Tuesday, April 20, 2010

ကံအကြောင်း

မနေ့ညက ဘီယာသောက်ရင်း စကားတွေ အများကြီး ပြောဖြစ်ကြတယ်။ ဟိုအကြောင်း ဒီအကြောင်း စုံလို့ပေါ့။ ဘာသာရေး နိုင်ငံရေး အကြောင်းတွေလဲ ရောက်သွားတယ်။ အရင်အပတ်က သင်္ကြန်တွင်း ဗုံးပေါက်တဲ့အကြောင်းလဲ ရောက်သွားတယ်။ အဲ့ဒီမှာ ဟိုဝေဖန် ဒီဝေဖန် လုပ်နေတုန်း အကိုကြီးတစ်ယောက်က ဗုံးပေါက်တဲ့အထဲမှာ ဒဏ်ရာရပြီးသေသွားတဲ့လူတွေလဲ သနားပါတယ်။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲကွာ သူတို့ကံပေါ့။ သူတို့ အတိတ်ဘဝကုသိုလ်ကံ မကောင်းခဲ့လို့ ဒီဘဝမှာ ဒီလိုမျိုး ကြုံရတာ လို့ပြောလာတယ်။ ကျွန်တော် နားထောင်ရင်း အဲ့ဒီစကားကို သဘောမတွေ့ဘူးဖြစ်နေတယ်။ ကျွန်တော် ထင်တာကတော့ လူတော်တော်များများရဲ့ သိမှုထဲမှာ ကံဆိုတဲ့အရာကို နားလည်လွဲနေကြတယ်လို့ ထင်တာပဲ။ ကျွန်တော် အခုဆွေးနွေးမှာက ဘာသာရေးအနေနဲ့လဲ နည်းနည်းပါမယ်။ ကျွန်တော် လေ့လာထားသလောက်လေးနဲ့ ကျွန်တော် သိသလောက်အတွင်းက ကျွန်တော် နားလည်ထားတဲ့ ကံ ဆိုတဲ့ဟာအကြောင်းကို နည်းနည်းပြောချင်တယ်။

တော်တော်များများ ကြားဖူးကြလိမ့်မယ်။ တစ်ခုခု အဆင်မပြေတာနဲ့ ကြုံတွေ့ပြီဆိုရင် ကံမကောင်းလို့ကွာ ဆိုတာမျိုး ကြားဖူးကြလိမ့်မယ်။ သူတို့ပြောနေတဲ့ ကံမကောင်းလို့ကွာဆိုတဲ့ စကားရပ်ထဲက ကံဆိုတာရဲ့ အဓိပ္ပာယ်က ကြိုတင်ကြံစည်ထားသလိုကြီး ဖြစ်နေတယ်။ သူတို့လဲ ဘာမှမတတ်နိုင်လိုက်ဘူး။ ကံမကောင်းလို့ ဖြစ်သွားတာ။ သူ့မှာအပြစ်မရှိဘူးဆိုတဲ့ အဓိပ္ပာယ်မျိုး။ ဒီကနေ ကောက်ချက်ဆွဲကြည့်လိုက်ရင် ကံဆိုသည်မှာ ကြိုတင်စီမံထားသော တိုက်ဆိုင်မှု လို့တောင် ပြောလို့ရမယ်ထင်တယ်။ ကျွန်တော့် အမြင်မှာတော့ ကျွန်တော်သိထားတဲ့ ကံရော ဗုဒ္ဓဘုရားဟောတဲ့ ကံရောက မိမိပြုလုပ်တဲ့ အပြုအမူကိုပဲ ပြောတယ်လို့ထင်တယ်။ ကံဆိုတာ အလုပ်လို့ လူတကာနီးနီး သိကြပေမယ့် အလုပ်ကြောင့်ဖြစ်လာတဲ့ကံ အကြောင်းကို သေသေချာချာ သိကြတယ်လို့ မထင်ဘူး။

ကျွန်တော် နားလည်ထားတဲ့ ကံဆိုတာက ဗွက်အိုင်ထဲဆင်းလို့ ရွှံ့ပေတယ် ဆိုတဲ့ ဟာမျိုးပဲ။ အရမ်းဝေးတဲ့ အတိတ်ဘဝတွေ ပဌာန်းဆက်တွေနဲ့ သိပ်ဆိုင်လှတယ်မထင်ဘူး။ ညောင်ဦးကမ်းပါးပြိုလို့ စပ္မနဂိုရ်က နွားမကြီး ပေါင်ကျိုးတဲ့ ကံမျိုးမဟုတ်ဘူး။ အခုလက်ရှိ အလုပ်က အခုလက်ရှိ တန်ပြန်သက်ရောက်တဲ့ဟာမျိုးပဲ။ ဘာသာရေးမှာလဲ ဒီလိုပဲ ဆိုလိုတာလို့ ထင်တယ်။ အခုလို ဗုံးပေါက်ပြီး သေဆုံးတာကလဲ အကျိုးအကြောင်း တိုက်ဆိုင်သွားတာမျိုးပဲ။ ကာယကံရှင်ရဲ့ အားထုတ်မှု တစ်စွန်းတစ်စမှ မပါဝင်ဘူး။ သူတို့ အတိတ်ဘဝက မကောင်းတာတွေလုပ်ခဲ့လို့ ဖြစ်သွားတာမျိုးဆိုတာကို လက်မခံဘူး။ သူတို့ကံမကောင်းလို့ ဖြစ်သွားတာ ဆိုတာက သူတို့ရဲ့ အပြစ်ရှိလို့ ပြန်ခံရတာမျိုးဖြစ်နေတယ်။ အခုက အပြစ်မဲ့ပြီး ဘာမှမသိတဲ့လူတွေ ခံစားသွားရတဲ့ကိစ္စ။ သူတို့ကိုယ်တိုင်လဲ ဘာမှတတ်နိုင်တာမဟုတ်ဘူး။ ဒါကို ကံမကောင်းလို့ လို့ပြောလို့မရဘူး။

ဒါကို အတိတ်ဘဝဆိုတာကြီးကို လက်ကိုင်ထားပြီး ငြင်းနေလို့လဲမရဘူး။ အတိတ်ဘဝဆိုတာက အရမ်းဝေးလွန်းပါတယ်။ အပင်ပေါ်က ခုန်ဆင်းပြီးလို့ နာရီဝက်လောက်နေမှ လက်ကျိုးတယ်ဆိုတာက ယုတ္တိရှိလှတယ်မဟုတ်ဘူး။ ပြီးတော့ ဒါကြီးကို ခေါင်းထဲထည့်ပြီး ပြောနေစရာမလိုဘူး။ အတိတ်ဆိုတာမျိုးက ကိုယ်တွေလဲ ဘာမှတတ်နိုင်တဲ့ ကိစ္စမှမဟုတ်တာ။ ဒါကို သွားစဉ်းစားနေလို့ကတော့ ဆံပင်ကျွတ်ရုံပဲ ရှိတော့မှာပေါ့။ ကျွန်တော်တို့ ရောက်နေတဲ့ အခုလက်ရှိကိုပဲ အာရုံစိုက်ဖို့ အရေးကြီးတာ။ အတိတ်ဘဝဆိုတဲ့ မမြင်နိုင် မသိနိုင်တာကြီးကို ယုံဖို့ဆိုတာက မျက်စိနှစ်လုံးကို ပိတ်လိုက်ပြီးတော့ ခေါင်းငြိမ့်လိုက်မှပဲ ရမှာ။ လူတွေရဲ့ အခြေအနေက ခရီးတစ်ခုကို မျက်စိမှိတ်ပြီး ခေါ်လာတာ ခံရတဲ့ လူတစ်ယောက်လိုပဲ။ သူ ဘယ်နေရာက လာတာလဲဆိုတာကို သူမသိဘူး။ ရှေ့ဆက်သွားလို့ ဘာဖြစ်မယ်ဆိုတာကိုလဲ မသိဘူး။ ရပ်နေလို့လဲ ဘာမှမထူးဘူး။ ရှေ့ဆက်သွားလိုက်ကြတယ်။ လမ်းမှာ အခြားလူတစ်ယောက်က ရှေ့ခရီးတစ်မိုင်လောက်မှာ ရေအိုင်ရှိတယ်၊ ဖိနပ်ချွတ်ပြီးသွား၊ ရှေ့နောက်မှချွတ်မယ်ဆိုရင် ရေစိုလိမ့်မယ်လို့ ပြောတာနဲ့လဲတွေ့ရတယ်။ ဒီအခြေအနေမှာ သူစဉ်းစားရမှာက ဖိနပ်စီးသွားသင့်လား ချွတ်သွားသင့်လားဆိုတာပဲ။ ဖိနပ်ချွတ်သွားမယ်ဆိုရင် အခုကတည်းက ခြေထောက်နာမယ် ဒါပေမယ့် ရှေ့မှာက ရေအိုင်ကြီး တကယ်ရှိနေမယ်ဆိုရင် စောစောချွတ်ထားရတာ သက်သာလိမ့်မယ်။ ဒါပေမယ့် ရေအိုင်က တကယ်မရှိပဲ တစ်မိုင်မရောက်ခင်မှာတင် ခရီးက ဆုံးသွားနိုင်သေးတယ်။ ဒီလိုအခြေအနေမျိုးမှာ မျက်စိမှိတ်ပြီး တစ်ခုခုကို ဆုံးဖြတ်လိုက်ရတယ်။ ဒါက ဘာသာရေးရဲ့ သဘောပဲ။

ကံကို ဘိုလိုအဓိပ္ပာယ်ပြန်ရင်တောင် fate တို့ destiny တို့ ပြန်လို့မရဘူး။ fate တို့ destiny ဆိုတာက ပုံသေသတ်မှတ်ပြီးသား ဇာတ်ညွှန်းသဘောမျိုးပြောတာ။ မြန်မာတွေ ပြောပြောနေတဲ့ ကံ ဆိုတာက action ဒါမှမဟုတ် cause ကို ပြောတာ။ reaction ဖြစ်စေနိုင်တဲ့ အပြုအမူတစ်ခုကို ကံလို့ခေါ်တာ။ ဒါကြောင့် ဗုံးပေါက်တဲ့ကိစ္စကို ကံမကောင်းဘူးလို့ ပြောတာကို လက်မခံနိုင်ဘူး။ အတိတ်ဘဝက လုပ်ခဲ့တဲ့ ကံကြောင့်လို့ ပြောလာရင်တော့ ကျွန်တော်လဲ ပါးစပ်ပိတ်နေတော့မှာပဲ။ မပြောတတ်ဖူး ဟုတ်ချင်တော့လဲ ဟုတ်မယ်။

2 comments:

လေရူး said...

စိတ်ကူးနဲ့ အတွေးလေးတွေကိုသဘောကျတယ်

Kaung Kin Ko said...

အပြည့်အဝ သဘောတူတယ်ဗျာ။း-)