေကို လေ့လာတယ်။ စိတ်ရောဂါဝေဒနာတွေကို ကုသတယ်။ ဆရာဝန်တွေနဲ့ သိပ်မကွာဘူး။ ပြောရရင်တော့ သုတေသီတွေက တွေ့ရှိပြီးသားတွေကို လေ့လာရုံသက်သက်ပဲ။ ဒဿနိကဗေဒဟာ ဘာလဲဆိုရင်တော့ ရှင်းရမှာ တော်တော်ရှည်တယ်။

Philosophy ဟာ ဘာလဲလို့ အတိအကျပြောဖို့က သိပ်မလွယ်ဘူး။ သူ့မှာ ပါဝင်တဲ့ အကြောင်းအရာတွေကလည်း စုံတယ်။ စုံတယ်ဆိုတာထက် အကုန်လုံး (everything) လို့ပဲ ပြောရမယ်ထင်တယ်။ စကြဝဠာကြီး ဘယ်လိုစဖြစ်လာသလဲဆိုတာက အစ ပုရွက်ဆိတ်ဆိုတာ ဘယ်လိုကောင်လဲ၊ ပုရွက်ဆိတ်တစ်ကောင် ကို ဘယ်လိုအဓိပ္ပါယ် ဖွင့်မလဲဆိုတာအထိ ပါတယ်။ အကုန်လုံးအကြောင်းပဲ။ အခြေခံအားဖြင့်တော့ Philosophy ဟာ အဓိပ္ပာယ်တွေနဲ့ ဆော့ကစားတဲ့ ဘာသာရပ်လို့ ပြောကြတယ်။ စကားလုံးတွေရဲ့ အဓိပ္ပာယ်တွေကို "စနစ်တကျ" ရှာဖွေကြည့်တာပဲ။ Philosopher တစ်ယောက်ကို လူ့ဘဝရဲ့ အဓိပ္ပာယ်ဟာဘာလဲလို့ သွားမေးကြည့်ရင် သူက ပြန်မေးလိမ့်မယ်။ မင်းပြောတဲ့ အဓိပ္ပာယ်ဆိုတာက ဘာကိုပြောချင်တာလဲ။ What do you mean by meaning?

Thursday, September 30, 2010

ကြောင်ကလေးကို ရေချိုးပေးသူ

ကျွန်တော်ဟာ ကြောင်ကလေးကို ရေမှန်မှန်ချိုးပေးတယ်။ အချိန်ရတိုင်းပဲ။ သူငယ်ချင်းတွေက အလုပ်မရှိ ကြောင်ရေချိုးတဲ့အကောင်လို့ ပြောကြတယ်။ ဒါပေမယ့် ကိစ္စမရှိဘူး။ ကျွန်တော်ကိုယ်က ကြောင်ကလေးကို ရေချိုးပေးရတာ ဝါသနာပါနေတာကိုး။ ကြောင်ကို ရေချိုးပေးရတာလည်း လွယ်တာတော့ မဟုတ်ဘူး။ ကြောင်ဆိုတာက ရေကြောက်တဲ့ သတ္တဝါမှတ်လား။ ဒါကြောင့် အလုပ်မရှိတိုင်း ကြောင်ကို ရေချိုးပေးဖို့ကလည်း လွယ်တဲ့ ကိစ္စတော့မဟုတ်ဘူး။

ကြောင်ကို ရေချိုးပေးတယ် ဆိုပေမယ့် သာမန်ကာလျှံကာ မဟုတ်ဘူး။ ကြောင်ကို ရေချိုးပေးတဲ့ နည်းစနစ်တွေကို သေချာလေ့လာရသေးတယ်။ ကိုယ်တိုင် ချိုးပေးဖို့ကိုလည်း စိတ်ရှည်ရသေးတယ်။ အခြေအနေနဲ့ အချိန်အခါကိုလည်း လေ့လာရသေးတယ်။ ဒါပေမယ့်လည်း ကိုယ်တိုင်က ကြောင်ကလေးကို ရေချိုးပေးရတာ ဝါသနာပါနေတော့ ကြိုးစားရတာပဲ။ အစပိုင်းတော့ ခက်တယ်။ ကြောင်ကလေးကို ရေချိုးပေးတဲ့ နေရာမှာ အစက မကျွမ်းကျင်သေးတော့ အလုပ်မဖြစ်လှဘူး။ ဒီအလုပ်ဟာ စိတ်ရှည်ဖို့လည်း လိုသေးတယ်။ အစပိုင်း မအောင်မြင်တာနဲ့ စိတ်ဓာတ်ကျနေလို့ မဖြစ်သေးဘူး။ ကြောင်ကလေးကို ရေမှန်မှန်ချိုးတတ်အောင် လေ့လာ၊ လေ့ကျင်ရသေးတယ်။ နောက်ပိုင်းမှ အသားကျသွားတယ်။ ကြောင်ကလေးကို ရေချိုးပေးဖို့ အလုပ်မရှိရုံနဲ့ မလုံလောက်သေးဘူး။

Thursday, September 16, 2010

သင်ဘယ်လိုလူလဲ

Men, though they look, fail to see what is well-being, what is the good in life.
Aristotle, Eudemian Ethics

ရှေးဂရိဒဿနဆရာကြီး အရစ္စတိုတယ်သည် သူ၏ဘဝတစ်လျှောက်လုံးတွင် ဒဿနိကဗေဒဆိုင်ရာ ရှာဖွေတွေ့ရှိမှု အများအပြားကို ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။ သူ၏ ဆောင်ရွက်ချက်များတွင် လောကကို ခွဲခြမ်းစိတ်ဖြာခြင်း၊ (တစ်နည်း) အမျိုးအစားခွဲခြင်း (categorization) မှာ နှောင်းလူတို့အပေါ် အကျိုးသက်ရောက်မှု အများအပြားရှိခဲ့သည်။ သူသည် လူနှင့်ပတ်သက်၍လည်း စရိုက်လက္ခဏာ လေးမျိုးကို ယုတ္တိနည်းကျ ခွဲခြားသတ်မှတ်ခဲ့သည်။ (တကယ်တမ်း ခွဲခြားခဲ့သည်မှာ ခြောက်မျိုးဖြစ်သော်လည်း အစွန်းရောက်နှစ်မျိုးဖြစ်သည့် လူလွန်မသား (superhuman) နှင့် မိစ္ဆာ (bestial) တို့မှာ အင်မတန့် အင်မတန် ရှားပါးသောကြောင့် ချန်လှပ်ထားခဲ့ပါသည်။)

အရစ္စတိုတယ် ခွဲခြားပြခဲ့သော လူစရိုက်လေးမျိုးတို့မှာ လူကောင်း (the virtuous)၊ ရောင့်ရဲလွယ်သူ (the continent)၊ ရောင့်ရဲမလွယ်သူ (the incontinent) နှင့် လူဆိုး (the vicious) တို့ဖြစ်ကြသည်။ စရိုက်တစ်ခုခြင်းစီကို နားလည်လွယ်စေရန် ဥပမာပုံဆောင်၍ ပြသပါမည်။

Monday, September 6, 2010

အမှန်တရား၊ အမှားတစ်ရံ

တကယ်တော့ အမှန်တရားဟာ အမှားတစ်ရံ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ အမှန်တရားဆိုတာဘာလဲ။ အမှန်တရားရဲ့ ဂုဏ်သတ္တိတွေကဘာလဲ။ ဘယ်လိုအချက်တွေနဲ့ ကိုက်ညီမှ အမှန်တရားလို့ ခေါ်ဆိုနိုင်တာလဲ။ အမှန်တရားဟာရော တကယ့်အစစ်အမှန်တရား ဟုတ်ပါရဲ့လား။ ကျွန်တော်တို့ မြင်နေရသမျှ၊ ကြားနေရသမျှ အားလုံးဟာ အမှန်တရားပဲလား။ ဘယ်ဆင်ခြေတွေနဲ့ ကျွန်တော်တို့ရဲ့ အာရုံငါးပါးကို ယုံကြည်ကြရမှာလဲ။ ဒါတွေကို အတွေးအခေါ်ပညာရှင်တိုင်း သိချင်ခဲ့ကြတာချည်းပဲ။ ကျွန်တော်ကတော့ ဆိုပါရစေ၊ အမှန်တရားဆိုတာ တကယ်တော့ အမှားတစ်ရံပါ။ ဘာကြောင့် ဒီလိုပြောနိုင်တာလဲ။ ကျွန်တော်တို့ လက်တွေ့စမ်းသပ်မှု (experiment) တစ်ခု လုပ်ကြည့်ကြပါမယ်။ လက်တွေ့စမ်းသပ်မှုလုပ်ဖို့ တွဲဘက်အဖြစ်နဲ့ ကျွန်တော့်ရဲ့ ချစ်ခင်လှစွာသော ဦးလေးတေဇာ(လရောင်လမ်း) ကို ဖိတ်ခေါ်ပါတယ်။

Friday, August 20, 2010

အပြာရောင် ကြက်ခြေခတ်ကလေး

ယုတ္တိနည်းကျ "နေ" တဲ့ ကျွန်တော်ဟာ ခေါင်းအေးတယ်။ ထက်မြက်တယ်။ အကွက်မြင်တယ်။ ပိုင်းခြားသိမြင်တတ်တယ်။ ချွန်မြတယ်။ ပြီးတော့ လိမ္မာပါးနပ်တယ်။ ကျွန်တော်ဟာ အဲ့ဒါတွေအားလုံးနဲ့ ပြည့်စုံတယ်။ ကျွန်တော့်ရဲ့ ဦးနှောက်ဟာ ဒိုင်နမိုတစ်လုံးလို စွမ်းအားကောင်းတယ်။ ဓာတုပညာရှင်ရဲ့ ချိန်ခွင်တစ်လက်လို ပြတ်သားတိကျတယ်။ ခွဲစိတ်ဆရာဝန်ရဲ့ ဓားငယ်တစ်လက်လို ထိုးဖောက်နိုင်တယ်။ တွေးမိပါ့မလား။ ကျွန်တော်ဟာ ဆယ့်ရှစ်နှစ်ပဲ ရှိပါသေးတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ အသိဥာဏ်ဒီလောက်ပြည့်ဝဖို့ဆိုတာ တစ်ခြားတစ်ယောက်အတွက်ဆို လွယ်မှာမဟုတ်ဘူး။ ဥပမာ.. တက္ကသိုလ်မှာ ကျွန်တော်နဲ့ တစ်ခန်းထဲနေတဲ့ "ပတ်တီဘဲလို" လိုကောင်မျိုးကို ပြရမယ်။ ကျွန်တော်နဲ့ အသက်တူတူပဲ။ ဘဝနောက်ခံ အခြေအနေချင်းလည်း တူတယ်။ ဒါပေမယ့် အဲ့ဒီကောင်ဟာ နွားသိုးတစ်ကောင်လို တုံးတယ်။ ပေါင်းသင်းရတာတော့ ကောင်းပါတယ်။ အဆင့်နိမ့်တယ်။ အီမိုရှင်နယ်လ်တိုက်ပ် Emotional Type ပဲ။ မတည်ငြိမ်ဘူး။ စိတ်ခံစားမှုနောက်ကို လိုက်တယ်။ အဆိုးဆုံးကတော့ ဒီကောင်ဟာ Faddist တစ်ယောက်ပဲ။ ဖက်ရှင်နောက် အရမ်းလိုက်တယ်။ ဖက်ရှင်နောက်လိုက်တာဟာ ဆင်ခြင်တုံတရားနဲ့ ကင်းလွတ်တာလို့ ကျွန်တော်ယူဆတယ်။ သူများတကာလုပ်တိုင်း လိုက်လုပ်တာ၊ ဝင်ရူးတာဟာ အသိဥာဏ်ခေါင်းပါးမှုပဲ။ အဲ့ဒါဟာ အသိဥာဏ်မရှိမှုရဲ့ အထွတ်အထိပ်ပဲလို့ ကျွန်တော်ခံယူတယ်။ ဒါပေမဲ့ ပတ်တီကတော့ အဲ့ဒီလိုမဟုတ်ပါဘူး။

တစ်နေ့နေ့လည်မှာ သူ . . အိပ်ရာထဲလဲနေတာ တွေ့တယ်။ သောကရောက်နေတဲ့ မျက်နှာနဲ့ပါပဲ။ ဒီကောင် "အူအတတ်ပေါက်ရောဂါ" ရနေပြီလို့ ကျွန်တော် ကောက်ချက်ချလိုက်တယ်။

Tuesday, August 3, 2010

ဘောပင်ကလေး

ကျွန်တော့်၏ ဘောပင်တစ်ချောင်း ယနေ့ထူးဆန်းစွာ ပျောက်ဆုံးသွားပါသည်။ ထူးဆန်းစွာဟု ဆိုရခြင်းမှာ ထိုဘောပင် ပျောက်ဆုံးသွားရသည့် အကြောင်းရင်းကို ကျွန်တော် မသိ၍ဖြစ်ပါသည်။ ယနေ့ မနက်အထိ ကျွန်တော် အသုံးပြုခဲ့သော ဘောပင်သည် ကျွန်တော် အိပ်ယာမှ ထလာသည့်အခါတွင် ပျောက်ဆုံးနေသည်ကို တွေ့ရှိရပါသည်။ ကျွန်တော် တွေ့ရှိရသည်မှာ ပျောက်ဆုံးသွားသော ဘောပင်မဟုတ်ပါ။ ကျွန်တော့် ဘောပင်၏ ပျောက်ဆုံးနေသည့်အဖြစ်ကို ကျွန်တော့် တွေ့ရှိရခြင်းသာ ဖြစ်ပါသည်။ ဘောပင်ကလေးကို မအိပ်မီက ကျွန်တော် စာကြည့်စားပွဲပေါ်တွင် အရင်နေ့ အရင်အချိန်များကဲ့သို့ပင် တင်ထားခဲ့သော်လည်း ကျွန်တော် နိုးထလာသောအခါတွင် ထိုဘောပင်ကလေး စာကြည့်စားပွဲပေါ်တွင် မရှိတော့ခြင်း ဖြစ်ပါသည်။ မည်သို့ မည်ပုံ ပျောက်ဆုံးသွားသည်ကို ကျွန်တော် အိပ်နေသဖြင့် မသိလိုက်ပါ။ ထို့အပြင် ပျောက်ဆုံးသွားသည် ဆိုသည့် စကားတွင် မသိခြင်းဆိုသည့် အဓိပ္ပာယ်တစ်ချို့တစ်ဝက် ပါဝင်နေသဖြင့် ကျွန်တော် မအိပ်နေသော်လည်း ကျွန်တော် သိမည်မဟုတ်ကြောင်းကို ကျွန်တော်သိပါသည်။

ဘောပင်ကလေး ပျောက်ဆုံးသွားရသည့် အကြောင်းရင်းကို ကျွန်တော်မသိပါ။ ထို့အပြင် အရာဝတ္ထုတစ်ခု၏ ပျောက်ဆုံးခြင်းတွင် ရည်ရွယ်ရင်း အကြောင်းအချက် တစ်စုံတစ်ရာရှိမည်ဟု မည်သူကမျှ ကျွန်တော်မကြားဖူးကြောင်း ဝန်ခံပါသည်။ ကျွန်တော်၏ ဘောပင်ကလေး ပျောက်ဆုံးသွားခြင်းတွင် အကြောင်းရင်း တစ်စုံတစ်ရာ ရှိမည်ဆိုလျှင်တောင် ကျွန်တော် မသိနိုင်တော့ပါ။ အဘယ်ကြောင့်ဆိုသော် ထိုဘောပင်ကလေးနှင့် ပတ်သက်၍ ကျွန်တော်၏ သိမှုထဲတွင် နောက်ဆုံးသတင်းအချက်အလက်တစ်ခုမှာ ထိုဘောပင်ကလေး၏ ပျောက်ဆုံးနေခြင်း ဖြစ်သောကြောင့် ဖြစ်ပါသည်။ ဘောပင်ကလေးနှင့်ပတ်သက်၍ ကျွန်တော့်တွင် နောက်ထပ် သိမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ရန် မရှိတော့ပါ။ ကျွန်တော်၏ သိခြင်းနယ်ပယ်ထဲတွင် ဘောပင်ကလေး၏ ပျောက်ဆုံးသွားခြင်းက နောက်ဆုံးပိတ် သတင်းတစ်ခုဖြစ်ပါသည်။

Saturday, June 5, 2010

ဇီနို (သို့) ပါမင်းနိဒီးစ်အား ထောက်ခံသူ

ဇီနိုသည် 489 BC ခန့်တွင် မွေးဖွားခဲ့ပြီး အီလာဂိုဏ်းတွင် အရေးပါအရာရောက်သူ တစ်ဦးဖြစ်သည်။ ဧကန်အားဖြင့် ဇီနိုသည် အီလာကျောင်းတွင် မည်သည့်အတွေးအခေါ်သစ် တစ်ရပ်ကိုမှ တီထွင်ခဲ့သူမဟုတ်ပေ။ သူ၏ ထင်ရှားသော လုပ်ဆောင်ချက်မှာ ပါမင်းနိဒီးစ်၏ အဆိုများကို ထောက်ခံသော ဆင်ခြေများသာ ထုတ်ဖော်ပေးခဲ့ခြင်း ဖြစ်သည်။ ပါမင်းနိဒီးစ်၏ အဆိုအရ အာရုံငါးပါးဖြင့်သိနိုင်သော လောကသည် အစစ်အမှန် မဟုတ်။ ထိုလောကတွင် အများအပြားရှိခြင်း (plurality) နှင့် ပြောင်းလဲခြင်း (change) တို့ရှိ၏။ အရှိတရား (Being) ဆိုသည်မှာ တစ်ခုတည်းသာရှိပြီး တည်မြဲ၏။ မပြောင်းလဲနိုင်။ မရွေ့လျားနိုင်။ ပြောင်းလဲခြင်းနှင့် အများအပြားရှိခြင်းတို့သည် အတုအယောင်များသာဖြစ်သည်။ (အသေးစိတ်ကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

Tuesday, April 20, 2010

ကံအကြောင်း

မနေ့ညက ဘီယာသောက်ရင်း စကားတွေ အများကြီး ပြောဖြစ်ကြတယ်။ ဟိုအကြောင်း ဒီအကြောင်း စုံလို့ပေါ့။ ဘာသာရေး နိုင်ငံရေး အကြောင်းတွေလဲ ရောက်သွားတယ်။ အရင်အပတ်က သင်္ကြန်တွင်း ဗုံးပေါက်တဲ့အကြောင်းလဲ ရောက်သွားတယ်။ အဲ့ဒီမှာ ဟိုဝေဖန် ဒီဝေဖန် လုပ်နေတုန်း အကိုကြီးတစ်ယောက်က ဗုံးပေါက်တဲ့အထဲမှာ ဒဏ်ရာရပြီးသေသွားတဲ့လူတွေလဲ သနားပါတယ်။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲကွာ သူတို့ကံပေါ့။ သူတို့ အတိတ်ဘဝကုသိုလ်ကံ မကောင်းခဲ့လို့ ဒီဘဝမှာ ဒီလိုမျိုး ကြုံရတာ လို့ပြောလာတယ်။ ကျွန်တော် နားထောင်ရင်း အဲ့ဒီစကားကို သဘောမတွေ့ဘူးဖြစ်နေတယ်။ ကျွန်တော် ထင်တာကတော့ လူတော်တော်များများရဲ့ သိမှုထဲမှာ ကံဆိုတဲ့အရာကို နားလည်လွဲနေကြတယ်လို့ ထင်တာပဲ။ ကျွန်တော် အခုဆွေးနွေးမှာက ဘာသာရေးအနေနဲ့လဲ နည်းနည်းပါမယ်။ ကျွန်တော် လေ့လာထားသလောက်လေးနဲ့ ကျွန်တော် သိသလောက်အတွင်းက ကျွန်တော် နားလည်ထားတဲ့ ကံ ဆိုတဲ့ဟာအကြောင်းကို နည်းနည်းပြောချင်တယ်။

Wednesday, August 5, 2009

ခေါင်းစဉ်မပါတဲ့ စာသားများ

ဟိုနေ့က ကျွန်တော်သီချင်းတစ်ပုဒ် နားထောင်ဖြစ်တယ်။ မြန်မာသီချင်းပါ။ အင်္ဂလိပ်သီချင်း သံစဉ်ကို မြန်မာစာသားထည့်ပြီး ဆိုထားတာ။ သူငယ်ချင်းက နားထောင်ရင်းပြောတယ်။

“ကော်ပီကြီး...” တဲ့

ကျွန်တော့်ခေါင်းထဲ အတွေးတွေဝင်လာတယ်။ အနုပညာမှာ ကော်ပီရှိသလား။ သီချင်းတစ်ပုဒ်က အနုပညာပစ္စည်းမှန်ပေမယ့် ကော်ပီသီချင်းတစ်ပုဒ်ကရော။ အနုပညာမြောက်ရဲ့လား။ ကျွန်တော်နဲ့ သူငယ်ချင်းနဲ့ အဲဒီအကြောင်းကို လက်ဖက်ရည်ဆိုင်မှာ အချိန်အတော်ကြာ ငြင်းနေကြတယ်။ သူက အနုပညာမှာ ကော်ပီမရှိဘူး။ ကော်ပီပစ္စည်းတွေဟာ အနုပညာမမြောက်ဘူး။ ကျွန်တော်က ကော်ပီလည်း အနုပညာပဲ။ စသည်ဖြင့်ပေါ့။