မဂ္ဂဇင်းတစ်ခု
လုပ်နေတယ်။
အွန်လိုင်း
အဓိက ဖြစ်မယ်။ နည်းနည်းပါးပါးလည်း ပရင့်ထုတ်ပြီးတော့ လျှောက်ဝေမယ်။ မီးမလာတာတို့ အင်တာနက်လိုင်း
မကောင်းတာတို့ဖြစ်ရင် ဖတ်လို့ရအောင်။ အဓိကတော့ စာမရေးဖြစ်တဲ့သူတွေ၊ စာရေးဝါသနာပါတဲ့သူတွေ၊
စာရေးဆရာမဖြစ်သေးတဲ့သူတွေအတွက် ကစားကွင်းတစ်ခု လုပ်ပေးချင်တာပဲ။ ကိုယ်မသိတဲ့ စာပေဝါသနာပါတဲ့သူတွေနဲ့လည်း
တွေ့ချင်တယ်။ အားလုံးကို စာအုပ်တစ်ခု တစ်စုတစ်စည်းထဲ လုပ်ပေးလိုက်ရင် network တစ်ခုရလာမယ်။
စာရေးသူအချင်းချင်းလည်း အဆက်အသွယ်ရှိသွားမယ်လို့ စဉ်းစားပြီးလုပ်တာပဲ။
တကယ်တော့
ဟိုးအရင်ကတည်းက ဒါမျိုး စာအုပ်ထုတ်တာ၊ စီစဉ်တာကို စိတ်တောင်မကူးဖူးဘူး။ ဝါသနာလည်း မပါဘူး။
တစ်ခေါက် ဆရာက မင့်တို့တိုင်းပြည်မှာ စာပေမဂ္ဂဇင်းတွေ ရှိသလားလို့ မေးတော့ ကိုယ်သိတာ
သုံးလေးခုပဲ ထွက်လာတယ်။ ကောင်းသလားလို့ ထက်မေးတော့ ပုခုံးပဲ တွန့်မိတယ်။ လတိုင်း ဒီလူတွေချည်းပဲ
မြင်နေရတယ်။ အဲလို စာပေမဂ္ဂဇင်းမျိုးကို တိုးဖို့ဆိုတာကလည်း လွယ်တာမဟုတ်။ အဆက်အသွယ်မရှိ၊
အတွေ့အကြုံမရှိတဲ့သူတွေဆို နှစ်တွေကြာသွားတဲ့အထိ ပါဖို့ ဖြစ်နိုင်တာမဟုတ်ဘူး။ လို့
ရှင်းပြလိုက်တယ်။ အဲတော့ သူက မင်းလုပ်ကြည့်လေလို့ ပြောတယ်။ အင်း ရတာပဲ။ လို့ ပြန်ပြောပြီး
အဲဒီအတွေးကို ချောင်ထဲ ထည့်ထားလိုက်တယ်။ ဒဂုန်ခင်ခင်လေးတောင် ဆယ့်ခြောက်နှစ်သမီးကတည်းက
သတင်းစာ ထုတ်တာပဲလို့တောင် စဉ်းစားမိသေးတယ်။
စာသင်တဲ့
ကိစ္စတွေပြီးတော့ internship လုပ်ရမယ်ဆိုတော့မှ အဲဒီအတွေးက ပြန်ပေါ်လာတာပဲ။ သူများလက်အောက်၊
ကုမ္ပဏီတွေမှာ မလုပ်ချင်တဲ့အတူတူ မဂ္ဂဇင်းလုပ်ကြည့်မယ်လို့ ပြောကြည့်တယ်။ လုပ်လေ လို့ဆိုတာနဲ့
စလုပ်နေတာပဲ။ အခုတော့ မဆိုးဘူးလို့ဘဲ ပြောရမယ်။ စာမူတွေ ပို့တာ နည်းနည်းပါးပါး ရှိတော့
စိတ်ချမ်းသာတယ်။ အခုစာဖတ်သူတွေလည်း ပို့ကြပါ။
မဂ္ဂဇင်းအကြောင်းပြောရရင်တော့
သုံးလကို နှစ်ကြိမ်၊ (ဆယ့်ငါးရက်ကို တစ်ကြိမ်) ထွက်မယ်လို့ စဉ်းစားထားတာပဲ။ မပြောတတ်ဘူး။
စာမူပို့တဲ့အပေါ်မှာ မူတည်တယ်။ အပေါ်မှာ ပြောခဲ့သလို အွန်လိုင်းမှာ website တစ်ခုရှိမယ်။
PDF ကို download ဆွဲလို့ရမယ်။ အင်္ဂလိပ်-ဗမာ နှစ်ဘာသာဖြစ်မယ်။ (Bi-lingual ကို ဗမာလို
ဘယ်လိုပြန်ရမလဲ) နှစ်ဘာသာ လုပ်ရတာလည်း အရမ်းဘိုဆန်ချင်လို့တော့ မဟုတ်ဘူးရယ်။ အခုရန်ကုန်မှာ
ကိုယ်သိတဲ့ စာပေသမားအသိုင်းအဝိုင်းက အုပ်စု အမျိုးမျိုးရှိတယ်။ ဗမာလိုချည်း ရေးတဲ့
ဖတ်တဲ့ သူတွေ၊ ဘိုလိုပဲ ရေးတတ် ဖတ်တတ်တဲ့ နိုင်ငံခြားသားတွေရယ်၊ နှစ်ဘာသာစလုံး ရေးတဲ့
ဖတ်တဲ့ ဟိုမရောက် ဒီမရောက်တွေရယ်။ ဒီတော့ ပရိတ်သတ် သုံးခုစလုံး ဖတ်နိုင်အောင် နှစ်ဘာသာ
လုပ်လိုက်ရတာပဲ။ အင်္ဂလိပ်လို အရေးအသားတွေလည်းပါမယ်၊ ဗမာလိုလည်းပါမယ်၊ Sandwich လို ကြားညှပ်ရေးတဲ့ဟာတွေလည်း
ပါမယ်။ ဘာသာစကားဆိုတာ medium တစ်ခုပဲမဟုတ်လား။ ရန်ကုန်မြို့ရဲ့ ခေတ်ပြိုင်သမိုင်းမှာ
နိုင်ငံခြားသား တွေကိုလည်း လစ်လျှူရှုလို့ မရဘူးထင်တယ်။
အခုတော့ မတ်လ
အလယ်လောက်မှာ ထုတ်ဖို့ မှန်းထားတယ်။ စာမူပို့တဲ့ အခြေအနေကို ကြည့်ရဦးမယ်။ အားလုံးပဲ
တတ်နိုင်သလောက် ပို့ကြပါ။ စာမူခ မရဘူးဆိုပေတဲ့ စာရေးတယ် ဆိုတာကိုက သူများတကာတွေ ဖတ်ဖို့
ရေးတာပဲ မဟုတ်လား။
No comments:
Post a Comment