Tuesday, March 5, 2013

အညာသို့ပေးစာ


သို့ ကိုတေဇာအောင်

အညာနေမို့ ပူတယ်ဆိုလို့ နည်းနည်းတော့ စဉ်းစားသွားရတယ်။ စကြဝဠာတစ်ခုတည်းက နေတစ်လုံးတည်းကို အညာမှာ ပိုပူတယ်ဆိုတော့ သိပ်မတရားဘူးလို့ ထင်မိတယ်။ ဒါပေတဲ့ ကာလ၊ ဒေသ၊ အာကာသ ဆိုတာကလည်း ရှိသေးသကိုးလို့ ကိုယ့်ကိုယ်ကို ဖြည့်တွေးပေးလိုက်ပါတယ်။ နောက် လမ်းကြုံတော့မှ မုန်တိုင်းတိုက်တာ လူတွေ သီလမရှိလို့ဟု အဆိုသွင်းသော ပညာရှင်များကို မေးကြည့်ပါတော့မယ်။ ကျွန်တော့်အတွက်တော့ အညာနေလည်း ပူတာပဲ၊ ရန်ကုန်နေလည်း ပူတာပဲ။ ဘာတွေ ဘယ်သူတွေ မျက်နှာလိုက်လိုက် အပူချိန်ကတော့ မျက်နှာမလိုက်ဘူးလို့ ထင်မိတာပဲ။ ထားတော့ ဒီကိစ္စ။

ခင်ဗျား ရွာဘက်ဆီ ပြန်မယ်ဆိုတော့ အညာကို တစ်ချက်လွမ်းမိသေးတယ်။ အညာကို လွမ်းတယ်ဆိုလို့ မင့်က အညာကို ဘယ်နှခါရောက်ဖူးသလဲလို့ အမေးခံရတော့မှာပဲ။ ကျွန်တော် အညာမရောက်ဖူးတာ အမှန်ပဲ။ သို့ပေတဲ့ လွမ်းတယ်ဆိုတာက (အပူချိန်လို) ကာလ၊ ဒေသ နဲ့မှ မဆိုင်ဘဲကိုး။ လွမ်းတာဟာ လွမ်းတာပဲ။ ကိုယ် တစ်ခါမှ မကြုံဖူးတာကို စိတ်ကူးကလေးနဲ့ လွမ်းရတာပဲ။ ကျွန်တော်လွမ်းတဲ့ အညာဟာ ခင်ခင်ထူးရဲ့ အညာ၊ ငဘရဲ့ အညာ၊ မြဝင်း (ဒဿန) ရဲ့ အညာကို လွမ်းတာ။ ကျွန်တော့်ရဲ့ သိမှုထဲက အညာကို လွမ်းတာပဲ။ (knowledge ကို သိမှုလို့ ပြန်လိုက်တယ်၊ business ကို ဘိဇနက်၊ cover story ကို သတင်းမျက်နှာဖုံးလို့ ဘာသာပြန်နေတဲ့ ခေတ်ကြီးထဲမှာ ကျွန်တော့်ရဲ့ ဘာသာစကား ဖလှယ်မှုကလည်း တောအရက်လို နံပြင်း၊ နင်းပြန်တယ်လို့ အပြောခံရရင်လည်း ခံရမှာပဲ)


ဟိုတစ်နေ့ကတော့ ရွှေတိဂုံဘုရားကို အဖေတို့နဲ့ သွားတုန်း ခင်ဗျားကို သတိရမိသေးတယ်။ အကြောင်းက ဒီလို။ ဘုရားရောက်တော့ ကျွန်တော်လည်း ကိုယ့်ယုံကြည်ချက်၊ ကိုယ့်မယုံကြည်ချက်နဲ့ကိုယ် ဘုရားမကန်တော့မိဘူး။ ဒီတော့မှ အဖေကမေးတယ်။ မင်းက ဘာလို့မကန်တော့တာလည်းတဲ့။ အဲဒီတော့မှ ကိုတေဇာအောင် အဲဒီမေးခွန်း မေးဖူးတာ သွားအမှတ်ရမိတယ်။ ကျွန်တော်လည်း လူတွေမှာ Life Style အမျိုးမျိုးရှိတယ်၊ တချို့ Life Style တွေကို ကိုယ်နဲ့မတူလို့ သွားပြီး အပြစ်တင်နေလို့ မရဘူး အဖေရဲ့ လို့ပဲ ပြန်ဖြေလိုက်မိတယ်။ ကျွန်တော့် အဖြေကို စိတ်တိုင်းကျလို့ပဲလား၊ ဒီကောင့်ကို အဝီစိက ကယ်လို့မရတော့ပါဘူးလို့ ထင်သွားလို့ပဲလား မပြောတတ်ဘူး၊ ဘာမှတော့ ဆက်မပြောတော့ဘူး။ ကိုတေဇာအောင်လည်း နောက်တစ်ခါ အဲလို အမေးခံရရင် ဖြေကြည့်ပါလို့ မြှောက်ပေးလိုက်ရပါတယ်။ အဆင်ပြေမယ်လို့တော့ အာမမခံပါ။ ကိုယ့်ဟာကိုယ် ကြည့်ကျက်လုပ်ပါလို့သာ အကြံပေးချင်တာပါပဲ။

အဲဒီမှာ အေးအေးဆေးဆေး ရှိမယ်လို့သာ မျှော်လင့်မိပါတယ်။ ကျောင်းကိစ္စတွေလည်း ကိုယ်လုပ်စရာရှိတာသာ လုပ်ပါ။ ဦးမြင့်သန်း ကျွန်တော့် ပြောဖူးသလိုဆို ဘဝဆိုတာ ကိုယ်လုပ်ချင်ရာ လုပ်ရဖို့ပါပဲ။ ရွာဘက်ဆီမှာ နေ့လည်နေ့ခင်း သစ်ရိပ်ဝါးရိပ်အောက်မှာ ဆေးပေါ့လိပ်ဖွာရင်း စာအုပ်ဖတ်ရတဲ့ ပစ္စည်းမဲ့စည်းစိမ်မျိုးကို လိုချင်ပါသေးတယ်။ မန်းလေးဘက်ဆီလည်း လာဖြစ်အောင် ကြိုးစားပါဦးမယ်။ ဦးပိန်တံတားကို လျှောက်ချင်တာရယ်၊ ဒေါက်တာသန်းထွန်း အုတ်ဂူကို သွားကြည့်ချင်တာရယ်ပါ။ အဲဒီတော့မှပဲ စိတ်ကူးထဲက အညာမဟုတ်တော့ဘဲ အပြင်က အညာကို လွမ်းပါတော့မယ်။

စာရေးလိုက်တာ ဝမ်းသာပါတယ်။ နေကောင်းအောင်သာ နေတော့ဗျာ။

ရိုသေစွာဖြင့်
အာကာကျော်

စာကြွင်း။ ။အညာကိုလွမ်းလို့ မနေ့ညက ဆိုမိတဲ့ Kipling ရဲ့ ကဗျာ တစ်ပိုင်းတစ်စ ထည့်ပေးလိုက်ပါတယ်။ ဘာသာမပြန်နိုင်တာ ခွင့်လွှတ်ပါ။ စာပေအနုပညာ ဘာသာပြန်တဲ့ကိစ္စကို သိပ်အယုံအကြည် မရှိတော့ပါ။

On the road to Mandalay,
Where the old Flotilla lay,
With our sick beneath the awnings when we went to Mandalay!
On the road to Mandalay,
Where the flyin' fishes play,
An' the dawn comes up like thunder outer China
'crost the Bay!



No comments: