Friday, August 20, 2010

ချစ်ခြင်း၊ မုန်းခြင်းနှင့် အရက်ဆိုင်မှ ပြန်သောည

အရက်ဆိုင်မှာ သူငယ်ချင်းက အသဲကွဲပြီး ခံစားနေရတာ မြင်ရတော့ စိတ်မကောင်းဘူး။ သူ့ကို ကြည့်ရတာတော့ အမှန်အကန် ကြေကွဲနေတဲ့ ပုံပဲ။ သူ့ရဲ့ အလွန်အရေးပါတဲ့ အရာတစ်ခု ဆုံးရှုံးသွားတဲ့ ခံစားမှုပဲ။ ကိုယ်တိုင်လည်း ခံစားခဲ့ဖူးတော့ နားလည်မိတယ်။ ပြီးတော့ သူနဲ့က ငယ်ပေါင်းတွေ။ တစ်ယောက်နဲ့ ပြတ်လိုက်၊ အသဲကွဲလိုက်၊ နောက်တစ်ယောက် ရလိုက်နဲ့ မထူးဆန်းတော့ဘူး။ ဒါကြောင့် ကျွန်တော်လည်း ဘာမှ သိပ်မပြောပဲ အင်းလိုက်နေတယ်။ အသဲကွဲတဲ့လူကို စကားပြောရတာလည်း အတိမ်းအစောင်းမခံဘူး။ သူက လိုရာဆွဲတွေးပြီး စွတ်စွတ် ခံစားပစ်လိုက်တတ်တာ။ ဒီတော့လည်း တစ်ခွက်ပြီးတစ်ခွက် သောက်လိုက်၊ အမြည်းစားလိုက်နဲ့ သူပြောတာကိုပဲ လိုက်နားထောင်နေလိုက်မိတယ်။

အိမ်ပြန်ရောက်တော့ မအိပ်ခင်ပြန်ပြီး စဉ်းစားနေမိတယ်။ ကျွန်တော့် သူငယ်ချင်းကို ကြည့်ရတာတော့ အတော်ကလေး ခံစားနေရတဲ့ပုံပဲ။ အင်းပေါ့။ သူ့အတွက် အရေးကြီးတဲ့အရာတစ်ခု ဆုံးရှုံးလိုက်ရတာကိုး။ ဆက်တွေးကြည့်မိတယ်။ လူတွေမှာ ချစ်ခြင်း၊ မုန်းခြင်းဟာ အရေးပါသလား။ ဘယ်လောက်ထိ အရေးပါနေသလဲ။ ကျွန်တော်လည်း အရင်က အသဲကွဲ ခံစားခဲ့တာပဲ။ အဲဒီတုန်းကတော့ ကိုယ့်အတွက် အတော်အရေးပါခဲ့တယ်။ အရေးအကြီးဆုံးအရာတစ်ခုလို့တောင် ပြောလို့ရမယ်ထင်ရဲ့။ လူတစ်ယောက်ကို ချစ်ခြင်း၊ လူတစ်ယောက်ရဲ့ အချစ်ကိုခံရခြင်းတို့ဟာ ဘဝပျော်ရွှင်မှုကို အဆုံးအဖြတ်ပေးနေသလိုပဲ။


ကိစ္စပေါင်းစုံလဲ ကြားဖူးတယ်။ ရည်းစားနဲ့ ပြတ်လို့ ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့လူ၊ အလုပ်ပျက် အကိုင်ပျက် ဖြစ်တဲ့လူ။ အဲ့လိုကိစ္စတွေ အများကြီး ကြားဖူးတယ်။ ကြည့်ရတာ လူ့အဖွဲ့အစည်းမှာ ချစ်ခြင်းမေတ္တာဟာ အရေးအပါဆုံး ပစ္စည်းတစ်ခု ဖြစ်နေသလိုပဲ။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ စာတွေ၊ ဝတ္ထုတွေ၊ ဆောင်းပါးတွေ၊ ဘလော့ဂ်တွေလည်း အများကြီး ဖတ်ဖူးတယ်။ ဒါတင်မကဘူး။ အဲ့ဒီစာတွေ၊ ဝတ္ထုတွေ၊ ဆောင်းပါးတွေ၊ ဘလော့ဂ်တွေဟာ ချစ်ခြင်းမေတ္တာရဲ့ အရေးပါပုံကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ဖော်ပြနေသလိုပဲ။ ချစ်ခြင်းမေတ္တာ မရှိရင် လူ့အဖွဲ့အစည်းတစ်ခုလုံး ပြိုကျ ပျက်စီးသွားတော့မယ်၊ တိုးတက်မှုတွေ ရပ်ဆိုင်းသွားတော့မယ်လို့ ပြောနေကြသလိုပဲ။

လူတစ်ယောက်ကို ချစ်ခြင်း၊ မုန်းခြင်းဟာ အဲ့လောက်တောင် အရေးပါနေသလား။ ချစ်ခြင်း၊ မုန်းခြင်း မရှိဘဲနဲ့ လူတစ်ယောက် ဖြစ်တည်လို့ မရဘူးလား။ တကယ်တော့ ချစ်ခြင်း၊ မုန်းခြင်းစတဲ့ စိတ်ခံစားမှု သို့မဟုတ် စိတ်ရဲ့ ဘက်လိုက်မှုတွေဟာ ဆင်ခြင်တုံတရားရဲ့ ပြင်ပက အရာတွေပဲ။ လူတစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်၊ မုန်းမုန်း တွေ့ဆုံ့ဆက်ဆံနေကြရမှာပဲ မဟုတ်လား။ ချစ်ခြင်း၊ မုန်းခြင်းမရှိတဲ့ လူတစ်ယောက်ကို လူမဆန်တဲ့လူအဖြစ် သတ်မှတ်နိုင်သလား။ ကမူးရဲ့ စည်းအပြင်ကလူ ဝတ္ထုထဲက မာဆိုးလိုမျိုး ဇာတ်ကောင်စရိုက်ကို လူ့အသိုင်းအဝိုင်းက လက်မခံနိုင်ဘူးလား။ အများကြီး စဉ်းစားမိရာက မနေနိုင်တော့လို့ အခုလို ထိုင်ရေးနေတာပဲ။

ခုနောက်ပိုင်း ချစ်ခြင်းမေတ္တာကို အသားပေး ဖော်ပြထားတဲ့ ရုပ်ရှင်တွေ၊ ဝတ္ထုတွေ ကြည့်ရ (ဖတ်ရ) တာ သဘောမကျတော့ဘူး။ သူတို့ကို ကြည့်ရတာ ဘာမှ အရေးမကြီးတဲ့ ကိစ္စလေးအတွက်နဲ့ သောကတွေ ရောက်နေကြရသလိုပဲ။ ကျွန်တော် အရင်က ချစ်ရလို့ ကျေနပ်တာ၊ အချစ်ခံရလို့ ဝမ်းသာတာ၊ အချစ်မခံရလို့ စိတ်ညစ်တာ စတဲ့ ခံစားမှုပေါင်းများစွာနဲ့ လူဖြစ်နေခဲ့တာပဲ။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ ကိုယ့်အတွက် ချစ်ခြင်း၊ မုန်းခြင်းတွေက အရေးမပါတော့ဘူးလို့ မြင်လာတယ်။ အရင်လို စိတ်ခံစားမှုတွေလည်း နည်းလာတယ်။ ချစ်ခြင်း၊ မုန်းခြင်း စတဲ့ စိတ်ခံစားချက်တွေကို ဘေးဖယ်ထားလိုက်တဲ့အခါမှာ (ဆိုင်လားတော့မသိဘူး) ကိုယ့်ကိုယ်ကို ပိုပြီး ဆန်းစစ်တတ်လာတယ်။ ရည်ရွယ်ချက်၊ အကြောင်းပြချက်တွေကို ပိုပြီး သိလာတယ်။ စိတ်ခံစားမှု သို့မဟုတ် စိတ်အလိုလိုက်မှုကို ဖယ်ထားလိုက်တဲ့အတွက် ဒီကိစ္စကို ဘာကြောင့်လုပ်တယ်၊ ဒီလူနဲ့ ဘာကြောင့် ဆက်ဆံနေရတယ် စတဲ့ ရည်ရွယ်ချက်တွေကို ပိုပြီး ရှင်းရှင်းလင်းလင်း သိလာတယ်။ အရင်ကလို ချစ်လို့၊ မုန်းလို့ စတဲ့ အကြောင်းပြချက်တွေ မရှိတော့ဘူး။

3 comments:

ဇောင်းလူ said...

အချစ်ဆိုတာက မူးရင် ရစ်တဲ့ ဆေးဝါး
အချစ်ဆိုတာက (ဆောက်ပဲ)(သောက်ပဲ)
အချစ်ဆိုတာက လိင်အသားပေးမှု
အတ္တ နဲ့ ခံစားချက်ကိုဖယ်ထားရင် အဲ့ဒါတွေ
အဝေးဆုံးမှာ ကောင်းကောင်းနေနိုင်တယ်။
ဒီပို့ စ်ကိုလည်း ကြိုက်တယ်....။
http://laypyaypoem.blogspot.com/
(လေပြေ)

kookaburra said...

ဒါပေမဲ့လည်း အချစ်ကို တစ်ကြိမ်လောက်ဖြစ်ဖြစ် ခံစားဖူးကြည့်ချင်ပါသည်။

Anonymous said...

လူ့ ဘဝမှာက ကံကောင်းဆုံးလူသားသာ အချစ်ကိုထိတွေ့ ခံစားခွင့်ရတယ်လို့ ပြောကြတယ် .... (အချစ်စစ်အချစ်မှန်နော်)