ပါမောက္ခ ဖင်း(န)မဲင်း Richard Feynman က ၁၉၅၉ က ဟောပြောခဲ့တဲ့ နာမည်ကျော် There’s Plenty of Room at the Bottom ကို ကျွန်တော် ၁၉၈၄ ခုနှစ်ကျမှ ကြားဖူးတယ်။ မဆီမဆိုင်ပြောတဲ့သူက ကျွန်တော်တို့ကို ရှေးဟောင်းဂရိ အတွေးအခေါ် သင်ကြားတဲ့ ပါမောက္ခ မီလော့(စ) ဆိုတဲ့ ပုဂ္ဂိုလ်ကြီးပဲ (ခုတော့ ဆုံးသွားရှာပြီ)။ ဘာမျှထွေထွေ ထူးထူးမပြောဘဲ ရှာဖတ်ကြည့်ကြစမ်းလို့ပဲ ပြောတယ်။ အဲဒီတုန်းက ကျွန်တော်တို့ ဆယ်ယောက်လောက်ရှိတယ်။ စာကြည့်တိုက်မှာ သွားကော်ပီကူးပြီး ကျွန်တော်တို့အားလုံး စာကြည့်တိုက်ထဲက ကော်ဖီဆိုင်မှာ ကော်ဖီသောက်ရင်း ဖတ်ကြည့်ကြတယ်။ ကျွန်တော်တို့အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ခေါင်းခါမိကြတယ်။ တကယ်တော့ ကျွန်တော်တို့လေ့လာနေတဲ့ အကြောင်းအရာ အကြောင်းရပ်တွေနဲ့ ဘာမှမဆိုင်ဘူး။ ဖင်း(န)မဲင်းက ရူပဗေဒ အခြေခံနဲ့သိပ္ပံပညာအကြောင်း ဟောပြောခဲ့တာ။ နောက်တစ်ပတ်ကြာတော့ အဖိုးကြီး မီလော့(စ)ကို မေးကြည့်ကြတယ်။ ဒီတော့ သူက “ငါပြောချင်တာ ဖင်း(န)မဲင်းရဲ့အမြင်မှာ အခြေခံပေးတဲ့ သူ့ ကောန်တက်(စ) Context အတိုင်းမဟုတ်ဘူး။ ဒဿနိကဗေဒ၊ ဒဿနစနစ်တွေ အခြေအနေတော်တော်များများမှာလည်း အောက်ခြေမှာ နေရာလွတ်တွေ ရှိသေးတယ်။ ဖြည့်စရာနေရာတွေကျန်သေးတယ်။ ဖြည့်နိုင်တာဖြည့်ဖို့ပဲ” လို့ ပြောပြီး သူရဲ့ဆိုလိုရင်းကို ရှင်းပြတယ်။ တကယ်တော့ ဖင်း(န)မဲင်းရဲ့အမြင်ကို ထောက်ခံရင်း တခြားတစ်ဖက်က ကြည့်တာပဲ။
နောက် ငါးနှစ်လောက်ကြာတော့ ဥရောပမှာ ဘာသာစကား၊ ဘာသာဗေဒအကြောင်း လေ့လာနေတုန်း ဒီစကားကို ထပ်ကြားရပြန်တယ်။ ဒီတစ်ချီတော့ ကျွန်တော်ရိပ်မိနေပြီ။ ခင်ဗျားဆိုလိုတာ ဘာသာဗေဒရဲ့အခြေခံမှာ ဖြည့်နိုင်တဲ့နေရာလွတ်တွေ အများကြီးရှိနေသေးတယ်ဆိုတာပဲ မဟုတ်လားလို့ ကထိကမကြီးကို မေးလိုက်မိတယ်။ သူက ဝန်ခံတယ်။ အတော်များများကတော့ မသိကြလို့ ၁၉၈၄ ခုနှစ်မှာ ကျွန်တော် ကြုံခဲ့ရသလို အပြေးအလွှားစာကြည့်တိုက်သွားပြီး ရှာဖွေဖတ်ခဲ့ကြရတယ်။ ဖင်း(န)မဲင်းရဲ့ ဟောပြောချက်ခေါင်းစဉ်က ဒီရွေ့ဒီမျှနဲ့ မပြီးဘူး။ ကျွန်တော်နဲ့ ထပ်တိုးရပြန်တယ်။ ၂၀၀၅ မှာ မဟာဗျူဟာနဲ့ ပတ်သက်လို့ ပညာရှင် ပုဂ္ဂိုလ်ကြီးတစ်ဦးက ရှင်းပြနေတုန်း ညွှန်းပြန်တာ ကြားရပြန်တယ်။ သူက ပညာရှင်ဆိုပေတဲ့ တက္ကသိုလ်ပညာရပ်ဆိုင်ရာ အဆောက်အအုံထဲက လာတာမဟုတ်ဘူး။ အချက်အလက် ကောက်ခံရေး စိစစ်ရေးနဲ့ပတ်သက်တဲ့ မဟာဗျူဟာပိုင်းကလာတာ။ ဥရောပစစ်အေးကာလရဲ့ အတွေ့အကြုံတွေ ရှိခဲ့တဲ့လူ။ ဟိုတယ်က သူ့အခန်းမှာ ကျွန်တော်တို့လေးငါးယောက်နဲ့ စကားပြောရင်း ရှင်းပြတုန်း ဖင်း(န)မဲင်းပြောတာ ကြားဖူးတယ်မဟုတ်လို့ အစချီရင်း ပြောပြန်တယ်။ ဆိုလိုရင်းကတော့ ဖင်း(န)မဲင်းရဲ့ ခေါင်းစဉ်လိုပဲ။ ကောန်တက်(စ)ကတော့ မတူဘူး။ အောက်မှာနေရာလွတ်တွေ အပုံကြီးရှိနေတယ်လို့ သတိပေးတာပဲ။
၂၀၀၇ ရဲ့ အစမှာတော့ ရန်ကုန်ကို လေးငါးရက် ရောက်တယ်။ တစ်ညတော့ ကျွန်တော့်မိတ်ဆွေ သားအဖနဲ့ တွေ့တယ်။ ကျွန်တော့်မိတ်ဆွေက ပညာတတ်မျိုးရိုးထဲက ဆင်းသက်လာတာ။ အဖိုးက တိုင်းပညာဝန်၊ အဖေက ကျောင်းအုပ်ဆရာကြီး။ သူကိုယ်တိုင်က ပါမောက္ခ ဖြစ်ခဲ့ဖူးတယ်။ သူ့မိန်းမက ကထိက။ အခု သူ့သားက မဟာသိပ္ပံတို့ ဘာတို့ရပြီးသား။ တည့်တည့်ပြောရရင် ပညာကိုချစ်လို့ ပညာတတ်ဖြစ်လာတဲ့ မိသားတစ်စုပဲ။ ရှေးတုန်းက ပြောလေ့ရှိတဲ့ ပညာရွှေအိုးလူမခိုး ဆိုတာက အမြဲမှန်တဲ့ အဆိုတစ်ခုအဖြစ် လက်ခံပြီး အသက်ရှင်နေခဲ့တဲ့လူတွေ။ ခုတော့ အမြင်ကလေး နည်းနည်းပြောင်းနေပုံရတယ်။ ပြောင်းလဲခြင်းတို့ရဲ့ ထုံးစံအရ အဓိကအကြောင်းရင်းတစ်ခု ရှိကိုရှိနေတယ်။ သူတို့ မိသားစုအမြင်ပြောင်းလာတဲ့ တစ်ခုတည်းသော အကြောင်းကတော့ ဆယ်တန်းကို ဘယ်လိုမှ မအောင်ခဲ့တဲ့ သူ့သမီးကြောင့်ပဲ။ သမီးက ဆယ်တန်းမအောင်နိုင်တော့ အလုပ်ရှာလုပ်တယ်။ အလုပ်ဝင်လုပ်တယ်။ စီးပွားရေးလွတ်လပ်ခွင့်ရလာတဲ့အချိန်မှာ အစုစပ်လုပ်ငန်း ကလေးတစ်ခု လုပ်တယ်။ စွမ်းရည်ကောင်းတော့ အောင်မြင်တယ်။ နောက်တော့ အစုစပ်တွေဆီက အစုတွေကိုဝယ်လိုက်ပြီး သူတစ်ဦးတည်းပိုင် ကုမ္ပဏီ ဖြစ်လာတယ်။ နောက်တော့ ကုမ္ပဏီတွေနဲ့ပေါင်းတယ်။ ဟော ခုတော့ အငြိမ်းစားယူလိုက်တဲ့ အဖေနဲ့ အမေနေဖို့ အက်(ဖ)အမ်အိုင်စီးတီး ဆိုတဲ့ဆီမှာ နှစ်ထပ်တိုက်တစ်လုံး ဝယ်ပေးထားတယ်။ မဟာသိပ္ပံတို့ ဘာတို့ ရထားတဲ့ သူ့အစ်ကိုကတော့ အိုးပိုင်အိမ်ပိုင်မရှိတော့ အဖေအမေနဲ့အတူ လိုက်ပြီး ကပ်နေရရှာတယ်။ ဒီလိုနဲ့ ကျွန်တော့်သူငယ်ချင်း မိသားစုထဲမှာ တဖန်ပြန်ပြီး တွေးစရာတွေ ပေါ်လာတော့တယ်။ အဖေ အမေကတော့ လူအိုလူနှောင်းအဖြစ်ထဲကို မသိမသာ ဝင်လာတာကတစ်ကြောင်း။ ဘာသာရေးအခြေခံကလေးအရလည်း “ရောင့်ရဲတင်းတိမ်မှုရှိရမယ်” ဆိုတာကလေးက ရှိနေတာတစ်ကြောင်းဆိုတော့ ကံကိုပဲလှည့်ပြီး မသိမသာ အပြစ်တင်နေကြတော့တယ်။ ကံကိုလှည့်ပြီး နားရင်းရိုက်လို့ မဖြစ်သေးတာက သူတို့သားပဲ။ သားကတော့ သုံးဆယ်လောက်ပဲရှိသေးတော့ စီးပွားရေးလွတ်လပ်ခွင့်ရှိတဲ့ကာလမှာ ပညာတတ်တို့ရဲ့ စနစ်တကျ တွေဝေမှုကြီးအတွင်း လုံးလည်ခြာလည် လိုက်နေပုံပေါ်တယ်။
ကျွန်တော့်သူငယ်ချင်းသားအဖဟာ သူတို့အသက်နဲ့ ထက်ဝက်သာသာကို ပညာရပ်ဆိုင်ရာ အဆောက်အအုံထဲမှာ ရှင်သန်ကျင်လည်ခဲ့ကြပေတဲ့ သူတို့ ခေါင်းထဲမှာစွဲနေခဲ့တဲ့ “ပညာ” ဆိုတာဟာ “ကျောင်းသင်ပညာ” ပဲ။ ပညာရပ်ဆိုင်ရာ အဆောက်အအုံတွေထဲမှာ ပညာကို စနစ်တကျလေ့လာဖို့ (ချည်းကပ်ဖို့လို့ခေါ်ချင် ခေါ်ပါ) နည်းလမ်းတွေ ပေးတယ်။ အဲဒါတွေကိုက “ပညာ” ပဲလို့ မြင်ပုံမရဘူး။ ဒီပြင် ပညာဆိုတာက နေရာတကာမှာ သူ့ဟာနဲ့သူရှိနေတယ်ဆိုတာကို လက်ခံထားပုံလည်း မရဘူး။ ဒီတော့ အခြေခံအမြင်မှာ အစဉ်အလာက မျက်စေ့မှိတ် နားပိတ် သံမှိုနှက်ထားသလို လက်ခံထားတဲ့အမြင်နဲ့ အသက်ရှင်နေခဲ့ကြတာ။ စာအုပ်ထဲမှာ ရေးထားတာ ဖတ်တတ်တိုင်း တစ်လောကလုံးကို သိမယ်၊ နားလည်နိုင်မယ်လို့ လက်ခံခဲ့ကြတဲ့လူမျိုးတွေ။ သားဖြစ်တဲ့သူက အခြေအနေပိုဆိုးတယ်။ ခုကာမှ ပေါပေါလောလော ဘာသာပြန်ထားတဲ့ တက်ကျမ်းဆိုတာမျိုးတွေ ဖတ်ကြည့်။ ဆယ့်နှစ်စက္ကန့်အတွင်း မီလျံနာဖြစ်နည်းစာအုပ်တွေရှာဖတ်။ ဘာလုပ်ရမှန်း မသိဘူး။ ပညာတတ်ရယ်လို့ ဂုဏ်ခံထားရတာကလေးကိုလည်း မစွန့်နိုင်ဘူး။ ဆယ်တန်းမအောင်တဲ့ သူ့ညီမလို ဒီတစ်သက် စားမကုန်အောင်လည်း (ခဏပဲဖြစ်ဖြစ်) ချမ်းသာကြည့်ချင်သေးတယ်။ ကျောက်တောင်ကြီးပေါ်က ကျောက်စွန်းကလေး တစ်ခုပေါ်မှာရပ်ရင်း အောက်က ပင်လယ်ထဲ ခုန်ချရရင်ကောင်းမလားလို့ စဉ်းစားနေတဲ့လူလိုပဲ။ ကြာကြာ ရပ်မနေနိုင်လို့ ခုန်ချရမယ်ဆိုပြန်ရင်လည်း ရေထဲမကျဘဲ ကျောက်ဆောင်ပေါ်ကျမှာ စိုးနေသေးတာကိုး။ နောက်ဆုံး ကျွန်တော်လည်း ကျွန်တော့်မိတ်ဆွေသားကို “မင်းက ဘာလုပ်ချင်တာလဲ” လို့ တည့်တည့်ပဲ မေးကြည့်လိုက်မိတယ်။
ဒီတော့ သူက မဖြေဘဲ ကျွန်တော့်ကို ပြန်မေးတယ်။ “လူမှာ ဆန္ဒရှိဖို့၊ ဆန္ဒပြင်းပြဖို့ လိုသလား” လို့ မေးတယ်။ ဒီအမေး ဘယ်ကလာတယ်ဆိုတာ ကျွန်တော် မှန်းဆကြည့်လိုက်မိတယ်။ လူမှာ ဆန္ဒရှိဖို့။ ဆန္ဒ ပြင်းပြဖို့ လိုအပ်တယ်ဆိုတဲ့ စေ့ဆော်မှုတွေဟာ ကိုယ့်ကိုယ်ကို အောင်မြင်အောင်တိုက်တွန်းတဲ့ အရေးအသားတွေ။ ဆုံးမချက်တွေဆီက လာတာ။ ခုခေတ် တက်ကျမ်းဆိုတာတွေအထဲမှာလည်းပါတယ်။ ကျွန်တော့်အဖေက ဟာဗတ်ကာဆွန်တို့ရေးတဲ့ အဲဒီလိုကျမ်းမျိုးတွေ သိပ်ဖတ်တယ်။ ကျွန်တော့်ကိုလည်း ငယ်စဉ်ကတည်းကပဲ အဲဒါမျိုးတွေ ဖတ်ခိုင်းလေ့ရှိတယ်။ ဘွဲ့ရတဲံအချိန်လောက်အထိ ဖတ်ခိုင်းသေးတယ်။ အဲဒီနောက်တော့ သူ့သားဟာ သူ့လိုကြီးပွားလောက်မယ့်သတ္တဝါ ဟုတ်မယ် မထင်ဘူးလို့ အဖေ အမြင်ပေါက်သွားပုံရတယ်။ မဖတ်ခိုင်းတော့ဘူး (ဖြစ်ချင်တော့ ဘွဲ့လွန်ပညာသင်ရင်း စိတ်ပညာနဲ့ ဆက်စပ်နေတဲ့ ဘာသာရပ်တစ်ခုထဲမှာ သာမန်လူတစ်ယောက်ကို ဘယ်လိုလှည့်ဖျားပြီး မေးခွန်းမေးလို့ရတယ်ဆိုတာကို လေ့လာတဲ့အခါ အဲဒီစာအုပ်တွေ တော်တော်များများ ဖတ်ရတယ်။ အဲဒီအရေးအသားတွေက ကျလောက်တာကိုး)။ နောက်တော့ ဒဿနိကဗေဒဌာနမှာ ဆရာကြီး ဦးဖေအောင် ပါမောက္ခ ဖြစ်လာတယ်။ အဖေတို့နဲ့ ကာလတူကြီးပြင်းခဲ့တဲ့သူ။ မျိုးဆက်တူတွေလို့ခေါ်ရမယ်ထင်တယ်။ သူကလည်း Pushing to the Front ဆိုတဲ့စာအုပ်ကို ဖတ်ခိုင်းတယ်။ ဖတ်ခိုင်းရုံမကဘူး။ ကျွန်တော်တို့ မဖတ်မှန်းသိတော့ တစ်နေ့ (သိပ်မကြာခင်ကမှ မန္တလေးမှာ သေသွားတဲ့ ပါမောက္ခ) ကိုကျော်စိန်နဲ့ ကျွန်တော့်ကို တစ်အုပ်စီ လက်ဆောင်ပေးတယ်။ ကျွန်တော်သိသရွေ့တော့ ကျွန်တော်တို့ နှစ်ယောက်စလုံး ဟိုဖတ် ဒီဖတ် ဖတ်တာမျိုးပဲ ရှိတယ်။ ဖိန်းကောင်းရုံ၊ ပြောလို့ဆိုလို့ကောင်းရုံ ဆိုတာလောက်ပဲ ဖတ်တာ။ အနှစ်သာရပေါ်လောက်တဲ့အထိ မဖတ်ကြဘူး။ ကိုကျော်စိန်ကတော့ ဘာလို့ မဖတ်သလဲ မသိဘူး။
ကျွန်တော်ကတော့ အဲဒီအရေးအသားတွေမှာ အယုံအကြည်မရှိဘူး။ ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ သီးခြားတည်ရှိနေတဲ့ လူအသီးသီးကို ယေဘုယျစံ၊ ယေဘုယျစနစ် တစ်စုံတစ်ရာ အောက်မှာထားပြီး ထိန်းကျောင်းပြီး ဘဝလမ်းကြောင်း ပြောင်းပေးလို့ ရလိမ့်မယ်လို့ မယုံကြည့်ဘူး။ လူတိုင်းမှာ တူညီတဲ့ အနေအထား၊ တစ်သားတည်းကျတဲ့ အခြေအနေ၊ အခွင့်အရေးတွေ ရှိတယ်၊ ရှိလိမ့်မယ်လို့ ကျွန်တော် မယုံဘူး။ အနေအထားချင်းမတူလို့ ပုတ်သင်ညိုတောင်မှ မညိုဘဲ စိမ်းတဲ့အခါ၊ စိမ်းတာကို လက်ခံတယ်။ ခုခေတ်မှာတော့ ကာလဒေသ ပယောဂကို ထည့်မစဉ်းစားဘဲ နင်းပြီးဘာသာပြန်ထားတဲ့ တက်ကျမ်းတွေ မှိုလိုပေါက်နေတယ်။ မူရင်း ရေးသားတဲ့လူတွေရဲ့ အနေအထား၊ အခြေအနေတွေကို ဘာမျှထည့်မစဉ်းစားဘဲ အတင်း ဘာသာပြန်တာ ရုပ်ဆိုးလွန်းတယ်။ ကက်ဆွန်တို့၊ ကာနက်ဂီတို့မှာ အပြစ်ဘာမှ မရှိဘူး။ ကားလ်မာ့(စ)ဟာ ဥရောပက ပဒေသရာဇ်စနစ်၊ အရင်းရှင်စနစ်နဲ့ လူမှုဖူလုံရေးနွမ်းပါးတဲ့ လက်လုပ်လက်စား လူတန်းစားတွေ၊ အခြေအနေအရပ်ရပ်တွေအပေါ်မှာတည်ပြီး (အခြေခံပြီး) ရေးတာ၊ နေရာတကာမှာ တစ်သားတည်းကျရမယ်။ ဖြစ်ရမယ်လို့ မဆိုဘူး။ ကွန်မြူနစ် အင်တာနေရှင်နယ်အောက်မှာ သဟဇာတဖြစ်မှုအခြေခံနဲ့ ပြုပြင်ယူကြတယ်။ သိပ္ပံပညာမှာဆိုတဲ့အဆိုတွေလို တစ်ညီတစ်ညွတ်တည်း လက်ခံလို့မရနိုင်ဘူး။ အရင်းရှင်မရှိတဲ့အရပ်မှာ အရင်းရှင်လိုက်ရှာပြီး တိုက်ခိုက်နေလို့ မရဘူး။ ဆာ့(စ)ဆိုတဲ့ ငနဲတစ်ကောင်ရေးတဲ့ မွဲတေမှုနိဂုံး ဆိုတာအထဲမှာ ချမ်းသာတဲ့တိုင်းပြည်က ဆင်းရဲတဲ့ တိုင်းပြည်ကို ကူရမယ်တဲ့။ သာမန်ဖတ်ရင်တော့ ဟုတ်နေတာပဲ။ စေ့စေ့ဖတ်ကြည့်ရင် အရင်ကရှိခဲ့တဲ့ “လူဖြူတာဝန်” ဆိုတာကို ပြန်ဖော်ထုတ်ပြီး စီးပွားရေးအခြေခံနဲ့ ကိုလိုနီပြုကျင့်မှုဆီ ဦးတည်သွားတာပဲ (ပိုက်ဆံပေး ကျွန်ခံခိုင်းတဲ့စနစ်။ အချိန်ရရင် အဲဒီစာအုပ်အကြောင်း ရေးပါဦးမယ်) မိုက်ကရို ဆော့(ဖ)က ဒု-ဥက္ကဌ ပြောတဲ့ “ကျုပ်တို့ဆီက စီအီးအိုတွေဟာ ဟားဗတ်စီးပွားရေးတက္ကသိုလ် ကျောင်းထွက်တွေ မဟုတ်ကြဘူး” ဆိုတာကိုသာ စဉ်းစားကြည့်ကြပါ။ ရှင်းရှင်းဆိုရရင်တော့ “အခြေအနေ အရပ်ရပ်ကို ထည့်မစဉ်းစားဘဲ” ပိုက်ဆံရရေးလောက်ကိုပဲတွက်ပြီး ဘာသာပြန်တဲ့လူတွေက ခက်နေတာ။ တကယ်လို့သာ လွန်ခဲ့တဲ့ အနှစ် သုံးဆယ်အတွင်းမှာ မြန်မာပြည်ထဲမှာ အကြီးအကျယ်အောင်မြင်ပြီး ကြီးပွားချမ်းသာလာတဲ့ လူတစ်ယောက်ယောက်က “ကျွန်ုပ်၏ ကြီးပွားချမ်းသာရေး နည်းလမ်းများ” လို့ ရေးသားထုတ်ဝေခဲ့ရင် မြန်မာလူငယ်တွေအနေနဲ့ (အောင်မြင်ချင်၊ ချမ်းသာချင်တဲ့ လူငယ်တွေအနေနဲ့) အနည်းဆုံး ဖတ်ကြည့်သင့်တယ်ဆိုတာ ကျွန်တော် မငြင်းဘူး။
တကယ်တော့ ကျွန်တော့်သူငယ်ချင်းရဲ့သား မေးတဲ့မေးခွန်းဟာ တကယ့်ကို ကောင်းတဲ့မေးခွန်း။ အထူးသဖြင့် ကျွန်တော်တွေ့ခဲ့ကြုံခဲ့ရတဲ့ (သူ့အရွယ်) ကနေ့ မြန်မာလူငယ်ပိုင်းက မမေးကြဘူး (စနစ်တကျ ပညာအရာနဲ့ ထိတွေ့မှု လျော့ပါးလာလို့ မမေးတတ်ကြတာလည်း ဖြစ်မယ်)။ “လူမှာ ဆန္ဒရှိဖို့၊ ဆန္ဒပြင်းပြဖို့ လိုအပ်တယ်” လို့ အာမခံပြီး ပြောလို့တော့ မဖြစ်ဘူး။ အကြောင်းက အဲဒီ “လူ” ဟာ ဘာလုပ်ချင်တာလဲ။ ဘယ်နေရာကနေ စဉ်းစားမှာလဲ။ . . စတဲ့ သူနဲ့ပတ်သက်တဲ့ ကောန်တက်(စ)တွေ ဒါတာခေါ်တဲ့ အချက်တွေသိဖို့ လိုအပ်နေလို့ပဲ။ ပိုက်ဆံရဖို့ စဉ်းစားနေတဲ့လူနဲ့ အသိပညာတစ်စုံတစ်ရာ ရချင်တဲ့လူ တွေးပုံမတူဘူး။ ပိုက်ဆံရပြီး အောင်မြင်ကျော်ကြားဖို့ လုပ်တဲ့အလုပ်နဲ့ အချက်အလက် အကြောင်းအရာတစ်ခုရဲ့ အမှန်တရားကို သိရအောင်လုပ်နေရတဲ့ အလုပ်အကြားမှာ တွေးခေါ်ပုံ ကွာတယ်။ တစ်မျိုးတည်း ထင်ထားမိရင် ငါးပါးမှောက်ရုံပဲ။ ဒါပေတဲ့ အမှန်တရားတစ်စုံတစ်ရာကို သိအောင် ပြီးရင် လုပ်တဲ့တွေးခေါ်ပုံမျိုးကတော့ နေရာအတော်များများမှာ တွေးတဲ့လူရဲ့ ဥာဏ်ရည် ဥာဏ်သွေးလိုက်ပြီး အသုံးချလို့ရမှာပဲ။ ဆိုလိုတာက “ငါ အောင်မြင်ရမယ်” လို့ ဆန္ဒရှိတာ မှားတယ်လို့ မပြောနိုင်ပေတဲ့ “မအောင်မြင်ခဲ့ရင် ဘာလုပ်မလဲ” လို့ တွေးမထားရင်တော့ အမှားတစ်ခုကို ကျူးလွန်တာနဲ့ အတူတူပဲ။ အင်္ဂလိပ်လိုရေးပြရရင် ပိုလွယ်မယ်ထင်တယ်။ Expect to perceive နဲ့ Want to perceive ကွာတယ်။ အခြေအနေ အရပ်ရပ်ပေါ်မှာတည်ပြီး ဒီလို ဒီလို “ဖြစ်နိုင်တယ်” လို့ လက်ခံ ထားတာဟာ ကိုယ့်ဆန္ဒအရ ဒီလို ဒီလို “ဖြစ်မှာပါ” လို့ လက်ခံထားတာနဲ့ မတူဘူး။ ဒါကြောင့်လည်း စနစ်တစ်စုံတစ်ရာ အခြေခံပြီး ခွဲခြမ်းစိတ်ဖြာကြည့်တဲ့ အပိုင်းကလူတွေဟာ “ယေဘုယျကျတယ်” ဆိုတဲ့ အချက်မျိုးကိုရှောင်ပြီး တွေးကြတော့တာပဲ။ ယေဘုယျကျခြင်းဟာ သီးခြားအဖြစ်အပျက်တစ်ခုအတွက် မှန်ကန်တဲ့ရလဒ်ရဖို့အတွက် ဦးဆောင်မှုမပေးနိုင်ဘူး။ လူမှာ ဆန္ဒရှိဖို့၊ ဆန္ဒပြင်းပြဖို့ လိုအပ်တယ်ဆိုတာကို တစ်မျိုးတစ်ဖုံ လက်ခံနားလည်ပြီး “ငါအောင်မြင်ရမယ်” “ငါချမ်းသာရမယ်” လို့ တကယ့်ဖြစ်ရပ် ဖြစ်ခြေ၊ အချက်အလက်၊ အနေအထားတွေပေါ်မှာ အခြေမခံဘဲ ဆန္ဒရှိနေလို့ကတော့ အလကားပဲ။
ဆန္ဒဆိုတာ စိတ်ကူးတာ၊ စိတ်ကူးယဉ်တာနဲ့လည်း ဆက်စပ်နေတယ်။ တစ်စုံတစ်ရာ အကောင်အထည်ပေါ်ဖို့ဆိုတာ စိတ်ကူးမှာ အခြေခံတယ်လို့ ပြောခဲ့တာတွေ ရှိပါတယ်။ ဒါကို ကျွန်တော် မငြင်းပါဘူး။ ကျွန်တော်ထောက်ပြချင်တဲ့ အချက်တစ်ခုက “စိတ်ကူးမှာ အခြေခံတယ်…” ဆိုတဲ့အချက်ရဲ့ နောက်ဆက်တွဲကပ်ပါနေတဲ့ အချက်ပါ။ ဒီ အချက်ကို ထည့်မပြောကြတဲ့အတွက် နားလည်ပုံလွဲတတ်ကြပါတယ်။ “စိတ်ကူးမှာ အခြေခံတယ်….” ဆိုပေတဲ့ အကောင်အထည်ပေါ်ဖို့ ဆက်သွားတဲ့အပိုင်းဟာ စိတ်ကူးကို စနစ်တကျဆင်ခြင်ခြင်းအောက်ကို ပြောင်းလိုက်ပြီး ပိုမိုသေချာ ရေရာတဲ့ အနေအထားကို ပြောင်းယူလိုက်တာပဲ။ စိတ်ကူးဟာ သိမှုအတွင်းမှာ ပိုမိုပီပြင်တဲ့ပုံရုပ်တစ်ခုအဖြစ် ပြောင်းသွားပါတယ်။ လွယ်လွယ်ဥပမာ ပေးပါရစေ။ တောတွေး၊တောင်တွေး တွေးနေရင်းက ပင်လယ်ကမ်းစပ်သွားပြီး နှပ်နေရရင် ကောင်းမှာပဲလို့ စိတ်ကူးရလာတယ်ဆိုပါစို့။ တကယ်သွားပြီး နှပ်နိုင်ဖို့အတွက် စိတ်ကူးဟာ စိတ်ကူးထဲမှာတင် ရပ်နေလို့မရဘူး။ ပိုမိုတိကျတဲ့ ဆင်ခြေတွေနဲ့ ဆက်စဉ်းစားကြည့်ဖို့ လိုလာတယ်။ ဘယ် ပင်လယ်ကမ်းစပ်ကို သွားချင်တာလဲ။ ငပလီလား၊ ချောင်းသာလား၊ မောင်းမကန်လား တစ်ခုခုကို ရွေးရလိမ့်မယ်။ ဘယ်လိုသွားမလဲ။ လေယာဉ်ပျံနဲ့လား၊ ကားနဲ့လား။ ဟိုရောက်ရင် ဟိုတယ်မှာနေမှာလား။ အသိရှာပြီး တည်းမှာလား။ သောင်ပြင်ပေါ်မှာ အိပ်မှာလား။ … ဒါတွေဟာ ထည့်မစဉ်းစားလို့ မဖြစ်ဘူး။ အဲဒီလို စဉ်းစားတာနဲ့အတူ တခြားဖြစ်နိုင်တာတွေလည်း ထည့်စဉ်းစားဖို့လိုတယ်။ ဥပမာ ဟိုတယ်မှာ လူပြည့်နေရင် ဘာလုပ်မလဲ။ ကားနဲ့သွားမယ်ဆိုရင် ချောင်းရေလျှံတာနဲ့တိုးရင်၊ လမ်းမှာတံတားကျိုးတာနဲ့တိုးရင် ဘာလုပ်မယ် ဖြစ်နိုင်တယ်ဆိုတာ ထည့်စဉ်းစားရမှာပဲ (အဲဒါတွေက ရှေ့မှာရေးခဲ့တဲ့ Expect to perceive ပဲ။ ပင်လယ်ကမ်းစပ်ရောက်လို့ ငါ့ကိုများ မော်ဒယ် ကောင်မလေးတွေက ဝိုင်းပြီး ဖက်နမ်းကြရင်ကောင်းမှာလဲလို့ တွေးကြည့်တာက wish to perceive)။ ဒီတော့ ပိုမိုတိကျတဲ့ ဆင်ခြေတွေနဲ့ ဆင်ခြင်ကြည့်တယ်ဆိုတာဟာ လိုအပ်မှု တစ်ခုဖြစ်နေတယ်။ ပိုမိုတိကျတဲ့ ဆင်ခြေတွေကို တည်ဆောက်ဖို့ အချက်အလက်တွေလိုတယ်။ အချက်အလက်များလေလေ၊ ကောင်းလေလေပဲ။ အဲဒီအချက်အလက်တွေထဲကမှ ကိုယ်လိုအပ်တာတွေကို ရွေးယူပြီး ပြန်လည်စိစစ်လေ့လာအကဲ ဖြတ်ရတာပဲ။ ဒီအပြုအမူဟာ နေ့စဉ်ဘဝထဲမှာ လူတိုင်းအတွက်သာ မဟုတ်ဘူး။ ကောပိုရိပ်ကြီးတွေ၊ မဟာဗျူဟာဌာနကြီးတွေ စသဖြင့်တွေမှာ ပြုမူနေရတဲ့ အပြုအမူပဲ။ တကယ်တော့ ဆန္ဒဟာ ဆန္ဒရှိနေခြင်းသက်သက်နဲ့ မလုံလောက်ဘူး။
တကယ့်ဘဝဟာ စိတ်ကူး(ယဉ်)တာနဲ့ ကွာပါတယ်။ ဒီတော့ တကယ့်ဘဝထဲမှာ တစ်စုံတစ်ရာဖြစ်ဖို့ ပြင်ဆင်တာနဲ့၊ စိတ်ကူးထဲမှာ (အတွေးသက်သက်ထဲမှာ) ဆန္ဒရှိနေတာနဲ့ ကွာသွားတော့တာပဲ။ စိတ်ကူးထဲမှာ မကောင်းတာထည့်ပြီး စိတ်ကူးမယဉ်ပေတဲ့ တကယ့်ဘဝအတွက်တော့ ထည့်စဉ်းစားရမှာပဲ။ ဒီနေရာမှာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံစဉ်းစားတယ် (Open minded ဖြစ်တာကို ဆိုလိုတာပါ) နဲ့ တင်ကူး ရည်ရွယ်ချက်ထားစဉ်းစားတာ ကွာသေးတယ်။ ကျယ်ကျယ်ပြန့်ပြန့် လက်ခံပြီး စဉ်းစားတယ်ဆိုတာ မရေမရာနဲ့စဉ်းစားတာ။ အချိန်တွေသိပ်ပိုနေတယ်။ ပိုက်ဆံတွေ သိပ်ပိုနေတယ်ဆိုတဲ့ လူမျိုးတွေလုပ်လေ့ရှိတဲ့ အတွေးမျိုး။ ဟိုဟာလိုလို၊ ဒီဟာလိုလို လက်ခံပြီးတွေးနေတာ။ ကိုယ်က တစ်ခုခု လုပ်ချင်တာ၊ ဖြစ်ချင်တာမျိုးမှာတော့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံပြီး စဉ်းစားနေသရွေ့ သောင်မတိုက်၊ ကမ်းမဆိုက် ဖြစ်နေမှာပဲ။ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပုံက ဘယ်ဟာ အရင်၊ ဘယ်ဟာ နောက်ဆိုတာကို ထည့်မစဉ်းစားတာနဲ့ အရင်နဲ့နောက် နေရာချင်းပြောင်းခဲ့ရင် ဘယ်လိုရလဒ်မျိုးပေါ်လာပြီး၊ ဒီရလဒ်တွေကို ရင်ဆိုင်ဖို့ ဘာတွေလုပ်ထား “သင့်တယ်” ဆိုတာကို ထည့်မစဉ်းစားတာဘဲ။ လက်တွေ့ဘဝမှာ ဓမ္မဒိဌာန်ကျတယ်လို့ လက်ခံထားတာက ယာယီသဘောနဲ့ လက်ခံထားတဲ့ အဆို/အကြောင်းအရာ တစ်ခုဟာ အခြေခံအဖြစ် (Basic assumption ကိုဆိုလိုတာပါ) နဲ့ ရေရာသေချာတဲ့ ဆင်ခြင်မှု Reasoning က ရလဒ်ပဲ။ ဒါကြောင့်လည်း မဟာဗျူဟာဌာနကြီးတွေမှာ လုပ်နေကြတဲ့လူတွေဟာ ဖြစ်နိုင်မယ့် အဆိုးရွားဆုံး အခြေအနေ (Worst case scenario ကို ဆိုလိုတာပါ) ကို ထည့်စဉ်းစားကြည့်ထားကြရတာပဲ။ ကိုယ် စိစစ်လေ့လာထားတာ၊ ကိုယ် ဆုံးဖြတ်ထားတာတွေ အထဲမှာ အဲဒီလိုဖြစ်လာခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတာ ထည့်စဉ်းစားရတာပဲ။ အဲဒီလို စဉ်းစားထားပါမှလည်း ကြုံလာခဲ့ရင် အသင့်ဖြစ်နေမှာ၊ မဟုတ်ခဲ့ရင် ခြေမကိုင်မိ လက်မကိုင်မိတွေဖြစ်ပြီး မျက်လူးဆန်ပြာနဲ့ ဆောက်တည်ရာမရ ဖြစ်ကြတော့တာပဲ။
ဒီတော့ ကျွန်တော့်မိတ်ဆွေရဲ့သားမေးတဲ့ “လူမှာဆန္ဒရှိဖို့၊ ဆန္ဒပြင်းပြဖို့ လိုသလား” ဆိုတာကို ပြန်လေ့လာရင်၊ ဆန္ဒဟာ ယေဘုယျ အနေအထားတစ်ခု သက်သက်အနေနဲ့ “ရှိ” နေလို့မရဘူး။ ရေရာမှုရှိဖို့လိုတယ်။ ဦးတည်ချက်ရှိရမယ်။ ဒီထက်အရေးကြီးတာက တစ်ဦးတစ်ယောက်က ဒီလို ဒီလို ဆန္ဒရှိရင် ဖြစ်မြောက်တယ်၊ အောင်မြင်တယ်ဆိုလို့ ကိုယ်ကလည်း တစ်သားတည်းဖြစ်လိမ့်မယ်လို့ တွေးထားလို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဆင်ခြင်တုံတရားဟာ လူတိုင်းအတွက် အရေးကြီး နေတာပဲ။ လူတိုင်းမှာ အမြင်သစ် ဒါမှမဟုတ်ရင် နုပျိုလန်းဆန်းနေတဲ့အမြင် (ခပ်လွယ်လွယ် ဆိုရရင်တော့ Fresh perspective ပဲ) လိုတယ်။ အမြဲတစေ လိုအပ်မယ်လို့ မပြောနိုင်ပေတဲ့၊ အနေအထားအရပ်ရပ်ကို သုံးသပ်ဖို့လိုအပ်တယ်။ ဆန္ဒရှိလို့ အောင်မြင်တယ်၊ အောင်မြင်ခဲ့တယ်ဆိုတဲ့လူတွေ သူတို့အရေးအသားတွေကို ကိုယ့်အနေအထားက လေ့လာကြည့်တာပဲ။ သူတို့အတွေ့အကြုံတွေနဲ့ ကိုယ့်အတွေ့အကြုံ၊ အမြင်တွေကြားမှာ ကူးလူးဆက်ဆံ သွားလာကြည့်ဖို့လိုတာပဲ။ ကာလ၊ ဒေသ၊ ပယောဂ စတာတွေရဲ့ မတူညီမှုကို တွေ့လာမှာပဲ။ ဒီတော့မှ ဖြစ်နေခြင်းနဲ့ ဖြစ်သင့်ခြင်းကို မြင်လာမယ်။ အမြင်သစ်တစ်ခု ရလာမယ်။ အဲဒီအမြင်သစ်ဟာ ပုံတူကူးချတဲ့အမြင် မဟုတ်တော့ဘူး။ ကိုယ့်အနေအထားတွေနဲ့ ဆက်စပ်ကြည့်ပြီး၊ ကနဦး အမြင်တွေကို ပြန်လည်သန့်စင်ထားတဲ့ အမြင်ပဲ။ ကိုယ့်ရဲ့လက်တွေ့ဘဝမှာ လုပ်လို့ကိုင်လို့ဖြစ်နိုင်မယ့်အမြင်ပဲ။ ဒါကြောင့် တက်ကျမ်းတို့ ကြီးပွားရေးကျမ်းတို့ ဆိုတာကို ဖတ်ကြည့်ပြီး ဆန္ဒချည်းပဲ ထိုင်ရှိနေလို့မရဘူး။ ဥပမာ ဆိုရရင် ရေကူးသင်နည်းစာအုပ်ဖတ်ပြီး ပင်လယ်ထဲခုန်ဆင်းလို့ မရနိုင်ဘူး။ ခုန်ဆင်းလိုက်မိလို့ ဒီနေ့အထိ ကုန်းပေါ်ပြန်ရောက်မလာတဲ့သူတွေ အပုံကြီးပဲ။ ကိုယ့်ရဲ့အဆုံးအဖြတ် လိုအပ်တယ်။ နုပျိုလန်းဆန်းနေတဲ့ အမြင်ဟာ ကိုယ့်ရဲ့အဆုံးအဖြတ်နဲ့ တည်ဆောက်ထားတာပဲ။
လူတွေမှာ အဆုံးအဖြတ်လုပ်ဖို့ တစ်ခုခုဆုံးဖြတ်ဖို့အတွက် ရှင်သန်နေတဲ့ အမှတ်အသား၊ အမှတ်သညာတွေ ဦးနှောက်ထဲမှာ ရှိနေတာပဲ (လွယ်လွယ်ဆိုရရင်တော့ Working memory ပဲ)။ ဒါတွေက အတွေ့အကြုံ တစ်မျိုးမျိုးကို လူ့ရဲ့ပုဂ္ဂလိက သိမှုအတိုင်းအတာနဲ့ယှဉ်ပြီး (အခြေခံပြီး) လက်ခံထားတာပဲ။ အဆုံးအဖြတ်ပေးကာနီးမှာ လိုသလိုဆွဲထုတ်ပြီး ပြန်လည်နှိုင်းယှဉ်၊ တိုက်ဆိုင်စစ်ဆေးပြီး ဆုံးဖြတ်တာပဲ။ ဒါကြောင့် လူတိုင်း အခြေအနေတိုင်း ဖြစ်ရပ် (case ကို ဆိုလိုပါတယ်) တိုင်းကို သီးခြား နားလည်လက်ခံဖို့လိုတယ်။ ရှေ့မှာရေးခဲ့သလို သဘောထားကြီးကြီး ကျယ်ကျယ်ပြန့်ပြန့် ယေဘုယျကျကျဆိုတာတွေက နေ့စဉ်ဘဝထဲမှာ လက်တွေ့လုပ်ဆောင်တဲ့ အရာတိုင်းမှာ အံမကျနိုင်ဘူး။ ဆုံးဖြတ်တယ်ဆိုတာကလည်း တကယ်တော့ သိထားတဲ့အချက်တွေအားလုံးကို ထည့်စဉ်းစားပြီး မသိသေးတဲ့ အချက်တစ်ခုကို လက်ခံတာပဲ။ သိထားတာကနေ မသိသေးတာကို ခုန်ထွက်လိုက်တဲ့ သဘောပဲ (မဟာဗျူဟာဌာနကြီးတွေမှာတော့ Analytical leap လို့ ခေါ်တတ်ကြတယ်။) အဆုံးအဖြတ်တိုင်းမှာ မရေရာမှုဆိုတာက ရှိနေမှာချည်းပဲ။ ဒါကြောင့်လည်း အဆုံးအဖြတ်လုပ်မယ့်လူ (ဒီနေရာမှာ လူတစ်ဦးချင်းစီမကဘူး၊ လူ့အဖွဲ့အစည်းအထိ ထည့်ကြည့်နိုင်တယ်။) အနေနဲ့ သူလုပ်မယ့် အဆုံးအဖြတ်နဲ့ သက်ဆိုင်နေတဲ့ နယ်နိမိတ် (အတိုင်းအတာ၊ အကျယ်အဝန်း) ကို သတ်မှတ်ပြီး အချက်အလက် အထောက်အထား အကုန်ယူရတာပဲ။ အဲဒီကရသမျှအချက်ကို အခြေခံပြီး စနစ်တကျ ဆင်ခြင်ရတာပဲ (အနေအထားကိုလိုက်လို့ ယုတ္တိနည်းလမ်းတကျ အဖြေထုတ်တာပဲ။ Situational logic ဆိုတာပဲ။ မဟာဗျူဟာဌာနကြီးတွေက လူတွေပြော ပြောနေတတ်တဲ့ Area studies ဆိုတာနဲ့ချည်းကပ်လေ့လာတာမျိုးတွေပဲ)။ ဒီနေရာမှာလည်း ယေဘုယျဆိုတဲ့ အနေအထားကို ငြင်းဆိုပြီး လက်ခံထားရမှာပဲ။ အကြောင်းက ဘယ်အနေအထား (အခြေအနေ) ပဲဖြစ်ဖြစ်၊ သီးခြားသဘောဆောင်နေတာချည်းပဲ။ ရှေ့မှာဆိုခဲ့သလို၊ ကိုယ့်မှာရှိနေတဲ့ လက်ရှိအနေအထားကို ပစ်ပယ်ငြင်းဆို မသိကျိုးကျွံပြုထားလို့မဖြစ်ဘူး။ လက်ရှိအနေအထားထဲမှာ တကယ်ဖြစ်ပျက်နေတာတွေ (Concrete elements of current situation လို့ ခေါ်လိုရင်ခေါ်ပါ) ကို အခြေခံပြီး ဆက်စပ်ဆင်ခြင် ကြည့်ရမှာပဲ။ ဒီ-ဘိုနိုပြောတဲ့အတိုင်း ဝါးဗလောက်သောက်က လူတစ်ယောက်ယောက်က တစ်သားတည်းလိုက်မလုပ်နိုင်ဘူး။ ရွှေလီမြစ်ကမ်းပါးက ကျွန်းသစ် ထုတ်လုပ်ရေးလုပ်ငန်းရဲ့ အောင်မြင်မှုနည်းလမ်းအတိုင်း ငဝန်မြစ်ကမ်းပါးက ထင်းအရောင်းသမား (ထင်းသည်) က တစ်သားတည်း လိုက်လုပ်လို့ မရနိုင်ဘူး။
ဒီတော့ လူအသီးသီးရဲ့ အနေအထားတွေ မှန်သမျှဟာ တစ်မျိုးတစ်ခြားစီ၊ တစ်သီးတစ်ခြားစီပဲ (One of a kind ပဲ)။ လူတစ်ဦးတစ်ယောက်ဘဝမှာ အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာကလည်း တိုင်းတာရခက်တာပဲ။ ဘာ “စံ” နဲ့ တိုင်းမလဲ။ ဒီလိုအခြေအနေမျိုးမှာ သိပ္ပံပညာက ပေးထားတဲ့ ယတိပြတ်စံဆိုတာက ဘာမျှ အသုံးမဝင်ဘူး။ (သိပ္ပံပညာဆိုတာ အသုံးမဝင်ဘူးလို့ ဆိုလိုတာမဟုတ်ဘူး)။ ဟိုက်ဒရိုဂျင်နှစ်ဆ၊ အောက်ဆီဂျင်တစ်ဆပေါင်းလို့ ရေဖြစ်တယ်ဆိုတဲ့ ယတိပြတ် ဖော်မြူလာနဲ့ အဖြေထုတ်ယူတာမျိုးဟာ နေ့စဉ်ဘဝမှာ အသုံးမတည့်ဘူး။ မြန်မာပြည်မှာက သိပ္ပံပညာအခြေခံလို့ပြောရမယ့် ဆေးပညာတို့၊ အင်ဂျင်နီယာပညာတို့၊ ဘီအက်(စ)စီမျိုးစုံနဲ့ ပညာရှင်အချို့ (နည်းတော့ နည်းပါတယ်။ ခုခေတ် လူငယ်ပညာရှင်တွေက အမြင်ကျယ်ကျယ်နဲ့ လက်ခံလာကြတာ သတိထားမိတယ်။ ၆၀ ခုနှစ်တွေ၊ ၇၀ ခုနှစ် တွေတုန်းက ဆရာဝန်၊ အင်ဂျင်နီယာတချို့ဟာ သိပ္ပံပညာဆိုတာ ရုပ်လောကကို အခြေခံပြီး ရေရာသေချာတဲ့ အမှန်တရားကို ဖော်ထုတ်သူတွေပဲဆိုပြီး အယူလွဲ အနက်ဖော်ရင်း သူတို့ဘာသာဂုဏ်ယူကြပြီး ဝိဇ္ဇာပညာလေ့လာသူတွေဟာ မရေမရာသမား၊ အိယောင်ဝါးတွေပဲလို့ နှိမ်ခဲ့ကြတာတွေ ကြားခဲ့ရ၊ ကြုံခဲ့ရဖူးတယ်) ဟာ ခုထိ သိပ္ပံမှ သိပ္ပံလို့ အတင်းစေ့ဆော်တိုက်တွန်းနေကြတာတွေ ရှိနေတယ်။ ကျွန်တော့်အနေနဲ့ သိပ္ပံရဲ့အခန်းကဏ္ဍကို အထင်မသေးပါဘူး။ တကယ့်ကမ္ဘာကြီးထဲမှာတော့ ဒီကနေ့လောကတွေမှာ သိပ္ပံရယ်၊ ဝိဇ္ဇာရယ်လို့ အတင်းစည်းရိုးထားပြီး နေ့စဉ်ဘဝကို တည်ဆောက်ခိုင်းတာမျိုး ရှားကုန်ပြီ။ ပညာရပ်အခြေခံပြီး လုပ်ကိုင်နေရတဲ့ ဘဝတွေထဲမှာ စည်းရိုးတားထားဖို့ ခက်တယ်။ ကျွန်တော့်အတွေ့အကြုံအရဆိုရရင် ဥပမာ Emergence theory လိုဟာမျိုးကို အသုံးပြုတဲ့အခါ သိပ္ပံရယ်၊ ဝိဇ္ဇာရယ်လို့ အငြင်းပွားပြီး အဖြေရလဒ် တစ်စုံတစ်ရာ တည်ဆောက်နေလို့ မရဘူး။ ကျွန်တော့်အနေနဲ့ သိရှိရတဲ့ အချက်အလက်ရဲ့ ခိုင်မာမှုအတွက် အရင်းအမြစ်ကို ကြည့်တယ်။ ဆေးပညာမှာ ရောဂါ ဇာစ်မြတ်ရှာသလိုပဲ (Etiology လို့ ခေါ်တယ်ထင်တယ်)။ ဒီနေရာမှာ ကျွန်တော်သုံးစွဲရတဲ့ Emergence theory ရဲ့ သဘောဟာ သင်္ချာပညာရှင်တစ်ယောက်၊ အင်ဂျင်နီယာ/ဗိသုကာတစ်ယောက်ရဲ့ ချဉ်းကပ်လေ့လာပုံနဲ့ တူချင်မှ တူမယ်။ အခြေခံသညာကို သိရှိလက်ခံထားပုံလောက်ပဲ တူနိုင်မယ်။ ဆိုလိုတာက ဥပမာ The whole is greater than the sum of its parts ဆိုတာလောက်ကိုပဲ ယူပြီး သုံးကြည့်တာမျိုး။ ဒါကြောင့်လည်း သိပ္ပံပညာရဲ့ အဆိုတွေပဲဖြစ်ဖြစ်၊ ဝိဇ္ဇာပညာရဲ့ အဆိုတွေပဲဖြစ်ဖြစ်၊ အသုံးတည့်အောင် သုံးစွဲတတ်ဖို့၊ သုံးစွဲနိုင်စွမ်းရှိဖို့က အခရာပဲ။ ဒါကြောင့်မို့လည်း သီဝရီတစ်စုံတစ်ရာကို အခြေခံပြီး ချည်းကပ်လေ့လာကြတဲ့အခါ Theoretical application လို့ ပြောတာထက် Social Science Approach လို့တောင် သုံးစွဲလာကြတာတွေ ရှိလာတယ်။ ခုခေတ်ကာလမှာ သိပ္ပံမှ သိပ္ပံ၊ ဝိဇ္ဇာမှ ဝိဇ္ဇာဆိုပြီး နားသွင်းဖို့ မသင့်တော့ဘူး။
ကျွန်တော့်မိတ်ဆွေရဲ့ သားမေးတဲ့ “လူမှာဆန္ဒရှိဖို့၊ ဆန္ဒပြင်းပြဖို့လိုသလား” ဆိုတာကို ပြန်ပြီးလေ့လာဆွေးနွေးရရင် ဆန္ဒရှိနေခြင်းသက်သက်ဟာ တစ်စုံတစ်ရာပဲဖြစ်ဖြစ်၊ အောင်မြင်ဖို့အတွက် မလုံလောက်သေးဘူး။ ရှေ့မှာဆိုခဲ့သလို လူအသီးသီးရဲ့ အနေအထားတွေဟာ တစ်သားတည်းမဟုတ်ကြဘူးဆိုတာကို သတိရှိဖို့လိုတယ်။ အောက်မှာ ဖြည့်ရမယ့်နေရာလွတ်တွေရှိနေတယ် ဆိုတာလည်း သိထားဖို့လိုတယ်။ “ကမ္ဘာကြီး ပိုမိုပူလာသတဲ့လား” ကို ရေးစဉ်က ဦးတည်ရေးခဲ့တဲ့အကြောင်းရှိပါတယ်။ လက်ခံခြင်း၊ ငြင်းဆိုခြင်းထက် ကိုယ်လုပ်နိုင်တာ လုပ်ဖို့ပဲ။ ကိုယ့်မှာ ကိုယ့်ဝန်းကျင်မှာ . . . ဖြည့်ကြည့်စရာတွေရှိနေသေးတယ်ဆိုတာပဲ။ ဘဝဆိုတာကလည်း ဖော်မြူလာတစ်စုံတစ်ရာနဲ့ တည်ဆောက်ကြည့်လို့မှ မရဘဲ။ ကျွန်တော့်မိတ်ဆွေရဲ့ သားအတွက် အကောင်းဆုံး ကျွန်တော်ပေးနိုင်တဲ့ အဖြေကတော့ အမြဲတမ်းမဟုတ်ပေတဲ့ ရံဖန်ရံခါ ဘဝမှာ “ခရီးတစ်ခုဟာ ခရီးဆုံး/ပန်းတိုင် ထက် ပိုအရေးကြီးတယ်” A journey is more important than its destination ဆိုတာကို သိထားသင့်တယ် ဆိုတာပါပဲ။
(မှတ်ချက်။ ။ဖင်း(န)မဲင်း၏ ဟောပြောချက်ခေါင်းစဉ်ကို ယူသော်လည်း သူ၏ဆိုလိုရင်းနှင့် ကောန်တက်(စ) မတူကြောင်း ထပ်မံသတိပေးပါရစေ။)
မြင့်သန်း
1 comment:
I want to know when did he wrote this article bcoz I want to guess when did prof kyaw sein died. May I know please.
Post a Comment