Monday, August 2, 2010

ကွိနှင့် အတူ ဘဝ၏ အဓိပ္ပာယ်ကို ရှာဖွေကြည့်ခြင်း

ဦးဝင်းတင် ဘာသာပြန်တဲ့ Henry Sydnor Harrison ရဲ့ ကွိ ကို ဒုတိယအကြိမ်မြောက် ဖတ်ပြီးသွားတော့ တွေးစရာတွေ အတော်များများ ကျန်ခဲ့တယ်။ ပထမတစ်ခေါက်တုန်းကတော့ သေချာမဖတ်မိဘူး။ ဝတ္ထုတစ်ပုဒ်အနေနဲ့ပဲ သာမန်ကာလျှံကာ ဖတ်လိုက်မိတယ်။ ဒါပေမယ့် ဖတ်ပြီးသွားတော့ ဇာတ်လမ်းလေးက တော်တော်ကောင်းပြီး စိတ်ဝင်စားဖို့ကောင်းတာနဲ့ပဲ နောက်တစ်ခေါက် ထပ်ဖတ်လိုက်တယ်။ ဒုတိယအကြိမ် ဖတ်တဲ့အခါမှာတော့ ဝတ္ထုတစ်ပုဒ်ဖတ်သလို မဟုတ်တော့ဘူး။ ကွိဆိုတဲ့ လူတစ်ယောက်ရဲ့ အတ္တုပ္ပတိကို ဖတ်နေရသလို သဘောထားပြီး စေ့စေ့စပ်စပ် ဖတ်ကြည့်မိတယ်။ အဲ့ဒီမှာ သွားတွေ့ရတာက စာရေးသူက ဒီစာအုပ်ကို သာမာန် ဘဝသရုပ်ဖော်၊ သရုပ်မှန် ဝတ္ထုတွေလို ဇာတ်ကြောင်းချည်းပဲ ရေးခဲ့တာ မဟုတ်ဘူး။ သူ့ ဇာတ်လမ်းကျောရိုးမှာ ပြောချင်တာလေးတွေ ရှိနေတယ်။ ပြောချင်တာက လူတစ်ယောက်ရဲ့ ဘဝကို နေထိုင်နည်းလိုမျိုးပဲ။ နေထိုင်နည်းဆိုတာက best seller စာရင်းဝင်တဲ့ တက်ကျမ်းတွေလို တိုးတက်ကြီးပွားအောင်၊ ဘဝမှာ အောင်မြင်အောင် လုပ်ကိုင်နေထိုင်နည်းတွေကို ပြောတာမဟုတ်ဘူး။ လူတစ်ယောက်ရဲ့ အဓိပ္ပာယ်ရှိတဲ့ဘဝနဲ့ အဓိပ္ပာယ်မဲ့တဲ့ ဘဝနှစ်ခုကို ကွိမှာ သွားတွေ့ရတယ်။ လူ့ဘဝရဲ့ အဓိပ္ပာယ်ဆိုတာမျိုး။

ဒီစာအုပ် မဖတ်ခင် အရင်က ကျွန်တော့်မှာ လူရဲ့ ဖြစ်နေရခြင်းမှာ အဓိပ္ပာယ် တစ်စုံတစ်ရာ မရှိဘူးဆိုတဲ့ဘက်ကို ယိမ်းတဲ့ အမြင်မျိုး ရှိခဲ့တယ်။ အဲဘတ်ကမူးတို့ ယန်းပေါလ်ဆာတ်တို့ရဲ့ အမြင်တွေ လွှမ်းမိုးခဲ့တာလဲ ပါတယ်။ ဖြစ်တည်မှုပါဓာနဝါဒမှာဆိုရင် လူရဲ့ ဖြစ်နေခြင်းဟာ ရည်ရွယ်ချက် အကြောင်းရင်း တစ်စုံတစ်ရာမရှိဘဲ ဖြစ်နေရခြင်းပဲ။ အနည်းဆုံး အဓိပ္ပာယ်ရှိတယ်ဆိုရင်တောင် ဖြစ်နေရခြင်းနဲ့ သေခြင်းဆိုတဲ့ နှစ်ခုလောက်ပဲ။ လူ့ဘဝသက်တမ်းတစ်လျှောက် ကြုံတွေ့၊ ဖြစ်ပျက်နေရတဲ့ အရာအားလုံးဟာ ရည်ရွယ်ချက် အကြောင်းရင်း တစ်စုံတစ်ရာ မရှိဘဲ ကြုံတွေ့၊ ဖြစ်ပျက်နေရတာပဲ။ ဘာကြောင့်ဆိုတော့ လူသားကို ရည်ရွယ်ချက် အကြောင်းရင်း တစ်စုံတစ်ရာနဲ့ တစ်စုံတစ်ယောက်က (ဥပမာ ဖန်ဆင်းရှင်) ဖန်တီးခဲ့ခြင်း မဟုတ်လို့ပဲ။ လူသားရဲ့ ဖြစ်တည်မှုဟာ သဘာဝရဲ့ ဖြစ်စဉ်တစ်ခုပဲ။ ဒါပေမယ့် ဒီစာအုပ်ထဲမှာ လူဖြစ်နေရခြင်းမှာ ရည်ရွယ်ချက် တစ်စုံတစ်ရာ ရှိတယ်လို့ စာရေးသူက ပြောချင်နေတာလို့ ခံစားရတယ်။ ဘာကြောင့် ကျွန်တော် ဒီလိုပြောတာလဲဆိုတာကို နည်းနည်း ရှင်းပြချင်တယ်။


ပထမဆုံး ဇာတ်လမ်းအစမှာ ကွိရဲ့ သိပ္ပံပညာရှင်ရုး ရူးနေတဲ့ ဘဝကို ပြခဲ့တယ်။ သူ့မှာ မိတ်ဆွေအပေါင်းအသင်းလည်း လက်ချိုးရေလို့ရတယ်။ တစ်နေကုန် သူ့စာအုပ်ထဲမှာ နှစ်မြှုပ်ထားပြီးတော့ သူ့ဘဝကို သူတစ်ယောက်ပဲ သာယာနေခဲ့တယ်။ တစ်အိမ်တည်းနေတဲ့ လူတွေနဲ့တောင် အပေါင်းအသင်း မလုပ်ဘူး။ ဒီအချိန်မှာ ကွိရဲ့ ဘဝဟာ အဓိပ္ပာယ်မရှိဘူးလို့ ပြောနိုင်တယ်။ ဘာကြောင့်ဆိုတော့ အဲဒီအချိန်မှာ ကွိဆိုတဲ့ လူတစ်ယောက်ဟာ ဘယ်သူ့အတွက်မှ ဘာမှမဟုတ်သေးဘူး။ သူသေသွားခဲ့ရင်တောင် ဘာမှဖြစ်ကြမှာ မဟုတ်ဘူး။ လောကကြီးမှာ သူမရှိရင် ဘာမှ မထူးခြားသွားသေးဘူး။ ဘယ်သူမှလည်း ဝမ်းနည်းမှာ မဟုတ်သေးဘူး။ နယူးယောက်က မိတ်ဆွေနှစ်ယောက်တောင် ဝမ်းနည်းရင် တနင်္ဂနွေတစ်ပတ်ထက် မပိုနိုင်ဘူး။ ခဏနေရင် အကုန်လုံးက မေ့သွားကြမှာ။ ကွိဆိုတဲ့ လူတစ်ယောက် ရှိခဲ့တယ်လို့တောင် သိကြမှာ မဟုတ်သေးဘူး။

ရှာလီဝေလင်တို့ မြို့ကလေးကို ရောက်လာပြီးတဲ့ နောက်ပိုင်း ကွိရဲ့ ဘဝဟာ ပြောင်းလဲလာတယ်လို့ ဆိုရမယ်။ အရင်လို အခန်းအောင်းနေတာ မဟုတ်တော့ဘဲ မိတ်ဆွေအပေါင်းအသင်းရလာတယ်။ နောက်ပိုင်း သတင်းရေးတဲ့အလုပ်ကို မခံချင်စိတ်နဲ့ လုပ်ရာကနေ အယ်ဒီတာတစ်ယောက် ဖြစ်သွားတဲ့အထိပဲ။ ဒီနေရာမှာ စာရေးသူဟာ ကွိကနေတစ်ဆင့် ဘဝမှာ နေထိုင်နည်းကို ပြောနေသလိုပဲ။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ကွိရဲ့ ဘဝဟာ အသက်ဝင်လာတယ်။ အဓိပ္ပာယ်ရှိလာတယ်။ အခြားလူတွေက ကွိဆိုတဲ့ လူတစ်ယောက်ကို လိုအပ်လာတယ်။ ကမ္ဘာမှာ ကွိဆိုတဲ့ လူတစ်ယောက် မရှိရင် မဖြစ်တဲ့ အခြေအနေမျိုး။ အနည်းဆုံးတော့ ပို့စ်သတင်းစာက ကွိကို လိုအပ်လာတယ်။ ကွိရဲ့ နေထိုင်မှုဟာ သူတစ်ပါးအတွက် ဖြစ်သွားပြီ။ သူတစ်ပါးအတွက် အသက်ရှင်နေရတဲ့ ဘဝဟာ အဓိပ္ပာယ်ရှိတဲ့ဘဝပဲလို့ စာရေးဆရာက ဆိုလိုချင်တာလို့ မြင်မိတယ်။

ကွိရဲ့ သိပ္ပံပညာရှင်ဘဝမှာ သူဟာ ဘယ်သူ့အတွက်မှ အသက်ရှင်နေတာမဟုတ်ဘူး။ သူ့အတွက်ပဲ သူ အသက်ရှင်နေတာ။ ဒီတော့ သူ့ဘဝဟာ အဓိပ္ပာယ်မရှိဘူး။ သူများအတွက် အသက်ရှင်နေရတော့မှ သူ့ဘဝဟာ စိုစိုပြည်ပြည်နဲ့ အဓိပ္ပာယ်ရှိလာတယ်။ ပြောချင်တာက သူများအတွက် အသက်ရှင်နေရတဲ့ ဘဝဟာ အဓိပ္ပာယ်ရှိတဲ့ဘဝ၊ လူဖြစ်ရခြင်းရဲ့ ရည်ရွယ်ချက်ဟာ တခြားလူတွေအတွက် အသက်ရှင်နေရခြင်းပဲ။ လူဟာ မွေးကတည်းက တစ်ယောက်တည်း သီးသီးခြားခြား ဖြစ်လာရပေမယ့် အသက်ရှင်သမျှ ကာလပတ်လုံး လူ့အသိုင်းအဝိုင်းအတွင်းမှာ နေထိုင်နေရတာပဲ။ လူ့အသိုင်းအဝိုင်းရဲ့ အပြင်ဘက်ကို ရောက်သွားတာနဲ့ ဘဝဟာ အဓိပ္ပာယ်မဲ့သွားတယ်။ သီးသန့်ဆန်တဲ့ ဘဝဟာ စိတ်ကူးယဉ်လို့ ကောင်းပေမယ့် လက်တွေ့မှာ နေရတာ အလွန်အဓိပ္ပာယ်မဲ့တယ်။ ဦးတည်ရာမဲ့ ဖြစ်နေပြီးတော့ နေရတာလဲ ပျင်းဖို့ကောင်းတယ်။ ဘုရားသခင်က လူကိုဖန်ဆင်းတယ်ဆိုရင်တောင် သူဟာ ရည်ရွယ်ချက်မရှိဘဲ ဖန်ဆင်းခဲ့တာမဟုတ်ဘူး။ လူတွေအားလုံးဟာ အခြားလူတွေအတွက် အသက်ရှင်နေပေးမယ်ဆိုရင် လောကဟာ အဓိပ္ပာယ်ရှိရှိနဲ့ ဖြစ်တည်နေမယ်လို့ စာရေးဆရာက ပြောချင်နေတယ်လို့ ထင်မိပါတယ်။

No comments: