ကျွန်တော် မကျေနပ်တဲ့ စကားလုံးတွေထဲမှာ အသက်အရွယ် ဆိုတဲ့ စကားလည်း ပါတယ်။ တကယ်တော့ အသက်နဲ့ အရွယ်ကို ခွဲခြားထားရင် ကောင်းမယ်။ လူတစ်ယောက်ရဲ့ အသက်နှင့် အရွယ်ကို ဘယ်လိုသိနိုင်သလဲ။ အသက်ဆိုတာဘာကို ပြောတာလဲ။ အရွယ်ဆိုတာတော့ လူတစ်ယောက်ရဲ့ အိုမင်းရင့်ရော်မှုကို ပြနေတဲ့ ဆိုင်းဘုတ်တစ်ခုပဲ။ အသက်ဆိုတာနဲ့ အရွယ်ဆိုတာ သက်သက်စီလို ပြောရင် ရမလား။ အသက်ကြီးပြီး အရွယ်ငယ်တဲ့ လူတွေရှိတယ်လို့ ပြောလို့ရတယ်ဆို လက်ခံနိုင်မလား။ နုပျိုတာကို ပြောတာမဟုတ်ဘူး။ အရွယ်ကြီးပြီး အသက်ငယ်ငယ်လေးပဲ ရှိသေးတဲ့လူတွေလည်း ရှိတယ်။ သူငယ်ပြန်တာကို ပြောတာမဟုတ်ဘူး။ ကျွန်တော်ပြောတဲ့ အသက်ဆိုတာ လူတစ်ယောက် အသက်ရှင်ခဲ့တဲ့ အချိန်အတိုင်းအတာကို ပြောနေတာမဟုတ်ဘူး။ အရွယ်ကို သိချင်ရင်တော့ လူရဲ့ ပုံပန်းသဏ္ဍာန် အိုမင်းရင့်ရော်မှုကို ကြည့်ရင်ရတယ်။ အသက်ဘယ်လောက်ရှိပြီလဲဆိုတာ ဘယ်လိုသိနိုင်မလဲ။ ဒီလိုဆိုရင်တော့ အသက်နဲ့ အရွယ်ဆိုတဲ့ စကားလုံးတွေကို သေချာ ပြန်စဉ်းစားဖို့ လိုလာပြီ။
လူတစ်ယောက်ရဲ့ အသက်ကို ဘယ်လို တိုင်းတာနိုင်မလဲ။ နေ့စဉ်ဘဝမှာ ပြောနေကြတဲ့ အသက်ဘယ်လောက်ရှိပြီလဲ ဆိုတာ သူအသက်ရှင်ခဲ့တဲ့ အချိန်အတိုင်းအတာကို ပြောတာပဲ။ ကျွန်တော်ပြောချင်တဲ့ အသက်။ ဒါဆိုရင် ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို ပြန်စဉ်းစားကြည့်ရမယ်။ အသက်ဆိုတာ ဘာကို ပြောချင်တာလဲ။ လူတစ်ယောက်ရဲ့ ရင့်ကျက်မှု၊ ဆုံးဖြတ်ချက်ချတတ်မှု၊ လေးနက်မှု စတာတွေကိုပဲ အသက်လို့ သတ်မှတ်ချင်တယ်။ ဟုတ်တယ်။ ဒါတွေက လူတစ်ယောက်ရဲ့ တကယ့်အသက်ပဲ။ ဒါကြောင့် လူတစ်ယောက်ရဲ့ အသက်ဘယ်လောက်ရှိပြီလဲဆိုတာကို လွယ်လွယ်မသိနိုင်ဘူး။ ကုန်ကုန်ပြောရရင် တိတိကျကျ မသိနိုင်ဘူး။ အသက်ဆိုတာ ကိန်းဂဏန်း မဟုတ်ဘူး။ အသက်ဆိုတာ စိတ္တဇနာမ်ပဲ။ တိုင်းတာလို့မရဘူး။
အသက်ကို ကြီးတယ်ငယ်တယ်ပဲ ပြောလို့ရမယ်ထင်တယ်။ လူတစ်ယောက်ရဲ့ အသက်ကို ခန့်မှန်းလို့ပဲ ရတယ်။ ဒါတောင် ဒီအတိုင်း ခန့်မှန်းလို့မရနိုင်ဘူး။ သူနဲ့ ပေါင်းသင်းကြည့်ရမယ်။ သူ့ရဲ့ အပြုအမူတွေကို လေ့လာကြည့်ရမယ်။ ဒီတော့မှ သူ့ရဲ့ အသက်အစစ်ကို သိနိုင်မယ်။ ကျွန်တော် ပြောခဲ့သလိုပဲ။ အသက်နဲ့အရွယ်ဆိုတာ သက်သက်စီ။ အရွယ်ကြီးတိုင်းလဲ အသက်မကြီးလာဘူး။ ပြောချင်တာက အရွယ်ကြီးပြီး မရင့်ကျက်သေးတဲ့သူတွေ အများကြီး။ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် မချတတ်သေးတဲ့သူတွေ အများကြီး။ ပိုင်ပိုင်နိုင်နိုင် ဆိုတာ မျက်နှာလွှဲခဲပစ် ဆုံးဖြတ်ချက်ချတာမျိုး မဟုတ်ဘူး။ ပြီး ပြီးရော လုပ်တတ်တာ မဟုတ်ဘူး။ သူချလိုက်တဲ့ ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်ကို တာဝန်ယူတတ်တာ။ တချို့ သေသာသွားတယ်။ အသက်ကြီးမလာသေးတဲ့လူတွေ အများကြီး ရှိတယ်။
အရွယ်ကြီးတဲ့သူက အတွေ့အကြုံပိုများတယ်လို့ ပြောချင်သေးလို့လား။ အဲ့ဒီစကားဟာလည်း အမှားကြီးပဲ။ အရွယ်ကြီး အတွေ့အကြုံ နည်းတဲ့သူတွေ ရှိသလို အရွယ်ငယ်ငယ်လေးနဲ့ အတွေ့အကြုံ များတဲ့သူတွေ ရှိတယ်။ လေ့လာအား ကောင်းတဲ့သူ၊ စနစ်တကျ ဆင်ခြင်နိုင်တဲ့သူတွေဟာ အတွေ့အကြုံများတယ်။ သူတို့တွေက သူများအတွေ့အကြုံကို ကိုယ့်အတွေ့အကြုံ ဖြစ်အောင် လုပ်ယူတတ်တယ်။ ဆင်ခြင်တတ်တယ်။ စာအုပ်တွေ ဖတ်ကြတာ အလကားမဟုတ်ဘူး။ စာရေးဆရာတွေရဲ့ တကယ့်အတွေ့အကြုံ မဟုတ်တောင် ဖန်တီးထားတဲ့ အတွေ့အကြုံတွေကို လေ့လာနေကြတာပဲ။ စာရေးခြင်းဆိုတာ အတွေ့အကြုံ လက်ဆင့်ကမ်းခြင်းလို့တောင် ပြောလို့ရမယ်ထင်တယ်။ ဒါကြောင့် လေ့လာတတ်တဲ့သူ စနစ်တကျ ဆင်ခြင်တတ်တဲ့သူမှာ အတွေ့အကြုံတွေ အများကြီးပဲ။ အရွယ်ကြီးပြီး ကိုယ့်အတွေ့အကြုံလောက်ပဲ သိတဲ့လူတွေထက် သူတို့မှာ ပိုများတယ်။
အရွယ်ငယ်တဲ့လူတစ်ချို့က အရွယ်ကြီးတဲ့လူတစ်ချို့ထက် အတွေ့အကြုံ ပိုများတယ်၊ ပိုရင့်ကျက်တယ်၊ အသက်ပိုကြီးတယ် လို့ပြောရင် လက်ခံချင်စရာမရှိဘူး။ စနစ်တကျ ဆင်ခြင်ကြည့်ရင်တော့ လက်ခံလို့ရမယ်ထင်တယ်။ လူတစ်ယောက်ကို အရွယ်ငယ်လို့ အထင်မသေးနိုင်သလို၊ အဖိုးကြီး ဖြစ်နေလို့လဲ အထင်ကြီးလို့မရဘူး။ သူ့ရဲ့ အသက်အစစ်အမှန်ကို သိဖို့အရေးကြီးတယ်။ အသက်ကြီးတဲ့ သူတွေဟာ အရွယ်ငယ်တဲ့ သူတွေလည်း ဖြစ်နိုင်သေးတယ်။ နိုင်ငံ ခေါင်းဆောင် တွေကိုပဲကြည့်။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်း ဆိုပါတော့။ သူဟာ အရွယ်ငယ်တယ်၊ ဒါပေမယ့် အသက်ကြီးတယ်။ ဒါကြောင့် သူ့ထက် အရွယ်ကြီးတဲ့ လူတွေအများကြီးရှိတဲ့ တစ်နိုင်ငံလုံးကို သူ ဦးဆောင်မှု ပေးနိုင်တယ်။ အဲ့ဒီလိုမျိုးပဲ။
နေ့စဉ် ဘဝမှာလဲ ကိုယ့်ထက် အရွယ်ငယ်တဲ့သူတွေက ကိုယ့်ကို ခေါင်းဆောင်မှုပေးနေတာမျိုး ကြုံဖူးမှာပဲ။ တစ်ချို့ကျတော့လည်း ဒါမျိုးကို သဘောမကျဘူး။ သူ့အသက် ဘယ်လောက်ရှိသေးလို့လဲ ဆိုတာမျိုး လုပ်တတ်ကြတယ်။ အဲ့ဒါမျိုးလုပ်တာဟာ ဆင်ခြင်တုံတရားမဲ့တာပဲ။ လူတစ်ယောက်ရဲ့ အသက်ကို ဘယ်သူမှ သေချာမသိဘူး။ ကိုယ်တိုင်ပဲ သိမှာပဲ။ ကိုယ့်အမြင့် ဘယ်လောက်ရောက်နေပြီလဲ ဆိုတာကို ကိုယ့်ဘာသာပဲ သေချာသိမယ်။ အရွယ်ကြီးတာနဲ့ အသက်ဟာ လိုက်မကြီးလာဘူး။ ဒါကြောင့် အသက်နဲ့ အရွယ်ကို ခွဲခွဲခြားခြား ကွဲကွဲပြားပြား ဖြစ်စေချင်တယ်။
No comments:
Post a Comment