Friday, July 12, 2013

PHAEDO / ပလေတို၏ ဖိဒလ ဇာတ်ထုပ် (၁)

ပလေတိုရဲ့ ဖီဒိုကို ဒုတိယအကြိမ်မြောက် ဖတ်ဖြစ်တယ်။ ပထမတစ်ခေါက်နဲ့ တစ်နှစ်တိတိ ခြားတယ်။ ကျွန်တော့်အထင် ပလေတိုရဲ့ စာမျိုးဟာ နှစ်တိုင်းနှစ်တိုင်း ပြန်ဖတ်ကြည်သင့်တဲ့ စာအုပ်မျိုးတွေလို့ ထင်တယ်။ ပထမတစ်ခေါက်နဲ့ ဒုတိယတစ်ခေါက် နားလည်ပုံချင်းသာကွာတာမဟုတ်ပဲ အသိသစ်တွေပါ ပိုပြီးရတာ တွေ့ရတယ်။ ဖီလိုဆိုဖီမှာ တခြားဘာသာရပ်တွေလို စာအများကြီး ဖတ်စရာမလိုဘဲ တစ်အုပ်ထဲကို အကြိမ်ကြိမ်ဖတ်ပြီး ထပ်ကာထပ်ကာစဉ်းစားလို့ရတာ ပျော်စရာတစ်ခုလို့ထင်တယ်။ အခု ဖီဒိုကို ဒုတိယအကြိမ် ဖတ်ပြီး ကိုယ်နားလည်မိသလောက် ပြန်ရေးကြည့်ထားတယ်။ အခုလိုရေးတာဟာ မဖတ်ရသေးတဲ့သူတွေကို ဒီဟာဒီလိုရှိတယ်ကွ ဆိုပြီး ဆရာလုပ်ချင်တာမဟုတ်ဘဲ ဖတ်ပြီးသားသူတွေနဲ့ နားလည်ပုံချင်း ဖလှယ်ချင်တာ ဖြစ်တာကြောင့် ဖီဒို မဖတ်ရသေးတဲ့သူတွေ အရင် ဖတ်ကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။


ဖီဒိုကို 360 ဘီစီလောက်မှာ ရေးတယ်လို့ ယူဆရတယ်။ ပလေတို ဒီစာတွေရေးတဲ့အချိန်မှာ ဆိုခရေးတီးက သေပြီးသွားပြီ။ ဇာတ်လမ်းက အေသင်သား မောင်ဖီဒို Phlius မြို့ရောက်နေတုန်း သူ့ကို ဆိုခရေးတီး သေသွားတဲ့အကြောင်း ဝိုင်းမေးကြလို့ ဖီဒိုက နောက်ကြောင်းပြန်တာပဲ။ ဆိုခရေးတီး မသေခင် နောက်ဆုံးအချိန်မှာ သူလည်းရှိနေတယ်။ ပြောရရင် ဒီ ဇာတ်ထုပ်က ဆိုခရေးတီးရဲ့ နောက်ဆုံးစကားတွေပဲ။ ဒီတော့လည်း ပြောကြတဲ့ အကြောင်းအရာက သေခြင်းတရားနဲ့ဆိုင်တဲ့ အကြောင်းတွေပဲ။ သေရတော့မယ် ဆိုတာတောင် သူငယ်ချင်းတွေနဲ့ သေခြင်းတရားအကြောင်း ဆွေးနွေးနေနိုင်တဲ့ ဆိုခရေးတီးဆိုတာ စံပြတွေးခေါ်ရှင်တစ်ယောက် ဖြစ်တယ်ဆိုတာ တွေ့ရလိမ့်မယ်။ ဆိုခရေးတီးရဲ့ စိတ်ဓာတ်နဲ့ ပညာအပေါ်ထားတဲ့ သဘောထားကို Apology မှာ ပိုပြီးတွေ့ရတယ်။ ထားတော့။ ဖီဒို အကြောင်းပဲ ပြောရအောင်။


ဇာတ်လမ်းအစမှာ Phlius က Echecrates (အီချီခရေးတီး လို့ခေါ်မလား) ဆိုတဲ့လူက ဆိုခရေးတီး မသေခင် ဘာတွေပြောခဲ့သလဲဆိုတာ ဖီဒိုကို မေးတယ်။ ဒီတော့ ဖီဒိုလည်း နောက်ကြောင်းပြန်တယ်။ ခေါင်းစဉ်ကသာ ဖီဒိုဆိုပေမယ့် တကယ့်စကားဝိုင်းမှာ အဓိက ပြောတဲ့လူတွေက ဆိုခရေးတီးရယ်၊ Simmas ရယ်၊ Apollodorus ရယ်၊ Cebes ရယ်ပဲ။ ဇာတ်လမ်းကို အသေးစိတ်မပြောတော့ဘဲ ဒီထဲမှာပါတဲ့ ဆိုခရေးတီးရဲ့ Argument တွေကိုပဲ ပြောသွားပါမယ်။

သူတို့ ပထမဆုံး ပြောတဲ့ဟာက လူဟာ၊ အထူးသဖြင့် ဖီလိုဆော်ဖာတစ်ယောက်ဟာ သေရမှာကို မကြောက်သင့်ဘူး ဆိုတာပဲ။ အကြောင်းက သူတို့ ဆိုခရေးတီးကို တွေ့တဲ့အချိန်မှာ သေမိန့်က ကျပြီးသွားပြီ။ ဒီနေ့ အဆိပ်သောက်ရတော့မယ်လို့ ကြေညာထားပြီးသွားပြီ။ ဒါပေမယ့် သူတို့ ဆိုခရေးတီးကို တွေ့တော့ ဆရာသမားက အခန်းထဲမှာ ထိုင်ပြီးတော့ ပြုံးပြုံးရွှင်ရွှင်ပဲ သူတို့ကို နှုတ်ဆက်တယ်။ နာရီပိုင်းအတွင်းမှာ သေရတော့မယ့် လူတစ်ယောက်လို့ မထင်ရဘဲ ခရီးသွားခါနီး သူငယ်ချင်းတွေကို နှုတ်ဆက်နေသလိုပဲ။ အဲဒါ သူ့ကို ဝိုင်းမေးကြတယ်။ ခင်ဗျားကြီး သေရမှာ မကြောက်ဘူးလားပေါ့။ အဲဒီမှာ သူ့ရဲ့ ပထမ argument ကို တွေ့ရတယ်။

လူမှာ body နဲ့ soul ရုပ်နဲ့နာမ်ဆိုပြီး နှစ်ခုရှိတယ်။ (ဒါဟာ သူတို့ခေတ်က ငြင်းလို့မရတဲ့ အမှန်တရားပဲ။ ဒါပေမယ့် ဆိုခရေးတီးက ဒါဘုရားဟောပဲကွဆိုပြီး လက်လွတ်စပယ်မလုပ်ဘူး။ ယုတ္တိနည်းကျ သက်သေပြတာကို နောက်ပိုင်းမှာ တွေ့ရလိမ့်မယ်။) သေတယ်ဆိုတာဟာ ရုပ်နဲ့နာမ်နဲ့ အိုးစားကွဲတာပဲ။ ရုပ်ဝတ္ထုအာရုံခံစားတဲ့အပိုင်းဟာ body ရဲ့ အလုပ်ဖြစ်ပြီး စဉ်းစားတွေးခေါ်တဲ့ အပိုင်းဟာ soul ရဲ့ အလုပ်ဖြစ်တယ်။ ဖီလိုဆော်ဖာတွေဟာ တွေးခေါ်တဲ့ အလုပ်ကို လုပ်ကြတယ်။ အဲလို တွေးခေါ်တဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာ အာရုံတွေက တွေးခေါ်တာကို အနှောင့်အယှက်ဖြစ်စေတယ်။ (တရားထိုင်ဖူးတဲ့သူတွေ သိလိမ့်မယ်) ဒီတော့ကာ ဖီလိုဆော်ဖာဆိုတဲ့ လူတွေဟာ ဒီခန္ဓာကို စွန့်နိုင်သမျှ စွန့်ရမယ်။ ဒီတော့ သေခြင်းတရားဆိုတာ ဖီလိုဆော်ဖာတွေအတွက် ဝမ်းသာစရာ သတင်းကောင်းလို့တောင် ပြောရမယ်လို့ ဆိုတယ်။ ဒါက တစ်ချက်။

နောက်တစ်ခုက ခင်ဗျား abstract idea တွေ ရှိတယ်လို့ လက်ခံသလားလို့ ပြောတယ်။ ဥပမာပြောရရင် ကျောက်ခဲသုံးလုံးကို ကောက်ကြည့်လိုက်ပြီး နှစ်လုံးချွတ်စွတ်တူတယ် တစ်လုံးက မတူဘူး။ အဲဒီ တူညီတယ် မတူညီဘူးဆိုတဲ့ သဘောတရားတွေဟာ ကျောက်ခဲတွေ မှမဟုတ် အခြားအရာတွေ အားလုံးမှာလဲ ရှိနေတယ်။ အဲသလိုပဲ ခင်ဗျား မြင်းတွေကို မြင်းတာနဲ့ ကြည့်လိုက်ရင် တစ်ကောင်နဲ့တစ်ကောင် ဘယ်လိုမှ ချွတ်စွတ်မတူကြဘူး။ ဒါပေမယ့် မြင်းဆိုတဲ့ ယေဘူယျသဏ္ဍာန် ကတော့ မြင်းတိုင်းမှာ ရှိနေတယ်။ အဲဒီ ယေဘုယျသဘောတရားတွေ၊ abstract idea တွေဟာ မျက်စိနဲ့ အကောင်အထည် မြင်ရတဲ့ဟာတွေ မဟုတ်ဘူး။ စိတ်နဲ့ တွေးကြည့်မှ ရမယ့်ဟာတွေပဲ။ ရုပ်ပိုင်းအရ အမျိုးမျိုးကွဲပြားနေပြီး စိတ်ထဲမှာသာ ရှင်းရှင်းလင်းလင်းနဲ့ မြင်နိုင်တဲ့ဟာတွေပဲ။ (ဒေးကားရဲ့ cogeto ergo sum လိုမျိုး)။ ပြောချင်တာက ရုပ်ကြီးသာမရှိတော့ပေမယ့်လည်း ကျန်နေနိုင်တဲ့အရာတွေပဲ။ ဒီတော့ ဖီလိုဆော်ဖာဆိုတဲ့သူတွေက အဲဒီ ယေဘုယျသဘောတရားတွေကိုသာ ရှာနေတဲ့လူတွေ၊ တနည်းအားဖြင့် ဒီခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာတွေကို စွန့်ခွာချင်နေတဲ့သူတွေ ဖြစ်တဲ့အတွက် သေရမှာကို ဝမ်းသာနေရမယ်လို့ ဆိုတယ်။ "while in company with the body the soul cannot have pure knowledge" လို့ပြောတယ်။ မသေမချင်း နိဗ္ဗာန်မရောက်နိုင်ဘူးလို့ သဘောပေါက်တယ်။

အဲဒီမှာ Cebes က အထွန့်တက်တယ်။ ကိုယ်လေးစားရတဲ့သူတစ်ယောက်၊ ကိုယ့်အပေါင်းအသင်းတစ်ယောက်နဲ့ သေခါနီးအချိန်မှာတောင် ငြင်းခုံနေကြတဲ့ ဒီလူတွေရဲ့ စိတ်ဓာတ်ကို လေးစားဖို့ကောင်းတယ်။ ပညာကို လိုချင်တဲ့ ပညာကို မြတ်နိုးတဲ့လူဆိုတာ အဲဒါမျိုးပဲ။ ဆရာစိတ်ချမ်းသာအောင် ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ လုပ်ပြီး သံယောင်လိုက်တတ်တဲ့ သူမျိုးတွေ မဟုတ်ဘူး။ အဲ.. Cebes ပြောတာက ဆိုခရေးတီး၊ ခင်ဗျားပြောတာကတော့ ဟုတ်ပါပြီ။ ဒါပေတဲ့ သေပြီးရင် ခင်ဗျားပြောတဲ့အတိုင်း soul ကြီးက ထွက်သွားပြီး absolute idea တွေကြားမှာ ပျော်မွေ့မနေဘဲ ခန္ဓာကိုယ်ကြီးနဲ့အတူ ဖုတ်ခနဲ ကြွသွားရင် ဘယ့်နှယ့်လုပ်မတုန်းတဲ့။ နိဗ္ဗာန်ရောက်သွားတာ မဟုတ်ဘဲ ယောက္ခမကို ပိုက်ဆံချေးလိုက်သလို ပျောက်ခြင်းမလှ ပျောက်သွားရင် ဘယ့်နှယ့်လုပ်မတုန်းတဲ့။ အဲဒါကို ဆိုခရေးတီးက ပြန်ပြောတဲ့အခါ သူ့ရဲ့ နောက်ဘဝ ရှိမရှိဆိုတဲ့ argument ကို ဒုတိယအပိုင်းမှာ ဆက်တွေ့ရမယ်။

(ဆက်ရန်)

No comments: