Thursday, June 2, 2011

ကျေးလက်ဆရာဝန်

ဤအရေးအသားမှာ ကာ(ဖ)ကာ 1919 ခုနှစ်က ထုတ်ဝေခဲ့သော အရေးအသားဖြစ်သည်။ သူ၏ ဝတ္ထုတိုပေါင်းချုပ်စာအုပ် ခေါင်းစဉ်အမည်လည်း ဖြစ်သည်။ မူရင်း ဂျာမန်ဘာသာစကားမှ အင်္ဂလိပ်ဘာသာပြန်သူ အများအပြားရှိရာ ယခု အရေးအသားတွင် Malaspina University-College မှ Ian Johnston ၏ မူကို ဘာသာပြန်ထားခြင်း ဖြစ်သည်။ ဘာသာစကား တည်ဆောက်ပုံအခြေခံ မတူညီသော အင်္ဂလိပ်မှ မြန်မာသို့ ဘာသာပြန်ဆိုရာတွင် အကြောင်းအရာကိုသာ အနီးစပ်ဆုံး ပြန်လည်ဖော်ပြနိုင်ပြီး “အရေးအသား” မှာ ပျောက်ဆုံးသွားတတ်ကြသည်။ အင်္ဂလိပ်တို့၏ ဘာသာစကား ဘောင်အတွင်းမှသာ နားလည်နိုင်သော အသုံးအနှုန်းများ၊ ဝါကျများ၊ ဘန်းစကားများမှာ ရှိတတ်စမြဲဖြစ်သည်။ ကျွန်တော် ဘာသာပြန်ဆိုထားခြင်းမှာ အကြမ်းထည်မျှသာဖြစ်ပြီး တကယ့် ကာ(ဖ)ကာကို မတွေ့နိုင်။ ထို့ကြောင့် တတ်နိုင်လျှင် မူရင်း ဂျာမန် အရေးအသားကိုသာ ရှာဖွေဖတ်ရှု စေချင်သည်။ ဂျပန်မှလည်း ကာတွန်းပြန်ဆွဲထားသည်။ ယခု ကျွန်တော် ဘာသာပြန်ထားသော အင်္ဂလိပ် အရေးအသား မူရင်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။ http://records.viu.ca/~johnstoi/kafka/countrydoctor.htm


ကျေးလက်ဆရာဝန် [1]

ကျုပ်တော့ ပြဿနာပဲ။ အရေးကြီးတဲ့ ခရီးတစ်ခု သွားစရာရှိတယ်။ ဆယ်မိုင်အကွာက ရွာတစ်ရွာမှာ အရေးကြီးတဲ့ လူနာတစ်ယောက်က ကျုပ်ကိုစောင့်နေတယ်။ နှင်းမုန်တိုင်းက ဆိုးဆိုးဝါးဝါး ကျနေတယ်။ ကျုပ်မှာ ဘီးကြီးကြီးနဲ့ ပေါ့ပေါ့ပါးပါးရှိတဲ့ လှည်းတစ်စီးတော့ရှိတယ်။ ကျုပ်တို့ ကျေးလက်က လမ်းတွေနဲ့တော့ သွားရတာ အဆင်ပြေတယ်။ ကျုပ်က ခြံထဲမှာ သားမွေးကုတ်ကိုဝတ်ပြီး လက်က ဆေးပစ္စည်းတွေကိုင်လို့ ခရီးထွက်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ဒါပေမယ့် မြင်းမရှိဘူး။ ကျုပ်မြင်းက မနေ့ညတုန်းက သေသွားပြီ။ ဒီလောက်အေးခဲနေတဲ့ဆောင်းတွင်းမှာ အခိုင်းလွန်ပြီး သေသွားတာပဲ။ ကျုပ်ရဲ့ အစေခံကောင်မကလေးက ရွာထဲမှာ မြင်းတစ်ကောင်လောက် ငှားလို့ ရလိုရငြား လိုက်ရှာနေတယ်။ ဒါပေမယ့် ကျုပ်သိတယ်၊ မျှော်လင့်ချက် မရှိပါဘူး။ ကျုပ်အဲဒီမှာ ဘာမျှမတတ်နိုင်ဘဲ ရပ်နေမိတာ ကိုယ်ကို နှင်းတွေ တစ်စတစ်စ ဖုံးလာပြီးတော့ လူတောင် သိပ်လှုပ်လို့မရချင်တော့ဘူး။ ကောင်မကလေး ခြံအပေါက်ဝမှာ ပေါ်လာတယ်။ တစ်ယောက်တည်း။ သူမက မီးအိမ်ကို လွှဲနေတယ်။ ဟုတ်တာပေါ့၊ ဒီလို ခရီးမျိုးကို ဘယ်သူက မြင်းငှားမှာလည်း။ ကျုပ် ခြံထဲမှာ နောက်တစ်ခေါက် လမ်းလျှောက်မိတယ်။ ဘာလုပ်ရမှန်းမသိဘူး။ အာရုံတွေနောက်ပြီး စိတ်ဆင်းရဲလာတယ်။ မသုံးတာကြာပြီဖြစ်တဲ့ ဝက်ခြံရဲ့ အက်နေတဲ့ တံခါးကို ခြေထောက်နဲ့ ဆောင့်ကန်လိုက်မိတယ်။ တံခါးက ပွင့်သွားပြီး ပတ္တာမှာ ရမ်းနေတယ်။ အပူငွေ့နဲ့ မြင်းအနံ့လိုလို ထွက်လာတယ်။ အထဲမှာ မီးအိမ် မှိန်မှိန်ကလေး ကြိုးတန်းပေါ်မှာ လှုပ်နေတယ်။ အဲဒီ အထဲက မျက်လုံးအပြာနဲ့လူတစ်ယောက် ခပ်ကုပ်ကုပ်ထွက်လာတယ်။ သူက လေးဘက်တွား ထွက်လာပြီးတော့ “ကျုပ် လမ်းကြုံတင်ရမလား” လို့မေးတယ်။ ကျုပ်လည်း ဘာပြောရမှန်း မသိလို့ နည်းနည်းကုန်းပြီး အထဲမှာ ဘာရှိသေးသလဲ ကြည့်လိုက်တယ်။ အစေခံကောင်မကလေးက ကျုပ်ဘေးမှာ ရပ်ပြီးတော့ “ကိုယ့်အိမ်ထဲမှာ ကိုယ်ဘာတွေ ထားသလဲဆိုတာတောင် ကိုယ်မသိဘူး” လို့ ပြောတယ်။ ကျုပ်တို့နှစ်ယောက်စလုံး ရယ်လိုက်ကြတယ်။ “ဒီမယ် အစ်ကိုကြီး။ ဒီမယ် အစ်မကြီး” လို့ မြင်းထိန်းက အော်လိုက်တယ်။ ပြီးတော့ တံခါးနဲ့အပြည့် ထွားထွားကြိုင်းကြိုင်း မြင်းနှစ်ကောင် မြည်းတွေလိုပဲ ခေါင်းကိုငုံ့ပြီး ရှေ့ဆင့်နောက်ဆင့် ထွက်လာတယ်။ အပြင်ရောက်တာနဲ့ အငွေ့တထောင်းထောင်းထနေတဲ့ နှစ်ကောင်စလုံး သူတို့ရဲ့ ခြေထောက်အရှည်ကြီးတွေနဲ့ မားမားမတ်မတ် ရပ်လိုက်ကြတယ်။ “သူ့ကို ကူလိုက်ဦး” လို့ ကျုပ်က (အစေခံကောင်မကလေးကို) ပြောလိုက်တယ်။ ကောင်မကလေးက ချက်ချင်းပဲ ဆိုင်းကြိုးတွေယူပြီး မြင်းထိန်းကို သွားပေးတယ်။ ဒါပေမယ့် ကောင်မကလေး သူ့အနားကိုရောက်သွားတာနဲ့ မြင်းထိန်းက သူမကို ဖက်လိုက်ပြီး မျက်နှာချင်း အပ်လိုက်တယ်။ ကောင်မကလေး အော်ပြီး ကျုပ်ဆီ ပြန်ပြေးလာတယ်။ ကောင်မကလေးရဲ့ ပါးမှာ အနီရောင် သွားကိုက်ရာ နှစ်ကြောင်းနဲ့။ “အရိုင်းအစိုင်းကောင်” ကျုပ် ဒေါသထွက်ပြီး အော်လိုက်တယ် “ကြာပွတ်နဲ့ အရိုက်ခံချင်လို့လား”။ ဒါပေမယ့် ချက်ချင်းပဲ သူဟာ ဘယ်ကလာမှန်းမသိတဲ့ လူစိမ်းတစ်ယောက်ဖြစ်ပြီး ဘယ်သူမှ မကူညီတဲ့အချိန်မှာ သူ့ဆန္ဒနဲ့သူ ကျုပ်ကို ကူညီနေတယ်ဆိုတာ ကျုပ်သတိရသွားတယ်။ ကျုပ် ဘာတွေးနေသလဲဆိုတာ သိနေတဲ့အတိုင်းပဲ၊ သူဟာ ကျုပ်ရဲ့ ခြိမ်းခြောက်စကားကို ဗွေမယူဘဲ ကျုပ်ကို တစ်ချက်ပဲလှည့်ကြည့်ပြီး မြင်းတွေနဲ့ အလုပ်ရှုပ်နေတယ်။ အကုန်လုံး ပြင်ဆင်ပြီးသွားတော့ “တက်တော့” လို့ သူက ပြောတယ်။ ကျုပ်သတိထားမိလိုက်တာက ကျုပ်တစ်ခါမှ ဒီလောက်လှတဲ့ မြင်းတွေနဲ့ ခရီးမထွက်ဖူးတာဘဲ။ အဲဒါနဲ့ ကျုပ်လည်း ပျော်ပျော်ကြီး တက်လိုက်တယ်။ “ဇက်ကြိုးကိုတော့ ငါကိုင်မယ်။ မင်းက လမ်းမသိဘူး” လို့ ကျုပ်ပြောလိုက်တယ်။ “ဒါပေါ့” လို့ သူက ပြောတယ် “ကျုပ် ခင်ဗျားနဲ့ မလိုက်ပါဘူး။ ကျုပ်က ရိုဆာနဲ့ နေခဲ့မှာ” ။ “မရဘူး” လို့ ရိုဆာအော်လိုက်ပြီး သူမရဲ့ ရှောင်လွှဲလို့မရနိုင်တဲ့ ကံကြမ္မာကို အတိအကျ ကြိုမြင်လို့ အိမ်ထဲကို ပြေးဝင်သွားတယ်။ တံခါးသော့ခတ်လိုက်တဲ့ အသံကို ကျုပ်ကြားရတယ်။ ပြီးတော့ သူမကို ရှာလို့မတွေ့နိုင်အောင် တစ်ခန်းပြီးတစ်ခန်း ပြေးဝင်ပြီး မီးတွေလိုက်ပိတ်တာကို မြင်ရတယ်။ “မင်း ငါနဲ့ လိုက်ခဲ့ရမယ်” လို့ ကျုပ်က မြင်းထိန်းကို ပြောလိုက်တယ် “မလိုက်ရင် ဒီခရီးကို ဘယ်လောက် အရေးကြီးကြီး ငါမသွားတော့ဘူး။ ခရီးတစ်ခု သွားဖို့အတွက်နဲ့တော့ မင်းကို ငါအမျိုးသမီးတစ်ယောက် မပေးနိုင်ဘူး။” လို့ ပြောလိုက်တယ်။ သူက “ဟဲ့မြင်း” လို့ပြောပြီး လက်ခုပ်တီးလိုက်တယ်။ လှည်းက ရေစီးကြောင်းထဲက သစ်သားလိုပဲ ထိန်းမနိုင် သိမ်းမရ ထွက်သွားတယ်။ ကျုပ်အိမ်ရဲ့တံခါးကို မြင်းထိန်း ရိုက်ချိုး ဖျက်ဆီးနေတဲ့အသံ  ကြားနေရသေးတယ်။ နောက်တော့ ကျုပ်မျက်လုံးတွေ နားတွေကို လေတိုးတဲ့အသံဟာ အခြားအာရုံတွေ အကုန်လုံးကို လွှမ်းမိုးသွားတယ်။ ဒါပေမယ့် ခဏလေးပါပဲ။ နောက်တော့ ကျုပ်ရောက်သွားတယ်။ လူနာရဲ့ခြံက ကျုပ်ခြံရှေ့ မလှမ်းမကမ်းမှာ ရှိနေတဲ့အတိုင်းပဲ။ မြင်းတွေက ငြိမ်ငြိမ်လေး ရပ်သွားကြတယ်။ နှင်းကျတာရပ်သွားပြီ။ ပတ်ဝန်းကျင်မှာ လရောင်ရှိနေတယ်။ လူနာရဲ့ မိဘတွေအိမ်ထဲက ထွက်လာကြတယ်။ (လူနာရဲ့) အစ်မကတော့ မိဘတွေရဲ့အနောက်မှာ။ သူတို့က ကျုပ်ကို လှည်းပေါ်က ချီပြီး ဆွဲချ တော့မလိုလိုပဲ။ ကျုပ်ကို သူတို့ပြောတာတွေက (အလောတကြီးနဲ့) ရှုပ်နေတာပဲ။ လူနာရဲ့ အခန်းထဲမှာတော့ လေက မဝင်သလောက်ပဲ။ ဘယ်သူမှ ဂရုမစိုက်ထားတဲ့ မီးဖိုက အငွေ့တထောင်းထောင်းထွက်နေတယ်။ ကျုပ် ပြတင်းပေါက်တံခါးကို ဖွင့်ချင်တယ်။ ဒါပေမယ့် လူနာကို အရင်ကြည့်လိုက်ဦးမယ်။ ပိန်တယ်၊ အဖျားမရှိဘူး၊ မအေးဘူး၊ မနွေးဘူး၊ မျက်လုံးက အသက်မဲ့တယ်၊ အင်္ကျီမဝတ်ထားဘူး။ ကောင်လေးက ဂွမ်းစောင်အောက်ကနေ အားယူ ထပြီး ကျုပ်လည်ပင်းကို ဖက်ပြီးတော့ နားနား တိုးတိုးကလေး ကပ်ပြောတယ်။ “ဆရာ၊ ကျွန်တော် သေပါရစေ။” ကျုပ် ဟိုဟိုဒီဒီ ကြည့်လိုက်တယ်။ ဘယ်သူမှ မကြားဘူး။ (လူနာရဲ့) မိဘတွေက ရှေ့ကို နည်းနည်းကိုင်းပြီး တိတ်တိတ်ကလေး ကျုပ်ရဲ့ ဆုံးဖြတ်ချက်ကို နားထောင်နေကြတယ်။ (လူနာရဲ့) အစ်မက ကျုပ်ရဲ့ လက်ဆွဲအိတ်တင်ဖို့ ခွေးခြေခုံ ယူလာပေးတယ်။ ကျုပ်လည်း အိတ်ကိုဖွင့်ပြီး အထဲက ကိရိယာတွေကို ကြည့်လိုက်တယ်။ ကောင်လေးက သူ့ရဲ့ တောင်းဆိုချက်ကို မမေ့အောင်လို့ အိပ်ယာပေါ်ကနေ ကျုပ်ကို လှမ်းလှမ်းစမ်းတယ်။ ကျုပ် ဇာဂနာကို ထုတ်ပြီး မီးထဲမှာ စမ်းကြည့်တယ်။ ပြီးတော့ ပြန်ထည့်ထားလိုက်တယ်။ “တကယ်ပါပဲ” ကျုပ် အရွဲ့တိုက်ပြီး စဉ်းစားမိတယ်။ “ဒီလို ကိစ္စမျိုးဆိုရင် နတ်ဘုရားတွေက သိပ်ကူညီတာပဲ။ ဒင်းတို့ ပျောက်နေတဲ့မြင်းကြီး ပို့ပေးတယ်။ အရေးကြီးလို့ နောက်တစ်ကောင်ပါ ထပ်ပို့သေးတယ်။ ပြီးတော့ ဟို မြင်းထိန်းအကောင်ပါ အဆစ်ပါသေးတယ်” အခု ပထမဆုံးအနေနဲ့ ရိုဆာအကြောင်းကို ထပ်စဉ်းစားမိတယ်။ ငါ အခု ဘာလုပ်နေတာလဲ။ ငါ သူ့ကို ဘယ်လိုကယ်မှာလဲ။ သူနဲ့ ဆယ်မိုင်အကွာမှာ ထိန်းမရတဲ့ မြင်းကြီးတွေ လှည်းမှာတပ်ထားပြီးတော့ ဟိုမြင်းထိန်းအကောင် လက်အောက်ကနေ သူ့ကို ငါ ဘယ်လို ဆွဲထုတ်ရမှာလဲ။ အဲဒီ မြင်းတွေက အခု တစ်နည်းနည်းနဲ့ ဆိုင်းကြိုးကနေ လွတ်ပြီးတော့ ပြတင်းပေါက်ကို အပြင်ကနေ တွန်းဖွင့်နေတယ်။ ဘယ်လိုဖြစ်တာလဲတော့ ကျုပ်မသိဘူး။ သူတို့က (လူနာရဲ့) မိသားစု ငိုနေတာကို ဂရုမစိုက်ဘဲနဲ့ ပြတင်းပေါက် တစ်ခုစီကနေ ခေါင်းဝင်ပြီးတော့ လူနာကို ကြည့်နေကြတယ်။ “ငါ အခုချက်ချင်း သွားမှပဲ” လို့ ကျုပ်တွေးမိတယ်။ မြင်းတွေက ကျုပ်ကို ပြန်ဖို့ အမိန့်ပေးနေသလိုပဲ။ ဒါပေမယ့် ကျုပ်ကို အပူဒဏ်ကြောင့် မူးနောက်နောက် ဖြစ်နေတယ် ထင်တဲ့ (လူနာရဲ့) အစ်မကို ကျုပ်ရဲ့ သားမွေးအင်္ကျီ ချွတ်ပေးခွင့် ပြုလိုက်တယ်။ ရမ်တစ်ပက် ကျုပ်အတွက် ပြင်ထားပေးတယ်။ အဘိုးကြီးက ကျုပ်ကို ရင်းရင်းနှီးနှီး ပုခုံးလာ ပုတ်လို့ သူ့ရဲ့ အဖိုးတန်ကလေးကို တိုက်တာပဲဆိုတာ သိလိုက်ရတယ်။ ကျုပ် ခေါင်းခါလိုက်တယ်။ အဘိုးကြီးရဲ့ ဥာဏ် တိမ်တိမ်ကလေးထဲမှာတော့ ကျုပ်က နေလို့သိပ်မကောင်းလို့ ငြင်းတယ်လို့ ထင်နေတယ်။ (လူနာရဲ့) အမေက ခုတင်နားကိုလာပြီးတော့ (တစ်ခုခုလုပ်ဖို့) အရိပ်အယောင်ပြတယ်။ မြင်းတစ်ကောင် ခေါင်းမော့ပြီး အကျယ်ကြီး ဟီနေတုန်း ကျုပ် သဘောတူလိုက်တယ်။ ကျုပ် မုတ်ဆိတ်အောက်မှာ ပိန်လိုက်ဖောင်းလိုက် ဖြစ်နေတဲ့ လူနာရဲ့ ရင်ဘတ်ပေါ်ကို ကျုပ် ခေါင်းတင်လိုက်တယ်။ ဒီကောင်ကလေးက ကျန်းကျန်းမာမာပဲလို့ ကျုပ် သိထားတာ ပိုသေချာသွားတယ်။ သူ့ရဲ့ အစိုးရိမ်လွန်တဲ့ အမေ တိုက်ထားတဲ့ ကော်ဖီတွေများနေလို့ သွေးလည်ပတ်တာ နည်းနည်း မူမမှန်ပေမယ့် သူဟာ ဒေါင်ဒေါင်မြည်ဘဲ။ အိပ်ယာပေါ်က (ဆင်းဖို့) တွန်းချလိုက်ရင် အကောင်းဆုံးပဲ။ ဒါပေမယ့် ကျုပ်က ကမ္ဘာကြီး ပိုကောင်းအောင် လိုက်လုပ်နေတဲ့သူ မဟုတ်တော့ သူ့ကို ဒီတိုင်းပဲ အိပ်ခိုင်းထားတယ်။ အခုအချိန်မှာ တော်တော် လွန်နေပေမယ့် ကျုပ်ကို ဒီနယ်က အလုပ်ခန့်ထားတာ ကျုပ်ရဲ့ တာဝန်ကို ကျေပွန်အောင် လုပ်ဖို့ပဲ။ လစာ နည်းနည်းပဲ ရပေမယ့် ကျုပ်က ရက်ရောတယ်။ ဆင်းရဲတဲ့သူကို ကူညီတတ်တယ်။ ကျုပ်မှာ ရိုဆာကို စောင့်ရှောက်ရဦးမယ်။ ဒီကောင်ကလေးကိစ္စကိုလည်း လုပ်ပေးရဦးမယ်။ ကျုပ်လည်း သေချင်တယ်။ ဒီလို အဆုံးမရှိတဲ့ ဆောင်းတွင်းမှာ ကျုပ် ဘာလုပ်နေတာလဲ! ကျုပ် မြင်းလည်း သေပြီ။ ရွာထဲမှာလည်း ဘယ်သူမှ ကျုပ်ကို မြင်းငှားမယ့်သူ မရှိဘူး။ ကျုပ် ဘာသာကျုပ် ဝက်ခြံထဲကနေ ထုတ်လာရတယ်။ အဲဒါတွေသာ မြင်းတွေမဟုတ်ခဲ့ရင် ကျုပ်တော့ ဝက်တွေနဲ့ ခရီးသွားရမှာပဲ။ အဲဒီလိုပဲ ဖြစ်ရမှာပဲ။ နောက်တော့ ကျုပ် ဒီမိသားစုကို ခေါင်းငြိမ့်ပြလိုက်တယ်။ သူတို့ ဒါတွေ ဘာမှမသိဘူး။ သိသွားရင်လည်း ယုံမှာမဟုတ်ဘူး။ ဆေးညွှန်းရေးရတာလွယ်တယ်။ လူတွေနဲ့ နားလည်မှုရဖို့ ခက်တယ်။ အခု ကျုပ် လာတဲ့ကိစ္စက ပြီးပြီ။ ဒင်းတို့တွေ မလိုအပ်ဘဲနဲ့ ခေါ်ပြန်တာပဲ။ ကျုပ်က ကျင့်သားရနေပြီ။ ဒီ ပတ်ဝန်းကျင်ကလူတွေ အရေးပေါ်ခေါင်းလောင်း အကူအညီနဲ့ ကျုပ်ကို စိတ်ဆင်းရဲအောင် လုပ်နေကြတယ်။ ဒါပေမယ့် ဒီတစ်ခေါက်တော့ မိန်းမလှလေး ရိုဆာကို စတေးလိုက်ရပြီ။ ကျုပ်အိမ်မှာ နှစ်ပေါင်းများစွာ နေပေမယ့် သိပ်တောင် သတိမထားမိဘူး။ ဒီ စတေးမှုက သိပ်ကို ကြီးမားလွန်းတယ်။ အခုအချိန်မှာ သူတို့ အတတ်နိုင်ဆုံး ကြိုးစားရင်တောင် ကျုပ်ကို ရိုဆာ ပြန်မပေးနိုင်တဲ့ ဒီမိသားစုဆီကနေ ထွက်မသွားဖို့ ကျုပ် မနည်း ဆင်ခြင်နေရတယ်။ ဒါပေမယ့် ကျုပ် လက်ဆွဲအိတ်ကို ပိတ်ပြီး သားမွေးကုတ်ကို တောင်းလိုက်တော့ ဒီ မိသားစုဟာ အတူတူ မတ်တပ် ရပ်နေကြတယ်။ အဖေက ရမ်ထည့်ထားတဲ့ခွက်ကို နမ်းနေတယ်။ အမေက မျက်ရည်တွေဝဲပြီး နှုတ်ခမ်းကို ကိုက်ထားတယ်။ ကျုပ်ကို စိတ်ပျက်နေပုံပဲ။ ဒီလူတွေ ဘာကိုများ ထပ်ပြီး မျှော်လင့်ထားကြတာလဲ။ အစ်မက သွေးတွေ ရွှဲနေတဲ့ လက်ကိုင်ပုဝါကို တဖျက်ဖျက်နဲ့ ခါနေတယ်။ ဒါကိုတွေ့တော့ ကောင်ကလေးဟာ တကယ် နေမကောင်းဘူးလို့ ဝန်ခံဖို့ ကျုပ်အဆင်သင့်ဖြစ်သွားတယ်။ ကျုပ် သူ့ (လူနာ) ဆီ သွားလိုက်တယ်။ သူက ကျုပ်ကို ပြုံးပြတယ်။ သူ့ကို ကျုပ်က အာဟာရဟင်းချိုတစ်ခွက် ယူလာပေးတဲ့အတိုင်းပဲ။ အား၊ အခု မြင်းနှစ်ကောင်စလုံး ဟီနေပြန်ပြီ။ အခုတော့ ဒီကောင်ကလေးဟာ တကယ် နေမကောင်းဘူးဆိုတာ ကျုပ်သိသွားပြီ။ သူ့ရဲ့ လက်ယာဘက် တင်ပါးနားမှာ လက်တစ်ဝါးလောက်ရှိတဲ့ ဒဏ်ရာ အပေါက်ကြီးတစ်ခု ရှိနေတယ်။ နှင်းဆီရောင်၊ ပုံစံအမျိုးမျိုးနဲ့၊ အတွင်းနက်တယ်၊ အစွန်းနားက သိပ်မနက်ဘူး၊ မညီညာတဲ့ သွေးကွက်တွေနဲ့ မိုင်းတွင်းလို အပေါက်ကြီး ဖြစ်နေတယ်။ အဝေးကကြည့်ရင် အဲဒီလိုမျိုးပဲ။ အနီးကပ်ကြည့်ရင် ထင်ထင်ရှားရှား မြင်ရတယ်။ ဘယ်သူက ဒါကြီးကို အသံမထွက်ဘဲ ကြည့်နိုင်မှာလဲ။ ကျုပ် လက်သန်းလောက်ရှိမယ့် သွေးစွန်းနေတဲ့ နှင်းဆီရောင် လောက်ကောင်တွေဟာ သူတို့ရဲ့ ခြေထောက်တွေအများကြီးပါတဲ့ အဖြူရောင်ခန္ဓာကိုယ်နဲ့ ဒဏ်ရာရဲ့ အတွင်းပိုင်းကနေ အပြင်ကို ထွက်လာနေကြတယ်။ သနားစရာကောင်ကလေးပဲ။ မင်းကို ကယ်လို့မရတော့ဘူး။ ကျုပ် မင်းရဲ့ ဒဏ်ရာကြီးကို တွေ့ပြီ။ မင်းရဲ့ နံဘေးမှာရှိတဲ့ ပန်းကြောင့် မင်း သေရတော့မယ် [2]။ ကျုပ် တစ်ခုခု လုပ်နေတာတွေ့လို့ ဒီ မိသားစုကတော့ ပျော်နေတယ်။ (လူနာရဲ့) အစ်မကနေ အမေကို၊ အမေကနေ အဖေကို၊ အဖေကနေ ဖွင့်ထားတဲ့ တံခါးရဲ့ လရောင်အောက်မှာ ခြေဖျားထောက်ပြီး ဝင်လာလို့ လက်တွေကို ဆန့်တန်းပြီးတော့ (မလဲကျအောင်) ဟန်ချက်ထိန်းထားရတဲ့ ဧည့်သည်တချို့ကို ပြောတယ်။ “ကျွန်တော့်ကို ကယ်မှာလား” လို့ ဒဏ်ရာထဲက အကောင်တွေကြောင့် ကောင်းကောင်း မမြင်နိုင်တော့တဲ့ ကောင်ကလေးက ရှိုက်ရင်းနဲ့ တီးတိုးပြောတယ်။ ကျုပ်တို့ နယ်က လူတွေက အဲလိုပဲ။ အမြဲတမ်း ဆရာဝန်ဆီက မဖြစ်နိုင်တာကို တောင်းဆိုကြတယ်။ သူတို့မှာ ရှေးအစဉ်အလာ ယုံကြည်မှု မရှိတော့ဘူး။ ဘုန်းတော်ကြီးက အိမ်မှာ သူ့ရဲ့ ဘာသာရေး ဝတ်ရုံတွေကို တစ်ထည်ပြီးတစ်ထည် ထိုင်ဖြဲနေတယ်။ ဒါပေမယ့် ဆရာဝန်ကတော့ သူ့ရဲ့ နူးညံ့တဲ့ ခွဲစိတ်တဲ့ လက်တွေနဲ့ အကုန်လုံးကို လုပ်ပေးနေရတယ်။ အနည်းဆုံးတော့ သူတို့က အဲလို ထင်ကြတာပဲ။ ကျုပ်ကတော့ လုပ်ပေးမယ်လို့ မပြောဖူးဘူး။ ကျုပ်ကို မြင့်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ အသုံးချရင်တော့ ကျုပ် အဖြစ်ခံလိုက်မယ်။ အစေခံကောင်မလေးတစ်ယောက်ကိုတောင် ကာကွယ်မပေးနိုင်တဲ့ ကျေးလက် ဆရာဝန်အိုကြီးတစ်ယောက်ဟာ ဘာလိုဦးမှာလဲ! နောက်တော့ (လူနာရဲ့) မိသားစုနဲ့ ရွာရဲ့ အကြီးအကဲတွေ လာကြပြီးတော့ ကျုပ်ရဲ့ အဝတ်အစားတွေအကုန် ချွတ်ကြတယ်။ ဓမ္မတေးဆိုတဲ့ ကလေးတွေနဲ့ ဆရာမက အိမ်ရှေ့မှာ အင်မတန်လွယ်ကူတဲ့ သံစဉ်နဲ့ သီချင်းဆိုကြတယ်။

"အဝတ်တွေချွတ်လိုက်ပါ၊ သူဟာ ရောဂါပျောက်ကင်းသွားမှာ
ရောဂါမပျောက်ရင်၊ သူ့ကို သတ်လိုက်ကြပါ
သူဟာ ဆရာဝန် တစ်ယောက်သာ၊ သူဟာ ဆရာဝန် တစ်ယောက်သာ။" [3]

နောက်တော့ ကျုပ် ကိုယ်လုံးတီးနဲ့ လက်ချောင်းတွေကို မုတ်ဆိတ်ထဲထည့်၊ ခေါင်းကို တစ်ဖက်စောင်းပြီး လူတွေကို တိတ်တိတ်ကလေး ကြည့်နေတယ်။ ကျုပ်ကို သူတို့ ခေါင်းနဲ့ ခြေထောက်ကကိုင်ပြီး ကုတင်ပေါ်ကို ဆွဲတင်နေတာကို ရှင်းရှင်းလင်းလင်း သိနေပြီး ဘာမှမတတ်နိုင်ပေမယ့် ကျုပ်လုံးဝကို တည်တည်ငြိမ်ငြိမ်နဲ့ အဲဒီ အတိုင်း ရှိနေတယ်။ နောက်တော့ သူတို့အကုန်လုံး အခန်းထဲက ထွက်သွားကြတယ်။ တံခါးပိတ်သွားတယ်။ သီချင်းဆိုတာ ရပ်သွားတယ်။ တိမ်တွေ လရဲ့အရှေ့က ဖယ်သွားတယ်။ စောင်က ကျုပ်ကို နွေးနွေးကလေး ပတ်ထားတယ်။ ပြတင်းပေါက်မှာတော့ မြင်းတွေရဲ့ ခေါင်းက အရိပ်တွေလိုပဲ ယိမ်းနေတယ်။ “ခင်ဗျားသိလား” ကျုပ် နားထဲမှာ တစ်ယောက်ယောက် ပြောတာ ကြားရတယ် “ကျွန်တော်ခင်ဗျားကို သိပ်ပြီးတော့ မမျှော်လင့်ထားပါဘူး။ ခင်ဗျားက ဘယ်ကမှန်းမသိ ရောက်လာတယ်။ ကိုယ့်ခြေထောက်နဲ့တောင် ကိုယ်မလာဘူး။ ကျွန်တော့်ကို ကူညီမယ့်အစား ကျွန်တော့်ရဲ့ မသာခုတင်ကို ကျဉ်းအောင် လာလုပ်နေတယ်။ ကျွန်တော် ခင်ဗျားရဲ့ မျက်လုံးတွေကို ကုတ်ထုတ်လိုက်ရင် အကောင်းဆုံးဖြစ်မှာပဲ” “မှန်တယ်” ကျုပ် ပြောလိုက်တယ် “ဒါဟာ ရှက်စရာပဲ။ ဒါပေတဲ့ အခု ငါက ဆရာဝန်လေ။ ငါ ဘာလုပ်ရမှာလဲ။ င့ါကိုယုံ၊ ငါလည်း သိပ်အဆင်ပြေတာတော့ မဟုတ်ဘူး” “ကျွန်တော်က ဒီ ဆင်ခြေလောက်နဲ့ ကျေနပ်ရမှာလား။ ထားပါလေ။ ကျေနပ်ရမှာပါ။ ကျွန်တော်အမြဲတမ်း ကျေနပ်ခဲ့တာပဲ။ ကျွန်တော်က ဒီလောကကို ဒဏ်ရာ လှလှကလေးနဲ့ ရောက်လာရတယ်။ ကျွန်တော်ပိုင်တာ ဒါပဲရှိတာပဲ” “ဒီမယ် ကောင်လေး” ကျုပ်ပြောလိုက်တယ် “မင်းရဲ့ အမှားက မင်းမှာ အမြင်မရှိတာပဲ။ ငါ နေမကောင်းတဲ့သူတွေ အများကြီးဆီကို ရောက်ခဲ့ဖူးတယ်။ မင်းရဲ့ ဒဏ်ရာက အရမ်းမဆိုးပါဘူးဆိုတာ ငါပြောနိုင်တယ်။ ထောင့် သေးသေးကလေးထဲမှာ ပုဆိန်နဲ့ နှစ်ချက် ခုတ်ခံထားရတာ။ လူတော်တော်များများက သစ်တောထဲမှာ ပုဆိန် တဖြည်းဖြည်း နီးလာတာကိုတောင် အသံမကြားတတ်ကြဘူး။ [4]” “ဒါဟာတကယ်ပဲလား။ ဒါမှမဟုတ် ကျွန်တော် အဖျားတက်နေတုန်း ခင်ဗျား လှည့်စားနေတာလား” “ဒါဟာ တကယ်ပါ။ ဆရာဝန်ရဲ့ ဂုဏ်သရေရှိ စကားကို လက်ခံလိုက်စမ်းပါ” သူ ကျုပ်စကားကို နားထောင်ပြီး ငြိမ်သွားတယ်။ ဒါပေမယ့် အခုတော့ ကျုပ်ထွက်ပြေးဖို့ အချိန်ကျပြီ။ မြင်းတွေက သူတို့နေရာမှာ သစ္စာရှိစွာနဲ့ ရပ်နေကြတယ်။ အဝတ်အစားတွေ၊ သားမွေးကုတ်နဲ့ အုတ်ကို အမြန် စုစည်းလိုက်တယ်။ ကျုပ် အင်္ကျီဝတ်ပြီးတော့ အချိန် မဖြုန်းချင်တော့ဘူး။ မြင်းတွေက အလာတုန်းကလို ပြေးထွက်မယ်ဆိုရင် ကျုပ် အခုပုံစံနဲ့ပဲ ခုတင်ပေါ်ကနေ ခုန်တက်ရမှာပဲ။ မြင်းတစ်ကောင်က လိမ်လိမ်မာမာနဲ့ ပြတင်းပေါက်ကနေ နောက်ဆုတ်သွားတယ်။ ကျုပ် အထုတ်ကို လှည်းပေါ်ကို ပစ်တင်လိုက်တယ်။ သားမွေးကုတ်က အတော်လေး ဝေးဝေးရောက်သွားပြီး ချိတ်မှာ လက်တစ်ဖက်တည်း သွားချိတ်နေတယ်။ မဆိုးပါဘူး။ ကျုပ် မြင်းပေါ်ကို ခုန်တက်လိုက်တယ်။ ဆိုင်းကြိုးက လျော့တိလျော့ရဲနဲ့ လှည်းက အနောက်မှာ ရမ်းနေတယ်။ နောက်ဆုံးက သားမွေးကုတ်က နှင်းထဲမှာ။ “ဟဲ့မြင်း” လို့ ကျုပ်အော်လိုက်တယ်။ ဒါပေမယ့် အဲလောက်ထိ မြင်းတွေက မတက်ကြွဘူး။ ကျုပ်တို့ နှင်းကန္တာရကို လူအိုတွေလို နှေးကွေးစွာ ဖြတ်လာတယ်။ အချိန်ကြာလာတော့ နောက်က ကလေးတွေရဲ့ သီချင်းဆိုသံက သိပ်မသဲကွဲတော့ဘူး။

"ပျော်ရွှင်ပါစေ၊ လူနာတွေ
ခုတင်ပေါ်မှာ ဆရာဝန်နဲ့ အိပ်နေ" [5]

ဒီတိုင်းဆို ကျုပ် အိမ်ပြန်ရောက်မှာမဟုတ်တော့ဘူး။ ကြီးပွားတိုးတက်ဖို့လမ်းလည်း ပျောက်သွားပြီ။ နောက်လူကလည်း (ကျုပ်နေရာကို) ဓားပြတိုက်နေတယ်။ ဒါပေမယ့် ကျုပ်ကိုတော့ အစားထိုးလို့ မရနိုင်ပါဘူး။ အိမ်မှာလည်း ရွံ့ဖို့ကောင်းတဲ့ မြင်းထိန်းကောင်က သောင်းကျန်းနေတယ်။ ရိုဆာက သူ့ရဲ့ သားကောင်။ ကျုပ် အဲဒါတွေ မတွေးတော့ဘူး။ အိုကြီးအိုမနဲ့ အဖိုးကြီးတစ်ယောက်၊ မြင်းနှစ်ကောင်နဲ့ လှည်းတစ်စီး၊ ကိုယ်လုံးတီးနဲ့ ကျုပ်တစ်ယောက်တည်း သွားနေရတယ်။ ကျုပ် သားမွေးကုတ်က လှည်းနဲ့အနောက်မှာ တန်းလန်း။ ကျုပ် မမီဘူး။ ပြီးတော့ လူနာအိမ်က လူတွေ တစ်ယောက်မှ သွက်သွက်လက်လက်နဲ့ ကူညီဖော် မရဘူး။ သစ္စာဖောက်ခံရတာ! သစ္စာဖောက်ခံရတာ! ညကြီးမိုးချုပ် ဘာမှမဟုတ်တာကို အရေးတယူလုပ်မိရင် ဘယ်တော့မှ မကောင်းဘူး။

Foot Notes:
[1] A Country Doctor

[2] You are dying from this flower on your side. နှင်းဆီရောင် ဒဏ်ရာကို ဆိုလိုခြင်း ဖြစ်သည်။

[3] Take his clothes off, then he’ll heal,
and if he doesn’t cure, then kill him.
It’s only a doctor; it’s only a doctor.

[4] Made in a tight corner with two blows from an axe. Many people offer their side and hardly hear the axe in the forest, to say nothing of the fact that it’s coming closer to them. ဖြစ်သည်။ ဘာကို ဆိုလိုမှန်း ကျွန်တော် အတိအကျမသိပါ။

[5] “Enjoy yourselves, you patients.
The doctor’s laid in bed with you.”

No comments: