Friday, April 23, 2010

ကျွန်တော်မသိခြင်းများ

ဤနေရာတွင် စပါသည်။
အစဆိုတော့ ဘယ်က စရင်ကောင်းမလဲ။ အစကပဲ စတာ အကောင်းဆုံးဖြစ်မည် ထင်ပါသည်။ ခက်တာက အစကို ကျွန်တော်ကိုယ်တိုင်ပင် မသိခြင်းဖြစ်ပါသည်။ သို့သော် ဤအက်ဆေးသည် မသိခြင်းအကြောင်းများကို ရေးမည်ဖြစ်၍ အစကိုမသိခြင်းသည် ပြဿနာမဟုတ်ပေ။


ကျွန်တော်သိသောအရာ များလာသောအခါတွင် မသိသောအရာများလဲ တောင်လိုပုံလာသည်ကို တအံ့တသြတွေ့လိုက်ရသော ညနေသည် ခါတိုင်းနေ့ရက်များကဲ့သို့ပင် ရှိနေပါကြောင်းကို ကျွန်တော်မသိပါ။ ထိုအချိန်တွင် လိုအပ်သော မေးခွန်းများနှင့် အဖြေများစွာ ပျောက်ဆုံးနေခဲ့သူကို ပြပါဆိုလျှင် ကြည့်မှန်တစ်ချပ်ကိုသာ လက်ညှိုးညွှန်ပြလိုက်ပါလိမ့်မည်။ ကန်ဘောင်ရှိ လေးအေးစက်စက်များတွင် ရေငွေ့ရာခိုင်နှုန်းမည်မျှရှိကြောင်း ကျွန်တော်မသိပါ။ ကျွန်တော်ဟူသော ဇာတ်ကောင်တစ်ယောက်၏ သိမှုထဲတွင် မသိမှုများသာ ကျူးကျော်ဝင်ရောက်နေပါသည်ဆိုလျှင် သင်က ကျွန်ုပ်အား အပြစ်တစ်စုံတစ်ရာ ဆိုပါမည်လား။ ထိုညနေသည် ပန်းရနံ့များကို သယ်ဆောင်လာသော လေနုအေးနှင့်အတူ ကျွန်ုပ်ထံသို့ ဝင်ရောက်သွားခဲ့ပါသည်။ ကျွန်တော် ဖွာရှိုက်ခဲ့သော စီးကရက်မီးခိုးများထဲတွင် မသိခြင်းများ အစိတ်သားကျော်ကျော်ခန့် ခိုအောင်းသွားကောင်း သွားပါလိမ့်မည်။ ထိုနေ့က အင်းယားကန်ဘောင်တွင် ဘာမျှမသိသော လူတစ်ယောက် ရှိကောင်းရှိခဲ့ပါမည်။ ကျွန်တော် သောက်ခဲ့သော အရည်များ ထိုညနေက အတော်ခါးပါသည်။

<အထက်ပါ စာကြောင်းများကို သင် ဖတ်ပြီးပြီဆိုလျှင် ထိုစာကြောင်းများကို သင်၏သိမှုထဲမှာ ဖျက်ဆီးပစ်လိုက်ပါတော့...>

ရှေးဦးစွာ ဝန်ခံလိုသော အကြောင်းတစ်ခုမှာ အဖြူရောင် နှစ်ဆယ့်သုံးမျိုးအနက် ကင်းဘတ်စ၏ အဖြူရောင်မှာ မည်သည့်အဖြူရောင်ဖြစ်ကြောင်း ကျွန်တော် မသိခြင်းဖြစ်ပါသည်။ အီမာနျူရယ်ကန့် အဘယ်ကြောင့် မနက်စောစော လမ်းထွက်လျှောက်ရခြင်းအကြောင်းကို ကျွန်တော်မသိပါ။ ဘားရတ်အိုဘားမား စနေသားလား တနင်္ဂနွေသားလား ကျွန်တော်မသိပါ။ ဆိုကရေးတီး သောက်ခဲ့သော အဆိပ်ခွက်တွင် အဆိပ်ရာခိုင်နှုန်း မည်မျှပါဝင်ကြောင်း ကျွန်တော်မသိပါ။ မောင်ချောနွယ် ကဗျာတစ်ပုဒ်ကို မည်သို့ ဖန်တီးစပ်ဆိုခဲ့သလဲ ကျွန်တော်မသိပါ။ စိတ်ကူးအဓိကဝါဒီများ ဘာသာစကား ကြားခံနယ်ကို ဘယ်လိုကျော်ဖြတ်ကြသလဲ ကျွန်တော်မသိပါ။ မာတင်ဟိုက်ဒဂါဆောက်ခဲ့သော တံတားအကြောင်း ကျွန်တော်မသိပါ။ လောကတွင်ရှိသော အမှန်တရားများအကြောင်းနှင့် မှားယွင်းနေသော အမှန်တရားများအကြောင်းကို ကျွန်တော်မသိပါ။

အဆိုးဆုံးမှာ ထိုအရာများကို ကျွန်တော်မသိသေးကြောင်း ကိုယ့်ကိုယ်ကိုယ်ပင် မသိခြင်းပင်ဖြစ်ပါသည်။

2 comments:

Unknown said...

ဆရာcomments တွေဝင်ရေးပေးခဲ့တယ်နော်

Unknown said...

ဆရာကအစကိုဘယ်ကစရမှန်းမသိဖြစ်နေတာကို လွယ်ပါတယ် ဆရာရယ် ကကြီးကပဲစလိုက်ပေါ့ ကျုပ်လည်းအဲလို စနေကြလေ ဟဲဟဲ သိတယ်မှတ်လား ဆရာ တပည့်အကြောင်း ကျုပ်ကိုဆရာမကြီးလိုလည်းမခေါ်နဲ့ဦးနော် ဆရာလောက်မတတ်သေးလို့ပါ မသိခြင်းအကြောင်းဆိုတာဘာလဲဆရာနည်းနည်းလောက်
ရှင်းပြပေးပါဦး