ဖျားနေတယ်။ အခုလိုဖျားနာနေတော့လည်း ကိုယ့်မှာ ခန္ဓာကြီးကို လွယ်ထားရလို့ ဒုက္ခဆိုတာ လိုက်လာတာပါလားဆိုပြီး သဘာဝတရားကြီးကိုတောင် အပြစ်ဖို့ချင်သေးရဲ့။ အမှန်ကတော့ ကိုယ့်ဘာသာ မဆင်မခြင် သောင်းကျန်းပြီး ဖြစ်တာပါ။ သောက်စားမူးယစ်တာတွေ များတော့လည်း ဘယ်ခံနိုင်တော့မလည်း။ အခုလို ဖျားတိုင်း နောက်ဆို ကျန်းမာအောင် နေတော့မယ်ဆိုတဲ့ စိတ်ကူးဝင်မိတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေရမှာလည်း ကြောက်သေးတာကိုး။ အို၊ နာ၊ သေ ဘေး ပြေးမလွတ်ဘူးလို့ ပြောကြတယ် မဟုတ်လား။ သေပြီး ပြီးတာပဲကွာလို့ ကိုယ်တွေ တွေးကြည့်ထားသလို မှန်နေရင်တော့ အကြောင်းမဟုတ်၊ (သေတယ်ဆိုတာကလည်း တွေးကြည့်လို့ပဲရတာမျိုး) အဘိဓမ္မာဆရာများ ပြောသလို နောက်ဘဝဆိုတာတွေ ရှိနေမှ အခက်။ မသကာ လက်ဖက်ရည်ဆိုင်အိမ်သာမှာ ပက်ကျိသွားဖြစ်နေ ဘယ့်နှယ့် လုပ်မတုန်း။ ဖျားတဲ့ နာတဲ့အချိန် အဲဒါတွေ တွေးကြည့်ပြီးတော့လည်း ပူမိတတ်သေးတယ်။ ဒီတော့လည်း ငါ နောက်ဆို ဆင်ခြင်မှဆိုတဲ့ အတွေးမျိုးက ဝင်လာပြန်ရော။
ဆင်ခြင်တယ်ဆိုလို့ နောက်ဘဝ ပက်ကျိဖြစ်မယ့်အရေး တွေးပူပြီး ဝိပဿနာဥာဏ်စဉ်တွေ ဆင်ခြင်လိမ့်မယ်လို့ မထင်လိုက်နဲ့ဦး။ ဒါမျိုးက ပါရမီထက်သန်ပြီး ပညာဥာဏ်သမ္ဘာ အင်မတန်ရင့်ကျက်တဲ့ ပုဂ္ဂိုလ်မျိုးမှ နားလည်နိုင်တာမျိုး။ ကိုယ်တွေ တတ်ထားတဲ့ ဆိုကရေးတီးသည် သေမျိုးဖြစ်သည် ဆိုတဲ့ လော့ဂျစ်လောက်နဲ့ ဘယ်ရမှာတုန်း။ ဒီတော့ကာ ကိုယ်ဆိုလိုတဲ့ ဆင်ခြင်ခြင်းဆိုတာ ဘာလဲ၊ ထပ်ရှင်းရပြန်တော့တယ်။


