Tuesday, August 3, 2010

ဂျက်လန်ဒန် (Jack London)

ဂျက်လန်ဒန် (အမည်ရင်း - John Graffith London) ကို ၁၈၇၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့၌ မွေးဖွားသည်။ လန်ဒန် ရှစ်လသား အရွယ်တွင် မိခင်က ဂျွန်လန်ဒန်ဆိုသူနှင့် အိမ်ထောင်သစ်ထူပြီး ဈေးလမ်းတောင်ဘက်ရှိ အလုပ်သမားရပ်ကွက်တစ်ခုသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ လန်ဒန်တစ်ယောက် လူ့လောကသို့ စတင်ဝင်ရောက်သည့်နှစ်တွင် စီးပွားရေးကပ်ဆိုက်ရောက်နေသဖြင့် ထောင်ပေါင်းများစွာသော အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ကြရသည်။ လုပ်ခလစာတွေ လေးဆယ်မှ ခြောက်ဆယ်ရာခိုင်နှုန်းအထိ လျှော့ချခြင်းခံကြရသည်။ တနိုင်ငံလုံးရှိ အလုပ်သမားတွေမှာ အိုးမဲ့အိမ်မဲ့၊ အလုပ်လက်မဲ့ဖြစ်ကာ တွေ့ရာကျဖမ်းအလုပ်များ လုပ်နေကြရသည်။

စီးပွားပျက်ကပ်၊ အလုပ်လက်မဲ့ကပ်ကြီးက လန်ဒန်တို့မိသားစုကိုလည်း အလွတ်မပေးပါ။ ထို့ကြောင့် လန်ဒန်သည် ငါးနှစ်သားအရွယ်အထိ အလုပ်အကိုင်ဟူ၍ အတည်တကျမရှိသော မိခင်နှင့်ဖခင်တို့ ရွှေ့ပြောင်းရာ နောက်သို့ တကောက်ကောက်လိုက်နေခဲ့ရသည်။ ထိုသို့ ရွှေ့ပြောင်းခဲ့ရသော အကြိမ်ပေါင်း ရှစ်ကြိမ်မျှရှိခဲ့ရာ လန်ဒန်အဖို့ ငယ်စဉ်တောင်ကျေး ကလေးဘဝကစ၍ ကစားဖော်ကစားဖက်ဟူ၍ပင် ကင်းမဲ့ခဲ့ရလေသည်။ ၁၈၈၀ ခုနှစ်တွင် သူ့မိဘက ဖွင့်ထားသော ကုန်စုံဆိုင်ကလေး အရှုံးဖြင့် ရင်ဆိုင်ရကာ ပိတ်လိုက်ရပြီးနောက် အယ်လာမေဒါတွင် ဧကနှစ်ဆယ်ရှိ တောင်ယာသွားလုပ်သည်။ ထိုမှတစ်ဖန် ဆန်မက်ကို၌ ခြံသွားလုပ်သည်။ လန်ဒန် ရှစ်နှစ်သားအရွယ်တွင် လီဗာဟိုးချိုင့်ဝှမ်းသို့ ရွှေ့ပြောင်းပြန်သည်။ ထိုအချိန်တွင် လန်ဒန် စာဖတ်ဝါသနာပါလာခဲ့ခြင်းဖြစ်သည်။ ဝါရှင်တန်အိုရဗင်၏ အယ်လ်ဟမ်ဘရာကို ကျောင်းဆရာတစ်ဦးက ငှားသဖြင့် ပထမဆုံး စမ်းဖတ်ကြည့်ရာက တွေ့သမျှ လက်လှမ်းမီသမျှ စာအုပ်တွေကို သူ ဖတ်လေတော့သည်။


သို့ရာတွင် ဖခင်က အလုပ်ပြုတ်ပြန်သဖြင့် လန်ဒန်အတွက် မိသားစု စားဝတ်နေရေးကို မလုပ်၍မဖြစ်တော့။ ထို့ကြောင့် နံနက်သုံးနာရီထကာ သတင်းစာပို့ရသည်။ ပြီးမှ ကျောင်းသွားသည်။ ကျောင်းချိန်ပြီးလျှင် ညနေ သတင်းစားတွေ လိုက်ပို့သည်။ အားလပ်ရက်များတွင် အထမ်းသမား ဝင်လုပ်သည်။ သူ ရသမျှပိုက်ဆံကို မိဘထံ အပ်သည်။ အသက် ဆယ့်သုံးနှစ်တွင် အုတ်ကလန်သဒ္ဒါကျောင်းမှ အောင်မြင်သည်။ (ဂရမ္မာကျောင်းဆိုသည်မှာ သဒ္ဒါကျောင်းသက်သက်ကို ဆိုလိုသည်မဟုတ်ပါ။ ကျောင်းသား၏ အရည်အသွေး / အရည်အချင်းကိုကြည့်ကာ လက်ရွေးစင်လက်ခံသော ကျောင်းဖြစ်ပါသည်။ လူတိုင်းလက်ခံသောကျောင်းမှာ Comprehensive school ဖြစ်သည်။) ကျောင်းဆင်းပွဲ၌ သမိုင်းဘာသာရပ်နှင့် စပ်လျဉ်း၍ မိန့်ခွန်းပြောရန် ရွေးချယ်ခံခဲ့ရသော်လည်း အဝတ်အစားကောင်းကောင်း မရှိသဖြင့် အခမ်းအနားသို့ မတက်ရောက်တော့ဘဲ သူ့ဒီပလိုမာကိုလည်း တက်မယူတော့။ ကျောင်းဆက် မတက်နိုင်တော့ဘဲ နေ့ရောညပါ သတင်းစာလှည့်ပို့ခြင်းအလုပ်နှင့် အခြား ရရာအလုပ်တွေလုပ်ကာ မိသားစုကို ထောက်ပံ့သည်။

ထို့နောက် တစ်နာရီ ဆယ်ဆင့်လုပ်ခဖြင့် အုတ်ကလန်အနောက်ပိုင်း စည်သွတ်စက်ရုံတွင် အလုပ်ဝင်လုပ်သည်။ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်မှုများက သူ့အား လမ်းစသစ်တွေကို ရှာဖွေစေခဲ့သည်။ အသက် ဆယ့်ငါးနှစ်တွင် ဒေါ်လာသုံးရာချေးငှားကာ ရွက်လှေအစုတ်တစ်စင်းဝယ်လျက် ဆန်ဖရန်စစ္စကို ပင်လယ်အော်အတွင်း ရှိရှိသမျှမွေးမြူထားသည့် ကနုကမာကောင်တွေကို ညစဉ် လိုက်လံလုယက်သည်။ အရက်အလွန်သောက်လာသည်။ အရက်မူးလွန်ကာ ပင်လယ်အော်အတွင်း သေလိုကသေစေတော့ဟု စိတ်ကူးလျက် တစ်ညလုံး ရေဆင်းကူးသည်။ ကိုတံငါတစ်ဦးက သတိလစ်နေသော လန်ဒန်ကို ကယ်တင်ခဲ့သည်။

နောင်တွင် ရဲအဖွဲ့က ငါးဖမ်းသမားများကို လှည့်လည် စစ်ဆေး စောင့်ကြပ်သူအဖြစ် သူ့ကို ခန့်သည်။ ဒဏ်တပ်၍ရသမျှကို သူ့အတွက် တစ်ဝက်ပေးသွားသည်။ ထိုအလုပ်တွင် တစ်နှစ်ကြာမျှ လန်ဒန် ဝင်လုပ်ပြန်သည်။ ၁၈၉၃ ခုနှစ်တွင် လန်ဒန်သည် သင်္ဘောတစ်စင်းတွင် သင်္ဘောသားအဖြစ် ကိုရီးယား၊ ဂျပန်နှင့် ဆိုက်ဘေးရီးယားသို့ တက်လိုက်ခဲ့သည်။ သင်္ဘောသားဘဝဖြင့် ပေပေတေတေ နေသည်။ ခုနစ်လအကြာတွင် အဝတ်အစားသစ် အမျိုးမျိုးဝယ်ဝတ်ကာ မိဘထံပြန်လာရာ ငတ်လုဆဲဆဲဖြစ်နေသော မိဘများ၏ ကြွေးမြီးတွေကို အကုန်ရှင်း၊ ကျန်သမျှပိုက်ဆံကို အမေ့ထံအပ်ကာ အလုပ် ထွက်ရှာပြန်သည်။ ဂျုံစက်တစ်စက်တွင် အလုပ်ရသည်။ တစ်နေ့ ဆယ်နာရီ လုပ်ရပြီး လုပ်ခမှာ တစ်ဒေါ်လာ ဖြစ်သည်။ ညဘက်အားလပ်ချိန်များ၌ သူ့အတွေ့အကြုံများကို ဝတ္ထုရေးလေ့ရှိသည်။

ယင်းနှစ် နိုဝင်ဘာလတွင် "ဆန်ဖရန်စစ္စကိုကောလ်" က လန်ဒန်အား ဝတ္ထုတိုအကောင်းဆုံးဆုအဖြစ် နှစ်ဆယ့်ငါးဒေါ်လာ ချီးမြှင့်ကြောင်း ကြေညာသည်။ သူ့ဝတ္ထုတိုနာမည်မှာ “ဂျပန်ကမ်းခြေအလွန် လေမုန်တိုင်းတစ်ခုအကြောင်း” ဖြစ်ပြီး ထိုစဉ်က အသက် ဆယ့်ခုနစ်နှစ်သာ ရှိသေးသည်။ လန်ဒန်သည် ဂျုံစက်မှထွက်လိုက်ကာ အုတ်ကလန်မီးရထားကုမ္ပဏီ၌ အလုပ်ဝင်လုပ်နေသည်။ တစ်နေ့ ဆယ့်သုံးနာရီ၊ တစ်လလျှင် နှစ်ဆယ့်ကိုးရက် လုပ်ရပြီး လုပ်ခမှာ တစ်လလျှင် ဒေါ်လာသုံးဆယ်ဖြစ်သည်။ သို့ရာတွင် ဤအလုပ်တွင် သူ မမြဲ။ သူ အလုပ်ဝင်လိုက်သည့်အတွက် အခြားအလုပ်သမားတစ်ဦး အလုပ်လက်မဲ့ဖြစ်သွားကာ သူ့ကိုယ်သူသတ်သေလိုက်သည့် သတင်းကို သူ ဖတ်မိသည်။ ထို့ကြောင့် အဆိုပါအလုပ်မှ သူ ထွက်လိုက်သည်။ ထိုအချိန်ကစ၍ လန်ဒန်သည် ခြေဦးတည့်ရာ လျှောက်သွားနေလေတော့သည်။

၁၈၉၂ ခုနှစ်တွင် အုတ်ကလန်ဆိုရှယ်လစ်လေဘာပါတီကို တည်ထောင်ရာ ထိုပါတီ၏အစည်းအဝေးများသို့ သွားတက်သည်။ ဆိုရှယ်လစ်ဝါဒကို စိတ်ဝင်စားလာသည်။ မကြာမီ ထိုပါတီသို့ ဝင်လိုက်သည်။ သတင်းစာများတွင် ဆောင်းပါး ကြိုကြားရေးသည်။ ဤသို့ဖြင့် ဘာကလေယူနီဗာစီတီ၏ ငါးဖမ်းလုပ်ငန်းဆိုင်ရာသင်တန်းသို့ တက်ရောက်သင်ကြားနိုင်သည်အထိ ကြိုးစားခဲ့သည်။ သို့သော် ဖခင်၏ ကျန်းမာရေးအခြေအနေ ဆိုးလာသဖြင့် ကျောင်းကထွက်ကာ အလုပ်ရှာရပြန်သည်။ ၁၈၉၇ ခုနှစ်တွင် အလစကာ၌ ရွှေတွင်းများတူးကြရာသို့ လန်ဒန်ထွက်သွားသည်။ ထိုနေရာတွင် တစ်နှစ်ကြာသော်လည်း ရွှေတစ်ရွေးသားမျှ မရ။ မကုန်ခန်းနိုင်သော အတွေ့အကြုံများစွာကိုသာ ရလာခဲ့သည်။ နောင်သောအခါ ဤအတွေ့အကြုံများက ဂျက်လန်ဒန်၏ ကမ္ဘာကျော်ဝတ္ထုတွေ ဖြစ်လာပါသည်။

အဆစ်အမြစ်ကိုက်ခဲသောရောဂါကြောင့် တော်တော်နှင့် မပြန်နိုင်။ သို့သော် ရောဂါသက်သာသည်နှင့် တပြိုင်နက် ၁၈၉၈ ခုနှစ်၊ ဇွန်လတွင် ယူကွန်မြစ်ရိုးအတိုင်း ဘာရင်ပင်လယ်ဆီသို့ မိုင် တစ်ထောင့်ကိုးရာခရီးကို လှေငယ်တစ်စင်းဖြင့် စုန်ဆင်းခဲ့သည်။ အိမ်ပြန်ရောက်သောအခါ ဖခင်ကွယ်လန်ခဲ့ပြီးဖြစ်ရာ မိသားစုတာဝန်ကို ထမ်းရွက်ရပြန်သည်။ အဝတ်လျှော်စက်တွင် ဝင်လုပ်သည်။ ပြတင်းများရေဆေးခြင်း၊ ကော်ဇောများဖုန်ခါပေးခြင်း စသည့် ကျပန်းအလုပ်တွေလုပ်သည်။ စာပို့သမား အလုပ်လျှောက်ထားရင်း ဝတ္ထုလေးဘာလေး စရေးသည်။ မဂ္ဂဇင်းအချို့တွင် သူရေးသောဝတ္ထုတိုများ ပါလာသည်။ တစ်လ ခြောက်ဆယ့်ငါးဒေါ်လာဖြင့် စာပို့တိုက်က ၁၈၉၉ ခုနှစ်တွင် အလုပ်ခန့်သောအခါ သူက ငြင်းပယ်လိုက်ပြီး စာဆက်ရေးသည်။ မဂ္ဂဇင်းတွေက သူ့ဝတ္ထုတိုတွေကို အတွဲလိုက် ဆက်လက်ဖော်ပြကြသည်။

၁၉၀၀ ခုနှစ်၊ ဇန်နဝါရီလတွင် ဘက်စီမက်ဒန်အမည်ရှိ အမျိုးသမီးနှင့် လက်ထပ်ပြီးနောက် သုံးနှစ်အကြာတွင် ဤမိန်းမနှင့် သမီးနှစ်ယောက်ကို စွန့်ပစ်ထားခဲ့သည်။ ၁၉၀၄ ခုနှစ်၊ ဇန်နဝါရီလတွင် ရပ်ရှားဂျပန်စစ်ပွဲသတင်းများ ရယူရေးအတွက် စစ်သတင်းထောက်အဖြစ် ယိုကိုဟားမားသို့ ထွက်ခွာလာခဲ့သည်။ ဂျပန်မှ ပြန်ရောက်သောအခါ ဘက်စီက ကွာရှင်းရန် အစီအစဉ်လုပ်နေခိုက် လန်ဒန်သည် ဂလင်အဲလင်ရွာတွင် မိခင်နှင့်အတူ နေထိုင်ခဲ့သည်။ ထို့နောက် ရှားမိန်းကတ်ထရစ်ဆိုသူ အမျိုးသမီးနှင့် လက်ထပ်သည် အမေရိကန်နှင့် အင်္ဂလန်ပြည်ရှိ တက္ကသိုလ်ကြီးများက လန်ဒန်အား လာရောက်ဟောပြောရန် ဖိတ်ကြားကြသည်။

ငယ်ရွယ်စဉ်က ပေပေတေတေနေခဲ့သော ဒဏ်ရာဒဏ်ခက်များက သူ့ကို ဖိစီးလာသည်။ ၁၉၁၅ တွင် သူနှင့် ရှားမိန်းတို့ ဟာဝိုင်အီကျွန်းသို့ ထွက်လာခဲ့ကြသည်။ နွေးထွေးသော နေရောင်က သူ့ရောဂါကို သက်သာစေမည်ဟု ထင်ခဲ့သည်။ အမေရိကန်ဆိုရှယ်လစ်ပါတီကိုလည်း “တိုက်ပွဲဝင်သတ္တိမရှိ၊ လူတန်းစားတိုက်ပွဲကို အလေးမထား” ဟု စိတ်အပျက်ကြီးပျက်ကာ ယင်းပါတီမှ နှုတ်ထွက်လိုက်လေသည်။ ထို့နောက် အသက် လေးဆယ်အရွယ် ၁၉၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် ကွယ်လွန်ခဲ့လေသည်။ The Call of the Wild (1903), The Sea-Wolf (1904), White Fang (1906), The Iron Heel (1908), Martin Eden (1909), John Barleycorn (1913), The Star Rover (1915) စသည်တို့မှာ ဂျက်လန်ဒန်၏ ထင်ရှားသော ဝတ္ထုများဖြစ်သည်။

No comments: