Monday, June 7, 2010

ထွက်လာသောနေနှင့် ထိုနေဝင်သွားပြီးနောက် ပြန်ထွက်လာရခြင်းအကြောင်း (မြင့်သန်း)

... fill the cup that clears
Today of Past Regrets and Future Fears:
Tomorrow! - Why, Tomorrow I may be
Myself with Yesterday's Sev'n thousand Years.
Edward Fitzgerald, Omar Khayyam

အလုပ်ကိစ္စတွေပြီးတဲ့ နေ့တစ်နေ့တော့ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတို့ နှစ်ယောက်သား နက်စီဆိုင်ဘက်ဆီ သွားကြတယ်။ နက်စီဆိုင်က ပင်လယ်ကို မြင်နေရတယ်။ ဒါပေတဲ့ ပင်လယ်စပ်မှာတော့ မဟုတ်ဘူး။ နက်ဆီဆိုတာက ဆိုင်ပိုင်ရှင်ရဲ့ နာမည်။ နာမည်အရင်းတော့ မဟုတ်ဘူး။ သူ့နာမည်ရင်းက နာစီဘွမ်းတဲ့။ ဂျူးနာမည်။ ဒီတော့ သူက ဂျူးလူမျိုးပဲ ဖြစ်မယ်။ ဘယ်သူကမျှတော့ ဒီနာမည်မျိုးကို အပျင်းပြေ မှတည့်မှာမဟုတ်ဘူး။ နက်ဆီဆိုတာကလည်း သူ့နာမည်ကို အတိုကောက်ခေါ်သလိုပဲ။ တကယ်တမ်းမှာတော့ မဟုတ်ဘူးလို့ ပြောရမှာပဲ။ အကြောင်းက ဒီလို။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်သာသာလောက်က ဒီဆိုင်ကလေးကို သူဝယ်တော့ ဆိုင်နံရံမှာ အဖြူအမည်း ဓာတ်ပုံခပ်ကြီးကြီးတစ်ပုံ ချိတ်ထားတာ တွေ့ရတယ်။ အဲဒီဓာတ်ပုံက ခုထိရှိသေးတယ်။ ဓာတ်ပုံကတော့ စကော့တလန်နိုင်ငံက နက်(စ)ရေကန်ကြီး Loch Ness ထဲမှာ ခေါင်းထောင်ပြီး ကြည့်နေတဲ့ ဘာကြောင်ကြီးမှန်းမသိရတဲ့ အကောင်ကြီးရဲ့ အဖြူအမည်းဓာတ်ပုံပဲ။ အဲဒီ ဘာမှန်းမသိရတဲ့ အကောင်ကြီးကို ချစ်စနိုးနဲ့ လူတွေက နက်စီလို့ ခေါ်ကြတယ်။ တကယ်တော့ ဘာမှန်းမသိကြတာတစ်ခုကို သိသယောက် ရှိသယောင် သဘောထားပြီး မသိတာတစ်ခုဟာ အရှိဖြစ်လာတာ။ အဲဒီ ဆိုင်နံရံပေါ်က အဲဒီဓာတ်ပုံကို အစွဲပြုပြီး ဆိုင်ကို နက်စီဆိုင်လို့ ခေါ်ကြတာ။ ဆိုင်မှာတော့ ဆိုင်နာမည် ဆိုင်းဘုတ်မရှိဘူး။ အရင်ကတော့ ဆိုင်ပိုင်ရှင် စကော့လူမျိုး မိသားစုနာမည်ကို အစွဲပြုပြီး မက်ဖေဒင်ကဖေးလို့ ခေါ်ကြသတဲ့။ အဲဒီတုန်းက ကျွန်တော်တို့လည်း မရောက်ဖူးလို့ အသေအချာတော့ မပြောနိုင်ဘူး။ ရှိခဲ့ဖူးတာတစ်ခုဟာ ကိုယ်က မသိတော့ အာမခံနဲ့ မပြောနိုင်ဘူး။ သူများပါးစပ်က ပြောတာ ကြားရဖူးတာပဲ။ ဒီဆိုင်ဝယ်ပြီးတော့ ဆိုင်နာမည်အသစ် ပြောင်းမယ်ဆိုပြီး ရှိရင်းစွဲ ဆိုင်းဘုတ်ကို ဖြုတ်ချလိုက်သတဲ့။ အနှစ်သုံးဆယ်သာ ကြာသွားရော အသစ်တော့ မတင်ဖြစ်ပါဘူး။ ဒီလိုနဲ့ပဲ အရင်ပိုင်ရှင်ထားရစ်ခဲ့တဲ့ နံရံပေါ်က ဓာတ်ပုံကို အစွဲပြုပြီး နက်စီိဆိုင်လို့ တွင်နေတယ်။ ပိုင်ရှင်နာမည်ကလည်း နာစီဘွမ်းဆိုတော့ ဆိုင်နာမည် အဲဒီလိုတွင်သွားတာကို သူက ကန့်ကွက်မနေတော့ဘူး။ ခုတော့ သူ့ဆိုင်ကို လာနေကျလူတွေက သူ့ကိုလည်း နက်စီလို့ပဲ ခေါ်ကြတော့တယ်။ နောက်ပိုင်းလာတဲ့လူတွေဆိုရင် သူ့နာမည်ကို နာစီဘွမ်းဆိုတာတောင် မသိကြတော့ဘူး။


နက်စီဆိုင်မှာ ဘာများ ထူးထူးခြားခြား ရှိသလဲဆိုရင်တော့ ဘာပဲရယ်လို့ ပြစရာမရှိဘူး။ အိုးနှစ်လုံးနဲ့ အမြဲနှပ်ထားတဲ့ ကော်ဖီရှိတယ်။ သောက်ချင်ရင် အဲဒီနားဆီမှာ ချိတ်ထားတဲ့ ကော်ဖီခွက်ရောင်စုံ၊ ပုံစံမျိုးစုံထဲက တစ်ခွက်ယူပြီး ကိုယ့်ဘာသာဖြည့်သောက်။ မဟုတ်ရင် သူ့ကို ကော်ဖီလို့မှာလိုက်ရင် သူကလည်း အဲဒီထဲကပဲ ထည့်ပေးတာပဲ။ ဒီပြင်တော့ နက်ဆီဆိုင်မှာ သူ့မိန်းမလုပ်တဲ့ ငါးဆားနယ် ရှိတယ်။ ဒါက အမြဲလိုရတယ်။ တစ်ခါတလေ ရတာကတော့ အမဲသွေး၊ သိုးသွေးနဲ့လုပ်တဲ့ ဝက်အူချောင်းလိုဟာမျိုး ရတယ်။ အမဲခြောက် ပါးပါးကလေးတွေလည်း ရတတ်တယ်။ ဘာခေါ်မှန်းတော့ မသိဘူး။ ဂရိတွေစားတဲ့ ဘကလာဗာလို မုန့်အချိုရတယ်။ သူ့ဆိုင်ကနေ တစ်ခေါ်သာသာလောက် ဝေးတဲ့နေရာက ပေါင်မုန့်ဖိုကလာသွင်းတဲ့ ပေါင်မုန့်ခပ်ကြမ်းကြမ်းရတယ်။ ပေါင်မုန့်ခပ်ကြမ်းကြမ်းဆိုတာက ဂျုံကို ရေနဲ့နူးပြီး အချဉ်ဖောက်ထားတဲ့ ပေါင်မုန့်မျိုး။ Sour - dough bread လို့ ခေါ်ကြတယ်။ စက်နဲ့လုပ်ပြီး ပလပ်စတစ်အိတ်ထဲ ထည့်ထားတဲ့ ညီညီညာညာ ပေါင်မုန့်မျိုး မဟုတ်ဘူး။ အဲဒီပေါင်မုန့်ဖိုက ဆိုင်ကို ထောပတ်တို့ ဒိန်ခဲတို့ လာသွင်းတဲ့လူက သွင်းတဲ့ ဒိန်ခဲ သုံးလေးမျိုးလည်း နက်စီဆိုင်မှာ ရတယ်။ အရပ်တကာက ပေါပေါလောလောနဲ့ နက်စီဝယ်ထားတဲ့ ဝိုင်တွေရှိတယ်။ ကောင်းလှတယ်လို့တော့ ပြောလို့မရဘူး။ သူ့ဈေးနဲ့သူတော့ တန်တယ်ပြောရမှာပဲ။ တကယ်တမ်းပြောရရင် ခုထိတော့ ဘယ်သူကမျှ မကောင်းဘူးလို့ မပြောသေးလေတော့ ကောင်းတယ်ဆိုတဲ့ စာရင်းထဲကို မသိမသာ ထည့်ထားနိုင်တယ်လို့ ပြောရတော့မှာပဲ။ သူ့ဆိုင်အောက်ထပ်မှာ စည်နဲ့ထည့်ထားတဲ့ ဝိုင်တွေလည်း ရှိတယ်။ အဲဒါတွေကိုတော့ ကြွေရည်သုတ် မြေခရားနဲ့ ထည့်ပြီးရောင်းတယ်။ ပုလင်းနဲ့ ရောင်းတဲ့ဝိုင်တွေကလည်း တချို့ကတော့ ဘယ်ကလာလို့ ဘယ်မှာလုပ်တာမှန်း မသိရဘူး။ ပုလင်းမှာ စက္ကူပတ် တံဆိပ်မရှိလို့။ ဒါပေတဲ့လည်း ဘယ်သူကမျှ စောဒကတက်ပြီး စစ်လား ဆေးလား လုပ်မနေကြပါဘူး။ တည့်တည့်ပြောရရင်တော့ နက်စီဆိုင်မှာ စောဒကတက်တာ၊ သံသယဖြစ်တာ ကင်းတယ်။ နက်စီ ရောင်းသမျှကို ဘယ်သူကမျှ ကောင်းလှတယ်လို့ သြမချပေတဲ့ ဘယ်သူကမျှလည်း မကောင်းဘူးလို့ အပြစ်မတင်လေတော့ သူ့ဆိုင်ကိုလာတဲ့လူတွေဟာ ငြိမ်းချမ်းသာယာသော နယ်မြေကို လာကြတာပဲလို့တောင် ပြောချင်ရင် ပြောနိုင်လိမ့်မယ်ထင်တယ်။ ကျွန်တော်တို့လည်း စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်ခဲ့ပြီးလို့ အချိန်ကလေးရလာခဲ့ရင် သူ့ဆိုင်ကိုသွားပြီး အချိန်ဖြုန်းတတ်ကြတယ်။ ဒါကလည်း သူ့အရပ်ကိုရောက်မှ။ တစ်နှစ်ကို တစ်ခေါက် နှစ်ခေါက်ပါ။ သူကတော့ မှတ်မိနေတတ်တယ်။ သူ့ဆိုင်ကိုလာတဲံ လူအများစုဟာ သူနဲ့ သူ့ဆိုင်ကလေးကို ခင်တဲ့လူချည်းပဲ။

ဒီတစ်ခေါက် နက်စီဆိုင်ရောက်တော့ လွန်ခဲ့တဲ့ ခြောက်လလောက်က တစ်ကြိမ်ရောက်ခဲ့သေးတယ်ဆိုတာ သတိရလိုက်မိတယ်။ ဒါပေတဲ့ နက်စီဆိုင်ဟာ အရင် ဆယ်နှစ်ကလို၊ အရင် ငါးနှစ်ကလို၊ အရင် နှစ်နှစ်ကလိုပဲ။ ဒီတော့လည်း အရင်ခြောက်လလောက်က တစ်ခေါက်ရောက်ခဲ့ပါသေးကောလို့ မထင်မိဘဲ မနေ့ညနေကတင်ပဲ ရောက်ခဲ့သလိုလို။ ဆိုင်မှ မဟုတ်ဘူး နက်စီလည်း ဒီလိုပဲ။ ပိန်သွားတယ် ဝလာတယ်။ အိုလာတယ်။ ဘာရယ်ညာရယ်ပြောစရာမရှိဘူး။ သူ့ဆိုင်ရှိရာဘက်ကို လျှောက်လာတာနဲ့ နက်စီရဲ့ အသံအရင်ကြားရတယ်။ ထုံးစံအတိုင်း သူ့ဆိုင်ရဲ့ကောင်တာနောက်က ထွက်လာတဲ့အသံ။ ဘာမျှ လုပ်စရာမရှိရင် ကောင်တာနောက်မှာထိုင်ပြီး အကြိမ်ကြိမ်ဖတ်ပြီးသား သတင်းစာတစ်စောင်စောင်ကို ဖတ်ချင် ဖတ်၊ မဟုတ်ရင် သူကြိုက်တဲ့ ရီးအား(လ)မဒရစ် ဘောလုံးအသင်းရဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က သတင်းတွေ ထိုင်ဖတ်။ ဖတ်နေရင်း ကောင်တာကိုကျော်ပြီး လမ်းဘက်ကို တစ်ချက်တလေ လှမ်းကြည့်တတ်တယ်။ လမ်းက သူ့ဆိုင်ဆီကို လာတဲ့လမ်း။ လမ်းဆုံးမို့ ဒီဘက်ကိုလာရင် သူ့ဆီလာဖို့ အကြောင်းပဲရှိတယ်။ မဟုတ်ရင် မျက်စိမှားလာတဲ့ ခရီးသည် လူတစ်ယောက်ယောက်ပဲ။ တော်ရုံတော့ဖြင့် ဒီဘက်ကို မလာကြဘူး။ လမ်းကလည်း ပင်လယ်ကို ကျော်ပေးထားလေတော့ လာတဲ့လူကို လျှောက်လာတဲ့လူကို သဲသဲကွဲကွဲ မြင်ရတယ်။ နွေတောင် မရောက်သေးဘူး စွန်တွေ ပြန်ရောက်လာကြပြီလို့ လှမ်းအော်လိုက်တဲ့ နက်စီရဲ့အသံကို အရင်ကြားလိုက်ရတယ်။ ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်သားလည်း ဘာစကားမျှ မပြောဘဲ တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်မိကြတယ်။ သဘောကတော့ ဒါ နက်စီပဲလို့ အသိအမှတ်ပြုလိုက်တဲ့သဘောပဲ။

နက်စီက သူ့ဆိုင်လာနေကျ ဖောက်သည်တွေကို သူ့ဘာသာ နာမည်ပေးပြီး မှတ်ထားလေ့ရှိတယ်။ ကျွန်တော့်နာမည် ဘယ်လိုပါ။ ကျွန်တော် ဘယ်သူပါလို့ ဘယ်လိုပြောပြော သူကတော့ သူကြိုက်သလိုပဲ မှတ်ထားတယ်။ သူ့ဆိုင်ကို ပထမဦးဆုံး စရောက်တဲ့ အကြိမ်တုန်းက မိတ်ဆွေတစ်ယောက်က ခေါ်သွားလို့ ကျွန်တော်တို့ ရောက်သွားတာ။ အဲဒီအခေါက်က ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းက အတော်မိုးချုပ်တဲ့အထိ နက်စီဆိုင်မှာ ထိုင်ဖြစ်ကြတယ်။ ကျွန်တော်တို့ကို ခေါ်သွားတဲ့ မိတ်ဆွေကတော့ ခပ်စောစောပဲ ပြန်သွားတယ်။ အတော်ကလေး မိုးချုပ်လာတော့ နက်စီက ကျွန်တော်တို့နဲ့ လာထိုင်ပြီး စကားပြောတယ်။ ဆိုင်မှာ လူကလည်း သိပ်မရှိတော့ဘူး။ အတော်ကလေး လေကျလာတော့ ကျွန်တော်တို့ကို ခေါ်လာတဲ့ မိတ်ဆွေကို ရည်ညွှန်းရင်း မင်းတို့လည်း ဟိုသတ္တဝါလိုမျိုး ဝံပုလွေတွေလား၊ မြေခွေးတွေလားလို့ သူကမေးတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့နဲ့ ပတ်သက်တဲ့ လုပ်ငန်းသဘောကို အထိုက်အလျောက် ပြောပြလိုက်တော့ မင်းတို့က ဝံပုလွေတွေ၊ မြေခွေးတွေကို ထိုးမယ်လို့ စောင့်နေတဲ့ စွန်တွေ၊ သိမ်းငှက်တွေပဲလို့ သူကပြောရင်း ရယ်တယ်။ ကျွန်တော်တို့တောင် ရောပြီး ရယ်လိုက်မိသေးတယ်။ နက်စီက ကဗျာတွေ ဘာတွေလည်းဖတ်တော့ တဒ်ဟျူး(စ)ရဲ့ ကဗျာတစ်ပုဒ်ထဲက သိမ်းငှက်ကြီးအကြောင်းတောင် ပြောသေးတယ်။ သိမ်းငှက်ကြီးအတွက်တော့ တရားတာချည်းပဲ မဟုတ်လား။ သူ့နောက်မှာ နေကလည်း ရှိနေတာကိုး။ သူလုပ်သမျှအတွက် သူ့မှာ ဘာခံစားချက်မှ မရှိဘူးလေလို့ သူက ပြောတယ်။ ဒီအပိုင်းကိုတော့ ကျွန်တော်တို့က ဘာမျှမတုံ့ပြန်တော့ဘူး၊ အသာပြုံးနေလိုက်ကြတယ်။ ကဗျာတွေ ဘာတွေ မဖတ်ဖြစ်တာက ကြာမှကိုး။ အဲဒီနေ့ကစလို့ သူက ကျွန်တော်တို့ နှစ်ယောက်သားကို စွန်နှစ်ကောင်လို့ မှတ်ထားတယ်။ နောက်တော့ ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို နက်စီဆိုင် ခေါ်သွားပြီး သူနဲ့ မိတ်ဖွဲ့ပေးထားတယ်။ အဲဒီကစလို့ ကျွန်တော်တို့ အဖွဲ့ထဲက ဘယ်သူပဲဖြစ်ဖြစ် သူ့ဆိုင်သွားရင် သူက စွန်တွေလာတယ်လို့ ပြောလေ့ရှိတယ်။ တကယ်တော့ တကယ့်လူတွေကို တခြားသတ္တဝါအဖြစ် မှတ်ယူလိုက်တဲ့ သဘောပဲ။

နက်စီ မိန်းမကတော့ အတော်အေးတယ်။ အရင်က ကျောင်းဆရာမ လုပ်တယ်လို့ နက်စီပြောလို့ သိရတာပဲ။ ကျောင်းဆရာမတစ်ယောက်ရဲ့ ဥပဓိရုပ်မျိုးရှိပေတဲ့ ခပ်ထူထူ၊ ခပ်ထုံထုံပုံမျိုးတော့ မပေါက်ဘူး။ စာအုပ်ထဲမှာ ရေးထားတာတွေဟာ အမှန်ချည်းပဲလို့ လက်ခံပြီး ကလေးတွေကို ကြိမ်ပြသင်တဲ့ ဆရာမမျိုးတော့ ဟုတ်မယ် မထင်ဘူး။ မျက်လုံးက ဆုံးဖြတ်ရတဲ့ မျက်လုံးမျိုး။ ဘာသာစကားလည်း နှစ်မျိုး၊ သုံးမျိုးတတ်တယ်။ တစ်ခါတလေ ကျွန်တော်တို့ အတော်ကလေး မိုးချုပ်အောင် နက်စီဆိုင်မှာ ထိုင်တဲ့အခါ စားသောက်တဲ့သူ မရှိသလောက် ဖြစ်လာရင် သူကပါထွက်ပြီး ကျွန်တော်တို့နဲ့ လေပစ်လေ့ရှိတယ်။ အဲဒီလို လေပစ်တဲ့အခါ သူ့ရဲ့ဥာဏ်ရည် ဥာဏ်သွေးကို ကျွန်တော်တို့ အကဲဖြတ်ခွင့်ရတယ်။ အရင်က ကျောင်းဆရာမ လုပ်ဖုးတယ်ဆိုပေတဲ့ သူငယ်တန်းကျောင်းတို့၊ ဆွံ့အနားမကြားတဲ့ ကလေးတွေနေတဲ့ ကျောင်းလိုဟာမျိုးက ကျောင်းဆရာမ မဟုတ်တာတော့ သေချာတယ်။ ပထဝီဝင်တို့ သမိုင်းတို့ ပိုင်ရုံတင်မကဘူး ခေတ်သစ်ကာလရဲ့ ဖြစ်ရပ်တွေကိုလည်း အတော့်ကို စေ့စေ့ပေါက်ပေါက် သိတယ်။ ဒါပေတဲ့ သူကတော့ ပြောတယ်။ ရှစ်ဆယ့်ခုနှစ်ရောက်ပိုင်းကစလို့ ခုအထိ ကမ္ဘာကြီးရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာရေးညာရေးတွေ အားလုံးကို သူ စိတ်မဝင်စားတော့ဘူးတဲ့။ စိတ်ဝင်စားအောင်လည်း မလုပ်ဘူးတဲ့။ ဒီတော့လည်း နက်စီတစ်ယောက် သတင်းစာအဟောင်း တစ်ခုကိုပဲ အကြိမ်ကြိမ်ဖတ်နေတာကို ကျွန်တော်တို့ သဘောပေါက်ချင် သလိုလို ဖြစ်လာတယ်။ တခြားသတင်းတွေအစား ဘောလုံးပွဲအကြောင်းလောက်ကိုပဲ ဖတ်တယ်ဆိုတာ ကျွန်တော်တို့ ရိပ်မိလာတယ်။ နက်စီတို့ လင်မယား နှစ်ယောက်စလုံးဟာ အတိတ်ဆိုတာ သာယာစရာ၊ လွမ်းမောစရာ ပြန်တွေးကြည့်ရင်း ရှာကျန် ဂုဏ်ယူနေစရာ ရှိတယ်လို့ လက်ခံထားကြပုံ မရဘူး။ သူတို့ရဲ့ အတိတ်အကြောင်းလည်း ဘာမျှမပြောကြဘူး။ အတိတ်ကို မုန်းလို့ရယ်လို့တော့ ဟုတ်မယ်မထင်ဘူး။ ဒါကလည်း ကျွန်တော်တို့ အထင်ပဲ။ အတိတ်ကို မမုန်းပေတဲ့ အတိတ်ဟာ သာယာနေစရာ မလိုတော့ဘူးလို့ လက်ခံထားတာကတော့ သေချာလောက်တယ်။ တစ်ခါက အမှတ်မထင် စကားပြောနေကြရင် နက်စီမိန်းမက ပြောတယ်။ တစ်ခါက ငါတို့မှာ သားကလေးတစ်ယောက် ရှိခဲ့ဖူးတယ်တဲ့။ ကျွန်တော်က အခုရောလို့ မေးသလိုလိုနဲ့ စကားထောက်ကြည့်လိုက်မိတယ်။ ကမ္ဘာကြီးထဲက တစ်နေရာရာမှာ ရှိမှာပေါ့လို့ သူက ပြန်ဖြေတယ်။ ဒီထက် ဆက်မေးကြည့်လို့ မကောင်းတော့ဘူး။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ၊ မိသားစုကိစ္စ ဖြစ်နေပြီ။ တခြားလူတစ်ဦးတစ်ယောက်ရဲ့ အဲဒီလို ကိစ္စမျိုးတွေကို တိုက်ရိုက်မေးစမ်းကြည့်တယ်ဆိုတာမျိုးက ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းထဲမှာ အတော့်ကို ရိုင်းတဲ့အပြုအမူကိုး။ ဒါပေတဲ့လည်း သိချင်ရင် နောက်ကွယ်က လှည့်စုံစမ်းတာကတော့ တစ်မျိုး။

နက်စီဆိုင်မှာ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းတစ်ခုတော့ ရှိတယ်။ သူ့ဆိုင်မှာရောင်းတဲ့ဟာ မှန်သမျှ ဘယ်ဟာက ဘယ်လောက်ဆိုတာ ဘယ်သူမျှ မသိကြဘူး။ ဘယ်သူမျှလို့ ပြောရတဲ့အထဲမှာ နက်စီတောင် ပါလိမ့်ဦးမယ်။ ဥပမာပေး ပြောရရင်တော့ သူ့ဆိုင်နဲ့ ရင်းနှီးပြီးသား လူတစ်ယောက်ယောက် ဆိုင်ထဲဝင်လာတာနဲ့ နက်စီရေ ဝိုင်တစ်ခရား လုပ်ကွာ၊ ပြီးတော့ ဘာရှိသေးလဲ၊ မင်းမိန်းမလုပ်တဲ့ ငါးဆားနယ်နဲ့ ပေါင်မုန့်လေးလည်း ယူခဲ့ကွာလို့ ပြောတတ်ကြတယ်။ ပြီးရင် ဆိုင်ထောင့်တစ်နေရာမှာ ဖြစ်ဖြစ်၊ ဆိုင်ရှေ့က သစ်ပင်ရိပ်အောက်က ခုံကလေးတစ်ခုမှာဖြစ်ဖြစ် သွားထိုင်ရော။ နက်စီကလည်း မှာတဲ့အတိုင်းအပြင် သူ့စိတ်ကူးထဲရှိတာ ထည့်ယူသွားတာပဲ။ ဒိန်ခဲ ပါကောင်းပါမယ်။ လွန်ဆံလိုဟာမျိုး။ သံလွင်သီးဆားစိမ်လိုဟာမျိုး။ သူ့ဆိုင်မှာရှိတာ ထည့်ယူသွားတတ်တယ်။ လာတဲ့လူတွေက ဝိုင်ကလေးသောက်လိုက်၊ အမြည်းကလေး စားလိုက်နဲ့ နေရာက ထပြန်ချိန် ရောက်တဲ့အခါကတော့ သူ့တို့အိတ်ထဲပါတာ ပေးသွားကြတာပဲ။ ဘယ်သူကမျှလည်း ဘယ်လောက်ကျသလဲလို့ မမေးကြဘူး။ မေးရင်တော့ဖြင့် ဒီဆိုင်ကို ပထမဦးဆုံး ရောက်လာတဲ့လူပဲဆိုတာ သေချာတယ်။ အဲဒီလို မေးရင်လည်း နက်စီက ဆယ်ဒေါ်လာလို့ပဲ ပြောတတ်တယ်။ ဒီဆိုင်ကို ပထမဦးဆုံး ရောက်လာတဲ့ လူပဲဆိုရင်တောင် သူတို့စားတာသောက်တာ ဆယ်ဒေါ်လာဖိုး မကဘူးဆိုတာသိလို့ ပိုပိုသာသာ ပေးသွားကြတာချည်းပဲ။ တချို့ကဆို ခင်ဗျားဆိုင်ရှေ့ကလေးနားမှာထိုင်ပြီး ပင်လယ်ဘက်ကို ကြည့်နေရုံနဲ့တင် ဆယ်ဒေါ်လာမက တန်ပါတယ်ဗျာလို့တောင် ပြောတတ်ကြသေးတယ်။ အဲဒီအခါမျိုးကျရင်တော့ နက်စီက ပြုံးလို့ပဲ နေတတ်တယ်။ ဒီတော့လည်း နက်စီဆိုင် သွားရတာကိုက ကိုယ့်မိသားစုအိမ် ပြန်ရသလိုပဲ။ ကိုယ့်မိသားစုအိမ်ရောက်ကာမှ ပင်လယ်ကိုကြည့်ပြီး အဝေးတစ်နေရာရာကို လှမ်းပြီး လွမ်းရတာနဲ့ တူတယ်။ ဒီဆိုင်ကိုလာသမျှ လူတော်တော်များများမှာ တိုင်ပင်မထားကြဘဲနဲ့ ဒီလိုခံစားချက်မျိုး၊ စိတ်လှုပ်ရှားမှုမျိုးကလေးတွေ ရလိမ့်မယ်လို့တော့ ထင်တယ်။

ကျွန်တော်တို့နှစ်ယောက်သား ဆိုင်ထဲရောက်တော့ နက်စီတို့ လင်မယား နှစ်ယောက်စလုံးကို ဆိုင်ထောင့်နားဆီက ကောင်တာနောက်မှာ တွေ့ရတယ်။ ထုံးစံအတိုင်း သူ့မိန်းမကို ဟေး . . မစ်စစ်နက်စီလို့ ကျွန်တော်တို့က လှမ်းနှုတ်ဆက်လိုက်ရင်း ကျွန်တော့်သူငယ်ချင်းက သူ့လက်ထဲက ပန်းစည်းကို ကောင်တာကိုကျော်ပြီး နက်စီမိန်းမကို ပေးလိုက်တယ်။ ပန်းစည်းက သူတို့ဆိုင်အလာမှာ လမ်းဘေးမှာ ကားရပ်ပြီး ပန်းရောင်းနေတဲ့ ပန်းသည်ဆီက ဝယ်လာတာ။ ဒီလိုလာလို့ ပန်းသည်နဲ့ကြုံတိုင်း ကျွန်တော်တို့ ဝယ်လာလေ့ရှိတယ်။ ကျွန်တော်တို့မှသာ မဟုတ်ဘူး။ တခြားလူတွေလည်း ဝယ်လာတတ်ကြတယ်။ ပန်းစည်းကို နက်စီရဲ့ မိန်းမက လှမ်းယူနေတုန်း ဟေး . . နက်စီ နေထိုင်ကောင်းရဲ့လားလို့ လှမ်းမေးရင်း နှုတ်ဆက်လိုက်ကြတယ်။ ကောင်းပါ့ကွာလို့ သူက ပြန်ဖြေရင်း ဝိုင်ပုလင်းတွေတင်ထားတဲ့ စင်ဘက်ကို လက်ညှိုးထိုးပြတယ်။ ကျွန်တော်တို့လည်း ပြိုင်တူ ခေါင်းညိတ်ပြလိုက်မိတယ်။ ကျွန်တော်လည်း ထုံးစံအတိုင်း ကော်ဖီခွက်တစ်ခုကို ကောက်ယူလိုက်ပြီး ကော်ဖီအိုးကို ကောက်ကိုင်လိုက်တုန်း နက်စီပြောသံကို ကြားလိုက်ရတယ်။ ငါကတော့ မင်းတို့ရဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကြီးကို သိပ်မကြိုက်ချင်တော့ဘူးတဲ့။ ဘာလို့တုန်းလို့ ကျွန်တော့်သူငယ်ချင်းက ပြန်မေးတယ်။ ဘယ့်နှယ့်ကွာ၊ လူ့အဖွဲ့အစည်းကြီးက ပိုပိုပြီး ယဉ်ကျေးလာတော့ မိန်းမတွေဟာ ယောက်ျားတွေနဲ့ တန်းတူရည်တူပဲရယ်လို့ လက်ခံလာကြတယ်၊ ကောင်းပါလေရဲ့။ ဒါပေတဲ့ မင်းတို့ကိုပဲကြည့်စမ်း။ ငါ့မိန်းမကအတွက် ပန်းစည်းဝယ်လာတယ်။ ငါ့အတွက်တော့ ဘာမှမပါဘူး။ ဒါကို တရားတယ်၊ ယဉ်ကျေးတယ်လို့ ခေါ်သလားလို့ နက်စီက မေးရင်းပြောတယ်။ ကျွန်တော်တို့က ဘာမျှပြန်မပြောရသေးခင် အခန်းထောင့်တစ်နေရာမှာ တစ်ယောက်တည်းထိုင်ပြီး ဝိုင်သောက်ရင်း သတင်းစာဖတ်နေတဲ့ အသက်ကြီးကြီး လူတစ်ယောက်ဆီက အေး . . အေး လို့ ပြောလိုက်တဲ့အသံ ကြားရတယ်။ ကျွန်တော်တို့က လှမ်းကြည့်လိုက်တော့ သူက ပြုံးပြတယ်။ နောက်တော့ ခေါင်းတစ်ချက် နှစ်ချက်ညိတ်ပြပြီး သတင်းစာကို ဆက်ဖတ်နေတယ်။ နက်စီက သူ့ဘာသာ ခေါင်းခါလိုက်ပြီး ပြုံးနေတယ်။ ကျွန်တော်တို့လည်း ဘာမျှပြန်မပြောတော့ဘူး။ နက်စီပြောလိုက်တာက သူ့မှာ ဘာရည်ရွယ်ချက်မျှ မပါဘူးဆိုတာ ကျွန်တော်တို့ သိပြီးသား။ အထူးသဖြင့် ရင်းတဲ့လူတွေရှေ့မှာ သူ့မိန်းမကို အဲဒီလိုမျိုး စကားကလေးနဲ့ဖြစ်ဖြစ် ကလိလိုက်ရမှ။ သူ့မိန်းမကိုလည်း လူတိုင်းလိုလိုက မစ်စစ်နက်စီလို့ပဲ ခေါ်လေ့ရှိကြတယ်။ တကယ်တော့ နက်စီမိန်းမနာမည်က မီယာတဲ့။

စွန်တွေ အစာရှာပြီးပြီထင်တယ်။ နွေရောက်လို့ ပြန်လာကြတာလား၊ ဆောင်းပေါက်လို့ ပြန်ပြေးကြတာလားလို့ နက်စီကမေးရင်း ကော်ဖီပန်းကန်နှစ်လုံးကိုယူပြီး လက်သုတ်ပုဝါ အသစ်တစ်ခုနဲ့ သုတ်နေတယ်။ သူမေးလိုက်တဲ့ အဓိပ္ပာယ်ကတော့ ကျွန်တော်တို့နှစ်ယောက် အလုပ်ကိစ္စတွေပြီးလို့ မပြန်ခင် သူ့ဆီလာတာလား၊ အလုပ်တွေ မစရသေးဘဲ သူ့ဆီရောက်လာတာလားလို့ ဆိုချင်တာ။ ဆောင်းရောက်တော့မယ်လို့ ကျွန်တော်က ပြန်ပြောနေတုန်း သူက ကော်ဖီခရားထဲက ကော်ဖီငှဲ့ပြီး ခွက်တစ်ခွက်ကို ကျွန်တော့်ဆီ လှမ်းပေးလိုက်တယ်။ နောက်တစ်ခွက်ကို ကျွန်တော့်သူငယ်ချင်းကို လှမ်းပေးလိုက်တယ်။ ကျွန်တော်တို့လည်း ကော်ဖီခွက်ကိုယ်စီကိုင်ရင်း သစ်ပင်အောက်မှရှိမယ်လို့ သူတို့လင်မယားကိုပြောပြီး ဆိုင်အပြင်ဘက်ဆီ ထွက်ခဲ့ကြတယ်။ ဆိုင်အပြင်ဘက်မှာ သစ်ပင်ရိပ်တွေရှိတယ်။ အဲဒီသစ်ပင် အရိပ်အောက်တွေမှာ စားပွဲနဲ့ ကုလားထိုင်ကလေးတွေ ရှိတယ်။ မျိုးတူ၊ ပုံစံတူတော့ မဟုတ်ဘူး။ ပြောရရင်တော့ ဒီဆိုင်လာတဲ့ လူတွေအများစုဟာ ကုလားထိုင်နဲ့ စားပွဲဟာ မျိုးတူသလား၊ ပုံစံတူသလားဆိုတာကို စိတ်မဝင်စားကြဘူး။ အင်္ဂလိပ်ကြီးတစ်ယောက်ကတော့ သူလာရင် ဆိုင်ရဲ့ညာဘက်နားဆီက အုတ်ရိုးကလေးနားက သစ်ပင်အောက်ဆီက စားပွဲအနီကလေးမှာ ထိုင်လေ့ရှိပြီး မထိုင်ခင် ကုလားထိုင်အနီကလေးကို လိုက်ရှာတတ်တယ်။ တခြားစားပွဲဆီမှာ ကုလားထိုင်အနီကလေး ရောက်နေရင် သွားယူပြီး စားပွဲအနီကလေးမှာ ထိုင်တယ်။ တစ်ယောက်ယောက်က ကုလားထိုင်အနီကလေး တစ်လုံးလုံးပေါ်မှာ ထိုင်နေရင် သူက စားပွဲအနီကလေးမှာ မထိုင်သေးဘဲ သူ့စားပွဲက ကုလားထိုင်ကလေးကို ယူသွားပြီး အလွန်တစ်ရာ အောက်ကျို့တဲ့အသံနဲ့ တောင်းပန်ပြီး လဲလေ့ရှိတယ်။ တစ်ခါတလေ နက်စီကိုယ်တိုင်ကပဲ သွားလဲပေးလေ့ရှိတယ်။ နက်စီပြောအရတော့ ဒီအင်္ဂလိပ်ကြီးက ကမာန်ဒိုတပ်က မေဂျာအဟောင်းကြီးတဲ့။ ဟောင်းပေတဲ့ ပစ်လိုက်ရမယ့် လူမျိုးတော့ မဟုတ်ဘူး။ ခုတော့ အချက်အလက် အရောင်းအဝယ်လုပ်ဖို့အတွက် ပွဲစားလုပ်တယ်တဲ့။ ကျွန်တော်တို့နဲ့ တစ်ခါနှစ်ခါထိုင်ပြီး လေပစ်ဖူးတယ်။ နောက်တော့ ကျွန်တော်တို့ လိုအပ်တာတစ်ခုကို သူက ကူညီပေးဖူးတယ်။ ပြီးတော့ ကျွန်တော်တို့ကို သူက ပြောတယ်။ ကူညီတဲ့အတွက် ငါ့ကို ဘာမျှပေးစရာ မလိုဘူးတဲ့။ အကြွေးလို့ သဘောထား၊ ငါလိုမှ တောင်းမယ်တဲ့။ အဲဒီတုန်းက နက်စီလည်း အနားမှာရှိတယ်။ နက်စီကတော့ အကြောင်းစုံသိကိုး။ သူက ကောက်ချက်ချသလိုလိုနဲ့ ဒီလောကထဲမှာတော့ လူမှန်ရင် အကြွေးမှ မကင်းကြ့ပဲကိုးလို့ ပြောတယ်။

နက်စီဆိုင်ကို လာကြတာ အင်္ဂလိပ်ကြီးလိုလူမျိုးတွေ များတယ်။ တစ်ခါတလေ နေ့စဉ်ရက်ဆက် ခုံတစ်လုံးမှာ လာထိုင်နေတဲ့လူမျိုး။ တစ်ခါတလေ ဆိုင်ထဲကိုဝင်လာပြီး နက်စီရေ ငဖြူတစ်ယောက်များ ဒီဘက်လာတာ မြင်မိသလားလို့ မေးပြီး ပြန်ထွက်သွားတတ်တဲ့ လူမျိုး။ . . အဲဒီလို အူကြောင်ကြောင်လူမျိုးတွေလည်း တွေ့ရတတ်တယ်။ နက်စီကတော့ မှတ်ဥာဏ်ကောင်းတယ်ခေါ်ရမလားပဲ။ သူ့ဆိုင်ကိုလာတဲ့ လူတွေကို ကောင်းကောင်းမှတ်မိတယ်။ သူ့ဆိုင်ကိုလာတဲ့ လူတွေရဲ့ ဘာသာစကားကိုလည်း ကောင်းကောင်းသိတယ်။ ဥပမာ တချို့လူတွေက ဆိုင်ထဲဝင်လာပြီးတာနဲ့ နက်စီရေ မင်းအိမ်အောက်က ဝိုင်ထားတဲ့ မြေတိုက်ခန်းထဲမှာ ဝိုင်လေး ဘာလေး သွားကြည့်ရအောင်လို့ ပြောတတ်တယ်။ အမှန်မှာတော့ တီးတိုးစကား သွားပြောတာပဲ။ နက်စီကလည်း အဲဒီလိုမျိုး တိုင်ပင်စရာရှိရင် တိုင်ပင်လို့ရတဲ့ လူပဲ။ ကျွန်တော်တို့လည်း တိုင်ပင်စရာရှိ တိုင်ပင်ရတယ်။ ပထမဦးဆုံးအကြိမ် သူ့ဆိုင်ကို ရောက်ပြီးကတည်းက သူနဲ့ရင်းနှီးခဲ့ရတာ။ ခုဆို အတော့်ကို အတွင်းသိ၊ အရှင်းသိလို ဖြစ်နေကြတယ်။ ကျွန်တော်တို့နဲ့များ သက်ဆိုင်မယ်လို့ ထင်ရတဲ့ အကြောင်းကလေးများရှိရင်လည်း ကျွန်တော်တို့ကတောင် မေးမနေရဘူး သူက အလျင်ပြောပြလေ့ ရှိတယ်။ တစ်ခါကဆို လူတစ်ယောက်က အမှတ်မထင် ပြောခဲ့တာကလေးတစ်ခုကို ကျွန်တော်တို့ကို ပြောပြတယ်။ ကျွန်တော်တို့နဲ့ တိုက်ရိုက်မသက်ဆိုင်ပေတဲ့ သက်ဆိုင်တဲ့လူတွေအတွက် အတော်အရေးကြီးတဲ့ကိစ္စ။ သက်ဆိုင်တဲ့ လူတွေက ကျေးဇူးတင်ကြလို့ ကျေးဇူးကို တုံ့ပြန်ကြတယ်။ သူတို့က အကြွေးမထားချင်တဲ့ လူမျိုးတွေ။ ကျွန်တော်တို့လည်း တစ်ထမ်းတစ်ပိုး တုံ့ပြန်လိုက်တဲ့ ကျေးဇူးတွေကို နက်စီဆီသွားပြီး အကုန်လုံး ပေးလိုက်တယ်။  အကုန်ဆိုပေတဲ့လည်း စာရွက်ကလေးပေါ်မှာ ရေးထားတဲ့ ဘဏ်စာရင်းရဲ့ နံပါတ်တစ်ခုပါ။ ဘယ်ရွေ့ဘယ်မျှလို့ ကျွန်တော်တို့ မသိပေတဲ့ အကြမ်းဖျင်းတွက်ကြည့်လို့တော့ ရတယ်။ နက်စီက ကျေကျေနပ်နပ် လက်ခံပေတဲ့ သိပ်အံ့သြသင့်ပုံ မပြဘူး။ ဒီတော့လည်း ကျွန်တော်တို့ ချက်ချင်း တွေးကြည့်မိတယ်။ နက်စီအဖို့တော့ ဒီလို ကျေးဇူးတုံ့ပြန်တာမျိုးဟာ ခုကာမှ မဟုတ်ဘူးဆိုတာပဲ။ အဲဒီနေ့ကတော့ ကျွန်တော်တို့လည်း အတော်မိုးချုပ်တဲ့အထိ နက်စီနဲ့ထိုင်ပြီး လေပစ်ဖြစ်ကြတယ်။ သူကလည်း ကောင်းပေ့ဆိုတဲ့ ကော့ညှက်တစ်ပုလင်း ဖောက်တိုက်တယ်။ သူ့အပြောအရတော့ အတွေ့အကြုံများတဲ့ သံအမတ်ကြီတစ်ယောက်က ပေးတာဆိုပဲ။ ဒီနေရာမှာတော့ သူ့အပြောက ဘာကို ရည်ရွယ်မှန်း ကျွန်တော်တို့ သိပ်မသေချာဘူး။ အကြောင်းက ကျွန်တော်တို့တစ်တွေအကြားမှာ သံအမတ်ဟာ သံအမတ်ကို ရည်ရွယ်ပြောတာပေတဲ့ အတွေ့အကြုံများတဲ့ သံအမတ်ဆိုတာက ဓားလျှိလို့လည်း အဓိပ္ပါယ်ပေါက်တာကိုး။ ဘယ်လိုပဲဖြစ်ဖြစ် ကော့ညှက်ကတော့ အတော်ကောင်းတယ်။

ဒီတစ်ခေါက် နက်စီဆိုင်ရောက်တော့ နေက အတော်တောင် စောင်းနေပြီ။ ဆောင်းဦးရောက်တော့မှာမို့ နေဝင်စောလို့လည်း ဖြစ်မယ်။ ဆောင်းလုံးလုံးရောက်တောင် သူ့ဆိုင်ကလေးမှာ သိပ်မအေးလှဘူး၊ နေထိုင်ကောင်းရုံပဲ။ ကျွန်တော်တို့လည်း ကော်ဖီခွက်ကိုရင်း ဆိုင်ပြင်ကို ထွက်ခဲ့ကြတယ်။ နက်စီကတော့ သွားနှင့် ငါလာခဲ့မယ်လို့ ပြောတယ်။ ဆိုင်အပြင်ဘက်က စားပွဲကလေးတွေမှာ လူသုံးယောက်ပဲ ထိုင်နေတာ တွေ့ရတယ်။ ကျွန်တော့်သူငယ်ချင်းက အဲဒီလူတွေကြည့်ပြီး ကမ္ဘာကြီး အတော်ငြိမ်းချမ်းနေမှကိုးလို့ ကောက်ချက်ချလိုက်လို့ ကျွန်တော်က ပြုံးလိုက်မိတယ်။ ဘာမျှတော့ ပြန်မပြောလိုက်မိဘူး။ ကျွန်တော်တို့ထိုင်ပြီး အတော်ကြာတော့ နက်စီရောက်လာတယ်။ သူ့လက်ထဲကဗန်းကို စားပွဲပေါ်တင်လိုက်ရင်း မိန်းမလုပ်ထားတဲ့ ဝက်ပေါင်ဆားနယ်အခြောက်ရှိတယ်ဟေ့လို့ ပြောလိုက်လို့ လင်ဗန်းထဲက ပန်းကန်ပြားပေါ်ကို လှမ်းကြည့်လိုက်မိကြတယ်။ ချက်ချင်းလိုပဲ နက်စီက နေဦး၊ ငါ ဝိုင်သွားယူလိုက်ဦးမယ်လို့ ပြောပြီး ဆိုင်ထဲကို ပြန်ဝင်သွားတယ်။ သူပြန်ထွက်လာတော့ ဝိုင်အနီတစ်လုံး အဖြူတစ်လုံး ပါလာတယ်။ ဝိုင်အဖြူပုလင်းကို ကျွန်တော့်ဘက် ထိုးပေးလိုက်ရင်း မင်း ရီးဇလင်းကောင်းကောင်း ကြိုက်တယ်မဟုတ်လားလို့ ပါးစပ်က ပြောလိုက်သေးတယ်။ ရီးဇလင်းပုလင်းကို လှမ်းယူလိုက်ရင်း တံဆိပ်ကိုကြည့်လိုက်တော့ အတော့်ကိုကောင်းတဲ့ ဝိုင်အဖြူပဲဆိုတာ သိလိုက်ရတယ်။ ဝိုင်အနီပုလင်းကို လှမ်းကြည့်လိုက်မိပြန်တယ်။ ၁၉၈၆ ခုနှစ်တုန်းက ထုတ်တဲ့ ရှိရာ့(ဇ)။ နက်စီ မင်းဟာတွေက အကောင်းတွေချည်းပဲလို့ ကျွန်တော်က ပြောလိုက်တော့ ကျွန်တော့်သူငယ်ချင်းကပါ ခေါင်းညိတ်ပြတယ်။ နက်စီက ခုံတစ်လုံး ဆွဲယူလာပြီး ကျွန်တော်တို့ စားပွဲမှာ လာထိုင်တယ်။ ဝိုင်အနီကိုဖောက်ပြီး ဝိုင်ခွက်သုံးလုံးထဲမှာ ထည့်လိုက်ရင်း တို့အားလုံးအတွက်လို့ ပြောပြီး ဖန်ခွက်ကို မြှောက်လိုက်တာနဲ့ ကျွန်တော်တို့ကပါ ဖန်ခွက်မြှောက် လိုက်မိကြတယ်။ ဘာကြောင့် တို့အတွက်လို့ သူက ဆုတောင်းလိုက်တယ်ဆိုတာတော့ မရေရာဘူး။ ဝိုင်ကို မြည်းတဲ့အနေနဲ့ တစ်ငုံလောက်စီသောက်ပြီး ကောင်းသားပဲလို့ ကျွန်တော်က ပြောလိုက်မိတယ်။ ကျွန်တော့်သူငယ်ချင်းကလည်း အတော်ကောင်းတယ်လို့ ထောက်ခံလိုက်ရင်း နက်စီ မင်းကို တစ်ယောက်ယောက်ကများ အကြွေးဆပ်လိုက်သလားလို့ မေးလိုက်တယ်။ နက်စီက ပြုံးနေတယ်။ ပြီးမှ မင်းတို့ဟာ တကယ့်စွန်တွေပဲ။ စွန်တွေဟာ အဝေးကြီးကနေလှမ်းပြီး သားကောင် ကြည့်တတ်တယ်။ စွန်ဟာ လဒနဲ့ မတူဘူး။ လဒဆိုတာက စွန်လိုပဲ အဝေးကြီးက နေလှမ်းပြီး အစာကို ကြည့်ပေတဲ့ စားကြွင်းစားကျန်လောက် စားတတ်တာ။ အသေကောင်ကို ရှာစားတာလို့ပြောပြီး ရပ်လိုက်တယ်။ ဝိုင်ကို နှစ်နှစ်ခြိုက်ခြိုက် မြုံ့လိုက်တယ်။

ပင်လယ်ဘက်ဆီမှာတော့ ရဲနေတာပဲ။ နေလုံးကျသွားပြီးတဲ့နောက် ပင်လယ်ပြင်တစ်ခုလုံး နီသွားတဲ့အခါမျိုး။ ရှိရာ့(ဇ)ပုလင်းကို လက်ညှိုးထိုးလိုက်ရင်း အဲဒီနှစ်တုန်းက လူတစ်ယောက်ကို ငါ အကူအညီပေးဖူးတယ်။ အဲဒီတော့ သူက ငါ့ကို ဝိုင်နှစ်သေတ္တာ လက်ဆောင်ပေးတယ်။ အဲဒီတုန်းက သူကပြောတယ်။ ငါသေတဲ့အခါ မင်းသောက်ဖို့တဲ့။ အဲဒီအခါကျရင် ခုထက်တန်ဖိုးရှိမယ်တဲ့။ ပြီးခဲ့တဲ့ တစ်ပတ်၊ ဆယ်ရက်လောက်က မေဂျာကြီး လာတယ်။ မင်းတို့ သိပါတယ်။ ကမာန်ဒို မေဂျာကြီးလေ။ သူက အဲဒီလူ ဆုံးသွားတဲ့အကြောင်းပြောတယ်။ ဒီတော့ ငါလည်း ဒီ ဝိုင်နှစ်သေတ္တာကို သတိရလိုက်မိတယ်။ ဒါနဲ့ပဲ ငါလည်း ရှိရာ့(ဇ) တစ်ပုလင်း ထုတ်ယူပြီး မေဂျာကြီးနဲ့ သောက်တယ်။ မသောက်ခင် မေဂျာကြီးက ဝိုင်ပုလင်းကိုကြည့်ပြီး မင်းဟာက အတော်အဖိုးတန်တဲ့ ဝိုင်ပဲ။ မပေးရဘူးဆိုရင် ဒေါ်လာ သုံး-လေးရာလောက်တော့ ပေးရမှာလို့ ပြောတယ်။ ဒီတော့ ငါလည်း ဟိုလူက ငါ့ကို ဝိုင်ပေးတုန်းက ပြောတဲ့စကား ပြောပြလိုက်တယ်။ သူက ပြုံးတယ်။ ပြီးတော့ ငါ့ကိုပြောတယ်။ နက်စီ တို့တစ်တွေဟာ အကြွေးတွေနဲ့ နေနေတာချည်းပဲ။ အကြွေးတိုင်းဟာလည်း တန်ဖိုးတက်တာချည်းပဲ မဟုတ်လား။ အကြွေးမရှိတော့ဘူးဆိုတဲ့အခါ ဘဝဟာ ပျင်းပျင်းရိရိနဲ့ ကုန်ဆုံးတော့မယ့်အချိန် ရောက်လာတာပဲ မဟုတ်လားတဲ့။ ချက်ချင်းတော့ ငါလည်း သဘောမပေါက်ဘူး။ နောက်တော့မှ ဟုတ်သားပဲ။ တို့တစ်တွေရဲ့ ဘဝမှာ အကြွေးတွေနဲ့ချည်းပဲ။ ကိုယ်ကပေးထားတာ ကိုယ်ကယူထားတာ ဒါပဲကွာတယ်လို့ပြောပြီး နက်စီက စကားပြောနေတာကို ရပ်လိုက်တယ်။ ကျွန်တော်တို့က ဘာမျှ ဝင်မပြောဘူး။ အတော်ကြာမှ ကျွန်တော့် သူငယ်ချင်းက ဘဝကိုယ်တိုင်က အကြွေးတစ်ခုပဲ ထင်တယ်။ ဒီအကြွေးကြောင့် တို့တစ်တွေဟာ မနေ့ကနဲ့ မနက်ဖြန်အကြားမှာ လှုပ်ရှားနေကြတာပဲ မဟုတ်လားလို့ ပြောတယ်။ ဘယ်သူကမျှ ဘာမျှပြန်မပြောပေတဲ့ ခေါင်းညိတ်လိုက်မိကြတယ်။ အတော်ကြာကာမှ မနက်ဖြန်ဆိုတာ ရှိနေတယ်ဆိုပေတဲ့ ဘာမျှမသေချာဘူးကွာလို့ နက်စီက ပြောတယ်။ ငါ့ အနေနဲ့တော့ မနက်ဖြန်ဆိုတာ ကုန်ဆုံးသွားစေချင်ပြီ။ မသေချာမှုနဲ့ အသက်ရှင်နေရတဲ့ ဘဝဟာ ဆရာဝန်တွေပြောသလို ၅၀-၅၀ ဆိုတာမျိုးပဲ။ ဆရာဝန်တွေပြောလို့ ၅၀-၅၀ ဖြစ်တာမဟုတ်ဘူး။ ဆရာဝန်တွေကတော့ သူတို့အပေါ် ပြဿနာမဖြစ်အောင် ခပ်လွယ်လွယ်နဲ့ ၅၀-၅၀ လို့ ပြောတာ။ တကယ်တော့ လူတိုင်းရဲ့ အသက်ရှင်နေရတဲ့ ကာလကြီးတစ်ခုလုံးဟာ ၅၀-၅၀ ချည်းပဲလို့ ထပ်ပြောပြန်တယ်။

ပင်လယ်ဘက်မှာတော့ နေရောင်ခြည် မရှိတော့ဘူး။ ပင်လယ်ဆီကို ကြည့်ရင်း ကျွန်တော့်ကို ခြောက်လှန့်နေတာတစ်ခု ကျွန်တော့်ဆီ ပြန်ရောက်လာတယ်။ နက်စီပြောလိုက်တဲ့ မနက်ဖြန်ပဲ။ ဘာလို့မှန်းတော့ မသိဘူး။ မနက်ဖြန်ရဲ့ ရှိနေခြင်းဟာ ကျွန်တော့်ကို အမြဲလို ခြောက်လှန့်နေတယ်။ မနက်ဖြန်ရဲ့ ရှိနေခြင်းဆိုတာကို လူတိုင်းက သိနေသလို ပြောနေကြပေတဲ့ မနက်ဖြန်ကို ရောက်မလာမချင်း မနက်ဖြန်အကြောင်း မပြောနိုင်ဘူး။ မနက်ဖြန်ဆီ ရောက်သွားတော့ မနက်ဖြန်ဟာ မနက်ဖြန် မဟုတ်တော့ဘူး။ ကျွန်တော် အတွေးတချို့နောက်ကို လိုက်ပါသွားတော့မယ့်အလုပ်မှာ နက်စီအသံ ကြားလိုက်ရတယ်။ မင်းတို့ ကြည့်ဖူးမှာပါ။ အလယ်ခေတ်လောက်က ပန်းချီကားတွေမှာ အနီးအဝေး ပုံပေါ်အောင် ရေးကြတော့ ပန်းချီကားရဲ့ အဝေးတစ်နေရာမှာ ပျောက်ဆုံးသွားတဲ့ အစက်ကလေးတစ်ခုကို အခြေတည်ပြီး ရေးကြတာ။ နက်စီ အသံရပ်သွားတော့ ကျွန်တော့် သူငယ်ချင်းက Vanishing point ကို ဆိုလိုတာပဲ မဟုတ်လားလို့ မေးလိုက်တယ်။ နက်စီက ဟုတ်တယ်လို့ ပြန်ဖြေတယ်။ အတော်ကြာအောင် အားလုံးငြိမ်နေကြတယ်။ ငါ့အတွက်တော့ အဲဒီလို ပျောက်ဆုံးနေတဲ့ အစက်ကလေးဟာ မနက်ဖြန်ပဲလို့ ကျွန်တော်က ပြောလိုက်မိတယ်။ သူတို့က ငြိမ်နေတယ်။ ကျွန်တော်ကပဲဆက်ပြီး ပြောလိုက်တယ်။ မနက်ဖြန်တိုင်းဟာ ဘဝရဲ့ ပိုမိုနက်ရှိုင်းတဲ့အပိုင်း၊ မမြင်ရတဲ့ အပိုင်းဆီ သွားနေတာပဲ။ တကယ်တော့ တို့ဟာ ဘယ်တော့မျှ မနက်ဖြန်ဆိုတာကို တွေ့မှာ သိမှာမဟုတ်ဘူး။ အမှောင်ဘက်ကို ပိုပြီးအားသန်လာတဲ့ ပင်လယ်ဆီကို ကျွန်တော်တို့အားလုံး ကြည့်ပြီး အတော်ကလေးကြာအောင် ငြိမ်နေရင်း ကျွန်တော့်မိတ်ဆွေက မင်းဆိုင်ထဲက နံရံပေါ်မှာ အရင်လူ ချိတ်ထားတဲ့ နက်စီရဲ့ဓာတ်ပုံလိုပဲ နေမှာလို့ ပြောတယ်။ နက်စီက ခေါင်းညိတ်လိုက်ပြီး ထောက်ခံတယ်။ ကျွန်တော်ကလည်း ခေါင်းကို သာသာညိတ်ပြလိုက်မိတယ်။ ကျွန်တော့်သူငယ်ချင်းက ထိုင်ရာကထပြီး ဝိုင်ခွက်တွေကို ထပ်ဖြည့်တယ်။ ပြီးတော့ မတ်တတ်ရပ်နေရင်း ပင်လယ်ဘက်ကိုကြည့်ပြီး ဝိုင်ခွက်ကို မြှောက်တယ်။ မနက်ဖြန်အတွက်လို့ သူက ပြောလိုက်တော့ ကျွန်တော်တို့လည်း ထိုင်ရာကထပြီး ဝိုင်ခွက်ကို မြှောက်လိုက်ကြရင်း မနက်ဖြန်အတွက်လို့ ပြောလိုက်ကြတယ်။ မလှမ်းမကမ်းမှာ ထိုင်နေတဲ့ လူသုံးယောက်ကတောင် ဘုမသိဘမသိနဲ့ ထိုင်ရာကထပြီး ကျွန်တော်တို့ လုပ်သလို လုပ်ရင်း အပြန်အလှန် ဝိုင်ခွက်တွေ မြှောက်ပြကြတယ်။ တကယ်တော့ ကျွန်တော်တို့တစ်တွေဟာ ကိုယ်ကိုယ်တိုင်က သေသေချာချာ မသိတာ၊ မသိသေးတာတစ်ခုခုအတွက် ကောင်းချီးပေးနေကြတာပဲ။ လူတွေဟာ ဘဝတာတစ်ခုလုံးမှာ ဘာမျှ မရေရာတာ တစ်ခုခုအတွက် အသက်ရှင်နေကြတာပဲ မဟုတ်ဘူးလား။

နက်စီရဲ့မိန်းမသာ ဆိုင်ထဲကနေ လှမ်းကြည့်နေရင်တော့ ဒီလူတစ်သိုက်တော့ မူးနေကြပြီလို့ ထင်ချင်ထင်မိမှာပဲ။


မြင့်သန်း

No comments: