Friday, April 1, 2011

မမျှော်လင့်ဘဲ အတိတ်မေ့နေတဲ့ လူ

ကျွန်တော် အပြင်ထွက်ပြီး စာမရေးဖူးဘူး။ အိမ်မှာပဲ ရေးတာများတယ်။ လုံးဝကို မရေးဖူးတာတော့ မဟုတ်ဘူးရယ်။ အပြင်ရောက်နေတုန်း တစ်ယောက်ယောက်ကို စောင့်နေတုန်း အချိန်တွေမျိုးမှာ ရေးခဲ့ဖူးတယ်။ စာတစ်ပုဒ် ကဗျာတစ်ပုဒ်လုံးတော့ မဟုတ်ဘူး။ တစ်ကြောင်းစ နှစ်ကြောင်းစ အတိုအစလေးတွေ မှတ်စုသဘောမျိုးပဲ ရေးခဲ့ဖူးတယ်။ တစ်ခါတစ်ရံမှာ စာရေးဆရာ တစ်ယောက်တလေ ပန်းခြံတို့ ကော်ဖီဆိုင်တို့မှာ စာရေးနေတာ တွေ့ရဖူးတယ်။ ပန်းခြံလို နေရာမျိုးမှာ စာရေးတာက နားလည်နိုင်ပေမယ့် ကော်ဖီဆိုင်လိုမျိုး ဆူညံနေတဲ့ နေရာမျိုးမှာ စာရေးတဲ့သူတွေကို နားမလည်နိုင်ဘူး။ စာရေးဖို့ဆိုတာ အာရုံစူးစိုက်နိုင်ဖို့ လိုမယ်တော့ ထင်တာပဲ။ ကျွန်တော် အိမ်မှာရေးရင်တောင် အသံဆူတဲ့ နေခင်းပိုင်းမှာ မရေးတတ်ဘူး။ ညနက်တဲ့အချိန်ရယ် မနက်ခင်း အစောကြီးတွေရယ် အဲလိုအချိန်မျိုးမှ ရေးလို့ရတယ်။ တိတ်ဆိတ်နေတဲ့ အချိန်တွေပေါ့။

ဒီနေ့တော့ အပြင်မှာ စာတစ်ပုဒ်လောက် ဖြစ်ဖြစ်မြောက်မြောက် ရေးဖူးအောင်လို့ ရေးမယ်လို့ စဉ်းစားမိလို့ ပန်းခြံကို ထွက်လာခဲ့တယ်။ ကျွန်တော် သူငယ်ချင်း တစ်ယောက်ကလည်း အပြင်မှာ စာရေးရတာ ပိုကောင်းတယ်လို့ ပြောဖူးတယ်။ ပန်းခြံကိုရောက်တော့ ညနေစောင်းတော့မယ်။ နေသိပ်မပြင်းတော့တဲ့အချိန်။ ရန်ကုန်မြို့ရဲ့ နွေရာသီမှာ တော်ရုံအရေးမကြီးရင် ကျွန်တော်က အပြင်မထွက်ဘူး။ နေပူရင် လူ့ရဲ့စိတ်က ဂနာမငြိမ်နဲ့ အလိုလိုနေရင်း စိတ်တိုသလိုလို စိတ်ညစ်သလိုလို ဖြစ်နေတတ်တယ်။ ဒါကြောင့် နေမြင့်လေ အရူးရင့်လေလို့ ပြောကြတာ နေမယ်။ နေပူတဲ့နေ့တွေဆို ကျွန်တော် အပြင်ထွက်လေ့ မရှိဘူး။ ညနေစောင်းခါနီးအချိန်မှာတော့ နေအပူရှိန် လျော့သွားရင် ထွက်ဖြစ်တယ်။


ပန်းခြံကို ဝင်ဝင်ခြင်း လူတွေ သိပ်မရှိဘူး။ ကျောင်းဖွင့်ရက်၊ အလုပ်ဖွင့်ရက်မို့ နေမယ်။ နေအပူရှိန် သိပ်မလျော့သေးတာလဲ ပါလိမ့်မယ်။ ဒီ ပန်းခြံကို ခဏခဏ လာဖူးတယ်။ ဒီအချိန်လောက်ပဲ။ ချိန်းထားလို့ပဲ ဖြစ်ဖြစ် စာဖတ်ဖို့ပဲ ဖြစ်ဖြစ် လာနေကြ။ စာရေးဖို့ လာတာတော့ ဒီတစ်ခါ ပထမဆုံး အကြိမ်ပဲ။ စနေ၊ တနင်္ဂနွေလို့ ပိတ်ရက်မျိုးဆိုရင် ဒီပန်းခြံမှာ လူများလေ့ရှိတယ်။ ကျောင်းသားတွေ၊ ချစ်သူရည်းစားတွေ၊ မိသားစုတွေ လာလေ့ရှိတဲ့ ပန်းခြံပဲ။ ဒီနေ့တော့ လူနည်းနည်းရှင်းတယ်လို့ ပြောရမယ်။ စုံတွဲ တချို့ပဲ ရှိတယ်။ ကျွန်တော် ကောင်းကင်ကို မော့ကြည့်လိုက်မိတယ်။ ဘာ အကျင့်မှန်းတော့ မသိဘူး။ လုပ်စရာမရှိရင် ဒါမှမဟုတ် တစ်ခုခု စဉ်းစားရင် ကောင်းကင်ကို မော့ကြည့်မိတဲ့အကျင့် ကျွန်တော့်မှာရှိတယ်။ မိုးကောင်းကင်ရဲ့ ပွင့်လင်းလွတ်လပ်တဲ့ အရသာကို ခံစားချင်လို့ဖြစ်မယ်။ ဒီနေ့တော့ ကောင်းကင်မှာ တိမ်တွေမရှိဘူး။ နွေရာသီကို မုန်းတဲ့ ဆင်ခြေတွေထဲမှာ တိမ်တွေကို မမြင်ရတာလဲ ပါလိမ့်မယ်။ တိမ်မရှိတဲ့ ကောင်းကင်ကို ကျွန်တော် မကြိုက်ဘူး။ ကောင်းကင် မပီသဘူးလို့ ခံစားမိတယ်။

ကျွန်တော် ထိုင်စရာ နေရာတစ်ခုကို ရွေးပြီး သွားထိုင်လိုက်တယ်။ ထမင်းစားပွဲခုံလိုမျိုးနဲ့တွဲရက် ထိုင်ခုံပဲ။ စာအုပ်တင်ဖို့ အဆင်ပြေတယ်။ ကြောင်တောင်တောင်ပဲ။ ဒီခုံကို ရွေးလိုက်မိတဲ့အတွက် တခြားခုံတွေကို အားနာသလိုလို ဖြစ်နေမိတယ်။ ကျွန်တော်ဟာ ရွေးချယ်ရတဲ့ ကိစ္စတွေကို သိပ်သဘောမကျဘူး။ တကယ်တော့ ရွေးချယ်ရတယ်ဆိုတာ ဘက်လိုက်မှုကတော့ အနည်းနဲ့အများ ပါနေတာပဲ မဟုတ်လား။ ကံစီမံရာတို့ ဘုရားသခင်ရဲ့ အလိုအတိုင်းဆိုတာမျိုးတို့ တကယ်သာ ဟုတ်မယ်ဆိုရင် ကောင်းလိမ့်မယ်။ ရွေးချယ်ရတာ တော်တော်လျော့သွားမယ်။ ခက်တာက လူဖြစ်လာပြီးနောက် လူဖြစ်နေရခြင်းကလွဲပြီး အားလုံးကို ရွေးချယ်နေရတာပဲ။ အခုတော့ ဆင်ခြင်တုံတရား သီးသန့်နဲ့ ရွေးလိုက်တာပါ ဆိုပြီးတော့ ကိုယ့်ကိုယ်ကို ဆင်ခြေကန်လိုက်တယ်။ စာရေးရတာ အဆင်ပြေမယ့် ထိုင်ခုံက ဒီတစ်ခုပဲ ရှိတယ်မဟုတ်လား။

စာအုပ်ကို စားပွဲခုံပေါ်တင်ပြီး စာရေးဖို့ စတင်ကြိုးစားလိုက်တယ်။ ခက်တာက ဘာရေးရမှန်း မသိတာပဲ။ စာရေးမယ် ဆိုပြီးတော့သာ ဒီကိုရောက်လာတာ။ ဘာရေးမယ်ဆိုပြီးတော့ ကြိုတင်ပြင်ဆင်ပြီး လာတာမဟုတ်တဲ့အတွက် ဘာရေးရမှန်း မသိဘူး ဖြစ်နေတယ်။ ပို့စ်မော်ဒန်နစ် အချို့ကတော့ စာတစ်ပုဒ်မှာ အကြောင်းအရာက အဓိကမဟုတ်ဘူးလို့ ငြင်းကောင်း ငြင်းလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် အခုဖြစ်နေတာက အကြောင်းအရာတင် မရှိတာ မဟုတ်ဘူး။ စာလုံးတွေ မရှိတာပဲ။ ဘာ စာလုံးကို ချရေးရမယ်လို့ ကျွန်တော် မရွေးနိုင်ဘူး ဖြစ်နေတယ်။ စာလုံးတွေ မပါဘဲနဲ့တော့ စာတစ်ပုဒ် မဖြစ်နိုင်တာ သေချာတယ်။ “ဗလာ” လို့ ခေါင်းစဉ်တပ်ပြီးတော့ ဘာမှမရေးဘဲ ပို့စ်မော်ဒန်ကဗျာဆိုပြီး သတ်မှတ်လိုက်ရင် ကောင်းမလားလို့ (ခပ်ပေါပေါ) စဉ်းစားမိသေးတယ်။ ကိုယ့်ကိုယ်ကို ရှက်တာနဲ့ပဲ အဲဒီ အဆိုကို ပယ်ချလိုက်တယ်။ ဒါမျိုး စတန့်က ပညာရပ်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတွေသာ လုပ်နိုင်တဲ့ အခွင့်အရေး မဟုတ်လား။

စိတ်ပျက်ပျက်နဲ့ ရှေ့ခပ်လှမ်းလှမ်းက စုံတွဲနှစ်ယောက်ကို ကြည့်နေမိတယ်။ ပန်းခြံကို ချစ်သူစုံတွဲတွေ လာတာ အထူးအဆန်းတော့ မဟုတ်ဘူး။ ကျွန်တော် စိတ်ကူးကြည့်တယ်။ ပန်းခြံနောက်ခံနဲ့ ဝတ္ထုတိုတစ်ပုဒ် ရေးလို့ ရနိုင်ကောင်းမယ်။ ပန်းခြံမှာ ကောင်လေးက စောင့်နေမယ်။ အဖြူရောင်အင်္ကျီ၊ ဂျင်းဘောင်းဘီနဲ့။ ကောင်မလေးအတွက် ပန်းစည်းလေးကို ကိုင်ထားတယ်။ သူ နည်းနည်းတော့ စိတ်လှုပ်ရှားနေတယ်။ ဒီနေ့ဟာ သူတို့နှစ်ယောက်ရဲ့ ချစ်သူအဖြစ် ပထမဆုံး ချိန်းတွေ့ခြင်းပဲ။ ခဏကြာတော့ ခြေသံဖွဖွလေး ကြားရတယ်။ သူ မျှော်လင့်စွာနဲ့ နောက်ကို လှည့်ကြည့်မိတယ်။ ကောင်မလေး တစ်ယောက်။ ဒါပေမယ့် သူစောင့်နေတဲ့ ကောင်မလေး မဟုတ်ဘူး။ ဒီနေရာမှာ စဉ်းစားတာကို ကျွန်တော် ခဏရပ်လိုက်တယ်။ သူတို့ နှစ်ယောက်ကို ပေးတွေ့ရင် ကောင်းမလား။ ဒါမှမဟုတ်ရင် ကောင်မလေးက ကောင်လေးဆီ အလာ လမ်းမှာ ကားအက်ဆီးဒင့် ဖြစ်ပြီး ဆေးရုံပို့လိုက်ရင် ကောင်းမလား။ ဒါက အရမ်းရိုးလွန်းတယ်။ ခပ်ပေါပေါ မဂ္ဂဇင်းတွေမှာ ဖတ်ရတဲ့ ခပ်ပေါပေါ ဝတ္ထုတို အဆင့်လောက်ပဲရှိတယ်။ သမီးရည်းစား ဇာတ်လမ်းဆိုကတည်းက ကျွန်တော်ဆို ဆက်မဖတ်ချင်တော့ဘူး။ ဒီတော့လည်း ကိုယ်တိုင်ရေးဖို့က ဝန်လေးလာတယ်။ ဒီအကြံကို လုံးချေပြီး မြက်ခင်းပေါ်ကို လွှင့်ပစ်လိုက်တယ်။

ကျွန်တော့်ရဲ့ ဘဝင်မြင့်တဲ့ရောဂါလည်း သိပ်တော့ မသေးဘူး။ ဒီလို ဇာတ်လမ်းမျိုး ကိုယ်သာ မရေးနိုင်တာ သူများရေးရင် အထင်သေးတယ်။ ငါ့ဦးနှောက်က ဒီလို ခပ်ပေါပေါ ရေးဖို့မဟုတ်ဘူးလို့ တစ်ခါတရံ အရှက်မရှိ ပြောဖူးတယ်။ ဘဝင်မြင့်တာဟာ ကောင်းတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီရောဂါဟာ တော်တဲ့လူပဲဖြစ်တာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေတယ်ဆိုတဲ့ ဆင်ခြေတွေနဲ့ ပေပြီး မွေးထားတယ်။ ဒီတော့ စီးကရက် တစ်လိပ်သောက်ပြီး ဆက်စဉ်းစားတယ်။ အနုပညာဆိုတာ အနုပညာဖန်တီးတဲ့သူရဲ့ သိမှုကလာတယ် ဆိုတဲ့ အဆိုကို ကြားဖူးတယ်။ ဆိုလိုတာက အခုလက်ရှိ ထိတွေ့ခံစားနေတဲ့ အကြောင်းအရာတွေမှ မဟုတ်ဘူး။ ဟိုးအရင်က ထိတွေ့ခံစားခဲ့ရတဲ့ မှတ်ဥာဏ်ထဲက သိမှုတွေကနေ အနုပညာဖန်တီးဖို့ စေ့ဆော်မှု (motive) ဖြစ်ပေါ်စေတယ် ဆိုတာပဲ။ ဒီတော့ ကျွန်တော့် သိမှုထဲကို ပြန်ဝင်ကြည့်လိုက်တယ်။

ပြဿနာက ဘာစေ့ဆော်မှု တစ်ခုမှ မရတဲ့ အပြင် သိမှုထဲမှာ ဘာတစ်ခုမှ မယ်မယ်ရရ သွားမတွေ့ဘူး။ ဒါဟာ မဖြစ်နိုင်ဘူးလို့ ငြင်းကောင်း ငြင်းနိုင်လိမ့်မယ်။ လူတစ်ယောက်ဟာ အတိတ်မမေ့သရွေ့ သိမှုထဲမှာ တစ်ခုခုတော့ ရှိနေဦးမှာပဲ။ ဒါပေမယ့် ကျွန်တော့် မှတ်ဥာဏ်ထဲမှာ ဗလာနီးနီးဖြစ်နေတယ်။ မပီမပြင် ဝိုးတဝါး အကြောင်းအချက် တချို့တော့ ရှိတယ်။ ပြတ်တောင်း ပြတ်တောင်းပဲ။ အိပ်မက် မက်ပြီးတော့ နိုးလာတဲ့အခါ အိပ်မက်ကို ပြန်မှတ်မိ သလိုမျိုး။ ကျွန်တော်ကတော့ မအံ့သြမိဘူး။ ဒီလိုဖြစ်တာဟာ ဒါ ပထမဆုံးအကြိမ်မှ မဟုတ်ဘဲ။ ကျွန်တော့် မှတ်ဥာဏ်ကို ပြန်ကြည့်လိုက်တိုင်း ဒီလိုမျိုး အပိုင်းအစတွေပဲ တွေ့ရတာ ရိုးနေပြီ။ ဘာကြောင့်လဲဆိုတာ ကျွန်တော် အဖြေရှာကြည့်ဖို့ ကြိုးစားမိတယ်။ အရင်ကတော့ မကြိုးစားဖူးဘူး။ စဉ်းစာမိတာ တစ်ခုကတော့ ကျွန်တော့်ရဲ့ ခေါက်ရိုးကျိုးနေတဲ့ ဘဝဖြတ်သန်းမှုကြောင့်ပဲလို့ ထင်တယ်။ ကျွန်တော့် ဘဝမှာ အသစ်အဆန်းကို တွေ့ရခဲတယ်။ အပြောင်းအလဲဆိုတာ မရှိသလောက်ပဲ။ ရထားတစ်စီးလိုပဲ။ သတ်မှတ်ထားတဲ့ သံလမ်းကနေ ဘယ်ကိုမှ မရောက်ဖူးပဲ တန်းတန်းမတ်မတ် သွားနေတယ်။ ဘူတာတွေမှာ ခဏရပ်ပေမယ့် အသေးစိတ်တွေကို မမှတ်မိနိုင်တော့ဘူး။ အရာအားလုံးဟာ ဒီအတိုင်းပဲ လည်ပတ်နေတဲ့အတွက် မှတ်ဥာဏ်ဟာ ခေါက်ရိုးကျိုးပြီး အရေထူ သွားတယ်။ အသေးစိတ်တွေဟာ သိမှုရဲ့ အောက်အလွှာ (sub-conscious) ထဲကို ရောက်ကုန်တဲ့အတွက် ကျွန်တော် ဘာကိုမှ မမှတ်မိနိုင်တော့ဘူး။ တကယ်တော့ ကျွန်တော်ဟာ မမျှော်လင့်ဘဲ အတိတ်မေ့နေတဲ့ လူတစ်ယောက်ပဲ။ ဒီအတိုင်း ပုံမှန် သွားနေပြီး ဘူတာဆုံးသွားတဲ့အခါမှာ ကျွန်တော်ဟာ ဘယ်သူမှ သတိမထားလိုက်မိဘဲ ကမ္ဘာပေါ်က ပျောက်ဆုံးသွားမှာပဲ။

ကျွန်တော့်လက်တွေ တုန်ယင်လာပြီး ချွေးစီးတွေ ထွက်လာတယ်။ ကျွန်တော် တစ်ခုခုကို ကြောက်နေတယ်။ ဘဝမှာ အခုလောက် ဘယ်တုန်းကမှ မကြောက်ခဲ့ဖူးဘူး။ ကျွန်တော် တစ်ခုခုကို ကြောက်နေတယ်။ ဘာကိုမှန်းလည်း အတိအကျ မသိဘူး။ ပန်းခြံထဲက တခြားလူတွေကို ကြည့်လိုက်မိတယ်။ သူ့တို့ကတော့ သူတို့ကိုယ်သူတို့ ရှိနေမှန်းတောင် သတိထားမိပုံ မရဘူး။ စကားတွေ ပြောနေတယ်။ လက်တွေ ခြေတွေ လှုပ်ရှားနေကြတယ်။ ကျွန်တော် တစ်ခုခုကို ကြောက်နေတယ်။ ကျွန်တော် စာအုပ်ကို ကိုင်ပြီး မတ်တပ်ရပ်လိုက်မိတယ်။ ကျွန်တော် ဒီပန်းခြံထဲက ထွက်မှဖြစ်မယ်။ ကျွန်တော် တစ်ခုခုကို ကြောက်နေတယ်။ ပန်းခြံထဲကနေ အမြန်ဆုံး မပြေးရုံတမယ် ခြေလှမ်းတွေနဲ့ ကျွန်တော် ထွက်လာခဲ့တယ်။

ပန်းခြံရဲ့ အပေါက်ဝကိုရောက်တော့ လမ်းမပေါ်က ကားတွေကို ကြည့်လိုက်မိတယ်။ ကားတစ်စီးရဲ့ လွတ်လပ်မှုနဲ့ ရထားတစ်စီးရဲ့ လွတ်လပ်မှုတို့ နှိုင်းယှဉ်ကြည့်မိတယ်။ ရထားတစ်စီးဟာ ဂိတ်ဆုံးဘူတာကို ရောက်ဖို့အတွက် ချထားတဲ့ သံလမ်းကလွဲပြီး ဘယ်ကိုမှ မသွားနိုင်ဘူး။ ဂိတ်ဆုံးမရောက်ခင် ရပ်လိုက်ဖို့ပဲ သူ့မှာ ရွေးချယ်ခွင့်ရှိတယ်။ ကားတစ်စီးမှာတော့ ကြိုက်တဲ့လမ်းကနေ ကြိုက်သလို သွားနိုင်တယ်။ လွတ်လွတ်လပ်လပ်ပဲ။ ကျွန်တော့်ရဲ့ ကြောက်နေတဲ့ စိတ်တွေ ပျောက်သွားတယ်။ ကျွန်တော် ပြုံးလိုက်မိတယ်။ ရွေးချယ်ရတာကို ပထမဆုံးအကြိမ်အဖြစ် သဘောကျမိသွားတယ်။ တကယ်တော့ ရွေးချယ်မှုတိုင်းမှာ တာဝန်ရှိနေတာပဲ။ ဒီတော့ ရွေးချယ်ရတယ်ဆိုတာ  လူတစ်ယောက်အတွက် လွတ်လပ်ခြင်းရဲ့ သင်္ကေတတစ်ခုပဲ။ ကျွန်တော် ပန်းခြံထဲက ထွက်ပြီး လမ်းလျှောက်သွားတယ်။ ဦးတည်ချက်ကတော့ အိမ်ကို သွားတဲ့ဘက် မဟုတ်ဘူး။

အာကာကျော်
မတ်လ (၁၇)၊ ၂၀၁၁

6 comments:

တေဇာ (လရောင်လမ်း) said...

အက်ဆေးဘုရင် မွန်တိန်းရဲ့ လက်ကိုင်ဆောင်ပုဒ်ကတော့ ငါသိတာ ဘာရှိသလဲလို့ ဆိုတယ်။ ဒါပေမဲ့ ငါဘာမှမသိဘူးလို့ပြောတာက၊ တစ်ခုခုကို သိတယ်လို့ဝန်ခံလိုက်တာထက် ပိုပြီးအန္တရာယ်ကင်းသလားလို့။ ဖတ်လို့ကောင်းတယ်ဗျာ။ ရထားဒရိုင်ဘာဖြစ်ရင်တော့ တိုက်မှုခိုက်မှုအတွက် တာဝန်သိပ်ယူရလောက်မယ် မထင်ဘူး၊ ဒါမှမဟုတ် တာဝန်သိပ်မယူရလောက်ဘူး ထင်တယ်။

タカアキ.王 said...

Nice.

I like this one the best compared to all other things you've wrote before.

First part looked like a morning writing exercise, then it becomes a proper story in the ending.

Great work.

AungMyintMyat said...

အရေးအသားကတော့ ဦမြင့်သန်းအသေးစားလေးပဲး)
မိုက်တယ်။ "ကျွန်တော်ဟာ မမျှော်လင့်ဘဲ အတိတ်မေ့နေတဲ့ လူတစ်ယောက်ပဲ။ ဒီအတိုင်း ပုံမှန် သွားနေပြီး ဘူတာဆုံးသွားတဲ့အခါမှာ ကျွန်တော်ဟာ ဘယ်သူမှ သတိမထားလိုက်မိဘဲ ကမ္ဘာပေါ်က ပျောက်ဆုံးသွားမှာပဲ။" အဲ့ဒိနားက presentation လေးမိုက်တယ်

Khine Zin Thant said...

I was stuck for about 10 min before I really decided to comment on this. I should say I am impressed since this keep stimulating a lot of thoughts about a lot of things. Here are some pieces of them.

I was reading about the biography of Jack London on your page previously. I have read some of his works and was greatly moved. No doubts his expriences make it possible for him to be the one of the world's greatest writers. Some people might have had similar experiences like him as well. But why didn't they become another Jack London? Was it for their lack of skills? Was it for their ignorance that those extraordinary expriences are too mediocre for them to be sharing to the public? I believe there would be other countless reasons but I assume 'ignorance' was their greatest reason. I am not suggesting that every people with extraordinary expriences and thoughts should start sharing them. But will we disappear into nothingness one day as you have mentioned above.

Your essay has indeed stimulated my consciousness about how the essence of our lives has been lost in those vicious daily routine. I strongly believe being young is an advantage. We can still afford to make mistakes, lead a spontanous life and get thrilling experiences.

Thanks! It's the most thought-provoking thing that I read these days.

Just My Personal Thoughts
Khine Zin Thant

Anonymous said...

I wanna translate this and post it on my blog sometime. Can I? =D

Chanm Zaw said...

ခင်ဗျားကိုတော့ ကျနော်ငယ်ငယ်က အရမ်းကြိုက်ခဲ့ဖူးတဲ့ တာရာမင်းဝေ ထက်တောင်ပိုကြိုက်သလိုပဲး)