Wednesday, December 8, 2010

What is Philosophy? ဖှီလော်ဆော်ဖီ ဘာလဲ ဘယ်လဲ

ကျွန်တော့်ကို ဘာတက်နေသလဲလို့ မေးတဲ့အခါ Philosophy လို့ ဖြေလိုက်ရင် ဘာမှန်းသေချာမသိကြဘူး။ ပြန်မေးကြတယ်။ အဲ့ဒါ ဘာတွေ သင်ရတာလဲတဲ့။ တစ်ချို့ကျတော့ Philosophy နဲ့ Psychology ကို မသဲကွဲကြဘူး။ ဂေါက်တောက်တောက် ဘာသာရပ်လို့ပဲ ရောပြီး မှတ်ထားကြတယ်။ တကယ်တော့ အဲ့ဒီ နှစ်ခုဟာ မတူကြပါဘူး။ စိတ်ပညာက လူရဲ့ စိတ်ကိုပဲ လေ့လာတယ်။ စိတ်ရဲ့ ပြုမူပုံတွေကို လေ့လာတယ်။ စိတ်ရောဂါဝေဒနာတွေကို ကုသတယ်။ ဆရာဝန်တွေနဲ့ သိပ်မကွာဘူး။ ပြောရရင်တော့ သုတေသီတွေက တွေ့ရှိပြီးသားတွေကို လေ့လာရုံသက်သက်ပဲ။ ဒဿနိကဗေဒဟာ ဘာလဲဆိုရင်တော့ ရှင်းရမှာ တော်တော်ရှည်တယ်။

Philosophy ဟာ ဘာလဲလို့ အတိအကျပြောဖို့က သိပ်မလွယ်ဘူး။ သူ့မှာ ပါဝင်တဲ့ အကြောင်းအရာတွေကလည်း စုံတယ်။ စုံတယ်ဆိုတာထက် အကုန်လုံး (everything) လို့ပဲ ပြောရမယ်ထင်တယ်။ စကြဝဠာကြီး ဘယ်လိုစဖြစ်လာသလဲဆိုတာက အစ ပုရွက်ဆိတ်ဆိုတာ ဘယ်လိုကောင်လဲ၊ ပုရွက်ဆိတ်တစ်ကောင် ကို ဘယ်လိုအဓိပ္ပါယ် ဖွင့်မလဲဆိုတာအထိ ပါတယ်။ အကုန်လုံးအကြောင်းပဲ။ အခြေခံအားဖြင့်တော့ Philosophy ဟာ အဓိပ္ပာယ်တွေနဲ့ ဆော့ကစားတဲ့ ဘာသာရပ်လို့ ပြောကြတယ်။ စကားလုံးတွေရဲ့ အဓိပ္ပာယ်တွေကို "စနစ်တကျ" ရှာဖွေကြည့်တာပဲ။ Philosopher တစ်ယောက်ကို လူ့ဘဝရဲ့ အဓိပ္ပာယ်ဟာဘာလဲလို့ သွားမေးကြည့်ရင် သူက ပြန်မေးလိမ့်မယ်။ မင်းပြောတဲ့ အဓိပ္ပာယ်ဆိုတာက ဘာကိုပြောချင်တာလဲ။ What do you mean by meaning?


Philosophy မှာ အဓိက ဘာသာရပ်ခွဲတွေ ရှိတယ်။ Metaphysics, Epistemology, Logic, Ethics စသဖြင့်။ Metaphysics ကို မြန်မာလို ဘယ်လိုပြန်မလဲတော့ မသိဘူး။ သဘောကတော့ လောကအမြင် ဆိုတဲ့ စကားလုံးနဲ့ နည်းနည်း နီးစပ်မယ်ထင်တယ်။ အရာရာကို ဘာနဲ့ ဖွဲ့စည်းထားတာလဲ။ Atom တွေနဲ့လား၊ ဓာတ်ကြီးလေးပါးနဲ့လား။ ကမ္ဘာကြီးဟာ အလုံးလား၊ အပြားလား။ စကြဝဠာကြီး ဘယ်လို စဖြစ်လာသလဲ။ အရာရာကို ဘယ်သူ (ဘယ်အရာ) က ဖန်ဆင်းထားတာလဲ။ ဖန်ဆင်းရှင်ဆိုတာကရော တကယ်ရှိသလား။ စသဖြင့် လောကအမြင် ကို "စနစ်တကျ" လေ့လာတဲ့ ဘာသာရပ်ခွဲပဲ။

ကြုံလို့ ပြောရမယ်ဆိုရင် Philosophy မှာ စနစ်တကျဆိုတဲ့ စကားလုံးဟာ အရေးကြီးတယ်။ Philosopher ဆိုတာက မင်းသိင်္ခဝတ္ထုထဲကလို ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ တိုက်လှေကားမှာ အိပ်ပြီးတော့ လောကကြီးကို အဓိပ္ပာယ်ဖွင့်နေကြတာ မဟုတ်ဘူး။ စနစ်တကျ ယုတ္တိနည်းကျ ဆင်ခြင်ပြီးမှ (Logically) အဓိပ္ပာယ်တွေကို ရှာကြတယ်။ Facebook မှာ မြင်နေရတဲ့ status တွေလို ဘဝဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ဝတ္ထုထဲက စာသားတွေမဟုတ်ဘူး။ အဲ့ဒါတွေက ဘုန်းကြီးရေးတဲ့ ဒဿနစာ အဆင့်လောက်ပဲရှိတယ်။ Philosophy နဲ့ မဆိုင်ဘူး။

မြန်မာဘာသာစကား ဒဿနဆိုတာနဲ့ အင်္ဂလိပ်လို Philosophy နဲ့ အဓိပ္ပာယ် နည်းနည်းနီးစပ်ပေမယ့် အတိအကျတော့ မတူဘူး။ ဒဿနရဲ့ အဓိပ္ပာယ်က အမှန်ကိုသိမြင်ခြင်း လို့ဆိုတယ်။ အရှေ့တိုင်းရိုးရာမှာ လူတစ်ယောက်အတွက် အရေးကြီးတာက အမှန်ကိုသိမြင်ပြီးတော့ ဘဝကို ကောင်းကောင်းမွန်မွန် နေထိုင်သွားဖို့ပဲ လိုတယ်တဲ့။ ဒါကြောင့် ဒဿနဆိုတာက ကိုယ့်ကျင့်တရားပိုင်း သက်သက်လောက်ပဲ။ Philosophy လောက် မကျယ်ပြန့်ဘူး။ စနစ်တကျ မရှိဘူး။

နောက်တစ်ခုက Philosophy ကို အလုပ်မရှိအလုပ်ရှာတဲ့ ဘာသာရပ်လို့လဲ ပြောကြသေးတယ်။ ကျီးကန်းတွေ ဘာကြောင့်မည်းရသလဲဆိုတာကို အလုပ်မရှိ အလုပ်ရှာ စဉ်းစားတဲ့ ဘာသာရပ်တဲ့။ Philosopher တွေက အလုပ်မရှိအလုပ်ရှာတာ မဟုတ်ဘူး။ မြင်ဖူးသမျှ ကျီးကန်းတွေ အကုန်မည်းတယ်။ ဒါကြောင့် ကျီးကန်းအားလုံး မည်းရမယ် ဆိုတဲ့ ကောက်ချက်ဟာ အင်မတန်အရေးကြီးတယ်။ ခြုံငုံသုံးသပ်လိုက်တာပဲ။ ဒီလို ခြုံငုံသုံးသပ်တဲ့အခါမှာ ဖြစ်တတ်တဲ့ အမှားတွေကို Philosopher တွေက ရှာဖွေတယ်။ ထောက်ပြတယ်။ ဒါကြောင့်လည်း အခုအချိန်မှာ သိပ္ပံပညာတွေ၊ ဆေးပညာတွေ တိုးတက်လာတာပဲ။ ဒါကြောင့် Philosophy က အရေးကြီးတယ်။ Philosophy က အားတိုင်းကုတ်တဲ့ ပွေးမဟုတ်ဘူး။ ပညာရပ်တစ်ခုပဲ။

ခုနကဟာကို ပြန်ဆက်ရမယ်ဆိုရင် Epistemology ကိုတော့ သိမှုဗေဒလို့ ဘာသာပြန်တာ တွေ့ဖူးတယ်။ သိမှုဗေဒဆိုတာက ကျွန်တော့်အထင် ပြောရရင် Philosophy မှာ အခက်ဆုံးနဲ့ အနက်နဲဆုံး ဘာသာရပ်ခွဲပဲ။ သူက အကောင်အထည်ပြလို့ရတဲ့ ဘာသာရပ်မဟုတ်ဘူး။ အကြမ်းဖျင်းပြောရရင် လူတွေရဲ့ အသိဥာဏ်အကြောင်းကို လေ့လာတဲ့ ဘာသာရပ်ပဲ။ လူတွေ ဘေးပတ်ဝန်းကျင်ကို ဘယ်လိုသိသလဲ။ လူတွေ ဘယ်လို စဉ်းစားသလဲ။ အသိဥာဏ်ကို ဘယ်လို ဖလှယ်ကြသလဲ။ စတာတွေကို လေ့လာတယ်။ စိတ်ပညာနဲ့ တူသလိုလိုရှိပေမယ့် တကယ်တော့ မတူကြဘူး။ ဘယ်လိုမတူတာလဲ ဆိုရင်တော့ ကျွန်တော်လည်း သေချာမသိသေးဘူး။ (အခုမှ first year ဖြေထားတာ) =D

(Ontology ရှိမှုဗေဒ ဆိုတဲ့ ဘာသာရပ်တစ်ခု ရှိသေးတယ်လို့ ကြားဖူးတယ်။ သိခြင်းနဲ့ မဆိုင်တဲ့ အရှိတရားကို လေ့လာတဲ့ ပညာဆိုပဲ။ သေသေချာချာတော့ မသိသေးဘူး)

Logic ယုတ္တိဗေဒကတော့ စိတ်ဝင်စားဖို့ အကောင်းဆုံးနဲ့ အရေးကြီးဆုံးပဲ။ ယုတ္တိဗေဒ မသိဘဲနဲ့ Philosophy ကို စနစ်တကျ လေ့လာလို့ မရနိုင်ဘူး။ အဆိုတစ်ခုကို မှန်တယ် မှားတယ် ခွဲခြားဖို့၊ မှန်မှန်ကန်ကန် ကောက်ချက်ချတတ်ဖို့အတွက် ယုတ္တိဗေဒဟာ အရေးကြီးတယ်။ ကိုယ်ကျင့်တရားပညာ Ethics ကတော့ ရှင်းတယ်။ ကျင့်ဝတ်ပိုင်းဆိုင်ရာတွေကို လေ့လာရတာပဲ။ ဒါတွေက Philosophy ရဲ့ အခြေခံ ဘာသာရပ်တွေပဲ။ နှိုက်နှိုက်ချွတ်ချွတ် လေ့လာမယ်ဆိုရင် Phenomenology တို့၊ Philosophy of Art တို့၊ Postmodernism တို့ ကျန်သေးတယ်။

Philosophy က ဘာသာရေးနဲ့လည်း နည်းနည်းဆင်တယ်။ လောကမှာ ဘယ်လိုနေသင့်တယ်။ ဘယ်လိုမနေသင့်ဘူး။ စတာတွေကိုလည်း Philosophy မှာတွေ့ရတယ်။ ဒါပေမယ့် ဘာသာရေးနဲ့ မတူတဲ့အချက်က Philosophy က လွတ်လပ်တယ်။ Open ဖြစ်တယ်။ ဘာသာရေးမှာက ဘာသာရေးခေါင်းဆောင် သင်ပေးလိုက်တဲ့ အတွေးအခေါ်တွေကို လက်ဆင့်ကမ်း ကျင့်သုံးကြတယ်။ Philosophy မှာက ရှေ့ကလူတွေရဲ့ အတွေးအခေါ်တွေကို ပြန်လည်သုံးသပ်တယ်။ အမှားတွေကိုရှာတယ်။ ပြီးတော့မှ ကိုယ်ပိုင်အတွေးအခေါ်တစ်ရပ် ဖြစ်လာအောင် ကြိုးစားတယ်။ Philosophy သင်ရတဲ့ အနှစ်သာရက အဲဒါပဲ။ ကိုယ်ပိုင် အတွေးအခေါ်၊ လောကအမြင်တစ်ရပ်ကို ဖော်ထုတ်ပြီးတော့ လူအများကို ချပြတယ်။

အခုနောက်ပိုင်းတော့ Philosophy ဟာ ဝေဖန်ရေး သက်သက်လောက်ပဲ ကျန်တော့တယ်။ Philosopher တွေ တော်တော်များများက ဝေဖန်ရေးဆရာတွေပဲ။ သူတို့မှာက ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဥာဏ်ရှိတာကိုး။ လက်ရှိ ခေတ်ပြိုင်လောကကို ဘေးကနေ ဝေဖန်ဆန်းစစ် အကြံပေးနေတာ Philosopher တွေပဲ။ အထူးသဖြင့်တော့ အနုပညာပိုင်းမှာ အဓိကရှိကြတယ်။ ပြီးတော့ နိုင်ငံရေး အသိုင်းအဝိုင်း။

ဒီလောက်ပြောရင်တော့ Philosophy ဆိုတာ ဘာလဲဆိုတာကို ရေးရေးလေး သဘောပေါက်မယ်လို့ထင်တယ်။ လူတိုင်း Philosophy ကို စိတ်ဝင်စားစေချင်တယ်။ Philosophy ဟာ အရေးကြီးတယ်။ ဘဝမှာ ဘယ်လိုနေထိုင်ရမလဲဆိုတာကို Philosophy မှာ တွေ့နိုင်တယ်။ အမှားအမှန် အကောင်းအဆိုး ခွဲခြားတတ်ဖို့၊ ကိုယ်ကျင့်တရား၊ လောကအမြင်။ ဒါတွေဟာ ဘဝမှာ နေဖို့အတွက် အရေးကြီးတဲ့ အရာတွေပဲ။ Philosophy ကိုလေ့လာပြီးတော့ ကိုယ်ပိုင် ဆင်ခြင်တုံတရား ရှိလာအောင် လုပ်သင့်တယ်။ ဆင်ခြင်တုံတရားရှိတဲ့ လူတစ်ယောက်ဟာ ဘယ်တော့မှ လမ်းမှားကို မရောက်နိုင်ဘူး။ တခြားအလုပ်တွေမှာလည်း အဆင်ပြေလာစေတယ်။ ဒါကြောင့် Philosophy ကို လူတိုင်း အခြေခံလောက်တော့ လေ့လာထားသင့်တယ်လို့ ထင်တယ်။

5 comments:

တေဇာ (လရောင်လမ်း) said...

မြင့်သန်းအသေးစားလေးပါလား၊ လေသံကတော့.. :P
လူနဲ့တောင်မလိုက်ဘူး။ စာကို ကြိုက်တယ် သားသား။ ဆက်လုပ်။

Thu said...

Facebook မှာ မြင်နေရတဲ့ status တွေလို ဘဝဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ဝတ္ထုထဲက စာသားတွေမဟုတ်ဘူး။
Is it some kinds of common realism ?

M Y Artists said...

ဟုတ်ပါ့ ကိုတေဇာရာ... တကယ့်မြင့်သန်းအသေးလေးပဲ... လေသံကတော့

wai phyo said...

နေပါဦး ..ကြီးကြီးကျယ်ကျယ်လျှေက်ပြောနေတယ်။စကြ၀ဠာကြီးဘယ်ကစဖြစ်လဲဘာလဲနဲ.။ခင်များတို.ဖလော်သမားတွေ ဟို....ဆော.ခရေးတီးတို.ခေတ်ကတည်းက အခုချိန်ထိ စဉ်းစားလာကြတာ ဘာတိကျတဲ.အဖြေတစ်ခုရဖူးလို.လဲ။

Notes on Web of My Pieces said...

မောင်ဝဏ္ဏ ရေးတဲ့ အပျင်းပြေ ဖတ်ဖို့ ဖီလော်ဆော်ဖီ ဖတ်ဖို့ သင့်မယ်။

အမှားအမှန် အကောင်းအဆိုး ခွဲခြားတတ်ဖို့၊ ကိုယ်ကျင့်တရား၊ လောကအမြင်။ ဒါတွေဟာ ဘဝမှာ နေဖို့အတွက် အရေးကြီးတဲ့ အရာတွေပဲ။ ဆိုတာတော့ ဖီလော်ဆော်ဖီနဲ့ ဖီလာဆန့်ကျင်တယ် ပြောမရတောင် မတူဘူး ပြောရမယ်။ ဒဿနိကဗေဒဟာ ဘယ်သူ့ကိုမှ ဘယ်အရာကိုမှ အာမခံချက်ပေးပီး ထောက်ခံနေတာ မဟုတ်လို့ပဲ။
ဆင်ခြင်တုံတရားအကြောင်း ပြောရင် အင်ဒီဗီဂျူရယ် ရိုက် (individual rights) အကြောင်း ထည့်စဉ်းစားဖို့ မသင့်ပါလား...