Thursday, September 16, 2010

သင်ဘယ်လိုလူလဲ

Men, though they look, fail to see what is well-being, what is the good in life.
Aristotle, Eudemian Ethics

ရှေးဂရိဒဿနဆရာကြီး အရစ္စတိုတယ်သည် သူ၏ဘဝတစ်လျှောက်လုံးတွင် ဒဿနိကဗေဒဆိုင်ရာ ရှာဖွေတွေ့ရှိမှု အများအပြားကို ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။ သူ၏ ဆောင်ရွက်ချက်များတွင် လောကကို ခွဲခြမ်းစိတ်ဖြာခြင်း၊ (တစ်နည်း) အမျိုးအစားခွဲခြင်း (categorization) မှာ နှောင်းလူတို့အပေါ် အကျိုးသက်ရောက်မှု အများအပြားရှိခဲ့သည်။ သူသည် လူနှင့်ပတ်သက်၍လည်း စရိုက်လက္ခဏာ လေးမျိုးကို ယုတ္တိနည်းကျ ခွဲခြားသတ်မှတ်ခဲ့သည်။ (တကယ်တမ်း ခွဲခြားခဲ့သည်မှာ ခြောက်မျိုးဖြစ်သော်လည်း အစွန်းရောက်နှစ်မျိုးဖြစ်သည့် လူလွန်မသား (superhuman) နှင့် မိစ္ဆာ (bestial) တို့မှာ အင်မတန့် အင်မတန် ရှားပါးသောကြောင့် ချန်လှပ်ထားခဲ့ပါသည်။)

အရစ္စတိုတယ် ခွဲခြားပြခဲ့သော လူစရိုက်လေးမျိုးတို့မှာ လူကောင်း (the virtuous)၊ ရောင့်ရဲလွယ်သူ (the continent)၊ ရောင့်ရဲမလွယ်သူ (the incontinent) နှင့် လူဆိုး (the vicious) တို့ဖြစ်ကြသည်။ စရိုက်တစ်ခုခြင်းစီကို နားလည်လွယ်စေရန် ဥပမာပုံဆောင်၍ ပြသပါမည်။


ကျော်ကျော် လမ်းလျှောက်လာသော လမ်းခုလတ်တွင် ပိုက်ဆံအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရသည် ဆိုပါစို့။ အကယ်၍သာ ကျော်ကျော်သည် “လူကောင်း” တစ်ယောက် ဖြစ်သည်ဆိုပါလျှင် သူသည် ပိုက်ဆံအိတ်ကို သက်ဆိုင်ရာသို့ အပ်ရန် ချက်ချင်းဆုံးဖြတ်ချက်ချသည်သာမက အပ်နှံရာတွင် ကျေကျေနပ်နပ်ကြီး လုပ်ဆောင်ပေလိမ့်မည်။ လူကောင်းသည် သူ၏ ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်တို့နှင့် အလိုက်သင့်ပင် ဖြစ်နေလိမ့်မည်။ အကယ်၍သာ ကျော်ကျော်သည် “ရောင့်ရဲလွယ်သူ” တစ်ယောက် ဖြစ်သည်ဆိုပါက သူသည် သက်ဆိုင်ရာသို့ အပ်ရန် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချပေလိမ့်မည်။ သို့သော် ထိုသို့ ပြုလုပ်ရာတွင် သူ၏ စိတ်ဆန္ဒနှင့် ဆင်ခြင်တုံတရားတို့ အနည်းနှင့်အများတော့ လွန်ဆွဲနေပေလိမ့်မည်။ ရောင့်ရဲလွယ်သူသည် မှန်ကန်သောအမှုကို ပြုလုပ်ရန် သူ၏ စိတ်ဆန္ဒကို အနည်းနှင့်အများ တိုက်ခိုက်ရပေမည်။

ကျော်ကျော်သည် “ရောင့်ရဲမလွယ်သူ” တစ်ယောက် ဖြစ်ခဲ့ပါလျှင်မူ သူသည် ပိုက်ဆံအိတ်ကို ယူသွားပေမည်။ သူ၏ စိတ်ထဲတွင် ထိုသို့ယူသွားခြင်းသည် မကောင်းမှန်းသိသော်လည်း ဆင်ခြင်တုံတရားက စိတ်ဆန္ဒကို ရှုံးနိမ့်နေခဲ့သည်။ “လူဆိုး” တစ်ယောက်အတွက်မူ မကောင်းမှုကို ပြုလုပ်ရန် မနှောင့်နှေးဘဲ စိတ်ဆန္ဒနှင့် ဆင်ခြင်တုံတရားတို့သည် တက်ညီလက်ညီ ရှိနေပါလိမ့်မည်။

အထက်ပါ ဥပမာများကိုကြည့်လျှင် အရစ္စတိုတယ်၏ လူလေးမျိုးကို သဘောပေါက်နိုင်ပါလိမ့်မည်။ တစ်ခုရှိသည်မှာ ဤလေးမျိုးတို့သည် ယုတ္တိဗေဒနည်းကျ လေးမျိုးသာ ဖြစ်သည်။ အမှန်တကယ် အပြင်လောကတွင် ဤလေးမျိုးထက်မက ရှိနိုင်ပါသည်။ နောက်တစ်ချက်မှာ အရစ္စတိုတယ်သည် လွန်ခဲ့သော နှစ် ၂၀၀၀ ကျော်မှ သူနေထိုင်သော လူ့အဖွဲ့အစည်းပေါ် အခြေခံ၍ ဤလေးမျိုးကို တင်ပြခဲ့ခြင်းဖြစ်သည်။ ယနေ့ခေတ်တွင်မူ ဤလေးမျိုးသာမက “ကြောင်သူတော် ကြွက်သူခိုး”၊ “မျက်နှာပြောင်တိုက်သူ” စသည်ဖြင့် အမျိုးအစား အသစ်များ ပေါ်ထွက်ကောင်း ပေါ်ထွက်နေပါလိမ့်မည်။ မည်သို့ပင် ဖြစ်စေကာမူ အရစ္စတိုတယ်၏ လူလေးမျိုးကို သိရှိထားခြင်းအားဖြင့် လူတို့နှင့် ဆက်ဆံရာတွင် အကျဉ်းဖျင်း အမျိုးအစားခွဲခြားကာ သတိပြုဆက်ဆံနိုင်ပါသည်။ ကဲ . . . သင် ဘယ်လိုလူလဲ ?

ကျမ်းကိုး
1. Aristotle, Ethics
2. The Simpsons and Philosophy

1 comment:

Anonymous said...

continent နဲ့ incontinent ကို ဒီထက် ပိုပြီး ဆီလျော်အောင် မြန်မာမှု ပြုစေချင်ပါတယ်။