Friday, May 6, 2011

ဘာသာပြန်တဲ့ကိစ္စ

ဗျို့ ဦးတေဇာ

ကျွန်တော် ဟိုနေ့ညက အင်တာနက်လိုင်း ပြတ်တောက်သွားလို့ ပြောနေတာလေး မပြီးမပြတ် ဖြစ်သွားရတာကို အခု နည်းနည်းတော့ ဆက်ပြောချင်တယ်။ ကျွန်တော် ဘာသာပြန်တဲ့ ကိစ္စမှာ မကျွမ်းကျင်သလို ဘိုစာကိုလည်း တစ်ဖက်ကမ်းခတ် တတ်မြောက်ထားတဲ့သူ မဟုတ်ပါဘူး။ စာဖတ်သူတစ်ယောက်ရဲ့အမြင်၊ လမ်းပေါ်က လူတစ်ယောက်ရဲ့ အတွေးနဲ့ ဆွေးနွေးကြည့်တာပါပဲ။

ဘာသာရပ်ဆိုင်ရာ အရေးအသားတွေကို ဘာသာပြန်တဲ့ကိစ္စဟာ တော်တော်မလွယ်တဲ့ ကိစ္စပါ။ အထူးသဖြင့် Philosophy လို ဘာသာရပ်မျိုးပေါ့။ ဦးလေးသိတဲ့အတိုင်း Philosophy ဟာ နဂိုကတည်းက သဘောတရား ရှုပ်ထွေးတဲ့အပြင် စကားလုံး အသုံးအနှုန်းတွေကလည်း ခက်ခဲပါတယ်။ ဒီလိုဟာမျိုးကို ဘာသာစကား ဖလှယ်ပြီး ပြန်လည်တင်ပြဖို့ဆိုတာ တော်တော်မလွယ်ပါဘူး။ ဒါပေမယ့်လည်း Philosophy မှာ စကားလုံး/စာလုံးတွေက အရေးကြီးဆုံး ဖြစ်နေလေတော့ ဘာသာစကားနဲ့လည်း ကင်းကွာလို့ မဖြစ်ဘူး။ (သင်္ချာမှာလို သင်္ကေတနဲ့ ရှင်းပြဖို့ဆိုတာ မဖြစ်နိုင်ဘူး။) ဒီတော့လည်း Philosophy ကို ဘာသာပြန်တဲ့ အခါမှာ အဓိပ္ပာယ်တိကျမှုက လိုအပ်ချက် တစ်ခုပဲ။ စကားလုံး/စာလုံး တစ်ခုဟာ အယူအဆ၊ အဓိပ္ပာယ် ကွဲပြားသွားနိုင်တာပဲ။


ကျွန်တော့် သဘောအရ ပြောရရင် ဘာသာရပ်ဆိုင်ရာ စကားလုံးအချို့ကို ဖလှယ်ရာမှာ ဗမာ စာလုံးအဖြစ် မပြောင်းလဲသင့်ဘူးလို့ ထင်မိတယ်။ ဘာသာပြန်တယ်ဆိုတာ အခြားဘာသာစကားနဲ့ ရေးသားထားတဲ့ အရေးအသားကို ကိုယ့်ဘာသာစကားနဲ့ ပြန်လည် တင်ပြတာပဲ။ လုံးဝကြီး တစ်လုံးမကျန် ဗမာလို ပြန်ရေးဖို့တော့ မလိုအပ်ဘူးထင်တယ်။ အဓိကအချက်က ဖတ်တဲ့သူ နားလည်လွယ်အောင်။ စာသွားအောင်ပဲ။ အင်္ဂလိပ်နဲ့ မြန်မာဟာ ဘာသာစကား အခြေခံမတူကြတဲ့ အတွက် စကားလုံး ဖလှယ်လိုက်တဲ့အခါ ဖတ်ရတာ အဆင်မပြေတာတွေ ရှိနေတယ်။

ဘာကြောင့် ကျွန်တော် ဒီလိုပြောရတာလဲ ဆိုတော့ philosopher တွေဟာ သူတို့ရဲ့ အတွေးအခေါ်ကို တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ အခြေခံအုတ်မြစ်တွေကို ဘာသာစကားနဲ့  တည်ဆောက်ထားတာပဲ။ သူတို့ရဲ့ အတွေးအခေါ်တွေကို ဖော်ပြဖို့အတွက် စကားလုံး/စာလုံးတွေကို အဓိပ္ပာယ်ဖွင့်ဆိုကြတယ်။ အဓိပ္ပာယ် ဖွင့်ဆိုတဲ့အခါမှာ စကားလုံး အသစ်တွေကို တီထွင်ခဲ့သလို လက်ရှိ အသုံးပြုနေတဲ့ စကားလုံးတွေကိုပဲ နောက်ထပ် အဓိပ္ပာယ်တစ်မျိုးနဲ့ အသုံးပြုခဲ့ကြတယ်။ (ဥပမာ၊ ပလေတိုရဲ့ idea ဟာ သာမန် နားလည်ထားကြတဲ့ အိုင်ဒီယာ စိတ်ကူးကို ပြောတာမဟုတ်ဘူး။ လူ့စိတ်နဲ့ သီးသန့် ရှိနေတဲ့ စိတ်ကူးကြည့်လို့သာ ရနိုင်တဲ့ အရာတွေကို ဆိုလိုတာ)

ဒီလို သူတို့ရဲ့ ကိုယ်ပိုင် အသုံးအနှုန်းတွေကို ဘာသာပြန်လိုက်တဲ့ အခါမှာ မြန်မာဘာသာစကားရဲ့ လိုအပ်ချက်အရ စဉ်းစားစရာတွေ၊ အဓိပ္ပာယ် ကွဲလွဲနိုင်စရာတွေ ဖြစ်လာတော့တယ်။ ဥပမာ အင်မာနျူရယ်လ်ကန့် အကြောင်းမှာ ဦးလေးက ကနဦးအဆို (apriori propostion) နဲ့ နောက်ကျအဆို (aposteriori propostion) လို့ ပြန်ခဲ့တယ်။ အခြား ဆရာတွေက အတွေ့အကြုံရှေ့အဆိုနဲ့ အတွေ့အကြုံနောက်အဆို လို့ပြန်ခဲ့ကြတယ်။ (ဆိုးရွားတာက အတွေ့အကြုံရှေ့အဆို၊ အတွေ့အကြုံနောက်အဆို တွေဟာ ဘာတွေပါလို့ အဓိပ္ပာယ် တိတိကျကျ မဖွင့်ဆိုပြခဲ့တာပဲ)

အခုလိုမျိုး ကန့်ရဲ့ ကိုယ်ပိုင်သတ်မှတ်ချက်တွေကို ဗမာဘာသာ ပြန်လိုက်တဲ့အခါမှာ ဘာဖြစ်သွားသလဲဆိုတော့ ‘ကနဦးအဆို’ ဆိုတဲ့ စကားလုံးကို ဖတ်လိုက်ရတဲ့အခါ ကျွန်တော်တို့ဟာ ကနဦးအဆိုရဲ့ အဓိပ္ပာယ်ကို သွားပြီး သဘောမပေါက်ဘဲနဲ့ ကျွန်တော်တို့ရဲ့ ဗမာဘာသာစကားမှာရှိတဲ့ ‘ကနဦး’ နဲ့ ‘အဆို’ ကို သွားမြင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ပေါင်းစပ်နာမ်တစ်ခု ဖြစ်နေလို့ပဲ။ ဒီနည်းလမ်းဟာ ဗမာဘာသာစကားမှာ ပေါင်းစပ်နာမ်တွေကို အဓိပ္ပာယ်ဖွင့်တဲ့နည်းပဲ။ (ဥပမာ၊ ရေ+အိုး = ရေထည့်ထားတဲ့အိုး)

ဒီအခါ ဘာဖြစ်သလဲဆိုတော့ ‘ကနဦးအဆို’ ကို နားလည်ဖို့ရာ ကျွန်တော်တို့အတွက် အဆင့်တစ်ဆင့် ပိုလာတာပဲ။ စာက ထင်သလောက် မသွားတော့ဘူး။ (အတွေ့အကြုံရှေ့အဆို = အတွေ့အကြုံ + ရှေ့ + အဆို) ဒီတော့ 'အတွေ့အကြုံ' ဆိုတာ ဘာလဲ။ 'ရှေ့' ဆိုတာဘာလဲ။ 'အဆို' ဆိုတာဘာလဲ။ တစ်ခါတစ်ရံမှာ ပိုဆိုးတာက အဓိပ္ပာယ်လွဲနေတတ်တာပဲ။ ဥပမာ၊ God မြင်တိုင်း ဘုရားသခင်လို့ ဘာသာပြန်တော့ Idealism ရဲ့ God, ဒေးကားရဲ့ God ကိုလည်း ဘုရားသခင်လို့ ချတော့တာပဲ။ 'ဘုရားသခင်' ဆိုတာ ခရစ်ယာန်တွေရဲ့ God ကို ဖလှယ်တဲ့နေရာမှာ အဓိပ္ပာယ်တိကျလှတယ်။ (ဘုရား + သခင်) အားလုံးရဲ့ ဘုရား၊ အားလုံးရဲ့ သခင် ဆိုတဲ့ အဓိပ္ပာယ်ထွက်တယ်။ (self-explainer ပဲ) ဒါပေမယ့် Rationalism ရဲ့ God, Idealism ရဲ့ God ကို ဘုရားသခင် သွားလုပ်ရင်တော့ မှားသွားပြီ။

 တကယ်တော့ ဘာသာရပ်ဆိုင်ရာစာလုံးတွေ (များသောအားဖြင့် ပင်ကိုယ်နာမ်တွေ) ကို ဘာသာစကား ဖလှယ်တဲ့အခါမှာ ပင်ကိုယ်နာမ်တွေဟာ အသင့်တော်ဆုံးပဲ။ ခက်တာက ဗမာ ဘာသာစကားမှာ ပင်ကိုယ်နာမ်တွေကို အသစ်ထွင်ဖို့ဟာ မလွယ်ကူတာပဲ။ ဒါကြောင့်လည်း ပါဠိစကားလုံးတွေကို မွေးစားခဲ့ကြတာပဲ။ (Philosophy ကို ဘာသာပြန်တဲ့ဆရာတွေ ပါဠိကို အသုံးပြုပြီး ဘာသာပြန်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီစကားလုံးတွေဟာ များသောအားဖြင့် ဘာသာရေးအခြေခံနဲ့ သုံးခဲ့ကြပြီးတော့ အဓိပ္ပာယ်သတ်မှတ်ချက် တစ်ခုခုကို မကြေညာခဲ့ဘူး။) ဥပမာ၊ 'အနန္တဝိဥာဏ်တော်' ဆိုတာ ဟိဒ္ဒူအတွေးအခေါ်က လာတဲ့ စကားလုံးပဲ။

ဒီတော့ ကျွန်တော့် သဘောအရ ပြောရရင်ဖြင့် Philosophy အသုံးအနှုန်းအချို့ကို စကားလုံး မဖလှယ်ဘဲနဲ့ အင်္ဂလိပ်စာအတိုင်းပဲ ထားစေချင်တယ်။ ဟိုက်ဒဂ္ဂါ၏ dread ဆိုသည်မှာ ဘာဖြစ်သည် ညာဖြစ်သည်လို့ အဓိပ္ပာယ်ဖွင့်ပြီးတော့ နောက်ပိုင်းလည်း dread လို့ပဲ သုံးတာမျိုး။ အကြောက်တရားလို့ သွားချလိုက်လို့က ပဲခူးသွားတာ သန်လျှင်ရောက်နေလိမ့်မယ်။ အတွေ့အကြုံရှေ့အဆို လို့ ရေးနေမယ့်အစား apriori proposition လို့ ရေးရင် ပြီးနေတာပဲ။ သာမန်လူ နားလည်အောင် ရေးဖို့လိုအပ်တယ် ဆိုပေမယ့် ဘာသာရပ်ဆိုင်ရာ စကားလုံးတွေကိုတော့ သာမန်အသုံးအနှုန်းမျိုးနဲ့ မဖလှယ်သင့်ဘူးလို့ ထင်တာပဲ။ ဦးလေးရဲ့ လိုအပ်မှုလို့ ပြောတာ မဟုတ်ပါဘူး။ ဗမာစာရဲ့ လိုအပ်မှုပါ။ ဒါဟာ မျိုးချစ်စိတ်တွေ၊ ဗမာစာပေ တိုးတက်ရာ တိုးတက်ကြောင်းတွေနဲ့ မဆိုင်ဘူး။ သိပ်ပြီး မျိုးချစ်နေရင်၊ မြန်မာတွေ တိုးတက်စေချင်ရင် ဗမာစာကို ဗမာတွေ နားလည်အောင် ရေးဖို့ပဲ မဟုတ်ဘူးလား။

ရိုသေစွာဖြင့်
အာကာကျော်
မေ (၆) ရက်၊ ၂၀၁၁

2 comments:

Ko Chit said...

On the same shore with you.

De Novo said...

ကိုအာကာကျော်နဲ့ အမြင်ချင်းနီးစပ်ပါတယ်။ Technical Terms တွေ၊ နာမည်တွေ၊ အနုပညာလက်ရာတွေ (ဥပမာ သီချင်းခေါင်းစဉ်၊ ဝထ္ထုခေါင်းစဉ် စသဖြင့်) ကို လည်း ဘာသာမပြန်ပဲ မူရင်းအတိုင်း သုံးချင်ပါတယ်။ အဲဒီ အမည်နာမ တွေ၊ ဝေါဟာရတွေမှာ contextual meaning တွေ ပါ ရောစွက်နေတဲ့အတွက် ဘာသာပြန်ခြင်းအားဖြင့် အဲဒီ အရာတွေ ကို ဆုံးရှုံးသွားနိင်မယ်ထင်လို့ပါ။