ဖျားနေတယ်။ အခုလိုဖျားနာနေတော့လည်း ကိုယ့်မှာ ခန္ဓာကြီးကို လွယ်ထားရလို့ ဒုက္ခဆိုတာ လိုက်လာတာပါလားဆိုပြီး သဘာဝတရားကြီးကိုတောင် အပြစ်ဖို့ချင်သေးရဲ့။ အမှန်ကတော့ ကိုယ့်ဘာသာ မဆင်မခြင် သောင်းကျန်းပြီး ဖြစ်တာပါ။ သောက်စားမူးယစ်တာတွေ များတော့လည်း ဘယ်ခံနိုင်တော့မလည်း။ အခုလို ဖျားတိုင်း နောက်ဆို ကျန်းမာအောင် နေတော့မယ်ဆိုတဲ့ စိတ်ကူးဝင်မိတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေရမှာလည်း ကြောက်သေးတာကိုး။ အို၊ နာ၊ သေ ဘေး ပြေးမလွတ်ဘူးလို့ ပြောကြတယ် မဟုတ်လား။ သေပြီး ပြီးတာပဲကွာလို့ ကိုယ်တွေ တွေးကြည့်ထားသလို မှန်နေရင်တော့ အကြောင်းမဟုတ်၊ (သေတယ်ဆိုတာကလည်း တွေးကြည့်လို့ပဲရတာမျိုး) အဘိဓမ္မာဆရာများ ပြောသလို နောက်ဘဝဆိုတာတွေ ရှိနေမှ အခက်။ မသကာ လက်ဖက်ရည်ဆိုင်အိမ်သာမှာ ပက်ကျိသွားဖြစ်နေ ဘယ့်နှယ့် လုပ်မတုန်း။ ဖျားတဲ့ နာတဲ့အချိန် အဲဒါတွေ တွေးကြည့်ပြီးတော့လည်း ပူမိတတ်သေးတယ်။ ဒီတော့လည်း ငါ နောက်ဆို ဆင်ခြင်မှဆိုတဲ့ အတွေးမျိုးက ဝင်လာပြန်ရော။
ဆင်ခြင်တယ်ဆိုလို့ နောက်ဘဝ ပက်ကျိဖြစ်မယ့်အရေး တွေးပူပြီး ဝိပဿနာဥာဏ်စဉ်တွေ ဆင်ခြင်လိမ့်မယ်လို့ မထင်လိုက်နဲ့ဦး။ ဒါမျိုးက ပါရမီထက်သန်ပြီး ပညာဥာဏ်သမ္ဘာ အင်မတန်ရင့်ကျက်တဲ့ ပုဂ္ဂိုလ်မျိုးမှ နားလည်နိုင်တာမျိုး။ ကိုယ်တွေ တတ်ထားတဲ့ ဆိုကရေးတီးသည် သေမျိုးဖြစ်သည် ဆိုတဲ့ လော့ဂျစ်လောက်နဲ့ ဘယ်ရမှာတုန်း။ ဒီတော့ကာ ကိုယ်ဆိုလိုတဲ့ ဆင်ခြင်ခြင်းဆိုတာ ဘာလဲ၊ ထပ်ရှင်းရပြန်တော့တယ်။
ကိုယ်က ဘာသာဗေဒဆိုင်ရာ နားလည်တတ်ကျွမ်းသူ မဟုတ်လေတော့ နားလည်သလိုပဲ ရှင်းပါရစေ။ ဆင်ခြင်ခြင်း၊ ဆင်ခြင်တုံတရား၊ လွယ်လွယ်အားဖြင့်တော့ ဆင်ခြေပေးတယ်လို့ပဲ နားလည်ထားတယ်။ အရပ်ထဲမှာတော့ ဒီကောင် ဆင်ခြေဆင်လက်များပါ့ကွာဆိုပြီး မကောင်းတဲ့ အဓိပ္ပါယ်ထွက်မှာပေါ့။ တကယ်တော့ ဆင်ခြေပေးတယ်ဆိုတာ အကြောင်းနဲ့အကျိုး ဆက်စပ်ပေးခြင်းပဲ။ ဆင်ခြင်တုံတရားမရှိတဲ့လူဟာ နွားပဲရယ်လို့တောင် ပြောကြတယ်မဟုတ်လား။ (အဘိဓမ္မာဆရာများကတော့ အဲဒါ ပဋိစ္စသမုပ္ပါဒ်ဟဲ့လို့တောင် ဝင်ထောက်ကြဦးမယ်။) ဒီတော့ကာ ကိုယ်နေမကောင်းဖြစ်လို့ နောက်ဆို ဆင်ခြင်တော့မယ်လို့ ပြောတာက နောက်ဆို အကြောင်းသင့် နေထိုင်စားသောက်တော့မယ်လို့ စဉ်းစားမိခြင်းရယ်ပါ။
ခက်နေတာက အဲဒီ အကြောင်းသင့် အကျိုးသင့်ဆိုတဲ့ စကားမှာပဲ။ လူဆိုတာ အကြောင်းသင့်အကျိုးသင့်၊ ဥတုသပ္ပ မျှတအောင်နေရမယ်ဆိုတာ အစိုးရကြောင်းမှာ အလွတ်ကျက်နေတဲ့ ကလေးတောင်သိတယ်၊ ဘာများခက်နေလို့တုန်းလို့ ပြောကြမှာ။ ခက်နေတာက ကိုယ်တွေလို ဟိုနည်းနည်းဒီနည်းနည်း ဟိုတစ်စ ဒီတစ်စသိတဲ့ မောင်ဗလတွေ အတွက်သာ ခက်နေတာပဲ။ ပြောရရင် အရှေ့တိုင်း တရုတ်၊ အိန္ဒိယ၊ ဂျပန်ပြည်က ဆရာများက လူဆိုတာ စည်းကမ်းနဲ့ နေရမယ်တဲ့။ သူတို့မှာတော့ ဆာမူရိုင်းတို့၏ ကျင့်ဝတ်၊ ကုန်သည် ကျင့်ဝတ်၊ မယားကျင့်ဝတ် စသဖြင့် အမျိုးမျိုး ရေးကြတယ်။ တို့ဆီမှာလည်း လောကနီတိတွေ ဘာတွေ ရှိသားပဲ ဘာစဉ်းစားစရာ လိုလို့လည်း။ ခက်နေတာက အနောက်က ဒဿနဆရာများ (ဆရာမဆိုတာ မရှိသလောက်ရှားတယ်) ကလည်း တစ်မျိုးပြောပြန်တယ်။ လူဆိုတာ လွတ်လပ်ရမယ်တဲ့၊ ဂျွန်လော့ခ်တို့ ငနဲတွေ ပြောခဲ့တာပါ။ ကန့်ကတော့ မိမိကိုယ်တိုင် ဆင်ခြင်တုံတရားနဲ့ ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း နေထိုင်ရမယ်ဆိုပဲ။ နောက်ပိုင်း ဆာ့ထ်တို့ခေတ်ရောက်တော့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးရမယ်တွေ ဖြစ်လာရော။ အဲတော့ ဘယ်သူ့ကိုယုံလို့ ပုံအပ်ရမတုန်း။
အဲဒါတွေ လျှောက်စဉ်းစားနေမိတော့ ခေါင်းကပိုပြီး မူးချင်သလိုလို ဖြစ်လာတယ်။ ဆရာဝန်ပြောတဲ့အတိုင်း မနက်ဖြန်တစ်ရက် ပေါင်မုန့်ပဲစားရမလား ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး ထမင်းစားရင် ကောင်းမလား မဆုံးဖြတ်နိုင်သေးဘူး။ နောက်တော့မှ အိပ်ရေးပျက်ရင် အဖျားကြာပြီး ပိုက်ဆံပိုကုန်မယ်၊ ပိုက်ဆံကုန်တာဟာ မကောင်းဘူး၊ ဒါကြောင့် အခုအိပ်တော့မယ်လို့ ဆင်ခြင်တုံတရားကို အသုံးပြုပြီး ကောက်ချက်ချလိုက်တယ်။ အိပ်ယာဝင်ဖို့ မီးတွေပိတ်နေတုန်း ဝဋ်နာကံနာမဟုတ်ရင်တော့ ပျောက်မှာပါပဲလေလို့ တွေးမိလိုက်သေးတယ်။
No comments:
Post a Comment