Tuesday, June 25, 2019

Euthyphron အကြောင်း (၁)


Euthyphron ရဲ့ အဓိကအကြောင်းအရာက ယုံကြည်ကိုင်းရှိုင်းမှု (Piety) ပဲ။ အကြောင်းအမျိုးမျိုးကြောင့် Euthyphron ထဲမှာ ပလေတိုရဲ့ ယုံကြည်ကိုင်းရှိုင်းမှု အပေါ် ဘယ်လိုမြင်သလဲဆိုတာ တွေ့ရမှာ မဟုတ်ဘူး။ ပြောချင်တာက သူ့ရဲ့ ယုံကြည်ကိုင်းရှိုင်းမှု အပေါ်မှာရှိတဲ့ အပြီးသတ်အမြင် ပြည့်ပြည့်စုံစုံကို တွေ့ရမှာမဟုတ်ဘူး။ ဒါပေမယ့်လည်း ဒီအရေးအသားထဲမှာ ပလေတိုရဲ့ ယုံကြည်ကိုင်းရှိုင်းမှု အပေါ် ခွဲခြမ်းစိတ်ဖြာဆင်ခြင်ထားတဲ့ အရေးကြီးတဲ့ အပိုင်းတစ်ခုကို တွေ့ရမှာဖြစ်တယ်။ ဒါကြောင့် Euthyphron ကိုလေ့လာခြင်းအားဖြင့် ပလေတိုသိခဲ့တဲ့ အမှန်တရား (Truth) အပြည့်အဝကိုတော့ တွေ့ရမှာမဟုတ်ဘူး။ အမှန်တရား ရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ တွေ့ရမှာဖြစ်တယ်။ အချိန်တည်းမှာပဲ အမှန်တရား ရဲ့တစ်စိတ်တစ်ပိုင်းဆိုတာဟာ အမှားရဲ့ (Untruth) တစ်စိတ်တစ်ပိုင်းလို့လည်း ဆိုလို့ရမှာဖြစ်တယ်။ ဒါပေမယ့်လည်း ဒီအရေးအသားကို လေ့လာခြင်းအားဖြင့် ပလေတိုသိခဲ့တဲ့ အမှန်တရား အပြည့်အဝကို ကျွန်တော်တို့ မတွေ့နိုင်ရင်တောင်မှ Euthyphron မှာ ပြခဲ့တဲ့ အမှန်တရား တစ်စိတ်တစ်ပိုင်းကို နားလည် ကျေညက်ပြီးမှသာ ပလေတိုသိခဲ့တဲ့ အမှန်တရား အပြည့်အဝကို တွေ့နိုင်လိမ့်မယ်။ “Euthyphron မှာ” ထက်စာရင် “Euthyphron ကတဆင့်” လို့ပြောရင် ပိုမှန်လိမ့်မယ်။

Euthyphron ကတဆင့်ပြခဲ့တဲ့ အမှန်တရားတစ်စိတ်တစ်ပိုင်း (Half-truth) က သမာရိုးကျအမျိုးအစားဖြစ်တဲ့ အမှန်တရားတစ်စိတ်တစ်ပိုင်း မဟုတ်ဘူး။ သမာရိုးကျအဖြစ်ဆုံး အမှန်တရားတစ်စိတ်တစ်ပိုင်းတွေဆိုတာ အများက လက်ခံထားတဲ့ ထင်မြင်ယူဆချက်တွေ (Opinion) ကို ဖော်ပြတယ်။ Euthyphron ကတဆင့် ပြထားတဲ့ အမှန်တရား တစ်စိတ်တစ်ပိုင်းက အများက ယေဘုယျအားဖြင့် လက်ခံထားတဲ့ အမှန်တရားတစ်စိတ်တစ်ပိုင်း မဟုတ်ဘူး။ ဒီအမှန်တရား တစ်စိတ်တစ်ပိုင်းဟာ သာမန်အားဖြင့် လက်ခံထားတာ မဟုတ်တဲ့ အတွက် ကသိကအောက်နိုင်တယ် (Irritating)။ ဒါပေမယ့် တနည်းအားဖြင့် ကသိကအောက်နိုင်တဲ့ အမှန်တရားတစ်စိတ်တစ်ပိုင်းဟာ သမာရိုးကျ အမှန်တရား တစ်စိတ်တစ်ပိုင်းထက်သာတယ်။ ကသိကအောက်နိုင်တဲ့ အမှန်တရားတစ်စိတ်တစ်ပိုင်းကို ရဖို့အတွက် အနည်းငယ် အားစိုက်ထုတ်ရတယ်။ စဉ်းစားရတယ်။ အဲတော့ Euthyphron ကိုဖတ်ပြီး စဉ်းစားခန်းဝင်ပြီးတော့ နောက်ဆုံးရလာတဲ့ ရလဒ်က ကသိကအောက်ဖြစ်စရာ ယာယီအဖြေပဲဆိုရင်တော့ သိပ်တော့ ကျေနပ်စရာမကောင်းလှဘူး။ ဒါကို နှစ်သိမ့်လို့ရတာ နှစ်မျိုးရှိတယ်။ ပထမက စဉ်းစားခြင်းဆိုတာကိုကကျေနပ်စရာကောင်းတဲ့ လုပ်ရပ်လို့ ယူဆလို့ရတယ်။ နောက်တစ်ခုက စဉ်းစားခြင်းဆိုတာ ဘယ်လိုပဲကျေနပ်စရာကောင်းပါစေ နောက်ဆုံးရလဒ်က ပိုအရေးကြီးတယ်လို့သာ ယူဆမယ်ဆိုရင် ပလေတိုရဲ့ စရိုက်ကို ကြည့်ခြင်းအားဖြင့် ယုံကြည်ကိုင်းရှိုင်းမှု အကြောင်း ပြီးပြည့်စုံတဲ့အမြင် သို့မဟုတ် အမှန်တရားဟာ လုံးဝကျေနပ်စရာကောင်းမှာဖြစ်ပြီး ကသိကအောက်ဖြစ်မှာမဟုတ်ဘူးလို့ ယူဆနိုင်တယ်။

Euthyphron ဆိုတာ ယူသိုင်ဖရွန်နဲ့ ဆိုကရေးတီးတို့အကြား ယုံကြည်ကိုင်းရှိုင်းမှု အကြောင်း စကားဝိုင်းဖြစ်တယ်။ ယုံကြည်ကိုင်းရှိုင်းမှု ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် သုံးခုကို အဆိုပြုထားပြီး သုံးခုလုံး မလုံလောက်ကြောင်း ပြထားတယ်။ ဒိုင်ယာလော့ရဲ့ အဆုံးကို ရောက်တဲ့အခါမှာ စာဖတ်သူအနေနဲ့  ယုံကြည်ကိုင်းရှိုင်းမှု နဲ့ ပတ်သက်ပြီး ဇဝေဇဝါဖြစ်သွားတယ်။ ယုံကြည်ကိုင်းရှိုင်းမှု ဆိုတာဘာလဲဆိုတာ ကျွန်တော်တို့မသိဘူး။ ဒါပေမယ့် ယုံကြည်ကိုင်းရှိုင်းမှုဆိုတာ လူတိုင်းမသိဘူးလား။ ယုံကြည်ကိုင်းရှိုင်းတယ်ဆိုတာ မိရိုးဖလာ နတ်၊ ဘုရားတွေကို မိရိုးဖလာ ဓလေ့ထုံးစံအတိုင်း ကိုးကွယ်တာပဲ။ ဒါပေမယ့် ယုံကြည်ကိုင်းရှိုင်းမှုဆိုတာ ကိုယ်ရည်ကိုယ်သွေးကောင်း (virtue/excellence, ᾰ̓ρετή) တစ်ခုလည်း မဟုတ်ဘူးလား။ ဒါဆိုရင် ဒါဟာ ကောင်းတဲ့ အရာတစ်ခု မဟုတ်ဘူးလား။ ဒါပေမယ့် ယုံကြည်ကိုင်းရှိုင်းမှုဆိုတာ တကယ်ကောင်းတာလား။ မိရိုးဖလာ နတ်၊ ဘုရားတွေကို မိရိုးဖလာ ဓလေ့ထုံးစံအတိုင်း ကိုးကွယ်တာဟာ ကောင်းသောအရာတစ်ခုလား။ Euthyphron ထဲမှာ ဒါကို မဖြေထားဘူး။ ပိုပြီးတိတိကျကျ ပြောရရင် Euthyphron ထဲမှာ ဖော်ပြထားတဲ့ ဆွေးနွေးချက်ထဲမှာ မဖြေထားဘူး။ ဒါပေမယ့် ပလေတိုရဲ့ ဘယ်ဒိုင်ယာလော့မဆိုမှာ ဆွေးနွေးချက်ဆိုတာဟာ ဒိုင်ယာလော့ရဲ့ အစိတ်အပိုင်း တစ်ခုပဲဖြစ်တယ်။ logos လို့ခေါ်တဲ့ ဆွေးနွေးချက်တွေ၊ စကားလုံးတွေကတစ်ပိုင်း၊ ergon လို့ခေါ်တဲ့ လုပ်ရပ်တွေ၊ အဖြစ်အပျက်တွေ၊ ဒိုင်ယာလော့ထဲမှာ ဘာဖြစ်နေလဲဆိုတာတွေ၊ ဇာတ်ကောင်တွေ ဘာလုပ်နေသလဲ ဘာတွေဖြစ်နေသလဲဆိုတာတွေက တစ်ပိုင်းဖြစ်တယ်။ အဆုံးမှာ logos အရ နှုတ်ဆိတ်နေပေမယ့် အဖြစ်အပျက်တွေက စကားလုံးတွေနဲ့ဖုံးထားတာကို ဖော်ထုတ်ပေးနိုင်တယ်။

ဆိုကရေးတီးနဲ့ ယူသိုင်ဖရွန်တို့အကြား စကားဝိုင်းဟာ ဆိုကရေးတီးကို ယုံကြည်ကိုင်းရှိုင်းမှုမရှိဘူးလို့ စွတ်စွဲခံရပြီးနောက်မှ ဖြစ်တယ်။ ဒိုင်ယာလော့ထဲမှာလည်း ဒီအဖြစ်အပျက်၊ ဒီအချက်ကို ညွှန်းဆိုထားတာတွေ အများကြီးတွေ့ရတယ်။ ဒီတော့ ကျွန်တော်တို့ စဉ်းစားရမှာက ဆိုကရေးတီးဟာ ယုံကြည်ကိုင်းရှိုင်းသူတစ်ယောက်လား၊ ဆိုကရေးတီးအနေနဲ့ မိရိုးဖလာ နတ်၊ ဘုရားတွေကို မိရိုးဖလာ ဓလေ့ထုံးစံအတိုင်း ကိုးကွယ်သလားဆိုတာပဲ။ ဒီတော့ Euthyphron ထဲမှာ ယုံကြည်ကိုင်းရှိုင်းမှုအကြောင်း နှစ်မျိုးတွေ့ရတယ်။ ပထမက ယုံကြည်ကိုးကွယ်မှုဆိုတာဘာလဲဆိုတဲ့ ဆွေးနွေးချက်၊ ဒုတိယက ဆိုကရေးတီးရဲ့ ယုံကြည်ကိုင်းရှိုင်းမှုနဲ့ ပတ်သက်တဲ့ပြဿနာအကြောင်း ဖော်ပြချက်။ ဒီနှစ်ခုကို ကြည့်လိုက်ရင် သီးသန့် အကြောင်းအရာ အမျိုးအစားနှစ်ခုလို့ ထင်ရတယ်။ ယုံကြည်ကိုင်းရှိုင်းမှုဆိုတာဘာလဲဆိုတဲ့ မေးခွန်းက ဒဿနဆိုင်ရာမေးခွန်းဖြစ်ပြီး ဆိုကရေးတီးက ယုံကြည်ကိုင်းရှိုင်းသူလားဆိုတဲ့မေးခွန်းက ဒဿနဆန်တာထက် အတင်းအဖျင်းပိုဆန်တယ်။ ဒါဟာ တနည်းအားဖြင့်မှန်တယ်ဆိုပေမယ့် အရေးကြီးတဲ့အချက်တစ်ခုကို ထည့်မစဉ်းစားထားဘူး။ ဘာကြောင့်လဲဆိုတော့ တကယ့်ဒဿနမေးခွန်းက အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ ယုံကြည်ကိုင်းရှိုင်းမှု ဟာ virtue လား ဆိုတာပဲ။ ဒါပေမယ့် လူတစ်ယောက်အနေနဲ့ ရှိနိုင်တဲ့ အတိုင်းအတာအလျောက် ကိုယ်ရည်ကိုယ်သွေးကောင်းတွေအားလုံးရှိထားတဲ့သူဟာ ဖီလိုဆိုဖာ (philosopher) ပဲ။ ဒါကြောင့် အကယ်၍သာ ဒဿနပညာရှင်ဟာ ယုံကြည်ကိုင်းရှိုင်းသူတစ်ယောက်ဆိုရင် ယုံကြည်ကိုင်းရှိုင်းမှုဟာ ကိုယ်ရည်ကိုယ်သွေးကောင်းပဲ။ ဒါပေမယ့် ဆိုကရေးတီးက ဒဿနပညာကို ကိုယ်စားပြုတယ်။ ဒီတော့ ဆိုကရေးတီးကသာ ယုံကြည်ကိုင်းရှိုင်းသူဖြစ်ရင် ယုံကြည်ကိုင်းရှိုင်းမှုဟာ ကိုယ်ရည်ကိုယ်သွေးကောင်းပဲ။ သူကသာ ယုံကြည်ကိုင်းရှိုင်းသူ မဟုတ်ခဲ့ရင် ယုံကြည်ကိုင်းရှိုင်းမှုဟာ ကိုယ်ရည်ကိုယ်သွေးကောင်းမဟုတ်ဘူး။ ဒီတော့ ဆိုကရေးတီးက ယုံကြည်ကိုင်းရှိုင်းသူ ဟုတ်မဟုတ်ဆိုတဲ့ အတင်းအဖျင်းမေးခွန်းကို ဖြေခြင်းအားဖြင့် ယုံကြည်ကိုင်းရှိုင်းမှုရဲ့ အနှစ်သာရနဲ့ ပတ်သက်တဲ့ ဒဿန မေးခွန်းကို ဖြေလို့ရမှာဖြစ်တယ်။ ဒီတော့ Euthyphron ထဲမှာ ဆိုကရေးတီးရဲ့ ယုံကြည်ကိုင်းရှိုင်းမှုအကြောင်း ဘာတွေ တွေ့နိုင်မလဲ ကြည့်ရအောင်။


အပိုင်း(၂) ဆက်ရန်

No comments: