Thursday, June 24, 2010

လမ်းခွဲ

လူတွေဟာ သူမရွေးခဲ့မိတဲ့ လမ်းအတွက်တော့ နောင်တရမိကြတာချည်းပဲ။ (-- မြင့်သန်း --)

မပြီးဆုံးနိုင်သော ရွေးချယ်မှုများနောက်ဆုံးတွင်
လမ်းခွဲတစ်ခုသို့ သူမျှော်လင့်စွာဖြင့် ရောက်လာခဲ့ပါသည်။ ဤတစ်ကြိမ်သည်လည်း ခါတိုင်းကဲ့သို့ပင် ရွေးချယ်မှုတစ်ခုကို ထပ်မံပြုလုပ်ရဦးမည် ဖြစ်ကြောင်း သူနားလည်ထားပါသည်။ အသေးငယ်ဆုံးသော ရွေးချယ်မှုတစ်ခုကပင်လျှင် ဘဝကို အကြီးအကျယ် လမ်းလွှဲပေးနိုင်ကြောင်း ခေးအော့စ်သီအိုရီတွင် သူကြားဖူးခဲ့သော်လည်း သိပ်တော့ဘဝင်မကျခဲ့။ သို့သော် ဘဝင်ကျခြင်း ဘဝင်မကျခြင်းဆိုသည်မှာလည်း သူ၏ ဘက်လိုက်မှုတစ်ခုသာ မဟုတ်ပေဘူးလား။ ပုံမှန်အားဖြင့် ဘက်လိုက်မှုများကို သဘောမကျတတ်သော သူသည် ရွေးချယ်ရခြင်းကိုလည်း သိပ်မနှစ်သက်ပေ။ ဘဝသည် ရွေးချယ်နေရခြင်းထက် ကြုံရာကျပန်းဖြစ်နေရလျှင် ပို၍ပျော်စရာကောင်းမည်ဟု စဉ်းစားမိပါသည်။ သို့သော်လည်း လူဖြစ်လာကတည်းက ပြုလုပ်ခဲ့ရသော ရွေးချယ်မှုများနှင့် အသားကျခဲ့သည်မှာလည်း အတော်ပင်ကြာခဲ့ပါပြီ။ ဤတစ်ကြိမ်လည်း ထပ်မံရွေးချယ်ရဦးမည်။

နေ့စဉ်ဘဝတွင် တွေ့ရသော ရွေးချယ်မှုများနှင့် ဘဝတစ်ခုလုံးအတွက် ရွေးချယ်ရသော ရွေးချယ်မှု၏ တန်ဖိုးများ တူညီမှုရှိကြပါသလား။ သို့သော် ထိုတန်ဖိုးဆိုသည်မှာလည်း လူတို့၏ ဘက်လိုက်သော ရွေးချယ်မှုတစ်ခုသာ ဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။ ရွေးချယ်နေရမှုများနှင့် အမြဲပင်ပတ်သက်နေရသော ပုံစံကျလူမှုဘဝသည် ပျင်းစရာအတိပင်ဖြစ်ကြောင်း အတော်ကြာကြာကပင် နားလည်ခဲ့ပါသည်။ နံနက်စာကို ပေါင်မုန့်နှင့်စားမလား၊ ထမင်းကြော်စားမလားရွေးရခြင်း၊ အဖြူရောင်အင်္ကျီနှင့် အမည်းရောင်အင်္ကျီ ရွေးချယ်ရခြင်း။ မိမိသဘောကျသည့် ကောင်မလေး သုံးယောက်အနက်မှ တစ်ယောက်အားရွေးချယ်ရခြင်း။ စသည့် စသည့် နေ့စဉ်ဘဝမှ လုပ်ငန်းဆောင်တာများသည် ရွေးချယ်ခြင်းနှင့် မကင်းလွတ်နိုင်ကြပေ။ လူတို့တွင် လွတ်လပ်စွာ ဆောင်ရွက်နိုင်စွမ်း (free will) ရှိပါသလား။ သို့မဟုတ် ကောင်းကင်ဘုံ၏ ရွေးချယ်မှုအတိုင်းသာ ဘဝကို နေထိုင်နေရကြသည်လား။

သာမန်အားဖြင့် ကြည့်လျှင်တော့ လွတ်လပ်စွာဆောင်ရွက်နိုင်စွမ်းရှိသည်ဟုပင် ယူဆလို့ရမည်ထင်ပါသည်။ သို့သော် ထိုလွတ်လပ်ခြင်းသည်ပင်လျှင် ဘောင်တစ်ခုအတွင်းမှ လွတ်လပ်ခြင်းသာဖြစ်ပေလိမ့်မည်။ မိမိရရှိနိုင်သော ရွေးချယ်ခွင့်များအနက်မှ တစ်ခုကိုသာ ရွေးနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် လူ့ဘဝသည် ကန့်သတ်မှုများအတွင်းတွင် လွတ်လပ်စွာအကျဉ်းကျနေသည်သာ ဖြစ်ပါသည်။ လူဆိုသည်မှာ လောကတွင် သနားဖို့အကောင်းဆုံး သတ္တဝါတစ်ကောင်သာ ဖြစ်ပါသည်။ မိမိ၏ မလွတ်လပ်သော ရွေးချယ်မှုအတွက် အပြည့်အဝတာဝန်ယူထားရသည့် အပြင် ထိုကဲ့သို့ ရွေးချယ်နိုင်စွမ်းရှိသော အသိဥာဏ်ကို ပိုင်ဆိုင်ထားရခြင်းကြောင့်ဖြစ်သည်။ လူတို့တွင် ရွေးချယ်နိုင်စွမ်း လုံးဝမရှိဘဲ ကံတရားနှင့် ဘုရားသခင်၏ ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်နေသည်ဆိုပါလျှင် အင်မတန် သက်တောင့်သက်သာ ရှိမည်ဟု မျှော်လင့်ရပါသည်။ သို့သော် ဘုရားသခင်၏ ဘက်လိုက်ခြင်းများအတွက် တန်ရာတန်ကြေးကို ပေးဆပ်ရသည်မှာလည်း မိမိတို့ပင်ဖြစ်နေပါလိမ့်မည်။ အနည်းဆုံးတော့ ကျွန်ုပ်တို့ လူဖြစ်လာရန် ရွေးချယ်ခဲ့ခြင်းမဟုတ်သည်မှာ သေချာပါသည်။ ဖြစ်ချင်ရာဖြစ်နေသော ကမ္ဘာကြီးကို စနစ်တကျ တည်ဆောက်ထားသည့် ရည်ရွယ်ချက်ကို သိချင်လှပါသည်။

ရွေးချယ်မှုအမျိုးအစားအလိုက် တန်ဖိုးများနှင့် တန်ရာတန်ကြေးများ ကွာခြားကြလိမ့်မည်ဟုထင်ပါသည်။ ဒီတစ်ခါ သူရွေးရမည့် လမ်းနှစ်ခုသည် တန်ရာတန်ကြေး သိပ်တော့နည်းမည်မဟုတ်ဟု ခန့်မှန်းမိပါသည်။ တစ်ခါလျှောက်ပြီးလျှင် ပြန်လမ်းမရှိနိုင်သော၊ ရှိလျှင်တောင် အတော်ခက်ခဲမည်ထင်သော လမ်းမျိုးဖြစ်ပါလိမ့်မည်။ ဘဝ၏ ဖြစ်နေခြင်းများအတွင်း၌ ဖြစ်ချင်ခြင်းနှင့် ဖြစ်သင့်ခြင်း မည်သူ့ကို ဦးစားပေးရမည်ကို ဝေခွဲမရဖြစ်နေသည်။ လမ်းဆုံလမ်းခွတွင် ရပ်လျှက် ထီးထမ်းလမ်းလျှောက်လျှင်ကောင်းမလား၊ ဤကို ကျွဲဟု ဖတ်လိုက်လျှင် ကောင်းမလား စဉ်းစားနေသည်မှာ အနည်းငယ် ကြာမြင့်ခဲ့ပါပြီ။ ဒီအတိုင်း ထိုင်နေလို့တော့ မဖြစ်သည်ကို ရိပ်စားမိပါသည်။ ကြွေအံမကစားသော ဘုရားသခင်နှင့် တစ်ကြိမ်လောက် ဖဲကစားချင်ပါသေးသည် . . . ။

No comments: