Tuesday, August 3, 2010

ဘောပင်ကလေး

ကျွန်တော့်၏ ဘောပင်တစ်ချောင်း ယနေ့ထူးဆန်းစွာ ပျောက်ဆုံးသွားပါသည်။ ထူးဆန်းစွာဟု ဆိုရခြင်းမှာ ထိုဘောပင် ပျောက်ဆုံးသွားရသည့် အကြောင်းရင်းကို ကျွန်တော် မသိ၍ဖြစ်ပါသည်။ ယနေ့ မနက်အထိ ကျွန်တော် အသုံးပြုခဲ့သော ဘောပင်သည် ကျွန်တော် အိပ်ယာမှ ထလာသည့်အခါတွင် ပျောက်ဆုံးနေသည်ကို တွေ့ရှိရပါသည်။ ကျွန်တော် တွေ့ရှိရသည်မှာ ပျောက်ဆုံးသွားသော ဘောပင်မဟုတ်ပါ။ ကျွန်တော့် ဘောပင်၏ ပျောက်ဆုံးနေသည့်အဖြစ်ကို ကျွန်တော့် တွေ့ရှိရခြင်းသာ ဖြစ်ပါသည်။ ဘောပင်ကလေးကို မအိပ်မီက ကျွန်တော် စာကြည့်စားပွဲပေါ်တွင် အရင်နေ့ အရင်အချိန်များကဲ့သို့ပင် တင်ထားခဲ့သော်လည်း ကျွန်တော် နိုးထလာသောအခါတွင် ထိုဘောပင်ကလေး စာကြည့်စားပွဲပေါ်တွင် မရှိတော့ခြင်း ဖြစ်ပါသည်။ မည်သို့ မည်ပုံ ပျောက်ဆုံးသွားသည်ကို ကျွန်တော် အိပ်နေသဖြင့် မသိလိုက်ပါ။ ထို့အပြင် ပျောက်ဆုံးသွားသည် ဆိုသည့် စကားတွင် မသိခြင်းဆိုသည့် အဓိပ္ပာယ်တစ်ချို့တစ်ဝက် ပါဝင်နေသဖြင့် ကျွန်တော် မအိပ်နေသော်လည်း ကျွန်တော် သိမည်မဟုတ်ကြောင်းကို ကျွန်တော်သိပါသည်။

ဘောပင်ကလေး ပျောက်ဆုံးသွားရသည့် အကြောင်းရင်းကို ကျွန်တော်မသိပါ။ ထို့အပြင် အရာဝတ္ထုတစ်ခု၏ ပျောက်ဆုံးခြင်းတွင် ရည်ရွယ်ရင်း အကြောင်းအချက် တစ်စုံတစ်ရာရှိမည်ဟု မည်သူကမျှ ကျွန်တော်မကြားဖူးကြောင်း ဝန်ခံပါသည်။ ကျွန်တော်၏ ဘောပင်ကလေး ပျောက်ဆုံးသွားခြင်းတွင် အကြောင်းရင်း တစ်စုံတစ်ရာ ရှိမည်ဆိုလျှင်တောင် ကျွန်တော် မသိနိုင်တော့ပါ။ အဘယ်ကြောင့်ဆိုသော် ထိုဘောပင်ကလေးနှင့် ပတ်သက်၍ ကျွန်တော်၏ သိမှုထဲတွင် နောက်ဆုံးသတင်းအချက်အလက်တစ်ခုမှာ ထိုဘောပင်ကလေး၏ ပျောက်ဆုံးနေခြင်း ဖြစ်သောကြောင့် ဖြစ်ပါသည်။ ဘောပင်ကလေးနှင့်ပတ်သက်၍ ကျွန်တော့်တွင် နောက်ထပ် သိမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ရန် မရှိတော့ပါ။ ကျွန်တော်၏ သိခြင်းနယ်ပယ်ထဲတွင် ဘောပင်ကလေး၏ ပျောက်ဆုံးသွားခြင်းက နောက်ဆုံးပိတ် သတင်းတစ်ခုဖြစ်ပါသည်။


မနက်ပိုင်း ကျွန်တော်မအိပ်မီအချိန်အထိ ဘောပင်ကလေးသည့် ကျွန်တော်၏ ပိုင်ဆိုင်မှုတစ်ခု ဖြစ်နေခဲ့ပါသည်။ သို့သော် ကျွန်တော် အိပ်စက်ပြီး ပြန်လည်နိုးထလာသောနောက်တွင် စာကြည့်စားပွဲပေါ်၌ ဘောပင်ကလေး မရှိတော့ပါ။ ကျွန်တော်၏ ပိုင်ဆိုင်မှုတစ်ခုအဖြစ်မှ ရုပ်သိမ်းခြင်း ခံလိုက်ပါရပြီ။ ဘောပင်ကလေးနှင့် ကျွန်တော် ပတ်သက်ခဲ့သမျှသည် ယနေ့မနက် ကျွန်တော်၏ မအိပ်စက်မီ အချိန်ကာလတစ်ခုအထိသာ တည်ပါသည်။ မအိပ်စက်မီကျွန်တော် နှင့် အိပ်စက်ပြီးသည့်နောက်ကျွန်တော် တို့၏ ခြားနားခြင်းမှာ အနည်းဆုံးတော့ ဘောပင်တစ်ချောင်းအား ပိုင်ဆိုင်မှု ဖြစ်ကြောင်းဖြစ်ပါလိမ့်မည်။ မအိပ်စက်မီက ရှိခဲ့သော ဘောပင်ကလေးသည် ယခု မရှိတော့ပါ။ ကျွန်တော့် မှတ်ဥာဏ်၏ အစိတ်အပိုင်း တစ်ခုအဖြစ်မျှသာ ကျန်ပါတော့သည်။ အချိန်အတိုင်းအတာတစ်ခု ကုန်လွန်ပြီးသည့်နောက်တွင် ဘောပင်ကလေးသည် ကျွန်တော့် မှတ်ဥာဏ်ထဲတွင်တောင် ကျန်တော့မည်မဟုတ်ပါ။ ဘောပင်ကလေး၏ ရှိခြင်း၊ မရှိခြင်းတို့သည် ကျွန်တော် အိပ်စက်လိုက်သော အချိန်ကာလ၏ ပိုင်းခြားမှုတွင် ဖြစ်ပေါ်သွားပါသည်။

နောက်ဆုံးအနေနှင့် ကျွန်တော်မအိပ်စက်ခင် ဘောပင်ကလေးကို ဖတ်လက်စ စာအုပ်၏ ဘေးတွင် ကျွန်တော် ချထားခဲ့ပါသည်။ ထိုအချိန် မတိုင်မီက ဘောပင်ကလေးသည် ကျွန်တော်၏ လက်ထဲတွင် စာအုပ်ထဲရှိ စာများကို မျဉ်းသားရန်နှင့် မှတ်စုအချို့ရေးရန် အသုံးချခြင်း ခံခဲ့ရပါသည်။ ဘောပင်ကလေး မည်သို့ ပျောက်ဆုံးသွားရသည်ကို ကျွန်တော် မသိပါ။ တစ်စုံတစ်ယောက် ယူသွား၍သော်လည်းကောင်း၊ တစ်နေရာရာသို့ ပြုတ်ကျနေခြင်းသော်လည်းကောင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ယခု ကျွန်တော့်မှာ ဘောပင်ကလေး မရှိတော့ပါ။ ဘောပင်ကလေးသည် ရှိခြင်းမှ ကျွန်တော်၏ သိခြင်းအဖြစ်သို့ အလိုလို ရွေ့လျောသွားခဲ့ပါသည်။ ဘောပင်ကလေး ကျွန်တော့်ထံတွင် ရှိနေခြင်း၏ ရည်ရွယ်ချက်မှာ မျဉ်းသားရန်၊ မှတ်စုရေးရန်ဖြစ်သော်လည်း သူ၏ ပျောက်ဆုံးသွားခြင်း၏ ရည်ရွယ်ချက် အကြောင်းရင်းကို ကျွန်တော်မသိပါ။ ရည်ရွယ်ချက် အကြောင်းရင်း မရှိသည်မှာ ဖြစ်နိုင်သော်လည်း သူ၏ ပျောက်ဆုံးသွားခြင်းတွင် ရည်ရွယ်ချက် အကြောင်းရင်း တစ်စုံတစ်ရာ မရှိပါဟု မည်သူမျှ မငြင်းနိုင်ပါ။

2 comments:

Notes on Web of My Pieces said...

ဖောင်တိန်ကလေး

Notes on Web of My Pieces said...

ဖောင်တိန်ကလေး