Monday, December 28, 2015

amor fati



ဆောင်းတွင်းမှာ
ဒီအချိန်ဆို ပန်းတွေပွင့်တယ်
ထာဝရမောင်းနှင်နေတဲ့ မြို့ပတ်ရထား
ဒီဘူတာရောက်တိုင်း ငါခုန်ဆင်းမိတယ်။
ရေခဲပန်းတွေ တလှပ်လှပ်
အအေးဓာတ်ကို ငါရှုရှိုက်လို့
မှောင်ထဲဆက်လက်တိုး
ငါ့ ခြေလက်တွေ ထိန်းမရအောင် ကခုန်လျှက်
ရယ်မောခြင်းကို ငါတပ်မက်တယ်။
မနက်ဖြန်မှာ အပျော်တွေရှိမယ်
နွေဦးမှာ အားလုံးတည်ငြိမ်
နောက်ကို ပြန်လှည့်ကြည့်တိုင်း
ရင်ခုန်ခြင်းကို မြင်ရလိမ့်မယ်။
ကြောက်ရွံ့ခြင်းကင်းမဲ့
ထာဝရမောင်းနှင်နေတဲ့ မြို့ပတ်ရထားပေါ်
ငါတို့ လက်ဖက်ရည်အတူသောက်ရင်း
ကံတရားကို ရယ်ရယ်မောမောနဲ့
ပွေ့ဖက်ကြမယ်။

28 December 2015
အာကာကျော်

No comments: