Saturday, June 5, 2010

ဇီနို (သို့) ပါမင်းနိဒီးစ်အား ထောက်ခံသူ

ဇီနိုသည် 489 BC ခန့်တွင် မွေးဖွားခဲ့ပြီး အီလာဂိုဏ်းတွင် အရေးပါအရာရောက်သူ တစ်ဦးဖြစ်သည်။ ဧကန်အားဖြင့် ဇီနိုသည် အီလာကျောင်းတွင် မည်သည့်အတွေးအခေါ်သစ် တစ်ရပ်ကိုမှ တီထွင်ခဲ့သူမဟုတ်ပေ။ သူ၏ ထင်ရှားသော လုပ်ဆောင်ချက်မှာ ပါမင်းနိဒီးစ်၏ အဆိုများကို ထောက်ခံသော ဆင်ခြေများသာ ထုတ်ဖော်ပေးခဲ့ခြင်း ဖြစ်သည်။ ပါမင်းနိဒီးစ်၏ အဆိုအရ အာရုံငါးပါးဖြင့်သိနိုင်သော လောကသည် အစစ်အမှန် မဟုတ်။ ထိုလောကတွင် အများအပြားရှိခြင်း (plurality) နှင့် ပြောင်းလဲခြင်း (change) တို့ရှိ၏။ အရှိတရား (Being) ဆိုသည်မှာ တစ်ခုတည်းသာရှိပြီး တည်မြဲ၏။ မပြောင်းလဲနိုင်။ မရွေ့လျားနိုင်။ ပြောင်းလဲခြင်းနှင့် အများအပြားရှိခြင်းတို့သည် အတုအယောင်များသာဖြစ်သည်။ (အသေးစိတ်ကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)


ဇီနို၏ ဆင်ခြေများသည် ပါမင်းနိဒီးစ်၏ သဘောတရားများကို ထောက်ခံရန်အတွက် အဓိကပေးထားသည်။ အများအပြားရှိခြင်းနှင့် ပြောင်းလဲခြင်းတို့အား အမှန်တကယ်ရှိသည်ဟု ယူဆခဲ့ပါလျှင် ထိုယူဆချက်မှ ရရှိလာသော အဆိုနှစ်ခုသည် တစ်ခုကိုတစ်ခု ဆန့်ကျင်ဘက်ဖြစ်နေကြောင်း (contradict propositions)၊ ဆန့်ကျင်ဘက် အဆိုနှစ်ခုမှ ရရှိလာသော ယူဆချက်သည် မှားယွင်းကြောင်း၊ ထို့ကြောင့် အများအပြားရှိခြင်းနှင့် ပြောင်းလဲခြင်းတို့သည် အစစ်အမှန်များ မဟုတ်ကြကြောင်း သက်သေပြခဲ့သည်။


အများအပြားရှိခြင်းအတွက် ဇီနို၏ဆင်ခြေများ

(1) အကယ်၍ အရှိတရားအများအပြား (the many) ရှိခဲ့ပါလျှင် ၎င်းတို့သည် အရွယ်အစားအားဖြင့် အလွန်သေးငယ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အခြေခံယူနစ် (units) များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အခြေခံယူနစ်များအား ထပ်မံခွဲစိတ်၍မရ။ ထပ်မံခွဲစိတ်၍မရသောကြောင့် အခြေခံယူနစ်ဟုခေါ်ဆိုခြင်း ဖြစ်သည်။ ထပ်မံခွဲစိတ်၍မရသောကြောင့် ၎င်းတို့အား တိုင်းတာ၍မရနိုင်။ အတိုင်းအတာမရှိ။ တိုင်းတာ၍ရသော အရာမှန်သမျှအား ထပ်မံခွဲစိတ်၍ ရနိုင်သည်။ အရာတစ်ခု၏ ပါဝင်သော ပစ္စည်းများ အတိုင်းအတာမရှိလျှင် ထိုအရာသည်လည်း အတိုင်းအတာမရှိနိုင်။ ထို့ကြောင့် ၎င်းသည် အရွယ်အားဖြင့် အလွန်သေးငယ်သည်။

အကယ်၍ အရှိတရားအများအပြား ရှိခဲ့ပါလျှင် ၎င်းသည် အရွယ်အားဖြင့် အလွန်ကြီးမားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အများကိန်းသည် အတိုင်းအတာရှိပြီး ထပ်မံခွဲစိတ်လို့ရ၍ဖြစ်သည်။ ထိုအစိတ်အပိုင်းများသည်လည်း အတိုင်းအတာရှိ၍ ထပ်မံခွဲစိတ်လို့ရဦးမည်ဖြစ်သည်။ မည်မျှပင် ခွဲစေကာမူ ၎င်းသည်အတိုင်းအတာရှိနေသေး၍ ထပ်မံခွဲစိတ်လို့ ရဦးမည်ဖြစ်သည်။ ထို့ကြောင့် အရှိတရားအများအပြားသည် ခွဲစိတ်၍ရပြီး မရေမတွက်နိုင်အောင်ရှိသည်။ ထို့ကြောင့် ၎င်းတွင် အတိုင်းအတာရှိသော (ခွဲစိတ်၍ရသေးသော) အစုဝင်ပေါင်း အနန္တရှိလိမ့်မည်။ အသေးငယ်ဆုံး အစုဝင်၏ အတိုင်းအတာကိုပင် အစုဝင်အရေအတွက် အနန္တနှင့် မြှောက်လျှင် တစ်ခုလုံး၏ အတိုင်းအတာသည် အနန္တ ရ၏။ ထို့ကြောင့် ၎င်းသည် အရွယ်အားဖြင့် အလွန်ကြီးမားသည်။

(2) အကယ်၍ အရှိတရား အများအပြားရှိခဲ့ပါလျှင် ၎င်းသည် အရေအတွက်အားဖြင့် အကန့်အသတ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ရှိခြင်းသည် တိုးခြင်းလျှော့ခြင်းမရှိဘဲ ရှိသလောက်သာ ရှိမည်ဖြစ်သည်။ ထို့ကြောင့် တိကျသော အရေအတွက်ဖြင့် ကန့်သတ်ရှိသည်။

အကယ်၍ အရှိတရား အများအပြားရှိခဲ့ပါလျှင် ၎င်းသည် အရေအတွက်အားဖြင့် အကန့်အသတ်မဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မရေမတွက်နိုင်အောင် ထပ်မံခွဲစိတ်၍ရပြီး မရေမတွက်နိုင်သော အစုဝင်ပေါင်းများစွာ ပါဝင်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် အရှိတရားတွင် အများအပြားရှိသည်ဟူသော ယူဆချက်မှ ရရှိလာသော အဆိုနှစ်ခုသည် တစ်ခုကိုတစ်ခု ဆန့်ကျင်ဘက်ဖြစ်နေကြသည်။ ထို့ကြောင့် အရှိတရားသည် အများအပြားမရှိနိုင်။


ရွေ့လျားခြင်းအတွက် ဇီနို၏ ဆင်ခြေများ

(1) အရာဝတ္တုတစ်ခု (body) သည် ခရီးတစ်ခုကိုသွားရန် ထိုခရီး၏ တစ်ဝက်ကို အရင်သွားရသည်။ ထိုနည်းတူစွာပင် သူသွားရန်ကျန်သည့် ခရီးတစ်ဝက်ကိုသွားရန် ထိုခရီးတစ်ဝက်၏ တစ်ဝက်အား သွားရသည်။ ထိုသို့ဖြင့် သွားပါလျှင် ထိုအရာသည် ခရီးအဆုံးကို ဘယ်တော့မှမရောက်နိုင်။ သူသွားရန် ခရီးတစ်ခုကတော့ အမြဲတမ်းကျန်မည်သာ ဖြစ်သည်။ ထို့ကြောင့် အရာဝတ္တုတစ်ခုသည် တစ်နေရာမှ နောက်တစ်နေရာသို့ ဘယ်တော့မှမရောက်နိုင်။

(2) အာခိလိစ် (Achilles - ဂရိသူရဲကောင်း) နှင့် လိပ်တစ်ကောင် အပြေးပြိုင်သည်။ အကယ်၍သာ အာခိလိစ်သည် လိပ်အား အကျောပေး၍ တာထွက်သည် ဆိုပါလျှင် သူသည် ဘယ်သောအခါမှ လိပ်ကို မမီနိုင်။ ပထမဦးစွာ သူသည် လိပ်စတင်တာထွက်သော နေရာသို့ရောက်အောင် ပြေးရမည်။ သူရောက်သည့်အချိန်တွင် လိပ်သည် အကွာအဝေးတစ်ခုကို ပြေးပြီးသားဖြစ်လိမ့်မည်။ တစ်ဖန် လိပ်ရောက်နေသော နေရာသို့ အာခိလိစ် ရောက်လျှင် လိပ်သည် နောက်ထပ်အကွာအဝေးတစ်ခုသို့ ရောက်နေလိမ့်မည်။ ဤသို့ဖြင့် အာခိလိစ်နှင့် လိပ်အကြားတွင် ခရီးအကွာအဝေးတစ်ခု အမြဲရှိမည်သာ ဖြစ်သည်။ အာခိလိစ်သည် လိပ်ကို ဘယ်တော့မှမမီနိုင်။

(3) လေးကိုင်းတစ်ခုမှ မြားတစ်စင်း ပစ်လွှတ်လိုက်သည်။ အရာဝတ္တုတစ်ခုသည် တစ်ချိန်တည်းတွင် နှစ်နေရာ မရှိနိုင်။ မည်သည့် အချိန်အခိုက်အတန့်တွင်မဆို မြားသည် နေရာတစ်ခုကို ယူထားသည်။ နေရာတစ်ခုစီတွင် ရပ်နေခြင်းဖြစ်သည်။ ထို့ကြောင့် မြားပျံသန်းသွားရာ တစ်လျှောက်လုံးတွင် မြားသည် ရပ်နေသည်။ ရွေ့လျားခြင်းသည် မဖြစ်နိုင်။

ဇီနို တင်ပြခဲ့သော အဆိုများနှင့် ဆင်ခြေများသည် ပါမင်းနိဒီးစ်၏ အတွေးအခေါ်အား ထောက်ခံသော အဆိုများ၊ ဆင်ခြေများဖြစ်သည်။ အရှိတရားအများအပြားရှိခြင်းနှင့် ရွေ့လျားခြင်းတို့သည် တကယ်မရှိနိုင် ဟူသည့် ပါမင်းနိဒီးစ်၏ ဧကန်အရှိတရားကို ထောက်ပံ့ပေးခဲ့သည်။

3 comments:

တေဇာ (လရောင်လမ်း) said...

ဇီနိုရဲ့ ဆင်ခြေတွေဟာ ၀ိရောဓိဖော်ဆောင်ခြင်း (Contradiction-making)ဆင်ခြေ (သို့) ယုတ္တိတွေ ဖြစ်တဲ့အကြောင်း ပြောကြတာတွေ ရှိတယ်လို့ ဘာထရန်ရပ်ဆဲက ညွှန်းတယ်။ ဒီနေရာမှာ ဇီနိုတစ်ဦးတည်းရဲ့ ဆင်ခြေတွေကို ဆိုလိုတာ မဟုတ်ဘူး။ အဓိကအားဖြင့်တော့ ဆော့ခရိတ္တိမတိုင်မီခေတ် ဆိုဖှီဆရာတွေရဲ့ ငြင်းခုံမှုတွေ (Arguments) တွေနဲ့ ပတ်သက်တဲ့ အရည်အသွေးကို ဖော်ညွှန်းတာပါ။

အလွယ်ဆုံးပြောရရင် လူတစ်ယောက်ကို ခွေးဖြစ်သွားအောင် ယုတ္တိဗေဒဆင်ခြေတွေနဲ့ ငြင်းဆိုလို့ရတယ်။ ဒါနဲ့ပတ်သက်လို့ အသေးစိတ်တွေ “ပရိုတာဂိုးရပ်စ်” (Protagoras)အကြောင်းမှာ ပါမယ်။ မကြာခင် အပြီးသတ်နိုင်လိမ့်မယ် ထင်တယ်။

နောက်တစ်ချက် Pluralism ကို မြန်မာစကားလုံး ရှာမတွေ့တဲ့ ပြဿနာမှာ ကျွန်တော်က ရုတ်တရက် “ဒွိဝါဒ” လို့ ပြောခဲ့မိတယ်။ သေသေချာချာ ပြန်စဉ်းစားကြည့်တော့ ဦးဆန်းလွင်အလို (ရှင်းပြချက်)အရ ဘုရား၊ သို့မဟုတ် နတ်ဘုရား အများအပြားကို ယုံကြည်ကိုးကွယ်တဲ့ ၀ါဒလို့ ဆိုခဲ့တာ သတိရမိတယ်။ ဒီလိုဆိုရတာက ဟိန္ဒိုဘာသာမှာ ဘုရားတစ်ပါးတည်းကို ယုံခြင်း၊ အများအပြားကိုယုံခြင်း စသည်ဖြင့် ကွဲပြားခြင်းရှိလို့ပါတဲ့။ စိတ်ဝင်စားရင် သူ့ရဲ့ “ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်လာသူ တစ်ယောက်အကြောင်း” စာအုပ် အစပိုင်းသာသာလောက်မှာ ရှာဖွေဖတ်ရှုကြည့်ပါ။ အွန်လိုင်းမှာ ရှိပါတယ်။ (ကိုယ်ရည်သွေးတီးလုံးများနှင့် ပျင်းရိငြီးငွေ့ဖွယ်ကောင်းခြင်းတို့ကို နည်းနည်းသည်းခံရပါမယ် :þ)
ဒီထက်အခြေခံကျတဲ့ Pluralism ရဲ့ အနက်ကတော့ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း” သဘောပဲ။ Cosmopolitan ရဲ့အနက်နဲ့ ခပ်ဆင်ဆင်တူတယ်။ သင့်သလို သုံးစွဲရမှာပါပဲ။

ဒီလိုရှည်ရှည်ဝေးဝေး ပြောနေရတာက ပညာရပ်ဆိုင်ရာ ဝေါဟာရတွေရဲ့ ခိုင်မာတဲ့ မြန်မာစကားလုံးကို အကျအနသုံးနိုင်တာ ရှားပါးနေလို့ပဲ။ ပညာရပ်ဆိုင်ရာ အင်္ဂလိပ်မြန်မာ အဘိဓာန်တွေ မရှိ၊ လက်လှမ်းမမီ ဖြစ်နေတဲ့အတွက် ဘာသာရပ်ဆိုင်ရာတွေကို မြန်မာပြန်ဖို့ ကြိုးစားရာမှာ အချိန်နဲ့ အားထုတ်မှု အလွန်ပေးရပါတယ်။ စကားလုံးတစ်ခုကို ခြုံငုံနားလည်အောင် ကြိုးစားပြီး သင့်လျော်တဲ့ မြန်မာအသုံးအနှုန်းတစ်ခုကို ကြံဆ သုံးစွဲရပါတယ်။ ဒါဟာ လူတတ်ကြီးလုပ်တာ မဟုတ်ပါဘူး။ မြန်မာမှုပြုပြီးသား အသုံးအချို့ ရှိသော်လည်း ကျွန်တော်တို့လူငယ်တွေအနေနဲ့ အလွန် “ထောင့်” တဲ့အတွက် မသုံးချင်ပါဘူး။ (ဥပမာ- အနုပတိလောမရုပ်ဝါဒ)ဒါပေမဲ့ တစ်ချို့နေရာတွေမှာတော့ ဆရာသမားတွေရဲ့ အသုံးအနှုန်းအတိုင်း ရောချတာက ပိုသင့်နေပြန်ပါတယ်။ ဆိုလိုတာက “ကြုတ်ကျတ်လိ” လို့ ပြောချင်တာပါပဲ။

ခြုံပြီးပြောရရင် အခုလို အားထုတ်ထားကို လေးစားမိပါတယ်။ ဆက်လက်ပြန်ဆိုရေးသားပါဦးလို့ အားပေးပါတယ်။ အချိန်ဖြုန်းတဲ့အနေနဲ့ ဖြစ်ဖြစ်ပေါ့။
လောကမှာလည်း အလကားရတာဆိုလို့ ဒီအချိန်ပဲ ရှိတာမဟုတ်လား၊ ခင်ဗျားသိပါတယ်လေ... :þ

တေဇာ (လရောင်လမ်း) said...

အမှားပြင်ဆင်ချက် [*]
အနုပဋိလောမရုပ်ဝါဒ

မြှားများ said...

အဟမ်း.....

း)