Friday, July 9, 2010

မြို့နဲ့ ဆယ်မိုင်အကွာကကောင် (မြင့်သန်း)

Decived me into thinking
I have something to protect
Good and bad, I define these terms
Quite clear, no doubt, somehow.
At, but I was so much older then,
I am younger than that now.
Bob Dylan, "My Back Pages" (The Byrds)

တို့ ဟိုအကောင်လာတဲ့အထိ ခဏစောင့်လိုက်ရင် ကောင်းမယ်လို့ ထင်တယ်လို့ ပြောလိုက်တဲ့ မင်းဆွေရဲ့ အသံကြားလို့ မဂ္ဂဇင်း တစ်စောင်ကို ဟိုလှန် ဒီလှန်လုပ်ရင်း ကျွန်တော်က သူ့ကို လှမ်းကြည့်မိတယ်။ နောက် ငြိမ်းမောင်ကို ကြည့်လိုက်မိတယ်။ ငြိမ်းမောင်က ကျွန်တော်ယူလာတဲ့ ဝီစကီပုလင်းက အဖုံးပိတ်ကပ်ထားတဲ့ ခဲသားကိုဖယ်ဖို့ ကြိုးစားနေတယ်။ မသောက်သေးပါဘူးကွာ။ ဒီကောင်ဝယ်လာတာတွေက အဖွင့်ရခက်လို့ ကြိုပြီးဖွင့်နေရတာလို့ ပြန်ပြေရင်း ပုလင်းအဖုံးပိတ် ခဲပတ်ကို ဆက်ပြီးဖွင့်နေတယ်။ မင်းကလည်း ဘာလို့ ခက်ခက်ခဲခဲပုလင်း ဝယ်လာရသလဲ။ သံအဖုံးနဲ့ လွယ်လွယ်လှည့်ဖွင့်လို့ရတာ ဝယ်ခဲ့ရောပေါ့လို့ မင်းဆွေက ကျွန်တော့်ကို အပြစ်တင်သလိုနဲ့ ဆရာလုပ်တယ်။ ဟေ့ကောင် ငါ အထဲကအရည်ကိုသောက်တာ အဖွင့်ရလွယ်တဲ့ပုလင်းထဲက အရည်မှန်သမျှကို သောက်တာမဟုတ်ဘူး။ မင်းလည်း မော့(လ) ဝီစကီအကြောင်း ဘာမျှ နားမလည်ဘူး။ နားမလည်တာကို ဝင်ဆရာမလုပ်နဲ့ ငါ နားမလည်တဲ့ မင်းရဲ့ကိစ္စတွေကို ငါ ဝင်မပြောဘူး။ မင်း ပညာရအောင် တစ်ခုမှတ်ထား။ ခဲပတ်ပိတ် ဖော့ဆို့အဖုံးနဲ့ ပုလင်းထဲကအရည်က သံအဖုံးထဲက အရည်ထက် ပိုပြီးအနံ့သာတယ်လို့ ပြောတယ်။ မသောက်ခင် ကြိုဖွင့်ထားရတယ်လို့ သူ့ကို လှမ်းပြောလို့ပြီးမှ နေပါဦး ဟိုအကောင်ဆိုတာက ဘယ်သူလဲ ထွန်းအေးသောင်လားလို့ မေးလိုက်တယ်။ ဘယ်အကောင် ရှိရမှာလဲလို့ သူကပြန်ဖြေပြီး မြို့နဲ့ဆယ်မိုင်ဝေးတဲ့နေရာက အကောင်လေလို့ သူက ပြန်ဖြေတယ်။ ကျွန်တော်က ခေါင်းကို အသာရမ်းလိုက်မိတယ်။ ငြိမ်းမောင်ကလည်း ဖြည်းဖြည်းချင်း ခေါင်းခါတယ်။ ခေါင်းခါနေရင်း ငြိမ်းမောင်ကို ကြည့်ရင်း ဒီအကောင် အခု ဘယ်လိုနေသလဲလို့ မေးလိုက်တယ်။ ဘယ်လိုနေရမှာလဲ ဒီလိုပဲပေါ့ မင်းဆွေက ငြိမ်းမောင်မဖြေခင် အရင်ဖြေတယ်။ ပြီးတော့မှ မြို့နဲ့ ဆယ်မိုင်အကွာမှာ နေတဲ့အကောင်ဟာ မြို့နဲ့ ဆယ်မိုင်အကွာကကောင်ပဲပေါ့လို့ ထပ်ပြောတယ်။ ကျွန်တော်တို့ချင်း ဘာအဓိပ္ပာယ်ရှိမှန်း မသိရတဲ့ အပြုံးကို ပြုံးလိုက်မိကြတယ်။

အဲဒီနေ့က မင်းဆွေအိမ်မှာ သူ့မိန်းမ မရှိဘူး၊ ရှိလည်း အရေးတော့ သိပ်မကြီးဘူး။ သူ့မိန်းမက ကျောင်းဆရာမမို့ နည်းနည်းပါးပါး ဆရာလုပ်တာကလွဲရင် နားလည်မှုရှိတယ်။ ကျောင်းဆရာ ကျောင်းဆရာမများဟာ ကျားသစ်လိုပဲ။ အရေပြားပေါ်က အစက်အပြောက်ကို လွယ်လွယ်နဲ့ ပြောင်းမပစ်နိုင်ဘူးလို့ဆိုတဲ့ စကားအတိုင်းပဲ နေမှာ။ မြင့်လှ အသုဘမှာ မင်းဆွေတို့လူသိုက် ထွန်းအေးသောင်နဲ့ ဆုံကြရာက စကားစပ်မိသွားကြတယ်။ အဲဒီတုန်းက ကျွန်တော်က တစ်နေရာမှာ။ စကားစပ်မိတာနဲ့ ကျွန်တော်လည်း ရန်ကုန်ကို လာလိမ့်မယ်လို့ ပြောတော့ ထွန်းအေးသောင်က လာရင် တွေ့ချင်တယ်လို့ ပြောတယ်။ ငြိမ်းမောင်နဲ့ ကျွန်တော် တယ်လီဖုန်းကနေ စကားပြောတုန်းက ငြိမ်းမောင်က ပြောပြတော့၊ ငါလည်း တွေ့ချင်တယ်ကွာ မတွေ့ရတာကို ကြာလှပြီလို့ ပြောလိုက်မိတယ်။ ဒါနဲ့ပဲ မင်းဆွေအိမ်မှာ စီစဉ်ပြီး ချိန်းလိုက်ကြတာ။ လက်ထဲက မဂ္ဂဇင်းစာအုပ်ကို ခြေထောက်တိုတိုနဲ့ စားပွဲကလေးပေါ် ပစ်တင်လိုက်ရင်း ကျွန်တော်က တစ်ခုပြောမယ်ရယ်လို့ ဟန်ပြင်လိုက်တုန်း ငြိမ်းမောင်က ကြိုးစားပြီး ခဲပတ်ကိုခွာနေရင်း ဟိုအကောင် အောင်သွင်လည်း လာလိမ့်မယ်လို့ ပြောတယ်။ ကောင်းသားပဲ။ အခု အောင်သွင်တစ်ယောက် ဘယ်သူနဲ့ ပေါင်းသင်းနေသလဲလို့ ကျွန်တော်က မေးလိုက်မိတယ်။ ချိုနဲ့ပဲလို့ မင်းဆွေက ဖြေတယ်။ ချိုနဲ့ကျတော့ အောင်သွင်တစ်ယောက် အပိုးကျိုးသွားတယ်လို့ ငြိမ်းမောင်ကပြောရင်း ဒီမယ်လို့ပြောပြီး ရပ်နေတယ်။ ကျွန်တော်ရော မင်းဆွေပါ သူ ဘာများဆက်ပြောမလဲဆိုတာ စောင့်နားထောင်နေမိကြတယ်။ သူက မင်းဆွေကို မေးအသာငေါ့ပြရင်း အချိန်ကာလတွေက ပြောင်းလဲကုန်ပြီ ငါ့လူရဲ့၊ မင်းဆွေကိုပဲကြည့်တော့။ အရင်တုန်းကလို မဟုတ်ကြတော့ဘူး။ အောက်ပြည်အောက်အရပ်က ဟာကလေးလည်း အသွားအလာ ကျဲသွားကြကုန်ပြီ။ သူက လာစေချင်တိုင်း ဟိုက မလာလေတော့ သူသွားချင်တိုင်း မသွားနိုင်ဘူး ဆိုသလိုပေါ့ကွာလို့ ပြောတယ်။ မင်းဆွေကတော့ ထုံးစံအတိုင်း ခွေးမသားလို့ ဆဲတယ်။ ဆဲနေတုန်း မင်းဆွေခြံထဲကို ကားကြီးတစ်စီး ဝင်လာတယ်။ အောင်သွင်ပဲလို့ မင်းဆွေက ပြောတယ်။ ဟိုအကောင်တောင် သူနဲ့ ပါချင် ပါလာမှာလို့ ထပ်ပြောတယ်။ ပေါ်တီကိုအောက်မှာ ကားရပ်သံ၊ ကားတံခါးဖွင့်သံ၊ ကားတံခါးပိတ်သံတွေ ကြားရပြီးတဲ့နောက် မကြာခင်ပဲ အောင်သွင်တစ်ယောက် အခန်းထဲ ဝင်လာတယ်။ ကျွန်တော်တို့လည်း ထပြီး လက်ဆွဲနှုတ်ဆက်လိုကြပြီးတော့မှ ပြန်ထိုင်လိုက်ကြတယ်။ အောင်သွင်က ကျွန်တော့်ဘေးမှာ ဝင်ထိုင်လိုက်ရင်း ချိုက မင်းအတွက် ကုလားစာတွေ ဘူးနဲ့ထည့်ပေးလိုက်တယ်။ ငါ အခုပဲ နောက်ဖေးကို ပေးလိုက်တယ်။ ပန်းကန်ထဲ ပြောင်းထည့်ရအောင်လို့ ပြောတယ်။ ကျေးဇူးပဲလို့ ကျွန်တော်က ပြောလိုက်တယ်။ မင်းဆွေက ငါလည်း ချက်ခိုင်းထားပါတယ်လို့ ဝင်ပြောတယ်။ ဟိုအကောင်များ မင်းနဲ့ပါလာမလားလို့ ငြိမ်းမောင်က ကြိုးစားပြီး ပုလင်းရဲ့ ခဲပတ်ကို ဖွင့်နေရင်း လှမ်းမေးလိုက်တယ်။

ဟာကွာလို့ အောင်သွင်ပါးစပ်က ထွက်လာတယ်။ ကျွန်တော်တို့အားလုံး အောင်သွင်ကို ကြည့်လိုက်မိတယ်။ အောင်သွင်က အားလုံးကို တစ်လှည့်စီကြည့်ရင်း ပြောတယ်။ ဖုန်းဆက်တယ်ကွာ ဆက်မရဘူး။ ဆက်မရတာက သူက ဖုန်းဖြုတ်ထားတယ်။ သူ ပြောချင်ကာ ရှိကာမှ ဖုန်းရဲ့ ပလတ်ကိုတပ်တယ်။ ဒါနဲ့ ဒီမလာခင်ပဲ သူ့အိမ်သွားခေါ်တော့ သွားပြီလို့ ပြောတယ်။ ဒါ ထွန်းအေးသောင်ပဲလို့ မင်းဆွေက ထောက်ခံတယ်။ ဒီလိုဆိုလည်း သူ့ဟာသူတော့ လာပါလိမ့်မယ်လို့ ကျွန်တော်က ဝင်ဖြေလိုက်တယ်။ လာတော့ လာမှာပါလို့ အောင်သွင်က ပြောတယ်။ ဒီကောင်က လာမယ်ပြောထားရင် လာတယ်။ စကားကို လွယ်လွယ် မဖျက်တတ်ဘူး။ မင်း အသိသားပဲလို့ နောက်ထပ် ဆက်ပြီးပြောလိုက်ရင်း ကျွန်တော့်ကို ကြည့်နေတယ်။ ကျွန်တော်က ဘာမျှပြန်မပြောပေတဲ့ အသာခေါင်းညိတ်ပြလိုက်မိတယ်။ အမှန်ပဲ ထွန်းအေးသောင်ဟာ စကားတစ်ခွန်းကို ဖျက်ချင်တဲ့လူမျိုး မဟုတ်ဘူး။ တစ်ခါတလေတော့ ပြောတဲ့အတိုင်းလုပ်လို့ ဒုက္ခတောင် ရောက်တတ်သေးတယ်။ အချိန်ဆိုလည်း တိကျတယ်။ မင်း ဘယ်အချိန် ချိန်းထားသလဲလို့ ကျွန်တော်က ငြိမ်းမောင်ကို မေးလိုက်တယ်။ ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်ပြီး ဆယ့်နှစ်နာရီ ဆယ့်နှစ်နာရီခွဲလောက်လို့ပြောပြီး ပုလင်းအဖုံးက ခဲပတ်ကို ခွာနိုင်ဖို့ ကြိုးစားနေတုန်းပဲ။ ထွန်းအေးသောင် အကြောင်းတော့ နည်းနည်းပြောထားဦးမှ။

ပြောမယ်ဆိုရင်တော့ ထွန်းအေးသောင်က နာမည်ကိုက စပြီးပြောရလိမ့်မယ်။ အကောင်းဆုံးကတော့ ကျောင်းတုန်းက ကျွန်တော်တို့ အထက်တန်းကို ပြောင်းလာတဲ့ မြန်မာစာ ဆရာကြီး ဦးဝင်းထိန်နဲ့ ဒီကောင်နဲ့ ကိစ္စကို ပြန်ပြောရင် ပိုရှင်းမယ်ထင်တယ်။ ဆရာကြီး ဦးဝင်းထိန် ရောက်လာတဲ့ ပထမဦးဆုံးနေ့မှာ စာမသင်သေးဘဲ ကျောင်းသားတစ်ယောက်စီရဲ့ အကြောင်းမေးတယ်။ တစ်ယောက်ပြီး တစ်ယောက် ထပြီး နာမည်ပြောရတယ်။ ဘယ်မှာနေတယ်ဆိုတာ ပြောရတယ်။ မိဘက ဘာလုပ်တယ်ဆိုတာ ပြောရတယ်။ ဆရာကြီးကလည်း ရယ်ပတ်ရွှန်းပတ် ပြောတတ်တော့ အတော်ပျော်ဖို့ကောင်းတယ်။ အမှန်မှာတော့ ဆရာကြီးက အတန်းသားတွေကို သူနဲ့ ရင်းနှီးသွားအောင် လုပ်တာပဲ။ ဒီကောင့်အလှည့်ရောက်တော့ သူက ကျွန်တော်နာမည် ထွန်းအေးသောင်လို့ ပြောပြီးတာနဲ့ ဆရာကြီးက ဟကောင် နေဦးဆိုပြီး သူ့ကို သေသေချာချာ လှမ်းကြည့်တယ်။ ပြီးတော့ စာရင်းစာအုပ်ကို ကြည့်ပြန်တယ်။ ပြီးတော့ကာမှ မင်းနာမည် နောက်ဆုံးအလုံးမှာ ဝစ်စပေါက် ကျန်နေခဲ့သလားလို့ မေးတယ်။ ဟိုကောင်က ဘာမှ ပြန်မဖြေရသေးခင် အင်္ဂလိပ်လို့ရေးတော့ သောင်းဖြစ်နေပါကလားလို့ ထပ်ပြောတယ်။ ဒီတော့ သူက ကျွန်တော့်နာမည် ထွန်းအေးသောင်၊ အရင်ကလည်း ထွန်းအေးသောင် အခုလည်း ထွန်းအေးသောင် နောက်လည်း ထွန်းအေးသောင် ပါပဲခင်ဗျာလို့ ဖြေတယ်။ ဆရာကြီးက သူဖြေတာကို သေသေချာချာ စိုက်ကြည့်ပြီး နားထောင်နေတယ်။ ပြီးမှ မင်းဟာမင်း ဘယ်တုန်းကတည်းက သောင်-သောင် ငါ့အလုပ်မဟုတ်ဘူး။ မင်းနာမည် နောက်ဆုံးအလုံးဟာ မင်းအဖေနာမည်ဆိုရင်ဖြင့် ငါကတော့ တစ်ခါမျှ ဦးသောင်ဆိုတဲ့ နာမည် မကြားခဲ့ဘူးလို့ပဲ။ ဦးသောင်းလို့ပဲ ငါ ကြားဖူးတယ်။ ဦးသောင်ဆိုရင်ဖြင့် မင်းအဖေ လက်ထက်ကတည်းက ဝစ်စနှစ်လုံးပေါက် ကျန်ရစ်ခဲ့တာ ဖြစ်မယ်လို့ ပြောတယ်။ အဲဒီနေ့ကစလို့ တချို့ ကျောင်းသားတွေက သူ့ကို ဝစ်စနှစ်လုံးပေါက် ကျန်ရစ်ခဲ့တဲ့ကောင်လို့ ခေါ်ကြတယ်။

ဒီကောင်က ဒီလောက်နဲ့ မပြီးသေးဘူး။ မင်းအဖေက ဘာလုပ်တုန်းလို့မေးတော့ သူကဖြေတယ်။ ကျွန်တော့်အမြင်ကတော့ ကျွန်တော့်အဖေက ဘာမျှလုပ်စားပုံ မပေါ်ဘူးတဲ့။ ဒီတော့ ဆရာကြီး ဦးဝင်းထိန်တောင် အူကြောင်ကြောင် ဖြစ်သွားပုံပေါ်တယ်။ များသောအားဖြင့် ကျောင်းသားတွေက ကျွန်တော့်အဖေက ကုန်သည်ပါ၊ အမှုထမ်းပါ၊ အရာထမ်းပါ စသဖြင့် ဖြေကြတာကိုး။ ဆရာကြီးက ဒီကောင့်ကို သေသေချာချာကြည့်ရင်း မင်းအမြင် ခဏထားကွာ။ မင်းအဖေကို တခြားလူတွေက ဘာလုပ်တယ်လို့ ပြောကြသလဲ။ မဟုတ်ရင် မင်းအဖေက တခြားလူတွေကို သူ ဘာလုပ်တယ်လို့ ပြောသလဲလို့ မေးတယ်။ ကျွန်တော့်အဖေကတော့ ပြောတာပဲ။ သူက အကြံပေးအရာရှိတဲ့။ ဒါပေတဲ့ ကျွန်ေတာ့်အမြင်ပြောရရင် အကြံပေးတယ်ဆိုတာ အလုပ်တစ်ခုရယ်လို့ မဖြစ်နိုင်ဘူး . . လို့ ပြောနေတုန်း ဆရာကြီးက လက်ကာတယ်၊ ဒီကောင်ပြောနေတာကို ရပ်ခိုင်းတဲ့သဘောပဲ။ ဒီကောင်က ရပ်လိုက်တော့ ဆရာကြီးကပြောတယ်။ မင်းအမြင်အရ အကြံပေးတယ်ဆိုတာ အလုပ်တစ်ခု မဟုတ်ဘူးဆိုရင်လည်း ငါတော့ မတတ်နိုင်ဘူး၊ မင်းသဘောပဲ။ ငါ့အတွက်တော့ လုံလောက်ပြီ။ မင်းဘာသာ မြင်ချင်သလိုမြင် ဟုတ်ပြီလားလို့ ပြောတယ်။ ဒါပေတဲ့ ပြဿနာက ဒီလောက်နဲ့ မပြီးပြန်သေးဘူး။ နေတော့ မင်း ဘယ်မှာနေသလဲလို့ ဆရာကြီးက ဆက်မေးတယ်။ ကျွန်တော် မြို့ပြင်မှာ နေပါတယ်လို့ ထွန်းအေးသောင်က ဖြေတယ်။ ဘယ်လိုမြို့ပြင်တုန်းဟ ရှင်းစမ်းပါဦးလို့ ဆရာကြီးက မေးပြန်တယ်။ ဒီလိုပါခင်ဗျာလို့ အင်မတန် ကျိုးနွံတဲ့အသံနဲ့ ထွန်းအေးသောင်က နိဒါန်းပျိုးလိုက်တယ်။ ကျွန်တော်တို့ခြံရဲ့ မလှမ်းမကမ်း ကားလမ်းမဘေးမှာ မိုင်တိုင်တစ်ဆယ် ရှိပါတယ်။ သဘောကတော့ ကျွန်တော်တို့ခြံဟာ မြို့နဲ့ ဆယ်မိုင်ဝေးတဲ့ သဘောပါပဲ။ မြို့ရဲ့ နယ်နိမိတ်ဟာ ခြောက်မိုင်မှာ ဆုံးတယ်လို့ သိရပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ မြို့ပြင်မှာ နေတယ်လို့ ကျွန်တော် မြင်ပါတယ်လို့ ဆက်ပြီးရှင်းပြတယ်။ ဆရာကြီး ဦးဝင်းထိန်လည်း နားထောင်နေရင်း ခေါင်းညိတ်တယ်။ ဒီကောင် ပြောလို့ပြီးတော့ ဘာမျှ မပြောတော့ဘဲ ထိုင်ခိုင်းတဲ့သဘောပဲ လက်ကိုအသာပြပြီး သူ့ရဲ့ မှတ်စုစာအုပ်ထဲမှာ တစ်ခုခု ရေးနေလိုက်တယ်။ အဲဒီနေ့ကစလို့ ထွန်းအေးသောင်ကို မြို့နဲ့ ဆယ်မိုင်အကွာကအကောင်လို့ ကျွန်တော်တို့က ခေါ်ကြတော့တာပဲ။

ကျွန်တော်နဲ့ ငြိမ်းမောင်ကတော့ ထွန်းအေးသောင်ကို တခြားလူတွေထက် ပိုရင်းနှီးတယ်။ ရင်းနှီးရတဲ့အကြောင်းက ကျွန်တော်တို့အိမ်က ငါးမိုင်ခွဲမှာ ထွန်းအေးသောင် စကားနဲ့ပြောရရင် မြို့နယ်နိမိတ်ရဲ့အစပ်မှာ နေတာပဲ။ ငြိမ်းမောင်အဖေပိုင်တဲ့ ခြံတစ်ခုက ရှစ်မိုင်မှာ။ ကျောင်းပိတ်တဲ့အခါ ရင်ကွဲနာကျတဲ့အခါ ငြိမ်းမောင်က အဲဒီမှာလာပြီး နေလေ့ရှိတယ်။ ဒီတော့လည်း ကျောင်းရက်ရှည်ပိတ်တဲ့အခါ ကျွန်တော်တို့ သုံးယောက်သား ထွန်းအေးသောင်အိမ်မှာ ထိုင်ပြီးလေပစ်ကြတယ်။ ကျွန်တော်တို့အိမ်ကနေ သူ့အိမ်ကို ဘိုင်စကယ်စီးသွားရင် ဆယ့်ငါးမိနစ်လောက်ပဲ ကြာတယ်။ သူ့မိဘတွေက နိုင်ငံခြားမှာ အနေများတယ်။ သူကတော့ တစ်ခါလိုက်သွားလည်တယ်။ သွားတုန်းကတော့ သုံးလလောက်နေဖို့ သွားတာပဲ။ တစ်လလောက်နဲ့ ပြန်လာတယ်။ ဘာလို့လဲလို့ မေးကြည့်တော့ ဒီသောက်ကောင်တွေနဲ့ ငါနဲ့ မဖြစ်ပါဘူးလို့ ပြောတယ်။ ဘာဖြစ်လို့ ဘာဖြစ်မှန်းတော့ မသိဘူး။ မေးကြည့်လို့ သူက ပြန်ဖြေရင်လည်း ကိုယ်က နားလည်မှာမှ မဟုတ်ဘဲ။ မာ့(စ)ဝါဒဟာ ဘာလဲ။ လစ်ဘရယ် ဒီမိုကရက်ဟာ ဘာလဲလို့ ကျွန်တော်တို့ မသိခင် နားမလည်ခင်ကတည်းက ဒီကောင်က အဲဒါတွေကို သိတယ်။ အတော်ဖတ်တယ်။ ငြိမ်းမောင်နဲ့ ကျွန်တော့်ကို လစ်ဘရယ် ဒီမိုကရက်နဲ့ ပရိုမာ့(က)စစ်လို့ သူက ခေါ်လေ့ရှိတယ်။ ဘာလို့ အဲဒီလို ခေါ်သလဲလို့ ငြိမ်းမောင်ကမေးတော့ မင်းက အမြဲလို ရန်မများအောင်နေတယ်။ အကြောက်အကန် မငြင်ဘူး။ လစ်ဘရယ် ဒီမိုကရက်ဆိုတဲ့ ငတိတွေကလည်း အဲဒီလိုပဲတဲ့။ သိပ် မရေရာကြဘူးဆိုပဲ။ ဘာကြောင့်လဲလို့ အသေးစိတ်တော့ မမေးမိဘူး။ ကျွန်တော်ကတော့ ဈေးဆစ်ကြည့်ဖူးတယ်။ မာ့(က)စစ်ဆိုလည်း မာ့(က)စစ်ပေါ့ကွာ။ မင်းဟာက ပရိုမာ့(က)စစ်ဆိုတော့ ငါလည်း မရေမရာ စာရင်းထဲကပဲ ဖြစ်နေတာပေါ့လို့ ပြောတော့ သူက မင်းလည်း မရေမရာပဲ။ နက်စကော်ဖီသောက်ပြီး အရင်းကျမ်း ဖတ်တဲ့ကောင်။ ဘိုင်ရွန်ဖတ်လိုက် အရင်းကျမ်းဖတ်လိုက် လုပ်တဲ့အကောင်။ ဘယ်မှာ ရေရာလို့လဲလို့ စွဲချက်တင်တယ်။ ဟုတ်နေတော့ ကျွန်တော်တို့လည်း သူ့ကိုဆက်ပြီး စောဒက မတက်ရဲဘူး။ မဟုတ်လို့ ခံပြီးငြင်းမယ်ဆိုရင်လည်း နိုင်ဖို့ သိပ်မလွယ်ဘူး။ မင်း ဒါဖတ်ဖူးလားဆိုပြီး သူ့အခန်းထဲက စာအုပ်တွေ ထုတ်လာပြီးပြရင် ပိုပြီး အရှက်ကွဲမယ့်ကိစ္စ၊ မရေမရာကနေ ရှည်ကြာတဲ့ပြဿနာ ဖြစ်သွားမယ်။

စိတ်မထင်ရင် ဒီကောင်က ဆရာတောင် ခံငြင်းတာ။ တစ်ခါက ကျောင်းမှာ ဆရာကြီး ဦးဝင်းထိန် ဆေးခွင့်တစ်ပတ်သွားတုန်း မြန်မာဆရာအစား တစ်ယောက်ရတယ်။ အဲဒီဆရာက လူလတ်ပိုင်းဆိုတော့ အင်္ဂလိပ်လိုတွေ ဘာတွေလည်း ကောင်းတယ်။ တစ်ရက်တော့ အဲဒီဆရာက မြန်မာသဒ္ဒါထဲက နာမ်အကြောင်း ရှင်းပြရင်း အင်္ဂလိပ်သဒ္ဒါနဲ့ ယှဉ်ပြတယ်။ ပြီးသွားတော့ ဘာမေးချင်သလဲလို့ ပြောတော့ ထွန်းအေးသောင်က ထပြီး ပြောပါလေရော။ သူက မေးတာတော့ မဟုတ်ဘူး။ သဒ္ဒါစနစ်ကြီးဟာ မတရားဘူးလို့ စွဲချက်တင်တာ။ ဆရာလည်း မျက်လုံးပြူးသွားပုံရတယ်။ မင်းဟာ ဘာလို့လဲလို့မေးတော့ ရိုးရိုးနာမ်လို့ခေါ်တဲ့ ပစ္စည်းတွေ စာရင်းထဲမှာ စားပွဲ၊ ကုလားထိုင်၊ စာအုပ်ဆိုတာတွေ ပါတယ်။ တန်ဖိုးတူလို့ သဘောထားတယ်။ ဒီအတွက် မတရားဘူးထင်တယ်လို့ ပြောတယ်။ ကျွန်တော်တို့ကတော့ ဘာကိုမှန်းကို မသိဘူး။ ဆရာတောင် လိပ်ပတ်လည်ပုံ မပေါ်ဘူး။ ရှင်းစမ်းပါဦးလို့ ထပ်ပြောတယ်။ ဒီတော့ ထွန်းအေးသောင်က ကုလားထိုင်ဟာ လူတွေမထိုင်လည်း ကုလားထိုင်ပဲ၊ လူတက်ထိုင်လည်း ကုလားထိုင်ပဲ လူမလိုဘူး။ စာအုပ်က လူလိုတယ်။ စာအုပ်တစ်အုပ်ကို ဒီအတိုင်းထားရင် စာအုပ်ဟာ စာအုပ်ဖြစ်နေပေတဲ့ ဘာဂုဏ်ရည်မှ မရှိဘူး။ စာအုပ်ကို လူကဖတ်မှ စာအုပ်ဟာ သူ့တန်ဖိုးကို ဖော်နိုင်တာ။ ဒီအတိုင်း ချထားတဲ့ စာအုပ်တစ်အုပ်ဟာ ခဲလုံးတစ်လုံးလိုပဲ။ ဒီတော့ ကုလားထိုင်တို့ စားပွဲတို့နဲ့ စာအုပ်ကို ရိုးရိုးနာမ်အောက်မှာ ထားတဲ့အတွက် မတရားဘူးလို့ ရှင်းတယ်။ ဆရာကတော့ ခေါင်းတညိတ်ညိတ်လုပ်ရင်း ပြုံးပြီး နားထောင်နေတယ်။ ပြီးသွားတော့မှ ဒီတော့ မင်းက ဘာလုပ်ချင်သလဲလို့ မေးတယ်။ ကျွန်တော့်အနေနဲ့တော့ ဘာမျှမလုပ်ချင်ပါဘူး။ ကျွန်တော့်အနေနဲ့တော့ မကျေနပ်ဘူး။ ကျွန်တော့်အမြင်အရ စာအုပ်ဟာ နေရင်းထိုင်ရင်း သိက္ခာကျခံရတာပဲလို့ မြင်ပါတယ်လို့ သူက ဖြေတယ်။ ဒီတော့လည်း ဆရာက အေးကွာ မင်းအမြင်ကို ငါမကန့်ကွက်ပါဘူး။ တစ်နေ့မင်း စိတ်ကူးပေါက်လို့ သဒ္ဒါကို တရားစွဲမယ်များကြံရင် ငါတော့ မပါရစေနဲ့လို့ ပြောတယ်။ အဲဒါကြောင့်ပဲ ထင်တယ်။ နောင် ဆရာကြီး ဦးဝင်းထိန် ခွင့်သွားရင် ကျွန်တော်တို့အတန်းကို အဲဒီဆရာ မလာတော့ဘူး။ တခြားဆရာတစ်ယောက်ပဲ လာတော့တယ်။

ဆယ့်နှစ်နာရီခွဲဖို့ ငါးမိနစ်အလိုမှာ ဒီကောင် ရောက်လာတယ်။ အိမ်ထဲ ဝင်လာတယ်ဆိုတာနဲ့ မင်းဆွေကို လှည့်မကြည့်ဘဲ ဒီကနေ့ ကမ္ဘာကြီးမှာ အကြီးမားဆုံး ပြဿနာက ကမ္ဘာကြီး ပူတာတို့ အေးတာတို့ မဟုတ်ဘူး။ အိုဘီစတီး Obesity လို့ခေါ်တဲ့ ပြဿနာပဲ။ အထူးသဖြင့် ချမ်းသာတဲ့ကောင်တွေ ပိုပိုပြီး ဝလာတဲ့ကိစ္စပဲလို့ ပြောတယ်။ မင်းဆွေက သေခြင်းဆိုးလို့ လှမ်းဆဲလိုက်တယ်။ ဒီတော့မှ ထွန်းအေးသောင်က မင်းဆွေကို လှည့်ကြည့်ပြီး အော် မင်းဆွေ မင်းတောင် ကိုယ်ရေ အတော်စစ်သွားပါလားလို့ ပြောပြီး လက်ဆွဲနှုတ်ဆက်တယ်။ မင်းဆွေက လက်ဆွဲနှုတ်ဆက်ရင်း သေခြင်းဆိုးလို့ ထပ်ပြီး ပြောပြန်တယ်။ ပြီးတော့ ထွန်းအေးသောင်က ငြိမ်းမောင်ဘေးနားမှာ ဝင်ထိုင်လိုက်တယ်။ နောက်တော့ ကျွန်တော်တို့လည်း ဟိုအကြောင်း ဒီအကြောင်း ပြောနေကြမိတယ်။ ငြိမ်းမောင်က ဖန်ခွက်တွေထဲ ဝီစကီငှဲ့ထည့်လိုက်တယ်။ မင်းဆွေကို လှမ်းကြည့်ရင်း စတိပေါ့ကွာ တို့အားလုံး ဆုံတုန်းလို့ပြောတော့ မင်းဆွေက မသိမသာ ခေါင်းညိတ်ပြတယ်။ အဲဒီတုန်းမှာပဲ ထွန်းအေးသောင်က ဝင်လာတုန်းက သူပြောခဲ့တဲ့ စကားကို ပြန်စတယ်။ မင်းဆွေကို ကြည့်လိုက်ရင်း ငါ တကယ်ပြောတာ မင်းဆွေ။ မင်းတို့လို လူချမ်းသာတွေ ဝလာတာ။ ဝချင်တိုင်း ဝလာကြတာဟာ အကြောင်းမဟုတ်ဘူး။ ဝပြီး လွယ်လွယ်နဲ့ မသေကြတာက အကြောင်း။ မင်းတို့က ဆေးကောင်းဝါးကောင်း တတ်နိုင်တာကိုးလို့ပြောပြီး ကျွန်တော့်ကို လှမ်းကြည့်တယ်။ ဘယ်သူကမှ ဘာမျှ ဝင်မပြောတော့ သူက ကျွန်တော့်ကိုကြည့်ရင်း စကားဆက်ပြန်တယ်။ မင်းတို့ဆီမှာတောင် ပြောနေကြတယ် မဟုတ်လား ကမ္ဘာကြီး ပူနွေးလာတယ်လို့။ ရာသီဥတု မမှန်ဖြစ်လာတယ်လို့။ အဲဒါတွေဟာ မင်းဆွေလို အကောင်မျိုးတွေ ဝချင်သလို ဝလာကြပြီး လွယ်လွယ်နဲ့ မသေလို့ပဲ။ မသေတော့ ကမ္ဘာကြီးက ပိုပြီး လေးလာတာပေါ့။ လေးလာတေ့ လည်တာပတ်တာ နှုန်းက မမှန်တော့ဘူးပေါ့လို့ ဆက်ပြောတယ်။ မင်းဆွေက သေခြင်းဆိုးဆိုတဲ့ စကားလုံးထက် ပိုပြီး ပြင်းထန်တာ ငါလည်း မရှာတတ်တော့ဘူးလို့ပဲ ပြောတော့တယ်။ ကျွန်တော့်ဘေးနားက အောင်သွင်ကတော့ ကျွန်တော့်ကျောကို လှမ်းပုတ်ရင်း ရယ်တာ မျက်ရည်ကို ထွက်ရော။ ငြိမ်းမောင်ကတော့ ပါးစပ်ပိတ် ပြုံးရင်း ခေါင်းခါတယ်။ ထွန်းအေးသောင်ကတော့ ပြောလို့ပြီးသွားတော့ ဝီစကီခွက်ကိုယူပြီး မြှောက်ပြရင်း ချီးယား(စ)လို့ပြောပြီး တစ်ငုံသောက်ချလိုက်တယ်။ ကျွန်တော်တို့လည်း ချီးယား(စ)လို့ လိုက်ဆိုရင်း တစ်ငုံစီ မြုံလိုက်ကြတယ်။ ပြီးတော့ ပြောလိုက်သေးတယ်။ မာ့(စ) ဝါဒ ကောင်းကြောင်းပြောပြီး တကူးတကသယ်လာတဲ့ ဝီစကီဆိုတော့လည်း ကောင်းသားတဲ့။

ကျွန်တော်လည်း စကားလမ်းကြောင်းပြောင်းတဲ့အနေနဲ့ ထွန်းအေးသောင်ကို ဘာတွေများ ထူးခြားလာတုန်းလို့ အင်္ဂလိပ်လို မေးလိုက်တော့ သူက ဘာကိုဆိုလိုတာလဲလို့ ပြန်မေးတယ်။ ကျွန်တော်က မင်းဘဝမှာ ဘာတွေများ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ရှိသလဲလို့ ပြောတာလို့ ပြောလိုက်တော့မှ သူက ခေါင်းဖြည်းဖြည်းချင်းညိတ်ရင်း စဉ်းစားနေပုံရတယ်။ သူက ဘာများ ပြန်ပြောမလဲလို့ စောင့်နေကြတော့ အားလုံးငြိမ်နေတယ်။ သူက ဖြည်းဖြည်းချင်း ကျွန်တော့်ကို လှမ်းကြည့်ပြီး မင်း ငါတို့ခြံထိပ်က ပိတောက်ပင်ကြီး မှတ်မိသလား။ ခြံအဝင် ဘယ်ဘက်ထဲကလေလို့ ပြောတယ်။ ကျွန်တော်လည်း ချက်ချင်း သတိရလိုက်မိလို့ အေးလို့ လှမ်းပြောလိုက်တယ်။ ဒီတော့ သူက ဆက်ပြောတယ်။ အေ . . ဟိုတစ်ခါ ဒီမှာ လေမုန်တိုင်းကျတုန်းက အဲဒီပိတောက်ပင်ကြီး လဲသွားတယ်တဲ့။ သူကပြောသွားတာ ပြီးသွားပေတဲ့ အားလုံးကငြိမ်ပြီး ဆက်နားထောင်ကြတယ်။ သူက ဝီစကီဖန်ခွက်ကောက်ကိုင်ပြီး တစ်ငုံ ငုံလိုက်တော့ မင်းဆွေက နေနိုင်ပုံ မပေါ်ဘူး။ ဒီတော့လို့ စကားဝင်ထောက်တယ်။ ကျွန်တော်ကတော့ ထွန်းအေးသောင် အကြောင်းသိမို့ ဘာမျှမပြောတော့ဘဲ ကိုယ့်ဘာသာ မသိမသာ ခေါင်းခါလိုက်မိတယ်။ ဘာ ဒီတော့လဲလို့ ဝီစကီခွက်ကို ချလိုက်ရင်း မင်းဆွေကို သူက ပြန်မေးတယ်။ မင်းဆွေက မင်းဘဝမှာ အဲဒါက သိပ်ထူးခြားတဲ့ ပြောင်းလဲမှုကြီးလားလို့ မေးပြန်တယ်။ သံသရာ ရှည်နေမှာစိုးလို့ ကျွန်တော်က မင်းဆွေကို မသိမသာ ထပ်ပြီး ခေါင်းခါပြလိုက်ပေတဲ့ မင်းဆွေက သတိထားလိုက်မိပုံ မပေါ်ဘူး။ ထွန်းအေးသောင်ကတော့ အေးလေလို့ပဲ ပြန်ပြောတယ်။ မင်းဆွေကတော့ လက်နက်ချလိုက်တဲ့ သဘောမျိုးနဲ့ သူထိုင်နေတဲ့ ဆိုဖာထဲ သူ့ကိုယ်ကြီးနှစ်ပြီး ထိုင်ချလိုက်တော့တယ်။ ဘယ်သူကမျှ ဘာမျှ ထပ်မပြောဘူး။ ငြိမ်းမောင်က စားပွဲပေါ်က ဒိန်ခဲတစ်တုံးကို လှမ်းယူလိုက်ရင်း ထွန်းအေးသောင် မင်းအဖေဆုံးသွားတာ ဒီကောင် မသိသေးဘူးထင်တယ်လို့ ကျွန်တော့်ကို ရည်ညွှန်းရင်း ပြောလိုက်တယ်။ ဒီတော့မှ အော် အေး အဖေဆုံးသွားတယ်၊ ဟိုမှာပဲ။ ဟိုမှာပဲ မြှုပ်လိုက်ကြတယ်။ တစ်ခုတော့ ကောင်းတာပေါ့ကွာ။ ဒီမှာဆို လူတွေလိုက်ပို့နေကြရဦးမှာ။ အလကား အလုပ်ရှုပ်နေကြဦးမှာတဲ့။ ငါလည်း ကြားတော့ ကြားလိုက်မိတယ်။ သေသေချာချာတော့ မဟုတ်ဘူး။ အေးကွာ စိတ်မကောင်းပါဘူးလို့ ကျွန်တော်ကပြောတော့ သူက ကျွန်တော့်ကို စိုက်ကြည့်နေတယ်။ ပြီးတော့ မေးတယ်။ ဘာလို့ စိတ်မကောင်းရတာလဲ။ လူတွေဆိုတာ သေမှာပဲရယ်လို့ မင်းမသိဘူးလားတဲ့။ အဲဒီတော့မှ ကျွန်တော့်ပြေးပေါက်တွေ အကုန်ပိတ် ကုန်တော့တာ။ အင်္ဂလိပ်စစ်တုရင် ထိုးရင်တော့ “ချက်မိတ်” ဆိုတဲ့ အချိန်ပဲ။

အောင်သွင်က ရိပ်မိလိုက်တယ်။ ကျွန်တော့်အတွက်လည်း ထွက်ပေါက် ရလိုရငြား ကြံစည်ပေးတဲ့အနေနဲ့ နေပါဦးကွာ အဲဒီ ပိတောက်ပင်ကြီးက မင်းအတွက် အတော်အရေးကြီးသလားလို့ ဖြတ်မေးလိုက်တယ်။ ကျွန်တော်လည်း လုံးလုံးချည်း လွတ်မသွားသေးပေတဲ့ စိတ်ထဲမှာ ကြံစည်ကြည့်ဖို့ အချိန်ရသွားတယ်။ ထွန်းအေးသောင်က အောင်သွင်ကို စေ့စေ့ကြည့်ပြီး မင်းကတော့ သိမှာမဟုတ်ဘူးလို့ စကားစလိုက်တယ်။ ပြီးတော့ ဆက်ပြောတယ်။ ဒီပိတောက်ပင်ကြီးက ငါတစ်ယောက်တည်းအတွက် မဟုတ်ဘူး။ ဒီနှစ်ကောင်အတွက်လည်း အရေးကြီးတာပဲ။ လစ်ဘရယ် ဒီမိုကရက်ငယ်ငယ်က ရင်ကွဲနာကျလာရင် သစ်ပင်ကြီးကို ဓားနဲ့သွားထစ်လေ့ရှိတယ်။ ပရိုမာ့(က)စစ်ကတော့ ပိတောက်ပန်းပွင့်ချိန်ကျရင် လာပြီး ပန်းတွေကို တုတ်နဲ့ရိုက်ချလေ့ ရှိတယ်။ ပိတောက်ပန်းက ညှီစို့စို့နံရုံတင်မဟုတ်ဘူး အပင်ကို စော်ကားတဲ့ပန်းလို့ဆိုပြိး ဆဲရင်းဆိုရင်း အပွင့်တွေကို တုတ်နဲ့ရိုက်ချလေ့ ရှိတယ်။ ငါကတော့ ညဘက် နမ်စင်းက ဘီယာသွားသောက်ပြီး ပြန်လာတဲ့အခါ သစ်ပင်ခြေရင်း မှောင်ရိပ်ထဲမှာ ရှူရှူပန်းလေ့ရှိတယ်။ အဲဒီ ပိတောက်ပင်ကြီးဟာ ငါ အသက်ရှင်သန်နေခဲ့ခြင်းအတွင်းက ချန်ထားရစ်လို့ မဖြစ်တဲ့ အကြောင်းပဲတဲ့။ အောင်သွင်ကို ကျွန်တော်က မသိမသာ လှမ်းကြည့်လိုက်ရင်း ပြုံးပြလိုက်မိတယ်။ ထွန်းအေးသောင်ဆီက အဲဒီလိုမျိုး အဖြေလာလိမ့်မယ်ဆိုတာက ကျွန်တော်ရော ငြိမ်းမောင်ပါ တွက်ကြည့်ပြီးသား။ အောင်သွင်ကတော့ သိပ်ဘဝင်ကျပုံ မပေါ်ဘူး။ မင့်ဘဝမှာ မင်းအဖေကြီး သေသွားတာက ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခု မဟုတ်ဘူးလားလို့ ထပ်မေးလိုက်ပြန်တယ်။ ကျွန်တော်က မင်းဆွေကို လှမ်းကြည့်လိုက်မိတယ်။ လုပ်ပြန်ပြီကွာဆိုတဲ့ မျက်နှာပေါက်မျိုးကို တွေ့လိုက်ရတယ်။ ထွန်းအေးသောင်က အောင်သွင်ကို ကြည့်ရင်း ပြုံးတယ်။ ပြီးတော့မှ ဒီလိုကွာ အဖေ့ကျေးဇူး ငါ့မှာ အပုံချည်းပဲ။ ငါ ခုလို မပူမပင်နေရတာဟာ အဖေ့ကျေးဇူးချည်းပဲ။ အဖေထားခဲ့တဲ့ ပင်စင်လစာဟာက ငါမသေမချင်း ခံစားခွင့်ရှိတယ်။ ဒါပေတဲ့ အဖေရှိတုန်းကလည်း ငါ ဒီလိုပဲ။ အဖေမရှိတော့လည်း ငါ ဒီလိုပဲ။ ငါ့အဖေနဲ့အမေ တော်ကြောင်း၊ တတ်ကြောင်း အကြောင်းသင့်တိုင်း ဂုဏ်ယူပြီး ငါပြောလေ့ရှိတယ်။ တကယ်လည်း ဂုဏ်ယူတယ်။ ကျေးဇူးတင်တယ်။ ဒါပေတဲ့ အမေတို့အဖေတို့ဟာ လူတွေပဲမို့ တစ်နေ့တော့ သေမှာပဲလို့ ငါတွက်ထားပြီးသား။ သေသွားတော့ သိပ်မခံစားရဘူး။ ပိတောက်ပင်ကြိးကတော့ ငါ့တစ်သက် ရှိနေဦးမှာပဲလို့ အမြဲတွေးတယ်။ တစ်နေ့ ခုလိုဖြစ်သွားတော့ ငါ အတော်တုန်လှုပ်သွားတယ်။ ဒီမုန်တိုင်းဟာ ပိတောက်ပင်ကြီးကို လှဲလိုက်ရုံ မဟုတ်ဘူး။ ငါ့ ဘဝကိုပါ လှုပ်ခါသွားအောင် တိုက်လိုက်တာပဲတဲ့။

ထွန်းအေးသောင်က ပြောပြီးတော့ ဝီစကီခွက်ကို လှမ်းယူလိုက်တုန်း အောင်သွင်က တစ်ခုခု ထပ်ပြောတော့မယ်လို့ ထိုင်နေရင်း သူ့ကိုယ်ကို နေရာပြင်လိုက်တယ်။ ကျွန်တော်က စားပွဲပေါ်က သူ့ဝီစကီခွက်ကိုယူပြီး သူ့ကို ပေးလိုက်ရင်း မသိမသာ မျက်စိမှိတ်ပြလိုက်လို့ သူက ဘာမျှမပြောတော့ဘူး။ ဘယ်သူကမျှ ဘာမျှဝင်မပြောကြဘူး။ ဝီစကီခွက်ကို ပြန်ချလိုက်ရင်း ထွန်းအေးသောင်ကပဲ ဆက်ပြောပြန်တယ်။ ငါတို့ ဒီအိမ်ကို ပြောင်းလာကတည်း ဒီပိတောက်ပင်ကြီး ရှိခဲ့တယ်။ မနက်တိုင်း အိပ်ရာက ထလို့ ပြတင်းပေါက်ဖွင့်လိုက်တာနဲ့ ပိတောက်ပင်ကြီးကို လှမ်းမြင်ရတော့တာပဲ။ ငါ့ဘဝမှာ နေ့စဉ်နေ့တိုင်း ငါ့ရဲ့ အမြင်ထဲမှာ ထိတွေ့နေခဲ့ရဆုံးဟာ ဒီပိတောက်ပင်ကြီးပဲ။ မင်းတို့ စဉ်းစားကြည့်စမ်း။ တစ်နေ့ အိပ်ရာကထတော့ မင်း မြင်နေတွေ့နေကျဟာကြီးတစ်ခု မရှိတော့လို့ မမြင်ရ မတွေ့ရတော့ဘူးဆိုရင် မင်းတို့ရဲ့ မြင် - သိ၊ သိရတဲ့ဟာကြီးတစ်ခု ပျောက်ဆုံးသွားတာပဲ။ သိမှုအတွင်းထဲမှာ လစ်ဟာသွားတော့တာပဲ။ ငါ့ဘဝအတွက်တော့ ကြီးမားတဲ့ ပြောင်းလဲမှုကြီးပဲတဲ့။ ဘယ်သူကမျှ ဘာမျှဝင်မပြောကြဘူး။ ထွန်းအေးသောင်ကပဲ သူပြောတာတွေကို နိဂုံးချုပ်လိုက်တဲ့သဘောနဲ့ ကောက်ချက်ချတယ်။ တကယ်တော့ကွာ သိမှုအခြေခံ တွယ်တာမှုတိုင်းဟာ လူအတွက် မကောင်းတာချည်းပဲ။ တွယ်တာမှုတိုင်းဟာ ပစ္စုပ္ပန်ကို သတ်ပစ်ဖို့ ကြိုးစားတာချည်းပဲလို့ ပြောတယ်။ သူ့ စကားဆုံးသွားတော့ ကျွန်တော့်ခေါင်းထဲကို သူနဲ့ပတ်သက်တဲ့ အကြောင်းတစ်ခု ရောက်လာတယ်။ ဒါနဲ့ ထွန်း ခင်မြင့်တစ်ယောက်ကောလို့ မေးလိုက်မိတယ်။ ငယ်ငယ်ကတည်းက သူ့ကို ထွန်းလို့ပဲ ကျွန်တော် ခေါ်လေ့ရှိတယ်။ နာမည်သုံးလုံးဆိုရင် ကျွန်တော် မမှတ်တတ်ဘူး။ ရှိတယ် ပဲခူးမှာပဲလို့ ထွန်းအေးသောင်က ပြန်ဖြေတယ်။ အဲဒီတော့ မင်းဆွေဆီက ဟဲဟဲလို့ အသံထွက်လာတယ်။ ဘာဟဲဟဲလဲလို့ ထွန်းအေးသောင်က လှမ်းမေးတယ်။ မင်းဆွေက ဟဲဟဲလို့ပဲ ဆက်ရယ်နေပေတဲ့ ဘာမှပြန်မပြောဘူး။ ကျွန်တော်ကပဲ တွေ့ကြသေးလားလို့ ဝင်မေးလိုက်တယ်။ ထွန်းအေးသောင်က မဖြေခင် သူငယ်ချင်းတွေပဲကွာ မတွေ့လို့ ဘယ်ဖြစ်မှာတုန်း။ သူ့ဆီငါသွား ငါ့ဆီ သူလာပေါ့လို့ မင်းဆွေက ဝင်ပြောတယ်။ ထွန်းအေးသောင်က မင်းဆွေကို ဘာမျှ ပြန်မပြောတော့ဘဲ ကျွန်တော့်ကို ကြည့်ရင်း တွေ့ကြပါတယ်။ မင်းကိုတောင် မေးနေသေးတယ်လို့ ပြန်ဖြေတယ်။

ထွန်းအေးသောင်နဲ့ မခင်မြင့်တို့က အတော်ကလေး ချစ်လိုက်ကြသေးတာ။ ဒါပေတဲ့ ငြိမ်းမောင်နဲ့ ကျွန်တော်တို့နှစ်ယောက်သားကတော့ သူတို့ ယူဖြစ်မှာ မဟုတ်ဘူးရယ်လို့ ကြိုတွက်ထားပြီးသား။ တွက်ကြည့်နိုင်တာက သူတို့နှစ်ယောက်စလုံးက တွေးပုံ၊ မြင်ပုံ၊ လက်ခံပုံတွေ သိပ်တူတယ်။ စာဖတ်ဝါသနာပါတယ်။ ဝေါသရင်းဟိုက် Wuthering Heights တို့၊ ဂျိမ်းအဲ Jane Eyre တို့ကို အလွတ်နီးပါး ရတယ်။ ထွန်းအေးသောင်က ပညာရေးတက္ကသိုလ်ထဲက စာအုပ်ဆိုင်ကိုသွားပြီး စာအုပ်ရှာလေ့ ရှိတယ်။ အဲဒီမှာ ဘီအီးဒီ လာတက်တဲ့ မခင်မြင့်နဲ့တွေ့ပြီး ကြိုက်သွားကြတာပဲ။ နောက်တော့ စိတ်တူကိုယ်တူ ဆုံးဖြတ်ပြီး လက်မထပ်ကြတော့ဘူး။ သူငယ်ချင်းတွေလိုပဲ နေကြတော့မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ နေလည်း နေကြတယ်။ အဲဒီတုန်းက ယောက်ျားကလေးနဲ့ မိန်းကလေး တရားဝင် လက်မထပ်ဘဲ အတူသွားလာနေထိုင်ပြီး သူငယ်ချင်းလို နေကြတယ်ဆိုတာကို ဘယ်လိုမျှ နားမလည်ကြတဲ့အချိန်။ ဘုမသိ ဘမသိနဲ့ ရောယောင်ပြီး မာ့(စ)ဝါဒကို နားလည်လို့မှ ရသေးတယ်။ ဒီကိစ္စကိုတော့ ဘယ်လိုမှ နားမလည်ကြဘူး။ ကျွန်တော်နဲ့ ငြိမ်းမောင်ကတော့ သူတို့ အဆုံးအဖြတ်ကို တန်ဖိုးထားတယ်။ မင်းဆွေကတော့ ကြိုက်ကိုမကြိုက်ဘူး။ အောင်သွင်ကတော့ ပြောတယ်။ ငါတော့ နားလည်အောင် ကြိုးစားတော့ ကြိုးစားကြည့်တာပဲတဲ့။ မခင်မြင့်တစ်ယောက်လည်း အထက်တန်းကျောင်းဆရာမကနေ ကျောင်းအုပ်တွေ ဘာတွေ ဖြစ်သွားပေတဲ့ ထွန်းအေးသောင်နဲ့ သူနဲ့ ဆက်ဆံရေးကတော့ သူတို့ချင်း လက်ခံထားတဲ့ မူကနေ မပြင်ဘူး။ ထွန်းအေးသောင် အနေနဲ့ကလည်း နေဝင်နေထွက်ကို သူ့အိမ်ဝရန်တာ ကနေ ထိုင်ကြည့်တာ ပြောင်းလဲပျက်ကွက်တယ်လို့မှ မရှိဘဲ။ သူတို့အကြောင်း တွေးနေတုန်း ငြိမ်းမောင်က မင်းတို့နှစ်ယောက်ကတော့ ငါ့ရဲ့ ဟီးရိုးတွေပဲလို့ ပြောလိုက်သံ ကြားလိုက်ရတယ်။ ကျွန်တော်က လှမ်းကြည့်လိုက်တော့ ကျွန်တော့်ကို ကြည့်ရင်း ငြိမ်းမောင်က သူတို့က သူတို့နည်း သူတို့ဟန်နဲ့ လူမှုရေးအမြင်တစ်ခုကို စိန်ခေါ်တာပဲ မဟုတ်လားလို့ ပြောတယ်။ ကျွန်တော်က ခေါင်းညိတ်ပြလိုက်မိတယ်။ မင်းဆွေက ငြိမ်းမောင် မင်း မူးပြီလားလို့ ကြားဖြတ်မေးလိုက်လို့ ကျွန်တော်က၊ ဟကောင် နေ့စဉ်ဘဝထဲမှာ အရှုံးနဲ့ အမြတ်ကို အခြေခံပြီး ဘဝကို ကျေနပ်စရာတစ်ခုလို တွေးတဲ့ မင်းလိုကောင်မျိုးကတော့ သေလည်း နားလည်မယ် မထင်ဘူးလို့ ဝင်ပြောလိုက်တယ်။ သေခြင်းဆိုးတွေ တစ်လေတည်းပဲလို့ မင်းဆွေကပြောပြီး ဘာမှဆက်မပြောတော့ဘူး။

နောက်တော့ တခြားဟာတွေ တောပြောတောင်ပြော ပြောကြရင်း အချိန်အတော်ကုန်သွားတယ်။ ထွန်းအေးသောင်က လက်ပတ်နာရီကို ကြည့်လိုက်ရင်း ငါ ပြန်ဦးမှပဲပြောလို့ ကျွန်တော်လည်း ထိုင်ရာက ထလိုက်တယ်။ ပြီးတော့ တည့်တည့်ပဲ မေးလိုက်မိတယ်။ ခင်မြင့် လာမလားလို့။ သူကပြုံးတယ် ခေါင်းခါပြတယ်။ ခု ဆောင်းဘက်ရောက်လာတော့ နေဝင်စောတယ်။ မင်း မှတ်မိလား မသိဘူး။ ငါ့အိမ်အနောက်ဘက်က ဝရန်တာကြီးလေလို့မေးလို့ ကျွန်တော်က ခေါင်းညိတ်ပြလိုက်တယ်။ အဲဒီပေါ်က ထိုင်ကြည့်ရင်း အရှေ့ဘက်ဆီက လျှိုကြီးကို မြင်နေရတယ်လေလို့ သူက ထပ်ပြောတယ်။ ကျွန်တော်က ခေါင်းထပ်ညိတ်ပြ လိုက်တယ်။ နေက အနောက်ဘက်မှာ ဝင်တယ်ဆိုပေတဲ့ ငါ့အိမ်ရဲ့ အရှေ့က အနောက်ဘက်မှာ။ ငါက နေဝင်သွားကို တိုက်ရိုက်ချည်း မကြည့်ချင်ဘူး။ ဒီတော့ ငါ့အိမ်အနောက်ဘက်ကနေ အရှေ့ဘက်ထဲကိုကြည့်ရင်း လျှိုကြီးထဲက သစ်ပင်တွေရဲ့ ထိပ်ဖျားပေါ်မှာ နေရဲ့ အရောင်ဟာ ဖြည်းဖြည်းချင်း ပျောက်သွားတာကို တွေ့ရတယ်။ အလင်းရောင်ဟာ ဖြည်းဖြည်းချင်း ပြေးထွက်သွားသလိုမျိုး။ ဖြည်းဖြည်းချင်း ပျောက်သွားတတ်တယ်။ အခုဆို အဲဒါကို ညနေတိုင်း ထိုင်ကြည့်နေတာ အတော်တောင် ကြာသွားပြီ။ ခင်မြင့် လာတဲ့အခါလည်း တို့နှစ်ယောက် ထိုင်ကြည့်လေ့ ရှိတယ်လို့ ထွန်းအေးသောင်က ရှင်းပြတယ်။ သူ နောက်ကျောဘက်နားက ရပ်နေတဲ့ အောင်သွင်ကတော့ ခေါင်းငုံ့ထားရင်း မသိမသာ ပြုံးနေတယ်။ ငြိမ်းမောင်နဲ့ ကျွန်တော်ကတော့ သူပြောတာကို စိတ်ဝင်စားနေလိုက်မိတယ်။ ဒီတော့ မင်းဆွေက နေနိုင်ပုံမပေါ်တော့ဘူး။ ထွန်းအေးသောင်ရာ မင်းဟာက နေဝင်တာကို အနောက်ဘက် မကြည့်ဘဲ နေဝင်တာကို ကျောပေးပြီး အရှေ့ဘက်ကို ကြည့်ရတယ်လို့ကွာဆိုပြီး မှတ်ချက်ချသလိုလို၊ အပြစ်တင် သလိုလို၊ မေးခွန်းထုတ်သလိုလို ပြောတယ်။ ထွန်းအေးသောင်က မင်းဆွေကိုကြည့်ပြီး ပြုံးလိုက်ရင်း ခုနက မင်းကို ဒီကောင်ပြောသလိုပေါ့။ မင်းဘဝမှာက အရှုံးအမြတ်ကို အခြေတည်ထားတာကိုး။ ငါတို့ပြောနေတာက အရှုံးအမြတ် မပါဘူး။ ဘဝရဲ့ ဖြစ်နေခြင်းကို ကျေနပ်သာယာမှုအခြေခံနဲ့ တည်ပြီးပြောနေတာ။ ဒီတော့ မင်း ဘယ်တော့မျှ နားလည်မှာ မဟုတ်ဘူးလို့ပြောပြီး အားလုံးကို လက်ဆွဲနှုတ်ဆက်တယ်။ ပြီးတော့ ဆင်ဝင်အောက်ကို ဆင်းသွားပြီး သူ့ကားပေါ်တက်ပြီး ထွက်သွားတော့တယ်။

ကျွန်တော်တို့လည်း ဆက်တီပေါ်မှာ ပြန်ထိုင်လိုက်ကြတယ်။ ငြိမ်းမောင်က ဝီစကီတွေကို ဖြည့်တယ်။ ခေါင်းထဲကို စကားတစ်ခွန်း ဘယ်ကရောက်လာမှန်း မသိဘူး။ ကျွန်တော်က ထုတ်ပြီးပြောလိုက်မိတယ်။ ဆာ(ရ)ထာရဲ့ ပြဇာတ်တစ်ပုဒ် ထဲမှာ သူ့ဇာတ်ကောင် တစ်ကောင်ကပြောတယ်။ A man is what he wills himself to be တဲ့။ ကျွန်တော်က ဘာမျှ ထပ်မပြောတော့ဘဲ ဝီစကီခွက်ကို ကောက်ကိုင်လိုက်တယ်။ လစ်ဘရယ် ဒီမိုကရက် ငြိမ်းမောင်ကတော့ ဘာကိုဆိုလိုမှန်း မသိရတဲ့ သူ့ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်နေတယ်။ အောင်သွင်က ဝီစကီကို အကြာကြီး ဇိမ်ခံသောက်နေပြီးမှ ထွန်းအေးသောင်က သူ့အမြင်နဲ့ တည်ဆောက်ထားတဲ့ သူ့လောကကြီးထဲမှာပဲ သူနေတာ။ သူ့လို ကျေနပ်သာယာချင်ရင် သူ့လောကထဲကို ဝင်လာခဲ့၊ ဝင်းတံခါး ဖွင့်ထားတယ်။ သူကတော့ အဲဒီ ဖွင့်ထားတဲ့ ဝင်းတံခါးကနေထွက်ပြီး သူများတွေ လောကထဲဝင်ရင်း ယောင်တောင်တောင်လုပ်နေမှာ မဟုတ်ဘူး။ တကယ်တော့ တို့တစ်တွေသာ သူများတွေ ဖန်တီးထားတဲ့ လောကကြီးထဲဝင်ပြီး ယောင်နေကြတာပဲ မဟုတ်လားလို့ ပြောတယ်။ ခဏကြာအောင် ဘယ်သူကမှ ဘာမျှမပြောကြဘူး။ နောက်တော့ မင်းဆွေက ဝီစကီခွက်ကို လှမ်းယူလိုက်ရင်း တောက်တစ်ချက် ခေါက်လိုက်တယ်။ အနောက်ဘက်မှာ ဝင်သွားတဲ့နေကို အရှေ့ဘက်ထဲကြည့်ပြီး ခံစားရသတဲ့လားလို့ ပြောပြီး နောက်ထပ် တောက်တစ်ချက် ခေါက်ပြန်တယ်။ အခု မြို့ရဲ့ နယ်နိမိတ်ဟာ ခြောက်မိုင်မှာ မဟုတ်ရုံတင် မကဘူး။ ဆယ်မိုင်ကိုတောင် ကျော်သွားပြီ။ ဆယ်မိုင်ဟာ မြို့နယ်နိမိတ်ထဲ ပါသွားပြီ။ ဒါပေတဲ့ မြို့နဲ့ ဆယ်မိုင်အကွာကကောင်ဟာ ဆယ်မိုင်အကွာမှာပဲ ရှိနေသေးတယ်လို့ ပြောတယ်။ ပြီးတော့ ဖန်ခွက်ထဲက ဝီစကီကို တစ်ချီတည်းနဲ့ အကုန်မော့သောက်လိုက်တယ်။ ကြိုက်လို့ သောက်လိုက်ပုံမျိုးတော့ မဟုတ်ဘူး။ တစ်ချီတည်းနဲ့ မူးပြီး မှောက်သွားလည်း ပြီးတာပဲလို့ ဆုံးဖြတ်ချက်ချပြီး သောက်လိုက်ပုံရတယ်။    ။

မြင့်သန်း

No comments: