Thursday, July 17, 2014

လူ့အဖွဲ့အစည်း၏ ထောက်ခံစာဖြင့် ဝယ်ယူရရှိနိုင်သေးသော အမှန်တရား (မြင့်သန်း)

ဘရှင်အောင်သေတယ်။ ဒါကပြသနာမဟုတ်ဘူး။ လူအားလုံးသည် သေမျိုးဖြစ်သည်လို့ အယ်ရစ်တော်တလ်က မနေနိုင်မထိုင်နိုင်နဲ့ ယုတ္တိဗေဒရယ်လို့ဆိုပြီး၊ ခိုင်မာတဲ့အဆိုတစ်ရပ် ထုတ်ပြလိုက်ကတည်းက ဘယ်သူကမျှ အချိန်ကုန်ခံပြီး မငြင်းခဲ့လေတော့ လူမှန်ရင် သေချင်သည်ဖြစ်၊ မသေချင်သည်ဖြစ်စေ၊ သေတော့ သေနေကြရသေးတာပဲ။ သေတာဟာ ကိုယ်နဲ့မဆိုင်သလိုနေတဲ့သူတွေ၊ မသိချင်ယောင်ဆောင်နေတဲ့လူတွေ၊ သံသရာကိုမျှော်ကိုးပြီး ထီထိုးနေကြတဲ့လူတွေ။ ဘယ်လိုမျိုးဖြစ်ဖြစ်။ လူရယ်လို့ ပစ်ချခံထားလိုက်ကြရကတည်းက အကုန်သေကြရတော့တာချည်းပဲ။ ဒီတော့ ဘရှင်အောင်လည်း လူ့အဖြစ်ကနေ မတားနိုင် မဆည်းနိုင်နဲ့ သေလိုက်ရတော့တယ်။ ပြောခဲ့ပြီးတဲ့အတိုင်း ဒါက ပြသနာမဟုတ်ဘူး။ ပြသနာက သင်းရဲ့ အသုဘကိုလာတဲ့လူတွေက ပြသနာ။ မသေနိုင်ကြသေးတဲ့ လူတွေကသာ ပြသနာ။

ဘရှင်အောင်က မကြောင့်မကျနဲ့ သေရတာပါ။ စားရမဲ့မဲ့ သောက်ရမဲ့မဲ့နဲ့ သေရတယ်ဆိုရင်တော့ သနားစရာလို့ ပြောရမှာပဲ။ ပြောလည်းပြောကြတယ်။ ဒီတော့လည်း မကြောင့်မကြနဲ့သေရတဲ့ ဘရှင်အောင် သေတာဟာ ဝမ်းနည်းစရာ သိပ်မရှိဘူး။ သိပ်မရှိဘူးဆိုလို့ နည်းနည်းသနားစရာလို့လည်း ပြောမဖြစ်ပြန်ဘူး။ သနားတာဟာ သနားတာပဲ။ သနားတယ်ဆိုတာက ပဲကြီးလှော်ဝယ်သလို အနည်း၊ အများ တွက်လို့ရတာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလို မပြောချင်ဘူး။ ဘရှင်အောင်က သနားစရာကောင်းတယ်လို့ ကျွန်တော်မြင်တယ်။ တကယ်တမ်းမှာတော့ သနားတယ်ဆိုတာက ပျော့ညံ့တဲ့လူတွေမှာ ဖြစ်တတ်တဲ့စိတ်မျိုး။ ကျွန်တော့်ကိုယ် ကျွန်တော်က ပျော့ညံ့စိတ်မထားမိအောင် နေတယ်။ သနားစိတ်မရှိအောင်နေတယ်။ ဘရှင်အောင်နဲ့ကြတော့ သနားသလိုဖြစ်မိတယ်။ မင်းဆွေကတော့ သနားစိတ်ပေါ်ပုံမရဘူး။ ဘရှင်အောင်အကြောင်း ပြောကြတိုင်း ဒီကောင်က ညံ့လည်းညံ့ပါတယ်လို့ပြောတယ်။ တစ်ခါတလေတော့ ဘရှင်အောင်ဘက်က တွေးမိပြီး စိတ်နာနာနဲ့ မင်းဆွေက ပြောသေးတယ်။ ဒီကောင်မှ သူ့အဖေ ခြေရာနင်းတဲ့အကောင်လို့ပြောတယ်။ အဖေခြေရာနင်းတဲ့သား မြတ်တယ်၊ ဘာတယ် ညာတယ်လို့ လူတွေကတော့ ပြောတာပဲ။ ဒီနေရာမှာတော့ မဖြစ်နိုင်ဘူး။ သူ့အဖေလည်း သူ့လိုပဲ။ ဒီတော့လည်း မင်းဆွေစကားနဲ့ ပြောရရင်၊ ဘရှင်အောင်က ခပ်ညံ့ညံ့ပဲလို့ ပြောရရုံပဲ။


သူတို့မိသားစုနဲ့ ကျွန်တော်တို့မိသားစုက ခင်တယ်။ အတော့်ကို ရင်းတယ်။ သူ့အဖေကို ကျွန်တော့်အဖေက မောင်အောင်လို့ပဲ ခေါ်တယ်။ အဖေက ကြီးတယ်။ ပြီးတော့ အဖေက အဆက်အသွယ် ကောင်းတယ်။ ဦးအောင်က အတွင်းဝန်ဆိုပေမယ့် အဖေ့အပြောအရတော့ ရိုးတယ်။ အတွင်းဝန်ဆိုတော့ အဲဒီတုန်းက ဇက်ဖာကားတို့ ကောဆလ်ကားတို့ ဝယ်စီးခွင့်ရတယ်။ အဖေ့လေနဲ့ ပြောရရင်တော့၊ မောင်အောင်တို့များ ဇက်ဖာကား ဝယ်စီးခွင့်ရတာကိုပဲ အတော်ကျေနပ်နေရှာတာလို့ပဲ ပြောရလိမ့်မယ်။ နောက်တော့ ဦးအောင် အလုပ်ပြုတ်သွားတယ်။ အဲဒီတုန်းကတော့ ဘာလို့မှန်း ကျွန်တော်မသိဘူး။ အဖေက ဦးအောင်ကို ခေါ်ကြိမ်းတာတော့ ကျွန်တော်တို့ တစ်မိသားစုလုံး ရိပ်မိကြတယ်။ အလုပ်ပြုတ်သွားတော့ သူ့မှာ ဘာမျှ စုစုဆောင်းဆောင်း မရှိဘူး။ အတော်ပဲ အခက်အခဲနဲ့ ကြုံရတယ်။ နောက်တော့ အဖေနဲ့ ရင်းနှီးတဲ့ လူကြီးတစ်ယောက်က ပြောပြလို့ ဦးအောင်ရဲ့ အကြောင်းရင်းကို သိရတာနဲ့ပဲ အဖေက နေရေးထိုင်ရေး စီစဉ်ပေးရုံတင်မကဘူး။ ဘရှင်အောင်ရဲ့ ကျောင်းစရိတ်ကိုပါ ထောက်ပံ့တယ်။ ဘရှင်အောင်လည်း ကျွန်တော်နဲ့ ပိုရင်းလာတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ အတွင်းစည်းထဲက သူငယ်ချင်းတစ်ယောက် ဖြစ်မလာဘူး။ ဖြစ်မလာရတာက (ခုနေအခါ အတိတ်ကို ပြန်ကြည့်ပြီး ပြောရရင်) ဘရှင်အောင်ဟာ ကျွန်တော်တို့လို မမိုက်ဘူး။ မမိုက်ဘူး ဆိုတာကိုလည်း မိုက်ရိုင်းတယ်ဆိုတာနဲ့ ရောထွေးပြီး နားမလည်ကြစေချင်ဘူး။ ကျွန်တော်တို့ မိုက်ကြတယ် ဆိုတာက၊ ကျွန်တော်တို့ ပါဝင်ပတ်သက်နေရတဲ့ လူ့အဖွဲ့အစည်းအပေါ် မကျေနပ်နေကြတာ။ အားရင် လူ့အဖွဲ့အစည်းကြီးနဲ့ ရန်ဖြစ်ချင်နေကြတာ။ ဘကြီးသုခကတော့ ကျွန်တော်တို့ လူသိုက်ကို "အရိပ်နေနေ၊ အခက်ချိုးချိုးအဖွဲ့" လို့ခေါ်တယ်။ အရင်းရှင် လူ့အဖွဲ့အစည်းရဲ့ ထမင်းဝိုင်းထဲကနေ မာ့(ခ)ဝါဒကောင်းကြောင်း ပြောလွန်းတော့ အဖေက "စိတ်ကူးယဉ် မာ့(ခ)ဝါဒီတွေ" လို့ခေါ်တယ်။ ဘရှင်အောင်က အဲဒီထဲ မပါရုံမကဘူး။ သူက ကျေးဇူးတရားဆိုတာကို ကိုးကွယ်တဲ့ လူမျိုး။ အလကားရတဲ့ လရိပ်ကိုတောင် ရှာကြံပြီး ကျေးဇူးတင်နေတတ်တဲ့အကောင်။ ပြီးတော့ ကျွန်တော်တို့ သူငယ်ချင်းတွေကြားမှာ ငရဲကြီးတယ်ဆိုတာ၊ ဝဋ်လိုက်တယ်ဆိုတာကို တကယ်လို့ထင်တာ သူတစ်ယောက်တည်းရယ်။ ငရဲသို့သွားရာလမ်းကို စိတ်ကူးနဲ့ဖောက်တယ်ဆိုတာ ဘရှင်အောင်ပဲ။

နောက်ဆုံးတော့ ဦးအောင်ဟာ လမ်းမထွက်တော့ဘူး။ ပုတီးကလေး တခြောက်ခြောက်နဲ့နေရင်း သေသွားတယ်။ ဦးအောင်ဆုံးသွားပြီးတဲ့နောက် အတော်ကြာသွားတော့ တစ်နေ့ အဖေနဲ့ ထိုင်စကားပြောနေကြရင်း အမှတ်မထင် စကားစပ်မိသွားလို့ အဖေ့ကို မေးကြည့်မိတယ်။ ဦးအောင်ဟာ သူ့အထက်လူကြီးရဲ့ အပြစ်ကို ကြားက ဝင်ခံပေးသွားတယ်ဆိုတာ သိရတယ်။ အဖေ့ကို အတွင်းသိ လူကြီးတစ်ယောက်က ပြောပြတာ။ အဲဒီအကြောင်းနဲ့ ပတ်သက်လို့ သူတို့ မိသားစုတောင် အကြောင်းစုံ မသိကြသမို့၊ အဖေက ကျွန်တော့်ကိုမှာတယ်။ ဒီအကြောင်း ဘရှင်အောင်လည်း မသိစေနဲ့တဲ့။ ဘရှင်အောင်သာ မသိတယ်။ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေ သိလိုက်ကြတယ်။ အဲဒီတုန်းက (ခုထိပဲ ဆိုပါတော့) ကျွန်တော်တို့ သူငယ်ချင်းတွေအကြားမှာ ထိမ်ချန်ထားတဲ့အကြောင်း မရှိသလို စကားလည်း လုံကြတာကိုး။ ဘွဲ့ရကြတော့ ဘာလုပ်ရမှန်း မသိကြတဲ့အချိန်မှာ သူက အလုပ်ရှာတယ်။ ရှာတာက အစိုးရအလုပ်။ ဖြစ်ချင်တာက ကယ်ရီဒစ်ပလိုမက် ဆိုလားပဲ။ ဒါပေမယ့် အဲဒီတုန်းက တော်ရုံဘွဲ့ရတစ်ယောက်အတွက် အလုပ်ကတော့ မူလတန်း ကျောင်းဆရာ၊ တွဲဖက်ကျောင်းဆရာပဲ။ ဥပဒေလေး ဘာလေး တတ်လာခဲ့ရင် တရားရေးဖက်တို့ ဘာတို့မှာ ရနိုင်တယ်။ ဆရာဝန် ဘွဲ့ရတွေတောင် ဘာလုပ်ကြရမှန်း မသိတဲ့အချိန်။ ညီအစ်ကို မသိတသိအချိန်လို့ တချို့က တင်စားပြောကြပေမယ့် တကယ်တော့ အဲဒီအချိန်က ဘာမျှကို မသိရတဲ့အချိန်။ ရှေ့တစ်ခေါ်ကို လှမ်းမမြင်ရဘူး။ နောက်ဘက်မှာကလည်း ဖောင်ဖျက်ထားပြီးပြီ။ ကွမ်းယာရောင်းတဲ့ ကုလားမောင်မြ ပြောသလိုဖြင့် "အတိတ်၊ အတ်ခြားနိမ်း၊ အနာဂတ် ပတ်ကုလား ဂိမ်း" တဲ့။ သိပ်မဆိုးဘူး။

ဘရှင်အောင်က ဘွဲ့ရပြီးတော့ အဖေ့ဆီလာပြီး အတင်းနပူနဆာ လုပ်တယ်။ အဖေကလည်း သူ့အပေါ်မှာ သံယောဇဉ် ရှိရှာတယ်။ ဒီလိုနဲ့ပဲ ရာထူးဝန်က အဖေ့မိတ်ဆွေတွေ အကူအညီနဲ့ ဘရှင်အောင်တစ်ယောက် လက်ထောက်မြို့နယ် ဘာဆိုသလား မသိဘူး။ အလုပ်ရတယ်။ နယ်စွန်နယ်ဖျားဆီမှာ။ သူ့လိုပဲ ကျွန်တော်တို့လည်း ဝမ်းသာကြရတယ်။ သူက ငါ့ကယ်ရီယာရဲ့ အစပဲဆိုပြီး ဝမ်းသာတယ်။ ကျွန်တော်တို့ကတော့ ဘရှင်အောင် အလုပ်ရသွားတဲ့အတွက် သူနဲ့ယှဉ်ပြီး ကျွန်တော်တို့ကို ဝေဖန်တဲ့ ကျွန်တော်တို့ ဆွေမျိုးမိဖတွေရဲ့ ဝေဖန်တဲ့ဒဏ်က နည်းသွားမယ်လို့ တွက်လို့ပဲ။ ဒါတောင် အပြောက မလွတ်ချင်သေးဘူး။ အဖေတို့ ဘကြီးတို့က လူထူထူကြရင် ပြောလေ့ရှိတယ်။ ဘရှင်အောင်သာ အလုပ်ရသွားတယ်၊ ဟိုကောင် တသိုက်ကတော့ မထူးခြားသေးဘူးလို့ အဖေက စလိုက်ရင် ဘကြီးသုခက စကားဝင်ထောက်တယ်။ သူတို့က အမှန်တရား ရှာနေကြတာ။ နည်းနည်းတော့ ကြာမှာပေါ့ကွာတဲ့။ မဟုတ်ရင် ကျွန်တော်တို့ မိဘတွေ ဆုံကြတဲ့အခါ တစ်ယောက်ယောက်က မေးလေ့ရှိတယ်။ လူ့အဖွဲ့အစည်းကြီးကို ပြောင်းပစ်ဖို့ ကြိုးစားနေတဲ့ ကျုပ်တို့ကောင်တွေဆီက သတင်းထူးပြီလားတဲ့။ ပြောပြီး ဟားကြရော။ ဟားလည်း ဟားဟားပဲရှိမှာပဲ။ ကျွန်တော်တို့ အတွက်ကတော့ ကျွန်တော်တို့နဲ့ လိုက်လျောညီထွေတဲ့ လောကကြီးမှ မတွေ့သေးဘဲ။ လိုက်လျောညီထွေတဲ့ လောကကြီးလို့ သုံးရတာကလည်း သဟဇာတတို့ ဘာတို့ မသုံးချင်လို့။ သုံးလိုက်ရင် ရောပြီး အကုန်လုံး ရှုပ်သွားမှာ စိုးလို့။ ကျွန်တော်တို့က မြောက်ဘက်က နောင်တော်ကြီးတွေဆီက လွင့်ပျံလာတဲ့ ရှေ့ကို တအားချည်း ခုန်ကျော်ကူးချင်တာ။ ရှေ့သို့ဆိုတာကလေးနဲ့ မလုံလောက်ဘူးလို့ ထင်တယ်။ ဒါကလည်း အတွေးအခေါ် လိုတယ်။ အတွေးအခေါ် ကောင်းမှ ဘဝကို ရင်ဆိုင်နိုင်မှာ။ သဘောတရားမပါတဲ့ လက်တွေ့ဟာ အလကားပဲလို့ ပြောရင်း လက်တွေ့ဘဝကြီးထဲက ဘရှင်အောင်ကို ကျွန်တော်တို့ ဝေဖန်တယ်။ တူသား ပေသားကျကျနဲ့ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ဘဝကြီးကို စိတ်ကူးထည်ပေါင်းများစွာနဲ့ တည်ဆောက်ထားတဲ့ ကျွန်တော်တို့ဘဝမှာ အရေခွံထူရတယ်။ ဝေဖန်ခံနိုင်ရတယ်။ ကိုယ့်ကိုယ်ကို ဝေဖန်ရတယ်။ ဝေဖန်စရာကလည်း သိပ်တော့ ရှိလှတာ မဟုတ်ဘူး။ မင်းကြိုက်နေမှန်း မသိလို့ ဟိုကောင်မကလေးကို ငါသွားပြီး စကားပြောမိတဲ့အတွက် ငါမှားပါတယ်ဆိုပြီး အချင်းချင်း အကြားမှာ ဝေဖန်ခံရတယ်။ မိမိကိုယ်မိမိ ဝေဖန်ရေး လုပ်ရတယ်။ ရဲဘော်ရဲဘက် အချင်းချင်းအကြားမှာ အမှားကို ဝန်ခံပြီး လျော်ကြေးပေးတဲ့ သဘောနဲ့ ငါဘီယာဝယ်တိုက်ပါ့မယ် ဆိုတာမျိုး လုပ်ရတယ်။ ဒီတော့လည်း ကောမရိဒ်ရှစ်ဆိုတဲ့ ရဲဘော်ရဲဘက်စိတ်ဓာတ်နဲ့ အမှားကို သင်ပုန်းချေပစ်ကြရင်း အမုန်းတရားမရှိတဲ့ နှလုံးသားစနစ်ကို တည်ဆောက်ကြတယ်။ ဒီကြားတည်း ဥပဒေဌာနဖက်က နှစ်ချို့နေတဲ့ ကိုရည်တို့ လူသိုက်နဲ့ တိုးတဲ့အခါ တိုးတက်ချင်ရင် နင်းတက်ရမယ်ဆိုတာ ကြားရပြန်သေးတယ်။ ကျွန်တော်တို့ကတော့ လက်မခံဘူး။ ငြင်းကြတယ်။ မငြင်းလို့လည်း မဖြစ်ဘူး။ ကျွန်တော်တို့မှာ တိုးတက်စရာလည်း မရှိဘူး။ နင်းတက်စရာလည်း မရှိဘူး။ ခုနေခါ ပြန်ကြည့်လိုက်ရင် ဟိုတုန်းက ကျွန်တော်တို့ နေခဲ့တဲ့ လောကကြီးဟာ တကယ်တော့ မရှိခဲ့ဘူး။ မရှိတာကြီးအထဲမှာ ရှိအောင်ရှာကြံနေခဲ့ကြတာကတော့ ကျွန်တော်တို့ကို ကျွန်တော်တို့ရှာကြံပြီး ချီးကျူးမယ်ဆိုရင်တော့ ချီးကျူးစရာ ကောင်းတဲ့အချက် တစ်ခုပဲ။ ဘာချည်းဖြစ်ဖြစ် အဲဒီအချိန်မှာတော့ ဘရှင်အောင် တစ်ယောက်က သင်တန်း တစ်မျိုးပြီးတစ်မျိုး တက်နေလေရဲ့။ တကယ့်ဘဝကြီး ဆိုတာက သင်တန်းများများ တက်ရတဲ့ ခေတ်ကိုး။ ဆေးကျောင်းက ဆင်းတဲ့ ဆရာဝန်တွေတောင် ရှေးဦးသူနာပြုသင်တန်း တက်ကြရတဲ့ ခေတ်။

ခေတ်ကို အပြစ်မပြောကြနဲ့လို့ လူကြီးတွေက ပြောတယ်။ ဟုတ်တော့ ဟုတ်တာပဲ။ ခေတ်ထဲမှာ ဘာမျှမှမရှိဘဲ။ ဒီတော့ လူတွေကိုပဲ အပြစ်ပြောရမှာပဲ။ ခေတ်ကို လူတွေက လုပ်တာကိုး။ လူတစ်ယောက် နှစ်ယောက်လုပ်လို့ ခေတ်ဆိုတာမှ မဖြစ်ဘဲ။ လူတွေ အများကြီးလုပ်မှ ခေတ်တစ်ခေတ်ဆိုတာ ဖြစ်လာရတာ။ ဒီတော့ လူတွေ အများကြီးကိုပဲ အပြစ်တင်ရမှာပဲ။ ခွင့်နဲ့ ရန်ကုန်ကို ဘရှင်အောင် ပြန်လာတော့ ကျွန်တော်တို့ ဆုံကြပြန်တယ်။ ဆုံကြရတာကတော့ ကျွန်တော်တို့ အစီအစဉ် မဟုတ်ဘူး။ အဖေက ပိုက်ဆံထုတ်ပေးလို့။ ဒီကောင်က အဖေ့အတွက် တောကြိုတောင်ကြားက ပျားရည်တစ်ပုံးနဲ့ သစ်ခွတစ်အိုး ယူလာတယ်။ ဘယ်လိုလုပ် သယ်လာမှန်းတော့ မသိဘူး။ အဖေ့အတွက် လက်ဆောင်အဖြစ် ယူလာပြီး ကန်တော့တယ်။ ဒီတော့ အဖေက မင်းတို့တတွေ ဆုံတုန်း ညနေစာ သွားစားကြဆိုပြီး ငွေနှစ်ရာပေးတယ်။ ဘီယာကို နောက်ဖေးပေါက်ကနေ တစ်လုံး တစ်ဆယ်လောက် ပေးဝယ်ရတဲ့ခေတ်မှာ ငွေနှစ်ရာဟာ သိပ်ချည်း အသုံးခံလှတော့ မဟုတ်ဘူး။ ဒါပေမယ့်လည်း စိတ်ကူးထည်တွေကိုပဲ တိုးပွားအောင် လုပ်ပေးနိုင်တဲ့ ကျွန်တော်တို့ တစ်ရာ့ကိုး-တစ်ရာတစ်ဆယ်တွေ အဖို့တော့ တစ်ဟာ နည်းတယ်ဆိုပေမယ့် သုညထက်တော့ တန်ဖိုးရှိတယ် ဆိုတာမျိုးပဲ။ အထိုက်အလျောက် အသုံးတည့်နေသေးတာပဲ။ အဖေ့ကိုလည်း အလှူ့ရှင် အနေနဲ့ ဒါနမြောက်စေချင်တယ်။ ဒီတော့ ဘရှင်အောင်နဲ့ ကျွန်တော်တို့ တက္ကသိုလ်ရိပ်သာလမ်းထိပ်က ပျော်ပွဲစားရုံမှာ စားကြသောက်ကြတယ်။  ကျွန်တော်က ငွေနှစ်ရာကို စားပွဲပေါ်တင်လိုက်ပြီး လိုတာမင်းပေးလို့ ပြောတော့ သူက ဝမ်းမြောက်ဝမ်းသာ လက်ခံတယ်။ ဒီပြင် သူ့အဆက်အသွယ်နဲ့ မန္တလေးဝီစကီနှစ်လုံး ယူလာတယ်။ ပုလင်းမှာ ကောက်ရိုးဖတ်ကလေးတွေ ကပ်နေတာကလွဲလို့ အထဲက အရည်ကတော့ ကောင်းနေသေးတုန်းပဲ။ ဝိုင်းက မစိုမှာ မပူရတော့ဘူး။ ဒီမှာတင် မင်းဆွေက ကောက်ချက်တစ်ခုချတယ်။ ခုလိုကျွေးနိုင်မွေးနိုင်သေးတဲ့ လူတွေရှိနေမှတော့ ဘယ်သူတွေက ဘယ်လိုပဲ ခေတ်ကြီးကို အပြစ်တင်နေတင်နေ။ ငါကတော့ သင်းတို့ကို မထောက်ခံနိုင်ဘူးတဲ့။ အဲဒီမှာတင် ခေတ်ကိစ္စက ဝင်လာရော။ ဘရှင်အောင်ကို တည့်တည့်မကြည့်ပေမယ့် ဦးတည်ပြီး တွယ်ကြရော။ ထုံးစံအတိုင်းပဲ။ ဘရှင်အောင်က ခံနိုင်ရည်ရှိတယ်။ ဒါပေမဲ့ ငြိမ်းမောင်က နေစမ်းပါဦး ဘရှင်အောင်ရာ။ မင်းတို့ရဲ့ သာယာဝပြောတဲ့ဟာကြီးဆီ ဘယ်တော့လောက် ရောက်မယ်မှန်းသလဲတဲ့။ ငြိမ်းမောင်က ဒါမျိုးမှာ တော်တယ်။ ကပ်ပြီး ရိနိုင်တဲ့ကောင်။ သူ့ကို ကပ္ပိယရဲ့အစ်ကို ကပ်-ပြီး-ရိလို့ ခေါ်ကြတယ်။

ဘရှင်အောင်က ရနိုင်သလောက် ရှောင်တယ်။ နောက်ဆုံးတော့ ငါက အနိမ့်ဆုံး ဝန်ထမ်း။ အမှုထမ်း၊ အရာထမ်းဆိုတာက အထက်က ကျလာတဲ့ အမိန့်အတိုင်း လုပ်ရတာပဲ။ တက်လာတဲ့ အစိုးရ၊ ငါ့အစိုးရပဲ။ ငါ့အလုပ် ငါလုပ်နေရမှာပဲလို့ ပြောတယ်။ ဒီမှာတင် ဘရှင်အောင်ရဲ့ စနစ်တကျ ညံ့ဖျင်းမှုကို ကျွန်တော်သိလိုက်ရတယ်။ သူ့ကို တွယ်စရာအကွက်၊ သူက ပြလိုက်တာ။ ဝီစကီတွေ ဘီယာတွေနဲ့ ဥာဏ်ရည်ဥာဏ်သွေး မြှင့်ထားတဲ့ အချိန်မျိုးမျာ သင်းမို့ ဒီလိုပြောလေခြင်းလို့ တွေးလိုက်မိတာနဲ့ ဘယ်သူကမျှ ဘာမျှ မစရသေးခင် ကျွန်တော်လည်း လက်ပတ်ရ ပွဲကြပ်လုပ်လိုက်တော့တယ်။ မင်းတို့တွေ တခြားကိစ္စ ပြောကြစမ်းပါ။ သူ့ခမျာ အဝေးကြီးက ဒီကိုလာတာ မင်းတို့ပြောတာဆိုတာ ခံရဖို့ မဟုတ်ဘူး။ မင်းတို့ကို ကျွေးတဲ့ မျက်နှာကလေးတော့လည်း ထောက်ကြဦးမှပေါ့လို့ ပြောပြီး လမ်းလွဲလိုက်ရတယ်။ ဒါနဲ့ပဲ မင်းဆွေက သူကျွမ်းကျင်တဲ့ ကောင်မကလေးတွေအကြောင်း ပြောတယ်။ တခြားလူတွေနဲ့ဆိုရင် ဒီအကြောင်းက ပိုဝိုင်းစိုမယ်။ ဘရှင်အောင် အတွက်ကတော့ အလကားပဲ။ အဲဒီနေ့က ဘရှင်အောင်နဲ့ စားရသောက်ရတာ ထင်သလောက် မပျော်ရတော့ နောက်ပိုင်း ရန်ကုန်ကို သူခွင့်နဲ့လာလို့ စားကြသောက်ကြမယ်ဆိုရင် လူစုလို့ မရတော့ဘူး။ သူကလည်း ကျွန်တော်နဲ့၊ ငြိမ်းမောင်လောက်နဲ့ဆုံပြီး နေ့ခင်းဖက် ကော်ဖီသောက်တာမျိုးပဲ လုပ်တော့တယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း သူနဲ့ပတ်သက်လို့ စိတ်ဝင်တစား မရှိကြတော့ဘူး။ လူ့အဖွဲ့အစည်းကြီးက ပိုပြီး စိတ်ဝင်စားစရာကောင်းလာတယ်။ မဟုတ်တမ်းတရောတွေ အပြောများလာတော့၊ ကောလဟာလဆိုတာက နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတယ်။ သတင်းစာထဲမှာတောင် ခေါင်းဆောင်ကြီးပါတဲ့ အီအီး အရောင်ပြောင်းသွားလို့ ဆေးကုသခံရဖို့ ထွက်သွားတယ်လို့ ဆိုတာတွေ ပါလာတယ်။ တိုင်းသူပြည်သားတွေ အနေနဲ့ ခေါင်းဆောင်ကြီးရဲ့ အီအီးက ဘာအရောင်ဆိုတာကိုတော့ သိသင့်တာကိုး။ ကျွန်တော်တို့ လူသိုက်ကတော့ လူ့အဖွဲ့အစည်းနဲ့ ပိုပြီး လက်ပွန်းတတီး ဖြစ်လာလေလေ၊ လူတွေကို သနားလာလေလေပဲ။ လူတွေဟာ စနစ်တကျ မတွေးခေါ်တတ်ဘူးလို့ မြင်လာတယ်။ ခင်ဗျားတို့ကသာ ခေတ်တွေ စနစ်တွေကို အပြစ်တင်နေတာ။ တကယ်တမ်းမှာတော့ ခင်ဗျားတို့ အပြစ်တွေချည်းပဲ။ ခင်ဗျားတို့ မိဘတွေဟာ ကျွန်တော်တို့ မိဘတွေလို ခင်ဗျားတို့ကို ကျွေးမွေးမထားနိုင်တာ၊ ခင်ဗျားတို့ အပြစ်။ ခင်ဗျားတို့ အပြစ်ချည်းပဲမို့ ခင်ဗျားတို့ ဘယ်ကိုမျှ လက်ညှိုးထိုးနေမယ့်အစား လက်သီးဆုပ်။ တုပ်ပြီးခံ။

လူ့အဖွဲ့အစည်းကြီးကို အဲဒီလို ပြောပစ်ချင်တာ။ ပြောတော့ မပြောလိုက်ရဘူး။ မပြောလိုက်ရတာက ကျွန်တော်တို့ ပြောတာကို နားထောင်မယ့်လူ မရှိလို့ဘဲ။ ဘရှင်အောင် အကြောင်းကိုတော့ ထွေးဝင်းဆီက ကြားရတယ်။ ထွေးဝင်းက တက္ကသိုလ်ရိပ်သာလမ်းထိပ်မှာ နေတယ်။ သူက သတင်းစုံတယ်။ ခုခေတ်ဆိုရင်တော့ ဝီကီလိ(ခ)လို့ ခေါ်ရမှာပဲ။ အဲဒီတုန်းက ဂျူလီယံအဆန်း မရှိသေးဘူး။ မွေးမှာတောင် မဟုတ်သေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ ထွေးဝင်းရှိတယ်။ ကိုယ့်လူ။ ဘရှင်အောင်က ဘီ ၆၀၀ နဲ့ဟ။ တွေ့လိုက်သလား။ ဟိုနေ့ဆီက သတင်းစာထဲမှာ ဘရှင်အောင် တစ်ယောက်ရယ်။ သူ့ဆရာ နောက်နားဆီက ဟိုကောင်ကြီး၊ အယ်လီဂေးရှင်းနဲ့ပါသွားဆိုပဲ။ အစုံကြားလာရတယ်။ ကျွန်တော့်ဆီတော့ တစ်ခါတလေ တယ်လီဖုန်းဆက်ပေမယ့် သူ့အလုပ်အကြောင်းလည်း ကျွန်တော် မမေးဘူး။ ကျွန်တော် ဘာလုပ်နေသလဲ လို့တော့ သူက မေးလေ့ရှိတယ်။ ငါတို့လူသိုက် အလျင်ကလို အဖြေမရှာကြတော့ဘူး။ လူ့အဖွဲ့အစည်းကြီးကို ပြုပြင်ဖို့ မစဉ်းစားကြတော့ဘူး။ အဖြေရှာနေတာ။ အဖြေပေးပြီး တိုက်ဆိုင်ကြည့်နေတာထက် ပိုပြီး လက်တွေ့ကြတာ လုပ်နေကြတယ်လို့ ဖြေတော့ သူက မေးတယ်။ ဘာလုပ်နေကြသလဲတဲ့။ ကျွန်တော်က ငါတို့ အခု မေးခွန်းတွေထုတ်နေကြတယ်။ အဖြေမရှာတော့ဘူးလို့ ဖြေလိုက်တယ်။ မင်းတို့ကလည်းကွာလို့ ဘရှင်အောင်က ပြောပြီး စကားမဆက်ဘူး။ ကောက်ချက်မချရဲဘူး။ ကျွန်တော်တို့အတွက်ကတော့ လုပ်သင့်တဲ့ အလုပ်တစ်ခုပဲလို့ မြင်တယ်။ တက္ကသိုလ်တုန်းက ကျွန်တော်တို့ကို မျက်စိဖွင့်ပေးခဲ့တဲ့ ဆရာကြီးရဲ့ စကားကို ခုမှ သဘောပေါက်တယ်။ ပေါက်ရတာကလည်း ဘရှင်အောင် အကြောင်းတွေ ကြားလာရလို့ပဲ။ ကျွန်တော်တို့ရဲ့ ဆရာကြီးက ခင်ဗျားတို့ မေးစရာရှိရင်မေး။ မမေးလို့ မသိရင် အဖြေမရှိဘဲ ချာလည်လည် ဖြစ်နေရတာကလွဲလို့ ခင်ဗျားတို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောခဲ့တာကိုး။ ဘရှင်အောင်ကြပြန်တော့ ဘာမျှ မေးတာစမ်းတာမရှိတော့ဘဲ ခိုင်းသမျှ အကုန်လုပ် ဘိန်းမုန့်ဆိုတာမျိုးပဲ။ အလည်ခေါင်မှာ ရောင်ရောင်ကလေး ဖောင်းနိုင်တာကလွဲလို့ တကယ်တမ်းမှာတော့ ပြားနေတာပဲ မဟုတ်လား။ ကျွန်တော်တို့ လူ့အသိုက်အမြုံကြီးထဲမှာက မွေးကတည်းက ရိုက်သွင်းထားတဲ့ တစ်စက္ကန့်၊ တစ်မိနစ်၊ တစ်နာရီ ကြီးတဲ့လူကို ပြန်မပြောနဲ့၊ ပြန်မမေးနဲ့ဆိုတာက ရှိနေတာကိုး။ ဂုဏဝုဒ္ဓိ ဝယဝုဒ္ဓိဆိုတာက၊ ရေဆိုတာ စီးတယ်လို့ လက်ခံထားတဲ့ အရပ်တိုင်းမှာ မှန်တယ်လို့ လက်ခံထားတဲ့ အမှန်တရား တစ်ခုလို ဖြစ်နေတယ်။ ဒီတော့လည်း အဲဒီပေတံနဲ့ တိုင်းရင်တော့ ဘရှင်အောင်က မှန်တယ်။ ကျွန်တော်တို့က မှားနေမှာပဲ။ မှားလည်း မတတ်နိုင်ဘူး။ လူဆိုတာက အမှန်တွေချည်း လျှောက်လုပ်နေဖို့ မွေးလာတာမှ မဟုတ်ဘဲ။

တစ်နေ့တော့ တက္ကသိုလ်ရိပ်သာလမ်းထိပ်က ဝီကီလိ(ခ)ဆီက သတင်းကြားလာရတယ်။ မင်းတို့ကောင်ကြီးတော့ ပင်စင်ယူသွားပြီတဲ့။ ဘယ်လိုလုပ်ပြီး ပင်စင်ယူလိုက်တာလဲလို့ မေးကြည့်လိုက်တော့ သူကြိုက်တဲ့ ဝန်ထမ်းလောကမှာ ခေတ်စားတဲ့ ဖို့(စ)တူရတိုင်းယာ့(ဒ)ဆိုတဲ့ ရောဂါနဲ့ဆိုတာကို အကြောင်းစုံ ကြားရတယ်။ ကျွန်တော်နဲ့ ငြိမ်းမောင်လည်း သူနေတဲ့ တိုက်ခန်းဆီ သွားကြတယ်။ ဘရှင်အောင်တစ်ယောက် အတော်ကလေး ကျသွားတယ်။ စိတ်ဓာတ်လည်း ကျနေပုံပဲ။ ဒါပေမဲ့ ဖြစ်ကြောင်းကုန်စင်ကို မပြောချင်ဘူး။ နောက်ဆုံးတော့ ငြိမ်းမောင်က မနေနိုင်တော့လို့ ငါတို့ ကြားပြီးပြီ။ မင်းက ကာဆီးကာဆီ လုပ်နေရအောင် ဟိုအကောင်က မင့်အဖေမို့လို့လားလို့ ပြောင်ပြောင်ချဲထည့်လိုက်တော့မှ သူကဝန်ခံတယ်။ ဒါပေမဲ့လည်း ပြီးတာပြီးပါပြီကွာ။ တစ်ယောက်နဲ့တစ်ယောက် အမုန်းပွားနေလို့လည်း ခုမှတော့ အပိုပါပဲလို့ ပြောသေးတယ်။ ကျွန်တော်ကတော့ ဘာမျှမပြောတော့ဘူး။ ဘရှင်အောင်ရဲ့ အကြောင်းကို သိလာခဲ့ရတာ အနှစ်ငါးဆယ်စာလောက် ရှိနေခဲ့လို့ပဲ။ လူတိုင်းလူတိုင်းရဲ့ ဖြစ်ခဲ့တဲ့ အကြောင်းဆိုတာက သမိုင်းလိုပဲ။ ရှိနေခဲ့တာတွေကို မသိကျိုးကျွံသာ ပြုလို့ရမယ်၊ သိစရာမဟုတ်ဘူးလို့ ပြောလို့မရတော့တာတွေ။ ခုဖြစ်ရတာက သူတို့ဆီ ဝန်မင်းအဖြစ်နဲ့ ပြောင်းလာတဲ့ ငတိက တစ်ကျောင်းတည်းသား။ သူက အကွက်မြင်တယ်။ သူ့အဖေလည်း အကွက်မြင်ခဲ့တာပဲ။ ဘရှင်အောင်လို့ ရိုးရိုးသားသား အစိုးရအမှုထမ်း ဘဝကို ကယ်ရီယာတစ်ခုနေနဲ့ လုပ်ချင်တဲ့လူမျိုးတွေ မဟုတ်ဘူး။ အဲဒီ ငတိအဖေတုန်းကလည်း ပညာရှင်ဘဝကနေ အမျှော်အမြင်ကြီးကြီးနဲ့ စစ်ဗိုလ်တွေနဲ့ လုံးရင် ဝန်မင်းဖြစ်တာပဲ။ သူ့သားကြတော့ စစ်ခေတ် အရောင်တောက်နေချိန်မို့ တပ်ထဲက မြတ်ကိုကိုက ထပ်ပြီး ကောင်းစားတဲ့ သဘောမျိုးပဲ။ အရပ်ဖက် ပြောင်းလာတော့ ဘရှင်အောင်ကို တွေ့တယ်။ တစ်ကျောင်းတည်းသား အဖြစ်နဲ့ လုံးပြီး တပည့်မွေးလိုက်တာပဲ။ နောက်ဆုံးတော့ သင်းစားသမျှ ဘရှင်အောင်က အရိုးလိုက်သိမ်းပေးရင်း နိမ့်တဲ့အကောင် အရင်ပြုတ်စတမ်းဆိုတဲ့ စစ်ခေတ်ရဲ့ မူအရ ဘရှင်အောင် ပြုတ်တော့တာပဲ။

ဘရှင်အောင် အသုဘကို သွားကြတယ်။ ဘရှင်အောင်ကို သူငယ်ချင်းရယ်လို့ ခေါ်ရင်း အသုံးချသွားတဲ့ ဝန်မင်းပြုတ်လည်း လာတယ်။ ခုထိ ဟိတ်နဲ့ဟန်နဲ့ပဲ။ စစ်တပ်နဲ့ နိုင်ငံရေးဆိုတာက သိပ်ကွာလှတာ မဟုတ်ဘူး။ လူ့အဖွဲ့အစည်းကြီး အတွင်းက ပြန်လည်တည်ဆောက်ထားတဲ့ လူ့အဖွဲ့အစည်း ခပ်သေးသေးကလေးတွေပဲ။ သူ့အုံ သူ့ကျင်းနဲ့။ ပြည်သူက ကြိုက်ကြိုက် မကြိုက်ကြိုက်။ နိုင်ငံရေးဆိုတာကလည်း နိုင်တာဟာ တရားတာပဲ။ ဘရှင်အောင်ဟာ အသက်ငါးဆယ်ကျော်ကလေးမှာ စိတ်ဓာတ်ကျပြီး သေတာပဲ။ သူ့တူနဲ့ သူ့တူမကလေးက ကျွန်တော်တို့အထဲက တစ်ယောက်ယောက်က စကားပြောပေးဖို့ ပြောပေမယ့် အားလုံးက ငြင်းတယ်။ သေသွားကာမှ လူတစ်ယောက်ရဲ့ ကောင်းကြောင်း တော်ကြောင်းတွေ ပြောနေလို့တော့ အလကားပဲ။ မသာတွေ အားလုံးဟာ အတူချည်းပဲ။ အသက်ရှင်နေသူတွေကို ဆက်ပြီး လက်မတွဲနိုင်တော့လို့ အဆက်ဖြတ်ခဲ့ကြတာ။ ဘရှင်အောင်ရဲ့ အသုဘမှာတော့ ပြောမယ်ဆို ပြောသင့်ပေမယ့် ဘရှင်အောင်ရဲ့ ဝန်မင်းကလည်း ပြောဦးမယ်ဆိုတော့ ဘယ်သူကမျှ မပြောချင်ကြဘူး။ ပြောတော့လည်း ဝန်မင်းက ဘရှင်အောင် ကောင်းကြောင်း တော်ကြောင်းတွေတော့ ပြောပါရဲ့ ဘာဖြစ်လို့ ပြုတ်သွားတယ်ဆိုတာ ထည့်မပြောဘူး။ ဘရှင်အောင်ကသာ ပြုတ်သွားလို့ အခန်းကျဉ်းကလေး တစ်ခုတည်းမှာ သူ့ဘာသာ တံခါးပိတ်နေတဲ့ဘဝ ရောက်သွားပေမယ့် သင်းကတော့ ဟိုဌာန၊ ဒီဌာနပြောင်း။ သက်ဆိုင်ရာက သက်စေ့ပင်စင် မပေးခင် ပင်စင်လစာဆိုတာကို မမက်လောက်အောင် အထုပ်နဲ့ အထည်နဲ့ ဖြစ်အောင် လုပ်ပေး ထားကြတာ။ လုပ်ငန်းတွေ၊ ကန်ထရိုက်တွေ၊ ကုမ္ပဏီတွေ အပုံချည်း။ တိုက်ပုံအင်္ကျီအနက် ဝတ်ပြီး မသာမှာ ဝမ်းနည်းစကား ပြောနေပေမယ့် ကျွန်တော်တို့အတွက်ကတော့ လွယ်လွယ်အနက်ဖော်လို့ရတဲ့ တစ်ညခံ ပြက်လုံးပဲ။ တကယ်တမ်း စဉ်းစားကြည့်ရင် သေကာမှ ဝမ်းနည်းပြရတာဟာ သိပ်လွယ်တဲ့ အပြုအမူတစ်ခု။ ဘယ်သူကမျှ ထမကန့်ကွက်တော့ဘူး။ ကြားရတဲ့လူကလည်း စုတ်တသပ်သပ် ဖြစ်နေရုံကလွဲလို့ ဘာမျှ မလုပ်နိုင်ဘူး။ ကျွန်တော်နဲ့ ငြိမ်းမောင်ကတော့ အခန်းအပြင်ဘက်ထွက်ပြီး ခပ်လှမ်းလှမ်းမှာ သွားရပ်နေမိကြတယ်။ သင်္ချိုင်းကုန်းထဲမှာဆိုတော့ သေသူနဲ့ ရှင်သူ နှစ်မျိုးပဲရှိတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ ဆက်လက် လက်ခံထားခံနေရတဲ့လူတွေနဲ့၊ လူရဲ့ ဖြစ်နေခြင်း မရှိတော့လို့ လူ့အဖွဲ့အစည်း အတွင်းမှာ ဆက်လက် လက်ခံမထားတော့တဲ့ တစ်ခုတုန်းက လူဖြစ်ခဲ့ဖူးတဲ့ လူတွေ။ သေသူတွေ အကြားမှာ ဘရှင်အောင်လို သေသွားတဲ့ လူတချို့ ပါမှာပဲ။ လူ့အဖွဲ့အစည်းထဲမှာ ဆက်လက် လက်ခံထားလို့ မဖြစ်တော့တဲ့လူတွေ။ လေထဲမှာ သူတို့ရယ်သံတွေ ရှိနေမှာပဲ။ ကိုယ်က နားထောင်ချင်ပေမယ့် သူတို့အသံတွေက ကြားရတော့မှာ မဟုတ်ဘူး။ သေတဲ့အထိ သူ့ကို အသုံးချနေသေးတဲ့ ဝန်မင်းရဲ့ အသံကိုတော့ ကြားနေရသေးတယ်။ လူ့အဖွဲ့အစည်းက လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ လောလောဆယ်မှာတော့ သူ့အသံက လေထဲမှာ တည်နေနိုင်သေးတယ်။

ဘရှင်အောင်ရဲ့ အသုဘကအပြန် ထွေးဝင်းတို့ အိမ်မှာသွားပြီး လေပစ်ကြတယ်။ တက္ကသိုလ်ရိပ်သာလမ်းကို ဆန့်ထုတ်ထားတဲ့ လမ်းတစ်နေရာမှာ နိုင်ငံခြားဖြစ် နိုင်ငံခြားအရက် ကောင်းကောင်း ရောင်းတဲ့ဆိုင်ရှိတော့ ဟန်ကျသွားတယ်။ ဟိုအကြောင်း ဒီအကြောင်း ပြောရင်းက ဘရှင်အောင်အကြောင်းထဲ တဝဲလည်လည် ဖြစ်နေကြတယ်။ ဘရှင်အောင်တစ်ယောက် အလုပ်က ပြုတ်ပြီးကတည်းက မှန်မှန်တွေ့တာတော့ ငြိမ်းမောင်ပဲ။ ဒီတော့လည်း သူ့စိတ်ထဲမှာ ပိုပြီး မခံချင် ဖြစ်နေတယ်။ သူ့ကိုပဲ အတော့်ကို စိတ်ပြေအောင် ပြောတယ်။ နောက်ဆုံးတော့ ငြိမ်းမောင်က မေးတယ်။ ဘရှင်အောင် ဘဝတစ်ခုလုံးမှာ ဘာမှားသွားတယ် ထင်သလဲတဲ့။ အဖြေတွေက အမျိုးမျိုး ထွက်လာတယ်။ ကျွန်တော့် အမြင်ကတော့ ဘရှင်အောင်ဟာ လူ့အဖွဲ့အစည်းအထဲက မယောင်ရာဆီလူး အယူအဆတွေကြောင့် နစ်မွန်းသွားတာပဲ။ စေတနာတွေ၊ မေတ္တာတွေဆိုတဲ့ လူ့အဖွဲ့အစည်းအတွင်းက အပေါစား ယုံကြည်မှုတွေကို နားယောင်သွားတာပဲ။ တကယ်တော့ မေတ္တာတို့ ကရုဏာတို့ ဆိုတာတွေက နေ့စဉ်ဘဝကြီးကို မရင်ဆိုင်ရဲတော့တဲ့ လူတွေ၊ မိုးလင်းတိုင်း ရွတ်နေဖို့ကောင်းတဲ့ စကားလုံးတွေ။ အပြိုင်အဆိုင် ရုန်းကန်နေရတဲ့ နေ့စဉ်ဘဝကြီးထဲမှာ မေတ္တာတို့ ကရုဏာတို့ဆိုတာ ရုန်းကန်စရာမလိုဘဲ ချောင်ချောင်စားနေရတဲ့ လူတွေ။ ထမင်းပွဲရှေ့ရောက် စားသောက်နေရတဲ့ ငနဲတွေက လူရိုသေ ရှင်ရိုသေဖြစ်အောင် သုံးနေတဲ့ စကားလုံးတွေပဲ။ အဲဒီစကားလုံးမျိုး များများသုံးနိုင်တဲ့ကောင်က ဒီစကားလုံးတွေကို တကယ်ပဲလို့ ထင်နေတဲ့ကောင်တွေအပေါ်မှာ အသုံးချသွားတာပဲ။ ဘရှင်အောင်ဟာ ငယ်ငယ်ကတည်းက ငရဲဆိုတာကို ယုံတဲ့အကောင်။ ကျွန်တော် စကားမဆုံးခင် ရယ်ကြတယ်။ အဲဒီတုန်း ထွေးဝင်းမိန်းမရောက်လာပြီး ကျွန်မတော့ အပြင်သွားလိုက်ဦးမယ်။ အေးအေးဆေးဆေး နေကြဦးလို့ ပြောတယ်။ ပြီးတော့မှ တစ်ခုခုကို သတိရသွားပုံရတယ်။ သူယောက်ျားကို လက်ညှိုးထိုးပြီး ပြောတယ်။ ဟိုတစ်ယောက် လမ်းထိပ်က ကိစ္စ ပြောဆိုပြီးပြီလားတဲ့။

သူ့ယောက်ျား ဘာမျှပြန်မပြောရသေးခင် မင်းဆွေက အထိတ်တလန့် ဖြစ်သွားပုံရတယ်။ လမ်းထိပ်မှာ ဘာဖြစ်လို့လဲလို့ ဖြတ်ပြီး မေးလိုက်တယ်။ ထွေးဝင်းမိန်းမက ဘာမျှပြန်မဖြေတော့ဘဲ သူ့ယောက်ျားကိုပဲ လက်ညှိုးထိုးပြီး လှည့်ထွက်သွားတယ်။ အားလုံးက ထွေးဝင်းကို ကြည့်နေကြတယ်။ ဒီလိုကွာလို့ အစချီပြီး ထွေးဝင်း ရှင်းပြတယ်။ ကိုယ်တို့ တက္ကသိုလ်ရိပ်သာလမ်းရဲ့ ဒီဖက်ခြမ်းက သွားလို့လာလို့ အဆင်မပြေဘူး။ ဟိုနားကပိတ်၊ ဒီနားကတားနဲ့။ ဒီတော့ လှည့်ပတ်သွားနေကြရတယ်။ ကိုယ်တို့ နောက်ကြောနားမှာ ဖြတ်လမ်းကလေး တစ်ခုရှိတယ်။ အဲဒီကနေ ဖြတ်သွားနေကြရတယ်။ ခုတော့ အဲဒီ လမ်းကြားကလေးမှာပါ အစောင့်အကြပ် ချထားပြီး အတားအဆီ လုပ်လာပြန်တယ်။ ညဘက်ဆို ပိုဆိုးတယ်။ ဒီကြားထဲ လက်ပတ်ပတ်ပေးထားတဲ့ အရပ်ထဲက အကောင်တွေကလည်း ကားတားရင်း ပညာပြကြသေးတယ်။ အဲဒါကို မိန်းမက သိပ်ဘဝင်မကျဘူး။ ကို့ကို တစ်ယောက်နဲ့တွေ့ပြီး ပြောခိုင်းတာလို့ ရှင်းပြတယ်။ မင်းဆွေက ချက်ချင်းထောက်ခံတယ်။ လူတစ်ယောက်ကြောင့် လူတွေ အများကြီး ဒုက္ခရောက်ရတာပဲလို့ ဝင်ပြောတယ်။ ကျွန်တော်ကတော့ ဝင်မပြောဘူး။ ဆယ့်ရှစ်နှစ်သား ဝီစကီဟာ စကော့တလန်မှာ သောက်သောက်၊ ဝါးဗလောက်သောက်မှာ သောက်သောက်။ တူတူပဲ။ ဘာကြောင့်ပါလိမ့်ဆိုတာ တွေးကြည့်နေမိတယ်။ ဒီတော့ ငြိမ်းမောင်က ဘရှင်အောင်ကိစ္စလည်း ဒီလိုပဲလို့ ပြောတယ်။ ဘယ်လိုက ဘယ်လို ဘရှင်အောင်နဲ့ တက္ကသိုလ်ရိပ်သာလမ်းမှာ သွားရလာရ ခက်ခဲတာကို ဆက်လိုက်မှန်းတော့ မသိဘူး။ တခြားလူတွေက ဘယ်လိုတွေးကြည့်မယ်ဆိုတာတော့ ကျွန်တော် မသိဘူး။ အတွေးထဲမှာ စူးစမ်းလက်စဖြစ်တဲ့ ဝီစကီအကြောင်းကို ဆက်တွေးကြည့်မယ်လုပ်တုန်း ငြိမ်းမောင်အသံ ထပ်ကြားရပြန်တယ်။ နေရာတကာမှာ တစ်ယောက်ယောက်ကတော့ တစ်ခုခုပြောဖို့လိုတယ်ကွတဲ့။

ကျွန်တော့် ခေါင်းထဲမှာ ထူးထူးဆန်းဆန်း တစ်ခုခုကြားလိုက်ရသလိုပဲ။ ငြိမ်းမောင်ကို ကျွန်တော် လှမ်းကြည့်လိုက်မိတယ်။ ကျန်တဲ့လူတွေကလည်း သူ့မျက်နှာကို စိုက်ကြည့်နေကြတာ တွေ့လိုက်ရတယ်။ ငြိမ်းမောင်ကလည်း ကျွန်တော်တို့ အားလုံးရဲ့ မျက်နှာတွေကို တစ်လှည့်ချင်း ကြည့်နေကြတယ်။ သူကြည့်နေပုံကတော့ ကျွန်တော်တို့ကို သူ့ဘဝတစ်ယောက်မှာ တစ်ခါကမှ မမြင်ဖူးတဲ့လူတစ်ယောက်လိုပဲ။    ။

မြင့်သန်း

No comments: