Friday, August 20, 2010

အပြာရောင် ကြက်ခြေခတ်ကလေး

ယုတ္တိနည်းကျ "နေ" တဲ့ ကျွန်တော်ဟာ ခေါင်းအေးတယ်။ ထက်မြက်တယ်။ အကွက်မြင်တယ်။ ပိုင်းခြားသိမြင်တတ်တယ်။ ချွန်မြတယ်။ ပြီးတော့ လိမ္မာပါးနပ်တယ်။ ကျွန်တော်ဟာ အဲ့ဒါတွေအားလုံးနဲ့ ပြည့်စုံတယ်။ ကျွန်တော့်ရဲ့ ဦးနှောက်ဟာ ဒိုင်နမိုတစ်လုံးလို စွမ်းအားကောင်းတယ်။ ဓာတုပညာရှင်ရဲ့ ချိန်ခွင်တစ်လက်လို ပြတ်သားတိကျတယ်။ ခွဲစိတ်ဆရာဝန်ရဲ့ ဓားငယ်တစ်လက်လို ထိုးဖောက်နိုင်တယ်။ တွေးမိပါ့မလား။ ကျွန်တော်ဟာ ဆယ့်ရှစ်နှစ်ပဲ ရှိပါသေးတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ အသိဥာဏ်ဒီလောက်ပြည့်ဝဖို့ဆိုတာ တစ်ခြားတစ်ယောက်အတွက်ဆို လွယ်မှာမဟုတ်ဘူး။ ဥပမာ.. တက္ကသိုလ်မှာ ကျွန်တော်နဲ့ တစ်ခန်းထဲနေတဲ့ "ပတ်တီဘဲလို" လိုကောင်မျိုးကို ပြရမယ်။ ကျွန်တော်နဲ့ အသက်တူတူပဲ။ ဘဝနောက်ခံ အခြေအနေချင်းလည်း တူတယ်။ ဒါပေမယ့် အဲ့ဒီကောင်ဟာ နွားသိုးတစ်ကောင်လို တုံးတယ်။ ပေါင်းသင်းရတာတော့ ကောင်းပါတယ်။ အဆင့်နိမ့်တယ်။ အီမိုရှင်နယ်လ်တိုက်ပ် Emotional Type ပဲ။ မတည်ငြိမ်ဘူး။ စိတ်ခံစားမှုနောက်ကို လိုက်တယ်။ အဆိုးဆုံးကတော့ ဒီကောင်ဟာ Faddist တစ်ယောက်ပဲ။ ဖက်ရှင်နောက် အရမ်းလိုက်တယ်။ ဖက်ရှင်နောက်လိုက်တာဟာ ဆင်ခြင်တုံတရားနဲ့ ကင်းလွတ်တာလို့ ကျွန်တော်ယူဆတယ်။ သူများတကာလုပ်တိုင်း လိုက်လုပ်တာ၊ ဝင်ရူးတာဟာ အသိဥာဏ်ခေါင်းပါးမှုပဲ။ အဲ့ဒါဟာ အသိဥာဏ်မရှိမှုရဲ့ အထွတ်အထိပ်ပဲလို့ ကျွန်တော်ခံယူတယ်။ ဒါပေမဲ့ ပတ်တီကတော့ အဲ့ဒီလိုမဟုတ်ပါဘူး။

တစ်နေ့နေ့လည်မှာ သူ . . အိပ်ရာထဲလဲနေတာ တွေ့တယ်။ သောကရောက်နေတဲ့ မျက်နှာနဲ့ပါပဲ။ ဒီကောင် "အူအတတ်ပေါက်ရောဂါ" ရနေပြီလို့ ကျွန်တော် ကောက်ချက်ချလိုက်တယ်။



“ငြိမ်ငြိမ်နေ”

ကျွန်တော်က ပြောလိုက်တယ်။

“ဝမ်းနှုတ်ဆေးလည်း မစားနဲ့နော်။ ငါ ဆရာဝန် သွားခေါ်လာခဲ့မယ်”

“ရက်ကွန်း”

သူက လေးလေးလံလံ ညည်းတွားသည်။

“ရက်ကွန်း”

ပြေးသွားမယ့်ကိုယ်ရှိန်ကို ပြန်သပ်ရင်း ကျွန်တော် ရေရွတ်လိုက်မိတယ်။

“ရက်ကွန်းအင်္ကျီတစ်ထည်လောက် ငါလိုချင်တယ်ကွာ”

သူ ညည်းတွားတာပါ။

သူ့ရောဂါက ရုပ်ပိုင်းဆိုင်ရာနဲ့ မပတ်သက်တဲ့ စိတ်ပိုင်းဆိုင်ရာမှန်း ကျွန်တော် သဘောပေါက်လိုက်တယ်။ ရက်ကွန်း (Raccon) ဆိုတာက ဝက်ဝံမျိုးနွယ် တစ်မျိုးပါ။ မြောက်အမေရိကတိုက်မှာ ရှိပြီး အဖြူနဲ့အနက်ကျား အရေခွံရှိတယ်။ အမြီးဖွားဖွားတွေနဲ့။ အခု ဒီကောင်က ရက်ကွန်းအရေခွံနဲ့ ချုပ်ထားတဲ့ ကုတ်အင်္ကျီကို လိုချင်နေတာပါ။

“ရက်ကွန်းအင်္ကျီကို မင်းက ဘာလုပ်မလို့လဲ”

“ငါ . . ထင်တော့ထင်သားကွာ”

သူ့ နားသယ်ကို သူထုပြီး အော်တယ်။

“ချာလီစတုန်း ပြန်ပေါ်လာတာနဲ့ ဒီအင်္ကျီတွေလည်း ပြန်ပေါ်လာမယ်ဆိုတာကို ငါ တွေးထားသင့်တယ်။ ခုတော့ ငါ့မှာ ရှိတဲ့ပိုက်ဆံလည်း ဖတ်စာအုပ်တွေဝယ်လိုက်လို့ကုန်ပြီ။ ရက်ကွန်းအင်္ကျီကို ဘယ်လိုလုပ် ဝယ်နိုင်တော့မလဲ”

“ဘယ့်နှယ်ဟာတုန်းဟ”

ကျွန်တော် မယုံမကြည်နဲ့ ပြန်ပြောလိုက်တယ်။

“ရက်ကွန်းအင်္ကျီကြီးကို ပြန်ဝတ်နေကြပြန်ပြီလား။ အတိအကျလား”

“တက္ကသိုလ်ထဲက ဂုဏ်မြောက်တဲ့လူတွေအားလုံး အဲ့ဒါကို ဝတ်ကုန်ပြီ။ မင်းက ဘယ်ရောက်နေတာလဲ”

“စာကြည့်တိုက်ထဲမှာလေ”

သူပြောတဲ့လူတွေက (စာကြည့်တိုက်ဆိုတဲ့) နေရာကို မလာကြဘူးလေ။

ပတ်တီဟာ အိပ်ရာထဲက ခုန်ထပြီး အခန်းထဲမှာ လမ်းလျှောက်နေတယ်။

“ရက်ကွန်းအင်္ကျီတစ်ထည်တော့ ရမှဖြစ်မယ်”

မက်မက်မောမောကို သူပြောနေတယ်။

“ရမှ ဖြစ်မယ်”

“ဘာကြောင့်လဲ ပတ်တီ၊ သေသေချာချာ ဆင်ခြင်စဉ်းစားစမ်းပါဦး၊ ရက်ကွန်းအင်္ကျီတွေဟာ လေးလည်းလေးတယ်၊ နံလည်းနံတယ်၊ အကြည့်ရဆိုးတယ်။ ကျန်းမာရေးနဲ့လည်း မညီညွတ်ဘူး။ အဲ့ဒီအင်္ကျီတွေဟာ . . ”

“မင်း နားမလည်ပါဘူး”

သူက စိတ်မရှည်ဘဲ ဖြတ်ပြောတယ်။

“သူများတွေလည်း ဝတ်နေပြီပဲ မင်းမဝတ်ချင်ဘူးလား”

“ဟင့်အင်း”

မှန်တဲ့အတိုင်း ပြန်ပြောလိုက်တယ်။

“ငါကတော့ ဝတ်မယ်”

သူ . . ကြေငြာတယ်။

“ရက်ကွန်းအင်္ကျီသာ ရမယ်ဆိုရင် ဘာပဲပေးရပေးရ ပေးမယ်”

ကျွန်တော့် ဦးနှောက်လို မှန်ကန်တိကျတဲ့ ကိရိယာက အလုပ်ကို အပြင်းအထန်လုပ်လာပါပြီ။ သူ့ကို ငဲ့ကြည့်ရင်း မေးလိုက်တယ်။

“ဘာဖြစ်ဖြစ်လား”

“ဘာဖြစ်ဖြစ်ကွာ”

သူက အခိုင်အမာကို ပြောတယ်။

မေးစေ့ကိုပွတ်ရင်း ကျွန်တော် တွေးနေမိတယ်။ ရက်ကွန်းအင်္ကျီရနိုင်တဲ့နေရာက ကျွန်တော့်လက်တစ်ကမ်းမှာကို ရှိတယ်။ ကျွန်တော့်အဖေ ကျောင်းသားဘဝတုန်းက အဲ့ဒီအင်္ကျီတစ်ထည် ရှိခဲ့တယ်။ အိမ်ရဲ့ ကျွန်းသေတ္တာကြီးထဲမှာ သိမ်းထားတယ်။ ဖြစ်ချင်တော့ ပတ်တီ့ဆီမှာလည်း ကျွန်တော်လိုချင်တဲ့ အရာတစ်ခု ရှိနေတယ်။ သူပိုင်တာရယ် အတိအကျတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့မှာ အဦးဆုံး အခွင့်အရေးရှိနေတယ်။ ကျွန်တော် ရည်ရွယ်မိနေတာက သူ့မိန်းကလေး ပေါ်လီအက်စ်ပီးကိုပါပဲ။

ပေါ်လီ့ကို ကျွန်တော်လိုချင်နေမိတာကြာပါပြီ။ အကျယ်တော့ ပြောရလိမ့်မယ်။ သူ့ကို ကျွန်တော်ဆန္ဒရှိနေတာက စိတ်လှုပ်ရှားတတ်တဲ့ သဘာဝကြောင့် မဟုတ်ပါဘူး။ သူမကတော့ ကျွန်တော့်ကို စိတ်လှုပ်ရှားစေတာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်က နှလုံးသားကို ဦးစားပေးသူ မဟုတ်ပါဘူး။ ဦးနှောက်ကို ဦးစားပေးသူဖြစ်တယ်။ ကျွန်တော် ပေါ်လီ့ကို လိုချင်တာက ဦးနှောက်ရဲ့ ကြောင်းကျိုးဆင်ခြင်မှု အရပါ။ တွက်ချက်စီမံမှုနဲ့ပါ။

ကျွန်တော်ဟာ တက်ကြွတဲ့ ဥပဒေကျောင်းသား တစ်ယောက်ပဲ။ နောက် နှစ်အနည်းငယ်အတွင်းမှာ လက်တွေ့လုပ်ကိုင် ရတော့မယ်။ ရှေ့နေကောင်းတစ်ယောက် ဖြစ်ဖို့ ဇနီးကောင်းတစ်ယောက် လိုတယ်ဆိုတာ ကျွန်တော် မြင်ထားတယ်။ ကျွန်တော် လေ့လာမိသလောက်တော့ အောင်မြင်တဲ့ရှေ့နေတွေဟာ လှပတဲ့ ကျက်သရေရှိတဲ့ ဥာဏ်ပညာထက်မြက်တဲ့ မိန်းမတွေကို လက်ထပ်ခဲ့ကြတယ်။ ပေါ်လီဟာ အဲ့ဒီရည်ရွယ်ချက်တွေ အားလုံးထဲမှာ တစ်ခုပဲကျန်တော့တယ်။

သူဟာ လှပတယ်။ အချိုးအစားအကျကြီးလို့ မဆိုနိုင်သေးပေမယ့် အချိန်ကျလာတာနဲ့အမျှ ဖြစ်သင့်တာတွေ ဖြစ်လာလိမ့်မယ်။

သူမဟာ ကျက်သရေရှိတယ်။ နေရာအားလုံးမှာပါပဲ။ ကျော့ကျော့မော့မော့ကလေး သွားလာလှုပ်ရှားတတ်တယ်။ မြင့်မားတဲ့ မျိုးနွယ်က ပေါက်ဖွားလာမှန်း သိသာတယ်။ စားပွဲသောက်ပွဲမှာဆိုလည်း လှပတင့်တယ်ပြန်တယ်။ ကိုဇီစားသောက်ဆိုင်မှာ သူမရဲ့ လှပတင့်တယ်တဲ့ စားသောက်ပုံကို ကျွန်တော်တွေ့ခဲ့ဖူးတယ်။ က္ကနြေ္ဒလည်း နည်းနည်းမှမလျော့ဘူး။

သူမမှာ ဥာဏ်ရည်ဥာဏ်သွေးတော့ သိပ်မရှိဘူး။ အခြေအနေမှန်ကနေ လွဲချော်နေတတ်တယ်။ ဒါပေမဲ့ ကျွန်တော်က လမ်းပြထိန်းကွပ်ပေးရင် သူမ တိုးတက်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ကြိုးစားရင် ဖြစ်လာမှာပါ။ ရုပ်ဆိုးပြီး ဥာဏ်ထက်တဲ့ မိန်းကလေးတစ်ယောက်ကို လှပအောင်လုပ်ဖို့ မလွယ်ပေမယ့် လှပပြီး ဥာဏ်နည်းတဲ့မိန်းကလေး တစ်ယောက်ကို ဥာဏ်ကောင်းအောင်လုပ်ဖို့က လွယ်မှာပါ။

“ပတ်တီ”

ကျွန်တော်က စကားစ လိုက်တယ်။

“မင်းနဲ့ ပေါ်လီ ချစ်နေကြသလား”

“သူဟာ ဆွဲဆောင်နိုင်တဲ့ မိန်းကလေးတစ်ယောက်လို့ ငါ ထင်တယ်။ ဘာဖြစ်လို့ မင်း ဒီလိုမေးတာလဲ။ ငါတို့ဟာ ချစ်သူတွေ မဟုတ်ကြဘူးဆိုရင် ဘာဖြစ်လို့လဲ”

“ဒီလိုလား”

ကျွန်တော်က ပြောလိုက်တယ်။

“မင်းနဲ့သူနဲ့ ပုံမှန်တွဲနေကြတယ် မဟုတ်လား။ ဆိုလိုတာကကွာ မင်းတို့ တစ်ယောက်ကိုတစ်ယောက် ဘဘောကျနေကြတယ်မဟုတ်လား”

“မဟုတ်ပါဘူး။ ငါတို့ တွဲနေကြတာတော့ မဟုတ်ပါတယ်။ ဒါပေမယ့် တို့နှစ်ယောက်လုံး တစ်ခြား အဖော်တွေနဲ့လည်း တွဲနေတတ်ကြတာပဲ။ သူလည်း တခြားသူနဲ့တွဲ၊ ငါလည်း တစ်ခြား မိန်းကလေးနဲ့ တွဲ၊ တွဲလေ့ရှိတာပါပဲ၊ ဘာဖြစ်လို့လဲ”

“တခြားလူတွေထဲမှာရော သူထူးထူးခြားခြား သဘောကျတဲ့လူ ရှိသလား”

“ငါ သိသလောက်တော့ မရှိပါဘူး။ ဘာဖြစ်လို့လဲ”

ကျေကျေနပ်နပ်နဲ့ ကျွန်တော် ခေါင်းညိတ်မိတယ်။

“တစ်မျိုးမေးကြည့်မယ်ကွာ။ မင်းသာမရှိဘူးဆိုရင် အဲ့ဒီလမ်းဟာ ပွင့်နေပြီပေါ့။ ဟုတ်သလား”

“ဖြစ်နိုင်ပါတယ်။ မင်းက ဘာကိစ္စမေးနေရတာလဲ”

“ဟင့်အင်း။ ဘာမှတော့ မဟုတ်ပါဘူး”

ဘာမှမဟုတ်သလိုပြောပြီး သေတ္တာထဲက လက်ဆွဲအိတ်ကို ဖွင့်ယူလိုက်တယ်။ ပတ်တီက မေးတယ်။

“ဘယ်သွားမလို့လဲ”

“စနေ၊ တနင်္ဂနွေမှာ အိမ်ပြန်မလို့”

အိတ်ထဲကို ပစ္စည်းတစ်ချို့ ပစ်သွင်းလိုက်တယ်။

“နားထောင်စမ်းပါဦးကွာ”

“မင်းအဖေဆီက ပိုက်ဆံရခဲ့ရင် ငါ ရက်ကွန်းအင်္ကျီဝယ်ဖို့ ချေးစမ်းပါကွာ . . . နော်”

“ဒါ့ထက်တောင် ကူညီနိုင်သေးတယ်”

ထူးဆန်းတဲ့ အကြည့်တစ်ချက်နဲ့ ပြန်ပြောလိုက်တယ်။ ပြီး လက်ဆွဲအိတ်ကိုပိတ်ပြီး အခန်းထဲက ထွက်လာခဲ့တယ်။

“ကြည့်စမ်း”

တနင်္လာနေ့မနက်မှာ ပြန်ရောက်တော့ ပတ်တီကို လက်ဆွဲအိတ်ထဲက အမွေးဖွားလျားနဲ့ နံနံ အရာကြီးကို ထုတ်ပြလိုက်တယ်။ ၁၉၂၅ ခုနှစ်ဆီက ကျွန်တော့်အဖေဝတ်ခဲ့တဲ့ ဟာကြီးပေါ့။

“ဘုရားရေ . .”

ပတ်တီက အံ့သြတကြီးအော်တယ်။ ရက်ကွန်းအင်္ကျီကြီးထဲကို လက်နဲ့ထိုးကြည့်တယ်။ သူ့မျက်နှာကိုလည်း ပွတ်သပ်ကြည့်တယ်။

“မြတ်စွာဘုရား”

အဲ့ဒီလို သူရေရွတ်နေတာ ဆယ့်ငါးကြမ် (သို့မဟုတ်) အကြိမ်နှစ်ဆယ်ပါပဲ။

“သဘောကျရဲ့လား”

“ကျမှကျ”

ချွဲကျိကျိအင်္ကျီကြီးကို သူ ဖမ်းကိုင်ထားတယ်။ ပြီးမှ သူ့မျက်လုံးထဲမှာ တစ်စုံတစ်ရာကို သတိရတဲ့ အရိပ်အရော် ဝင့်လက်သွားပြီး . .

“ဒီအင်္ကျီအတွက် မင်း ဘာကို ပြန်လိုချင်သလဲ”

“မင်းရဲ့ ကောင်မလေး”

ခပ်မာမာပဲ ပြောလိုက်တယ်။

“ပေါ်လီ”

သူ တုန်လှုပ်သွားတယ်။ အသံလည်း တိုးသွားလေရဲ့။

“မင်းက ပေါ်လီ့ကို လိုချင်တယ်”

“ဟုတ်တယ်”

သူယူထားတဲ့ ကုတ်အင်္ကျီကြီးကို လွှင့်ပစ်လိုက်တယ်။

“ဘယ်တော့မှ မပေးဘူး”

အော်ပြောလိုက်ပုံကတော့ တင်းတင်းမာမာပါပဲ။ ကျွန်တော်က ပုခုံးတွန့်လိုက်တယ်။

“အိုကေ၊ သူများတွေလို ဝတ်ချင်စိတ် မင်းမှာမရှိတော့ဘူးဆိုရင်လည်း ပြီးတာပါပဲ၊ မင်း ကိစ္စပါ”

ကုလားထိုင်တစ်လုံးမှာထိုင်ပြီး စာဖတ်ချင်ယောင်ဆောင် နေလိုက်တယ်။ ဒါပေမဲ့ မျက်လုံးထောင့်ကတော့ ပတ်တီ့ကို မသိမသာ ကြည့်နေရတယ်။ သူ အတော်ခံစားနေရတယ်။ အစပိုင်းမှာတော့ သူဟာ မုန့်ဖုတ်ဆိုင်ပြတင်းဝက ကလေးငယ်လို ကုတ်အင်္ကျီကြီးကို လိုလိုချင်ချင်ငေးနေတယ်။ နောက်တော့ အံတင်းတင်းကြိတ်ပြီး ကျောခိုင်းပစ်လိုက်တယ်။ နောက်တော့ လှည့်ကြည့်ပြန်ရော။ လိုချင်မက်မောမှုက မျက်နှာမှာ ပိုပြီးပေါ်လာတယ်။ ပြန်လှည့်သွားပြန်တယ်။ ဒီအကြိမ်မှာတော့ သူ့ဆုံးဖြတ်ချက်ဟာ သိပ်မမာတော့သလိုပဲ။ သူ့ခေါင်းဟာ ရှေ့နောက် “လည်” နေတယ်။ ဆန္ဒကလည်း ပိုပြီးပြင်းပြလာပုံပဲ။ နောက်ဆုံးမှာ သူဟာ တခြားဖက်မလှည့်တော့ဘူး။ ကုတ်အင်္ကျီကြီးကိုပဲ အသာငမ်းငမ်း ကြည့်ငေးနေတော့တယ်။

“ပေါ်လီနဲ့ ငါဟာ ချစ်သူတွေလည်း မဟုတ်ကြသေးပါဘူး”

လေးတွဲ့တွဲ့ပြောတယ်။

“ဟုတ်တာပေါ့”

ကျွန်တော့်က ထောက်ပေးလိုက်တယ်။

“ငါ့အတွက် ပေါ်လီက ဘာမို့လို့လဲ၊ ပေါ်လီ့အတွက်ရော ငါက ဘာမို့လို့လဲ”

“ဘာမှ မဟုတ်ပါဘူး”

အဲ့ဒီလိုပြောပေးနေတာ ကျွန်တော်ပေါ့။

“ကြုံသလိုကျသလို ရိုးရိုးသားသား ပျော်ပျော်ရွှင်ရွှင် ဆက်ဆံနေကြတာပါပဲ။ အဲ့ဒီလောက်ပါပဲ”

“အင်္ကျီကြီးကို ဝတ်ကြည့်ဦးလေကွာ”

သူသဘောတူသည်။ အင်္ကျီကြီးက သူ့နားရွက်ထက် မြင့်ထောင်တက်နေတယ်။ သူ့ဖိနပ်ထိပ်ဖျားထိလည်း ပုံကျနေတယ်။ ဘာကြီးမှန်း မသိဘူး။

“ငါနဲ့ အတော်ပဲကွ”

ပျော်ပျော်ရွှင်ရွှင် သူပြောတယ်။ ကျွန်တော်က ထိုင်ရာက ထပြီး . .

“တို့ အပေးအယူ တည့်ကြပြီနော်”

ကျွန်တော့်လက်ကို ကမ်းပေးလိုက်တယ်။

သူက တံတွေးမြိုချတယ်။

“အေး . . အပေးအယူပါ”

ကျွန်တော့်လက်ကို သူ ဆွဲလှုပ်တယ်။

အဲ့ဒီနေ့ညနေမှာပဲ ကျွန်တော်ဟာ ပေါ်လီ့ကို အဆက်အသွယ်လုပ်လိုက်တယ်။ အစမ်းသဘောပေါ့လေ။ ကျွန်တော်လိုချင်တဲ့ အဆင့်ရောက်အောင် သူ့ရဲစိတ်ကို ဘယ်လို ပွဲသွင်းရမလဲဆိုတာ တီးခေါက် လေ့လာကြည့်ဖို့ပါ။ ကျွန်တော် သူမကို ညနေစာ ကျွေးခဲ့တယ်။

“ခစ် . . တော်တော်အရသာရှိတဲ့ ညနေစာပါပဲ”

စားသောက်ဆိုင်က ထွက်လာပြီးတော့ သူမကပြောတယ်။ ကျွန်တော်တို့ ရုပ်ရှင်လည်း ကြည့်ကြတယ်။

“ခစ် . . တော်တော်ရယ်ရတဲ့ ရုပ်ရှင်ပဲ”

ရုပ်ရှင်ရုံက ထွက်လာတော့ သူမက ပြောတယ်။ သူမကို ကျွန်တော် အိမ်ပြန်ပို့ပေးလိုက်တယ်။

“ခစ် . . ရင်ထဲမှာ ပျော်ရတဲ့ အချိန်တွေပဲနော်”

သူမက ကျွန်တော့်ကို အဲ့ဒီလို နှုတ်ဆက်ပါတယ်။

စိတ်နှလုံး လေးလံစွာနဲ့ပဲ ကျွန်တော် အခန်းကို ပြန်ခဲ့တယ်။ သူမကို ရုပ်သွင်းရမှာဒီလောက် မခက်ခဲဘူးလို့ ကျွန်တော်ထင်ခဲ့မိတယ်။ ကြောက်စရာကောင်းလောက်အောင် အသိပညာ ချို့တဲ့လွန်းလှချည်ရဲ့။ အသိပညာအကြောင်း ပြောပြရုံနဲ့ လုံလောက်မှာမဟုတ်တော့ဘူး။ တွေးခေါ်တတ်အောင် အရင် သင်ပေးရတော့မယ်။ လုပ်ငန်းစဉ်ကတော့ ကြီးမားလာတော့တာပါပဲ။ သူမက ပတ်တီ့ဆီပြန်အပ်ဖို့တောင် ကျွန်တော် စဉ်းစားမိသေးတယ်။ ဒါပေမဲ့ သူ့ရဲ့ ညှို့ယူနိုင်စွမ်းတဲ့ ခန္ဓာအလှရယ်။ ဇွန်းခရင်ကိုင်တွယ်တဲ့ သူမရဲ့ လက်ချောင်းကလေးတွေရယ် ပြန်မြင်ယောင်ပြီး ထပ်ကြိုးစားဖို့ ဆုံးဖြတ်လိုက်တယ်။

စနစ်တကျ ကျွန်တော် ကိုင်ကွယ်ရမှာပါပဲ။ ယုတ္တိဗေဒကို စာသင်ပေးရမယ်။ ဥပဒေကျောင်းသားတစ်ယောက် အနေနဲ့ ကျွန်တော်ဟာ ယုတ္တိဗေဒကို လက်ဖျားမှာ တင်ကစားနိုင်လောက်အောင် ကျွမ်းကျင်ပါတယ်။

“ပေါ်လီ”

နောက်တစ်ကြိမ်တွေ့ဖြစ်ကြချိန်မှာ ကျွန်တော်ဟာ ပြောလိုက်တယ်။

“တို့ တစ်နေရာသွားပြီး အေးအေးဆေးဆေး စကားပြောရအောင်”

“အိုး . . လိုက်တာပေါ့”

ဒီကောင်မလေးနဲ့ ပတ်သက်ပြီး ပြောစရာတစ်ခုတော့ ရှိတယ်။ သူမလို သဘောကောင်းတဲ့ မိန်းကလေးမျိုး ကျွန်တော် နောက်တစ်ယောက်တွေ့ဖို့ မလွယ်ဘူးဆိုတာပဲ။

ဝက်သစ်ချပင်အိုကြီး တစ်ပင်အောက်မှာ ကျွန်တော်တို့ ထိုင်လိုက်ကြတယ်။ သူမက ကျွန်တော့်ကို မျှော်လင့်တကြီးနဲ့ ကြည့်တယ်။ မေးတယ်။

“ဘာအကြောင်း ပြောကြမှာလဲ”

“ယုတ္တိဗေဒ”

တစ်မိနစ်လောက် သူမ စဉ်းစားသေးတယ်။ လက်ခံချင်ပုံ ရပါတယ်။

“ကောင်းလှချည်လား”

လည်ချောင်းကိုရှင်းရင်း ကျွန်တော် ပြောလိုက်တယ်။

ယုတ္တိဗေဒဆိုတာ သိပ္ပံနည်းကျ တွေးခေါ်မှုပဲ၊ မှန်ကန်တဲ့ တွေးခေါ်မှုမျိုးကို မလုပ်နိုင်ခင်မှာ မှားယွင်းတဲ့တွေးခေါ်မှုမျိုးကို အရင် သင်ထားရမယ်။ ဒီညနေ တို့ စ လိုက်ကြတာပေါ့”

“အိုး . . ဟိုး . . ဟိုး . . ”

သူမက ဝမ်းသာအားရနဲ့ လက်ခုပ်လက်ဝါးတီးတယ်။ ကျွန်တော် တွန့်သွားမိတယ်။ ဒါပေမယ့် ရဲရဲရင့်ရင့်ပဲ ဆက်လုပ်ရပါတယ်။

“ပထမဆုံး ကိုယ်တို့ ဆန်းစစ်ကြည့်ရမယ့်အမှားက ချွင်းချက်မထားမိတဲ့ အမှားမျိုးပေါ့ Dicto Simpliciter လို့ခေါ်တယ်”

“သူ့ အဓိပ္ပာယ်က . . ”

မျက်တောင်တွေ တဖျက်ဖျက်ခတ်ရင်း သူမက ဆက်ပြောဖို့ တိုက်တွန်းတယ်။

“မတူတာတွေကို တူသလို လုံးထွေးပြောမိတဲ့ အမှားမျိုးပေါ့၊ ဥပမာကွာ . . ကာယလေ့ကျင့်ခန်းလုပ်တာ ကောင်းပါတယ်။ အဲ့ဒါကြောင့် လူတိုင်း ကာယလေ့ကျင့်ခန်း လုပ်ရမယ်ဆိုပြီး ပြောရင် . . . ”

“သဘောတူတယ်”

သူမက အားတက်သရောပါပဲ။

“လေ့ကျင့်ခန်းလုပ်တာ ကောင်းတာပေါ့။ ခန္ဓာကိုယ် အတွက်ရော ကျန်တဲ့ နေရာတွေမှာရော”

ကျွန်တော်က နူးနူးညံ့ညံ့ ပြန်ပြောလိုက်တယ်။

“အဲ့ဒီအဆိုဟာ မှားတယ် ပေါ်လီ၊ လေ့ကျင့်ခန်းလုပ်ခြင်းသည် ကောင်းသည် ဆိုတဲ့ စကားဟာ ချွင်းချက်တွေကို လျစ်လျူရှုပြီး ခြုံပြောလိုက်တာပဲ။ ဘာဖြစ်လို့လဲဆိုရင် . . မင်းမှာ နှလုံးရောဂါ ရှိနေတယ်ဆိုပါစို့။ လေ့ကျင့်ခန်းလုပ်တာဟာ ဆိုးတယ်။ မကောင်းဘူး။ ဆရာဝန်ညွှန်ကြားချက်အတိုင်း အားလုံးလိုက်နာကြရမှာပဲ မဟုတ်လား။ ဆရာဝန်ကတော့ ကာယလေ့ကျင့်ခန်း မလုပ်ရဘူးလို့ ပြောမှာပဲ။ အဲ့ဒါကြောင့် လေ့ကျင့်ခန်းလုပ်ခြင်းသည် များသောအားဖြင့် ကောင်းသည်     ဆိုတာမျိုးပဲ ပြောလို့ရမယ်။ ဒီလိုမှမဟုတ်ရင်တော့ မင်းဟာ Dicto Simpliciter အမှားကို ကျူးလွန်တာပဲ။ နားလည်ရဲ့လား”

“ဟင့်အင်း”

သူမ ဝန်ခံပါတယ်။

“ဒါပေမဲ့ ကောင်းပါတယ်။ ပြောစမ်းပါဦး၊ ပြောဦး”

“မင်း ကိုယ့်အင်္ကျီလက်ကို ဆွဲမထားရင် ပိုကောင်းမယ် ပေါ်လီ”

ကျွန်တော့်အင်္ကျီလက်ကို ဆွဲမထားတော့ဘဲ သူမ လွှတ်ပေးလိုက်မှ ကျွန်တော့်စကားကို ဆက်ရတယ်။

“နောက်ထပ် လေ့လာရမယ့်အမှားကတော့ အလျင်စလိုအမှားပဲ။ သေသေချာချာနားထောင်။ မင်းလည်း ပြင်သစ်စာမတတ်ဘူး။ ကိုယ်လည်း ပြင်သစ်စာမတတ်ဘူး။ ပတ်တီလည်း ပြင်သစ်စာမတတ်ဘူး။ အဲ့ဒါကြောင့် ကိုယ်က မင်နီဆိုတာ တက္ကသိုလ်မှာ ပြင်သစ်စာတတ်တဲ့သူ မရှိဘူးလို့ ကောက်ချက်ဆွဲမယ်ဆိုပါစို့”

ပေါ်လီက အံ့အံ့သြသြပြောတယ်။

“တကယ်လား။ ဘယ်သူမှမရှိဘူး။ ဟုတ်လား”

ကိုယ့်စိတ်ကိုယ်ထိန်းပြီး ဆက်ပြောရတယ်။

“အဲ့ဒါ အမှားပဲ ပေါ်လီ။ ယေဘုယျပြုလိုက်တာ မြန်လွန်းတယ်။ အဲ့ဒီလို ကောက်ချက်ဆွဲဖို့ ဆိုတာက သက်သေပြချက် နည်းလွန်းနေတယ်။ Hasty Generalization ပဲ”

“ဒီပြင် အမှားတွေကိုရော သိသေးသလား . . ဟင်”

အသက်မရှုနိုင်ဘဲနဲ့ကို သူမ မေးပါတယ်။

“ပျော်စရာကောင်းတယ်။ က ရတာထက်တောင် ပျော်သေး”

စိတ်ပျက်လက်ပျက် လှိုင်းလုံးတွေကို ကျွန်တော် တွန်းလှန်နေရတယ်။ ဒီကောင်မလေးနဲ့တော့ ကျွန်တော် ဘယ်ဆီမှ ခရီးမပေါက်လှပါ။ လုံးဝ အချည်းနှီးပါပဲ။ မလုပ်ပြန်လျှင်လည်း ဘာမှဖြစ်လာမှာ မဟုတ်လို့ ကျွန်တော် ဆက်ကြိုးစားရပါတယ်။

“နောက်အမှားတစ်ခုကတော့ လက်ပံသားကို ဓားနဲ့ချိုင်တဲ့ အမှားပဲ။ Post Hoc လို့ခေါ်တယ်။ နားထောင်နော်။ တို့ဟာ ပစ်ကနစ်ထွက်ရင် ဘေးလ် ကို မခေါ်ကြဘူး။ သူ့ကို တို့နဲ့ ခေါ်လာတိုင်း မိုးရွာတယ်”

“အဲ့ဒီလိုမျိုး တစ်ယောက်ကို ပေါ်လီလည်း ကြုံဖူးတယ်။ သူ့နာမည်က ယူလာဘက်ကာတဲ့။ ပစ်ကနစ် ဆိုပြီးတော့တောင် သူ့ကို နာမည်ပြောင်းခေါ်ရတဲ့ အထိပဲ”

“ပေါ်လီ”

ကျွန်တော်က အသံစူးစူးနဲ့ . .

“အဲ့ဒါ မှားတယ်။ ယူလာဘတ်ကာဟာ မိုးရွာစေတဲ့ အကြောင်းတရားမဟုတ်ဘူး။ မိုးနဲ့သူနဲ့ အဆက်အစပ်မရှိဘူး။ ယူလာဘက်ကာကို အပြစ်တင်နေမယ်ဆိုရင် Post Hoc အမှားကို ကျူးလွန်တာပဲ”

“နောက်ကို မလုပ်တော့ပါဘူး”

သူမက နောင်တနဲ့ ကတိပေးတယ်။

“စိတ်ဆိုးသွားလားဟင်”

ကျွန်တော် သက်ပြင်းချမိတယ်။

“မဆိုးပါဘူး”

“နောက်ထပ်အမှားတွေကို ထပ်ပြောပြဦးနော်”

“ကောင်းပြီ . . ဒီတစ်ခါ ကိုယ့်ကျင်းကိုယ်တူးမိတဲ့ အမှားမျိုးကို ပြောပြမယ်။ Contraditory Premise လို့ ခေါ်တယ်”

“ပြောပါဦး”

သူမက ပျော်ရွှင်စွာ မျက်လုံးကလေး ပေကလပ်ပေကလပ်လုပ်ရင်း ဆိုသည်။ ကျွန်တော် မျက်မှောင်ကြုတ်မိတယ်။ ဒါပေမဲ့ ရှေ့ကို ဆက်တိုးရတာပါပဲ။

“Contracditory Premise နဲ့ ပတ်သက်ပြီး ဥပမာတစ်ခုကို ပြောမယ်။ ဘုရားသခင်ဟာ အရာအားလုံးကို ဖန်တီးနိုင်တယ်ဆိုရင် သူ မ,မနိုင်တဲ့ ကျောက်တုံးကို ဖန်တီးနိုင်မလား”

“ဖြစ်နိုင်တာပေါ့”

သူမက မဆိုင်းမတွ ပြန်ပြောတယ်။

“ဒါပေမဲ့ ဘုရားသခင်ဟာ ဘာမဆို လုပ်နိုင်တာပဲ။ အဲ့ဒီ ကျောက်တုံးကိုလည်း မ,နိုင်ရမှာပေါ့”

ကျွန်တော်က ထောက်ပြလိုက်တယ်။

“အိုး . . ”

သူမက တွေးတွေးဆဆနဲ့ . .

“အဲ့ဒါဆိုရင် ဒီကျောက်တုံးကြီးကို သူ ဘယ်လိုလုပ် နိုင်ပါ့မလဲ”

“ဒါပေမယ့် သူက အားလုံးကို လုပ်နိုင်တယ်လေ”

ကျွန်တော်က သူမကို သတိပေးရတယ်။

လှသလောက် ဘာမှလည်းမရှိတဲ့ သူမရဲ့ခေါင်းကို ပေါ်လီ ကုတ်ပါတော့တယ်။

“ရှုပ်ကုန်ပြီ” လို့ ဝန်ခံတယ်။

“ဒီလိုပဲဇြစ်မှာပဲ ပေါ်လီ။ အဆိုထဲမှာပါဝင်တဲ့ အချက်တွေဟာ သူ့ဖာသာ အတိုက်အခံဖြစ်နေတယ်။ တွန်းလှန်နိုင်တဲ့ “အား” ရှိတယ်ဆိုရင် မရွေ့ရှားနိုင်တဲ့ပစ္စည်း မရှိဘူး။ မရွေ့ရှားနိုင်တဲ့ပစ္စည်း ရှိတယ်ဆိုရင် တွန်းလှန်ခဲ့တဲ့ “အား” မရှိဘူး။ ဟုတ်တယ်နော်”

“အတော် ထိရောက်တာပဲ။ ပြောပါဦး”

စိတ်အားထက်ထက်သန်သန်နဲ့ သူမ ပြောလေရဲ့၊ ကျွန်တော်က နာရီနဲ့ညှိရတယ်။

“ဒီညအဖို့တော့ ဒီလောက်ပဲကောင်းမယ် ပေါ်လီ။ အခုမင်းကို အိမ်ပြန်ပို့ပေးမယ်။ ကိုယ့်ဖာသာကိုယ် ပြန်စဉ်းစားထား။ မနက်ဖြန်ညမှာ ကျန်တာတွေ ဆက်ဆွေးနွေးတာပေါ့”

သူမကို ကျွန်တော်ပြန်ပို့ပေးတဲ့အထိ သူမကတော့ အရမ်းပျော်ကြောင်း အသေအချာ ပြောနေတာပါပဲ။ ကျွန်တော်ကတော့ ကိုယ့်အခန်းကိုယ် စိတ်မကြည်မလင်နဲ့ ပြန်လာခဲ့ရတယ်။

ပတ်တီက အိပ်ရာပေါ်မှာ “ဟောက်” နေပြီ။ ရက်ကွန်းအင်္ကျီကြီးက သူ့ခြေရင်းမှာ သားရဲတိရစ္ဆာန်ကြီး တစ်ကောင်လို ချိတ်တွဲကျလို့။ သူ့ကိုနှိုးပြီး ပေါ်လီ့ကို ပြန်ယူဖို့ပြောရင် ကောင်းမလား။ ကျွန်တော် ခဏစဉ်းစားသေးတယ်။ ကျွန်တော့်စီမံကိန်းက ပျက်စီးတော့မယ်လေ။ ဒီကောင်မလေးရဲ့ခေါင်းက ယုတ္တိဗေဒကို “ကာ” ထားတာကိုး။

ဒါပေမယ့် ကျွန်တော်ပြန်စဉ်းစားပါတယ်။ တစ်ညနေကတော့ အလကားဖြစ်ခဲ့ရပြီ။ နောက်တစ်ညနေ ဆက်ဖြုန်းလိုက် သေးတာပေါ့။ ဘယ်သူသိမှာလဲ။ ပေါ်လီ အသိတရားထဲမှာ ပြာဖုံးနေတဲ့ မီးကျည်ခဲလေးတွေ ရှိရင်ရှိမှာပေါ့။ မီးတောက်ဖြစ်အောင် ယပ်ခပ်ပေးလို့ ရရင်ရနိုင်တယ်။ မျှော်လင့်ချက် သိပ်မရှိတာတော့ ကိုယ့်ကိုယ်ကို ဝန်ခံပါတယ်။ ဒါပေမယ့် နောက်တစ်ခါ ထပ်ကြိုးစားဖို့ ဆုံးဖြတ်လိုက်ပြန်တယ်။

ဝက်သစ်ချပင်ကြီးအောက်မှာ နောက်တစ်ညနေ ထိုင်ဖြစ်ကြပြန်တယ်။

“ပထမဆုံး စပြောမှာကတော့ အသနားခံတတ်တဲ့ အမှားပဲ။ Ad Misericordiam လို့ ခေါ်တယ်”

သူမဟာ ဝမ်းသာအားရနဲ့ တလွန့်လွန့်နဲ့ လုပ်နေတယ်။

“သေသေချာချာ နားထောင်။ အလုပ်လျှောက်တဲ့ လူတစ်ယောက်ရှိမယ်။ အလုပ်ရှင်က သူရဲ့အရည်အချင်းကို မေးမယ်။ သူကသူ့မှာ မိန်းမနဲ့ကလေး ခြောက်ယောက်ရှိတယ်။ သူ့မိန်းမက ခြေထောက်ကျိုးပြီး ကူမယ့်သူမရှိဘူး။ ကလေးတွေမှာလည်း ဝတ်စရာ၊ စားစရာမရှိဘူး။ စီးစရာ ဖိနပ်တောင် မရှိဘူး။ ဆောင်းဝင်လာတာလည်း သူတို့မီးဖိုမှာ မီးသွေးမရှိဘူး”

ပေါ်လီ့ရဲ့ ပန်းနုရောင်ပါးပြင်ဆီ မျက်ရည်တွေ လိမ့်ကျလာတယ်။

“အို . . တကယ့်ကို . . တကယ့်ကိုပါပဲလားကွယ်”

သူမ ရှိုက်ငိုနေတော့သည်။

“ဟုတ်တယ်။ တကယ့်ကို စိတ်မကောင်းစရာပဲ။ ဒါပေမယ့် သူလုပ်တာမှားတယ်။ အလုပ်ရှင်ကို သူ့အရည်အချင်းနဲ့ ပတ်သက်ပြီးတော့ပဲ ဖြေရမယ်။ အလုပ်ရှင် သနားအောင် လျှောက်ပြောနေရမှာ မဟုတ်ဘူး။ သူဟာ Ad Misericordiam အမှားကို ကျူးလွန်တယ်။ နားလည်လား”

“ကို့မှာ လက်ကိုင်ပဝါ ပါလား”

သူမက အီအီအာအာ ငိုနေဆဲ။

ကျွန်တော် လက်ကိုင်ပဝါ ထုတ်ပေးလိုက်တယ်။ သူမ မျက်ရည်သုတ်နေတော့ ကျွန်တော့်မှာ ငယ်သံပါအောင် အော်ပစ်လိုက်ချင်စိတ် ပေါက်နေတယ်။

“နောက်တစ်ခု”

လေသံကို ထိန်းချုပ်ရင်း ကျွန်တော် စကားစရတယ်။

“နှိုင်းယှဉ်ချက် မှားတာကို ပြောမယ်။ False Analogy လို့ ခေါ်တယ်။ ဥပမာ ဆိုကြပါစို့။ ကျောင်းသားတွေကို စာအုပ်ကြည့်ပြီး စာမေးပွဲဖြေခွင့် ပေးသင့်တယ်။ ဆရာဝန်တွေတောင် ဓာတ်မှန်ရိုက်ထားချက်ကို ကြည့်ပြီး အော်ပရေးရှင်း လုပ်ရတာပဲ။ ရှေ့နေတွေဟာလည်း စာအုပ်အထောက်အထားတွေနဲ့ ရုံးတော်မှာ လျှောက်လဲချက်ပေးရတယ်။ အိမ်ဆောက်တဲ့သူတွေကလည်း ပုံစံငယ်ရေးဆွဲထားတာကို ကြည့်ပြီး ဆောက်တယ်။ ကျောင်းသားတွေကလည်း စာမေးပွဲမှာ ဖတ်စာအုပ်တွေဖတ်ပြီး ဘာဖြစ်လို့ ဖြေခွင့်မရှိရမှာလဲ”

“အလာလာ . . ဒီလောက်ကောင်းတဲ့ စိတ်ကူးမျိုးကို တစ်ခါမှ မကြားခဲ့ရဖူးပါလား”

“အဲ့ဒီ အဆိုဟာမှားတယ် ပေါ်လီ။ ဆရာဝန်၊ ရှေ့နေနဲ့ အင်ဂျင်နီယာတွေဟာ သူတို့ သင်ကြားထားချက်တွေကို ပြန်အစစ်ဆေးခံနေတာ မဟုတ်ဘူး။ ကျောင်းသားတွေကတော့ အစစ်ဆေးခံကြရတာ။ အခြေအနေချင်း ခြားနားတယ်။ အဲ့ဒီ နှစ်ခုကို နှိုင်းယှဉ်ပြောလို့ မရဘူး”

ပေါ်လီက. .

“ခုထိတော့ အဲ့ဒီစိတ်ကူးကို ကောင်းတယ်လို့ ထင်တုန်းပဲ”

“ပေါက်ကရကွာ”

သူ့စကားကိုဖြတ်ပြီး ကျွန်တော့်အစီအစဉ်အတိုင်း တစ်ခုပြီးတစ်ခု ဆက်လုပ်ရတယ်။

“အခုတစ်ခါ . . ကောက်ချက် မှားယူတာကို ပြောပြမယ်။ Hypothesis Contrary to Fact လို့ ခေါ်တယ်”

“လန့်စရာ စကားလုံးကြီးပါလား”

ပေါ်လီက ပြန်ပြောတယ်။

“နားထောင် မဒမ်ကျူရီဟာ ဓာတ်ပုံပလိပ်ပြားနဲ့ ကျောက်မီးသွေး အဆီတုံးကလေးနဲ့ကို သူ့အံဆွဲထဲမှာ အတူမထားမိဘူးဆိုရင် ဒီနေ့ကမ္ဘာဟာ ရေဒီယမ်ကို သိခွင့်ရပါ့မလား”

“အမှန်ပဲ . . အမှန်ပဲ”

ပေါ်လီက ခေါင်းညိတ်ပြီး ပြောတယ်။

“ရုပ်ရှင်ထဲမှာ ကြည့်လိုက်ရတယ် မဟုတ်လား။ ဇာတ်လမ်းက အရမ်းဆွဲခေါ်တာပဲ။ ဝေါလ်တာ ပီဂျင်ကလည်း အိပ်မက်ဆန်လိုက်တာ။ ပေါ်လီတော့ “ကြွေ” သွားတယ်”

“ဝေါလ်တာပီဂျင်ကို မင်းမေ့ထားနိုင်မယ်ဆိုရင် ဒီ အဆိုရဲ့ အမှားကို ကိုယ်ထောက်ပြပေးမယ်။ မဒမ်ကျူရီဟာ တစ်ချိန်ချိန်မှာ ရေဒီယမ်ကို တွေ့သွားနိုင်တာပါပဲ။ သူမတွေ့ရင်လည်း တခြားပညာရှင်တစ်ယောက်ယောက်က တွေ့နိုင်တာပါပဲ။ ဖြစ်နိုင်ခြေတွေက အများကြီးရှိတယ်။ ဘာမဟုတ်တဲ့ အချက်ကလေးနဲ့ ကောက်ချက်ဆွဲယူလို့ မရဘူး။ မှားသွားလိမ့်မယ်”

“ဝေါလ်တာပီဂျင်က ဘာဖြစ်လို့ ရုပ်ရှင်ထပ်မရိုက်သလဲ မသိဘူးနော်။ စောင့်ကြည့်နေတာပဲ။ ထပ်မတွေ့ရတော့ဘူး”

တစ်ခါ ထပ်ခွင့်လွှတ်ဖို့ပဲ ကျွန်တော် ဆုံးဖြတ်ရပါတယ်။ တစ်ခါတည်းပါပဲ။ လူသားဖြစ်တဲ့အတွက် လူသားအလျောက်ပဲ ကျွန်တော် သည်းခံနိုင်လိမ့်မယ်။

“နောက်ထပ် တစ်ခုကတော့ ရေတွင်းထဲ အဆိပ်ခတ်တဲ့နည်းပဲ။ Poisoning the well လို့ ခေါ်တယ်”

”အလဲ့”

“လူနှစ်ယောက် စကားရည်လုကြမယ်ကွာ။ ပထမလူက ပြောမယ်။ သူ့ပြိုင်ဘက်ဟာ လူလိမ်လူညာတစ်ယောက်ပဲ။ သူပြောသမျှကို ဘာမှမယုံကြည်နဲ့လို့ ပြောသွားရင် မင်း သေသေချာချာ စဉ်းစားကြည့်စမ်း ဘာမှားသလဲ”

မျက်မှောင်ကလေး ကြုတ်ပြီး သူမ စဉ်းစားနေတယ်။ ကျွန်တော် စောင့်ကြည့်နေလိုက်တယ်။ ရုတ်တရက် အသိဥာဏ် ပွင့်လာတာကို ကျွန်တော် ပထမဦးဆုံး မြင်လိုက်လေရဲ့။

“မတရားဘူး”

စိတ်မာန်ပါပါ သူမ ပြောလေတယ်။

“ဒါ . . နည်းနည်းမှ မတရားဘူး။ ဒုတိယလူက ဘာမှတောင် မပြောရသေးဘဲ ပထမလူက သူ့ကို လူလိမ်လူညာလို့ ပြောနေတယ်”

“ဟုတ်ပြီ”

ကျွန်တော် မြူးပြီး အော်ထည့်လိုက်တယ်။

“လုံးဝမှန်သွားပြီ။ အဲ့ဒါ မတရားဘူး။ ပထမလူဟာ မသောက်ရသေးတဲ့ ရေကို အဆိပ်ကြိုခတ်သူပဲ။ ဘာမှမလုပ်ရသေးတဲ့ ဒုတိယလူကို အကောက်ကြံလိုက်တာပဲ။ မင်းအတွက် ငါ ဂုဏ်ယူပါတယ် ပေါ်လီ”

“အဟင်း . . ”

ပေါ်လီက ဝမ်းမြောက်ဝမ်းသာနဲ့ ရှက်သွေးဖြာသွားတယ်။

“မင်း မြင်တတ်လာပြီ။ ဘာခက်လို့လဲကွယ်။ စိတ်ကိုသာ စူးစိုက်မှုလုပ်ရမယ်။ တွေးပြီး စဉ်းစားရမယ်။ ပြီး တန်ဖိုးဖြတ်ရမယ်။ ကဲ . . ကိုယ်တို့ ဆွေးနွေးခဲ့သမျှတွေကို ပြန်နွှေးကြမယ်”

“လုပ်လိုက်လေ”

သူမရဲ့လက်ကို ဝှေ့ယမ်းပြီး ပြန်ပြောတယ်။

သူမဟာ ဦးနှောက်ကျပ်မပြည့်သူ မဟုတ်မှန်း ခုတော့ ကျွန်တော် သိလိုက်ရပြီ။ သင်ပြီးခဲ့သမျှကို တစ်ခေါက် ပြန်သင်ပေးလိုက်တယ်။ ထပ်,ထပ်ပြီး သင်ပေးလိုက်တယ်။ ချို့ယွင်းချက်တွေကို ထောက်ပြတယ်။ စနစ်တကျ နားလည်အောင် လုပ်ပေးတယ်။ လှိုဏ်ခေါင်းတစ်ခု တူးရသလိုမျိုးပဲ။ အစပိုင်းမှာတော့ အလုပ်ရယ်၊ ချွေးစက်ရယ်၊ အမှောင်ရယ်ပဲ။ အလင်းရောင် ဘယ်တော့မြင်ရပါ့မလဲ မသိဘူး။ မြင်ချင်မှလည်း မြင်ရမယ်။ ဒါပေမဲ့ ကျွန်တော် နောက်ပြန်မဆုတ်ခဲ့ဘူးလေ။ တူးတယ်၊ ဖော်တယ်၊ ဆွတယ်။ နောက်ဆုံးမှာ ကျွန်တော် အောင်မြင်သွားတယ်။ အလင်းပေါက်ကလေးကို စမြင်တယ်။ နောက်တော့ အလင်းပေါက်ကလေးက ကျယ်ပြန့်လာတယ်။ ပြီး နေရောင်ခြည်တွေဝင်လာပြီး အားလုံး လင်းသွားတယ်။

ငါးညတိုင်အောင် အားကုန်အင်ကုန် ကြိုးစားလိုက်ရတယ်။ ထိုင်သင့်သလိုတော့ အကျိုးဖြစ်ခဲ့တယ်။ ပေါ်လီ့ကို ယုတ္တိဗေဒပညာရှင်တစ်ယောက် ဖြစ်အောင် ကျွန်တော် လုပ်ပေးနိုင်ခဲ့ပြီ။ တွေးခေါ်မြော်မြင်တတ်အောင် သင်ပေးခဲ့ပြီ။ ကျွန်တော့်အလုပ်လည်း ပြီးဆုံးသွားပြီ။ နောက်ဆုံးမှာတော့ သူမဟာ ကျွန်တော်နဲ့ ထိုက်တန်သူဖြစ်လာခဲ့ပြီ။ သူမဟာ ကျွန်တော်ရဲ့ စည်းစိမ်ဥစ္စာကို ထိန်းသိမ်းဖို့သင့်တော်တဲ့ ဇနီးမယားကောင်း တစ်ယောက် ဖြစ်လာပြီ။ ထူးချွန်ထက်မြက်တဲ့ ကျွန်တော့်ကလေးတွေရဲ့မိခင် ဖြစ်ထိုက်ပြီ။

ဒီမိန်းကလေးကို ကျွန်တော် အချစ်ကင်းမဲ့တယ်လို့တော့ မထင်ကြစေချင်ဘူး။ ပြည့်စုံတဲ့မိန်းမတစ်ယောက်ကို တန်ဖိုးထား ချစ်တတ်သူလိုပေါ့။ သူမကို ကျွန်တော်ချစ်ပါတယ်။ နောက်တစ်ကြိမ်တွေ့ဆုံဖြစ်ကြရင် ပေါ်လီ့ကို ကျွန်တော့်ခံစားချက်တွေ ပြောဆိုကမ်းလှမ်းတော့မယ်လို့ စိတ်ပိုင်းဖြတ်ထားတယ်။ အဲ့ဒီ့အခါ သူမနဲ့ ကျွန်တော့်ရဲ့ဆက်ဆံရေးဟာ ပညာရေးအသွင်ကနေ မေတ္တာရေးအသွင်ကို ပြောင်းသွားလိမ့်မယ်။

“ပေါ်လီ”

ကျွန်တော်တို့ရဲ့ ဝက်သစ်ချပင်ကြီးအောက်မှာ နောက်တစ်ခါ ထိုင်မိကြချိန်ပေါ့။

“ဒီညတော့ ယုတ္တိဗေဒအမှားတွေ အကြောင်းကို ကိုယ်တို့ မဆွေးနွေးကြတော့ဘူး”

“ဟာ . . အာ”

သူမက စိတ်ပျက်သွားသလိုပဲ။ ကျွန်တော်က သူမကို အပြုံးဝင်းဝင်းနဲ့ပဲ . .

“တို့တွေ ငါးညလုံးလုံး အတူတူ အချိန်တွေဖြုန်းခဲ့ကြတယ်။ စည်စည်ဝေဝေပါပဲ။ ဒါကိုကြည့်ရင်း အဲ့ဒီသဘောကို မမြင်ရဘူးလား”

“ဒါ . . အလျင်စလို အမှားပဲ။ Hasty Generalization ပဲ”

သူမက ပါးပါးနပ်နပ် ပြန်ပြောတယ်။ “တောင်းပန်ပါတယ်ကွာ” လို့ ကျွန်တော်က ပြောလိုက်တယ်။

“ဒီ ငါးရက်ကလေးကိုကြည့်ပြီး ပြောလို့ ဘယ်ရပါ့မလဲ”

ကျွန်တော် ပါးစပ်မဖွင့်ဘဲရယ်မိတယ်။ ချစ်စရာကောင်းတဲ့ ဒီကောင်မလေးဟာ သင်ခန်းစာတွေကို ကျေညက်လွန်းလှတယ်။ ချော့မော့သည်းခံပြီး သူ့လက်ကို ချစ်ချစ်ကြင်ကြင် ပုတ်လိုက်တယ်။

“ငါးရက်ဆိုတာ အကြာကြီးပါ။ ကိတ်မုန့် ကောင်းမကောင်းပြောဖို့ ကိတ်မုန့်တစ်ခုလုံးကို ကုန်အောင်စားပြစရာ မလိုပါဘူး”

“ဒါ နှိုင်းယှဉ်ချက်လွဲချော်တာပဲ။ False Analogy ပဲ။ ပေါ်လီက ကိတ်မုန့်မဟုတ်ဘူး။ ပေါ်လီက မိန်းကလေးတစ်ယောက်လေ”

စိတ်မသက်မသာနဲ့ပဲ ကျွန်တော် ဆက်ရယ်နေမိတယ်။ ဒီကောင်မလေးဟာ အတတ်ကြူးနေတယ်။ နည်းပရိယာယ်ပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ အချစ်ကို ရိုးရိုးသားသား ပြောင်ပြောင်တင်းတင်း တည့်တည့်မတ်မတ် ဖွင့်ဆိုလိုက်တာက အကောင်းဆုံးပါပဲ။ အဲဒီအချိန်ကလေးမှာ ခဏငြိမ်သက်လိုက်ပြီး သူမကို ပြောဖို့အတွက် စကားလုံးတွေ ကျွန်တော် ရွေးနေလိုက်တယ်။

ပြီး . . စ,ပြောတယ်။

“ပေါ်လီ . . မင်းကို ကိုယ်ချစ်တယ်။ မင်းဟာ ငါ့ရဲ့လောကပဲ၊ ကြယ်တွေပဲ၊ လမင်းနဲ့အာကာသထဲက ကြယ်အစုအဝေးပဲ။ ကိုယ်တို့ ဟန်ချက်ညီညီ လက်တွဲကြပါစို့။ မင်းမရှိဘူးဆိုရင် ကိုယ့်ဘဝဟာ ဘာမှ အဓိပ္ပာယ်ရှိတော့မှာ မဟုတ်ဘူး။ ကိုယ် တတိတိနဲ့ သေမှာပဲ။ ဘာကိုမှလည်း စားနိုင်သောက်နိုင်မှာ မဟုတ်ဘူး။ မျက်လုံးဟောက်ပက်နဲ့ ကမ္ဘာကြီးအနှံ့မှာ တရွတ်တိုက်လျှောက်သွားနေမိတော့မှာပဲ”

ပြီး . . လက်ပိုက် စဉ်းစားလိုက်တယ်။ သူမ ဘယ်လိုများ နေမလဲ။

“ဒါဟာ အသနားခံတဲ့အမှားပဲ။ Ad Misericordiam ပဲ”

ကျွန်တော် သွားကိုကြိတ်လိုက်မိတယ်။ အခြေအနေဟာ ကျွန်တော်ထင်ထားသလို မဟုတ်ပါလား။ ခေါင်းကို အေးအေးထားလိုက်ပြီး . .

“ယုတ္တိအမှားတွေကို မင်း တော်တော်ကျွမ်းကျင်နေပါပေါ့လား ပေါ်လီ”

အားယူပြုံးပြီး ပြောရတာပေါ့။

“ဒီလောက်တော့ ရှိရမှာပေါ့”

သူမက ပိုင်ပိုင်နိုင်နိုင်ခေါင်းညိတ်ပြီး ပြောတယ်။

“မင်းကို ဘယ်သူသင်ပေးတာလဲ ပေါ်လီ”

“ကို သင်ပေးတာပေါ့”

“ဟုတ်တယ်။ မင်း ကိုယ့်ကို ကျေးဇူးဆပ်စရာ ရှိမနေဘူးလား။ ကိုယ်နဲ့သာ မနီးစပ်ခဲ့ရင် ဒီအကြောင်းတွေကို မင်း ကြားဖူးမှာတောင် မဟုတ်ဘူး”

“ဒါ . . ကောက်ချက်မှားယူတာပဲ Hypothesis Contrary to Fact ပဲ”

သူမဟာ ချက်ချင်းတုံ့ပြန်တယ်။ ကျွန်တော့်နဖူးက ချွေးတွေ ဒီးဒီးကျလာပြီ။ အသံအက်အက်နဲ့ပဲ . .

“ပေါ်လီ အားလုံးကို စာအုပ်ကြီးအတိုင်းတော့ လိုက်မတွက်နဲ့ပေါ့ကွယ်။ အဲ့ဒါတွေက ကျောင်းစာသင်ခန်းထဲမှာ ပြောရမယ့်ဟာတွေပဲ။ မင်းလည်း သိပါတယ်။ စာသင်ခန်းထဲမှာ သင်လာတာတွေက လက်တွေ့ဘဝမှာ မသက်ဆိုင်လှဘူး”

“ဒါ Dicto Simpliciter ပဲ။ ချွင်းချက်မထားတဲ့ အမှားပဲ”

သူမရဲ့လက်ညှိုးနဲ့ ကျွန်တော့်ကို “ကရော်” လုပ်ရင်းပြောတယ်။

ကျွန်တော် ခုထပြီး နွားသိုးတစ်ကောင်လို အော်လိုကိတယ်။

“ကိုယ့်ကို မင်းလက်ခံမလား၊ လက်မခံဘူးလားဆိုတာကိုသာ ပြောပါ ပေါ်လီ”

“လက်မခံနိုင်ဘူး”

“ဘာဖြစ်လို့လဲ”

“ဒီနေ့ခင်းကပဲ ပတ်တီရဲ့အချစ်ကို လက်ခံလိုက်ပြီ”

အဲ့ဒီစကားကြောင့် ကျွန်တော်ဟာ ရှက်အမ်းမူးမိုက်သွားတယ်။ ပတ်တီဟာ ကျွန်တော်နဲ့ အပေးအယူလုပ်ထားတယ်။ ကတိပေးထားတယ်။ လက်ဆွဲနှုတ်ဆက်ထားတယ်။

“ကြွက်စုတ်ကြွက်ပဲ့ကောင်။ ကြွက်ကျတဲ့ကောင်”

မြက်ခင်းကို ခြေနဲ့ဆောင့်ကန်ရင်း အော်လိုက်တယ်။

“မင်းသူ့ကို လက်မခံသင့်ဘူး ပေါ်လီ။ ဒီကောင်ဟာ လူလိမ်လူညာ၊ ကလိမ်ကကျစ်၊ ကြွက်လိုကောင်”

“ဒါ . . ရေတွင်းထဲ အဆိပ်ခတ်တာပဲ။ Poisoning the well ပဲ။ လျှောက်အော်မနေပါပဲ။ အော်တာဟာလည်း ယုတ္တိအမှားပဲထင်တယ်”

အားစိုက်ထုတ်မှု ကြီးမားစွာနဲ့ပဲ ကျွန်တော့်အသံကို ပြန်ထိန်းချုပ်လိုက်တယ်။

“ကောင်းပြီ . . ပေါ်လီ။ မင်းလည်း ယုတ္တိဗေဒကျွမ်းကျင်သူပဲ။ ယုတ္တိနည်းလမ်းတကျ ဆင်ခြင်စမ်း။ ငါ့ကိုကျော်ပြီး ပတ်တီ့ကို မင်းက ဘာလို့ ရွေးရတာလဲ။ ငါ့ကိုကြည့်စမ်း။ ငါဟာ ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတစ်ယောက်။ ဥာဏ်ပညာကြီးမားတဲ့လူ။ အနာဂတ်အတွက် အလားအလာကောင်းတယ်။ ပတ်တီ့ကို ကြည့်စမ်း။ လဒူကောင်၊ တေလေဂျပိုး။ ကျောင်းကထွက်ပြီးရင် ထမင်းတောင် နပ်မှန်အောင် စားရမယ့်ကောင်မဟုတ်ဘူး။ မင်း ပတ်တီ့ကို ဘာကြောင့် ရွေးချယ်တယ်ဆိုတာ ငါ့ကို ယုတ္တိဗေဒနည်းကျတဲ့ အကြောင်းပြချက်တစ်ခုလောက် ပေးစမ်းပါဦး”

“သေသေချာချာ ပေးနိုင်တာပေါ့”

သူမက ကြေငြာလိုက်တယ်။

“သူ့မှာ ရက်ကွန်းအင်္ကျီကြီးတစ်ထည် ရှိတယ်ရှင့်”

တာရာမင်းဝေ
(Love is a Fallacy by Max Schulmam ကို ပြန်ဆိုပါသည်။)

1 comment:

စိုးလဲ့ said...

တခြားလူတစ်ယောက် ဘာသာပြန်တာလဲဖတ်ဖူးသား..