Thursday, May 6, 2010

စကင်းနား၏ အဖြေများ (၁)

စကင်းနားကား သက်ရှိ စိတ်ပညာဆရာတွေထဲမှာ သြဇာအကြီးဆုံးဖြစ်သည်။ ဟားဗတ်က ပါမောက္ခ၊ အပြုအမူဝါဒ (Behaviorism) ကို ဦးဆောင် ဦးရွက်ပြုသူ၊ စာအုပ် ၁၄ အုပ် ရေးသူဖြစ်သည်။ Walden Two နှင့် Beyond Freedom and Dignity နှစ်အုပ်လည်း ထိုသူ၏ စာအုပ်စာရင်းတွင် ပါသည်။ အသေးစိတ်သိလိုလျှင် ဤနေရာ တွင် ဖတ်ရှုနိုင်သည်။ အင်တာဗျူးကို ဟားဗတ်တက္ကသိုလ်တွင် လုပ်ပါသည်။ ချင်းတွင်းမဂ္ဂဇင်း ယခုလထုတ်တွင် ပါဝင်၍ မောင်အာကာကျော်မှ မနေနိုင်မထိုင်နိုင် ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။

မေး ။    ။ ခင်ဗျားဘဝကို ဘာယုံကြည်မှုတွေအပေါ် အခြေခံ တည်ဆောက်ပါသလဲ။
ဖြေ ။    ။ ကျုပ်ဘဝကို ဘာယုံကြည်သက်ဝင်မှုအပေါ်မှ အခြေခံပြီး မတည်ဆောက်ပါ။ ကျုပ် ယူမှတ် (assume) ထားတာတွေ ရှိတယ်။ ဒီယူမှတ်တာတွေနဲ့ နေပါတယ်။ ကျုပ်မှာ ယုံကြည်သက်ဝင်မှု (belief) မရှိဘူး။ ယူမှတ်ခြင်း (assumption) ပဲရှိတယ်။ လောကမှာ ရှိရှိသမျှဟာ အစီအစဉ်ကျတယ်၊ နိယာမတွေရှိတယ်။ လောကကို ဒီ “ယူမှတ်ခြင်း” နဲ့ လေ့လာနိုင်တယ်။ ယုံကြည်မှုလို့ နာမည်တပ်ရင် ကျုပ်မှာ သိပ္ပံနည်းကျ ယုံကြည်မှုပဲရှိတယ်။ နက္ခတ္တဗေဒပညာရှင်တွေ၊ စကြဝဠာဗေဒပညာရှင်တွေကတော့ စကြဝဠာအကြောင်း ကျုပ်ထက် ပိုသိတယ်။ ဘစ်ဘန်း ဘယ်လိုဖြစ်သလဲ၊ ကျုပ်မသိဘူး။ သူတို့ကတော့ ရုပ်နု (elements) တွေ ဘယ်နည်းဘယ်ပုံ ဖြစ်လာကြောင်း အာကာသထဲမှာ ဘယ်နည်းဘယ်ပုံ ပျံ့နှံ့နေကြောင်း သိမှာပေါ့။


ကျုပ်ကတော့ လူ့အပြုအမူတွေအကြောင်း အတော်အတန် သိပါတယ်။ တခြားသူတွေ တွေ့ခဲ့ရေးခဲ့တာတွေနဲ့ ကျုပ်ရဲ့ သုတေသနကတစ်ဆင့် သိတယ်။ ကျုပ်က “သိပ္ပံ” ကိုယုံတယ်။ သိပ္ပံက ရှေ့ကိုသွားနေတဲ့ ပို၍ပို၍ကောင်းတဲ့ ရုပ်ပုံကားချပ်ကြီး ဖြစ်လာနေတဲ့ သို့သော် ဘယ်တော့မှ အစစ်အမှန်ကားချပ်ကြီးအဆင့်ထိ ရောက်မလာမယ့်အရာ ဖြစ်တယ်။ အစစ်အမှန်ကားချပ်ကြီး (True Picture) ဆီကို ဗေဒင်မေးပြီးမှ မသွားနိုင်တာ၊ ထိန်းထားခြင်း (control) နဲ့လည်း သွားလို့မှမရတာ။ သိပ္ပံပဲ ရှိတာကိုး။

ဘဝမှာ ပြဌာန်းပြီးသား ရည်မှန်းချက်ရယ်လို့ မရှိပါဘူး။ ဘဝရဲ့ ပြဌာန်းချက် (purpose) ကို သဘာဝရဲ့ ရွေးချယ်မှု (selection) နဲ့ အစားထိုးပြီးပြီပဲ။ ဇီဝဗေဒပညာရှင်တွေက အသက်နဲ့ သက်ရှိသတ္တဝါတွေ ဘယ်လိုဖြစ်တည်လာသလဲ ကောင်းကောင်းတွေ့ထားတာပဲ။ တချိန်က ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေပေါ်မူတည်ပြီး မျိုးကွဲတွေကို ရွေးတယ်၊ တချို့ကိုပယ်တယ်။ အကျိုးဆက်တွေကနေ အပင်၊ အကောင်မျိုးစိတ်တွေရဲ့ မူလအစ (Origin of Species) ဖြစ်ပေါ်လာတယ်။ လူ့အပြုအမူဟာလည်း “ထိုနည်းလည်းကောင်း” ဖြစ်တာပဲ။

လူဟာ “ဘာဖြစ်လာမှာမို့” ဆိုပြီး ပြုလုပ်ကြတာ မဟုတ်ဘူး။ “ဘာတွေ ဖြစ်ခဲ့လို့” ဆိုပြီး ပြုလုပ်ကြတာ။ ဒီဇိုင်းအယူအဆ (ဘဘာဝမှာ ဘုရားသခင်ရဲ့ ဒီဇိုင်း သို့မဟုတ် အစီအမံရှိပြီးသားဟူသော အယူအဆ) (Concept of Design) က ခေတ်နောက်ဆွဲတာပဲ။ ကျုပ်တို့က ကြိုတင်အစီအမံလုပ်နိုင်တယ်ဆိုရင်လည်း သတ္တဝါတွေရဲ့သမိုင်းမှာ အလွန်နောက်ကျပြီးမှ လုပ်နိုင်မှာပါ။ လူတွေမှာ (Verbal behavior) ပေါ်လာတဲ့အခါကျမှ ဒါက သမိုင်းမှာ အလွန်နောက်ကျတဲ့ ဖြစ်စဉ်ပါပဲ။

မေး ။    ။ လူတစ်ယောက်ရောက်နိုင်တဲ့ အမြင့်ဆုံးစံဟာ ဘာပါလဲ။ ဒီစံကို ပေါက်ရောက်အောင်မြင်ဖို့ ဘယ်လိုအခက်အခဲတွေ ရှိပါသလဲ။
ဖြေ ။    ။ စံ (Ideals) ဆိုတာတွေက တခြားပြဿနာတစ်ခုပါပဲ။ လူတွေက အထိရောက်ဆုံး အပျော်ရွှင်ဆုံးအရာဆီ သွားကြတယ်။ အပေါင်းဘက် အားဖြည့်ပေးခြင်း (positive reinforcement) က ဒီအပေါ် အခြေခံတာပဲ။ ဒီထက်ပိုလွန်တာလည်း ရှိတယ်။ ကျုပ်စာအုပ် (Beyond Freedom and Dignity) ထဲမှာ ရေးထားတယ်။

လွတ်လပ်နေတယ်၊ အဖိုးတန်နေပြီ အဲသလိုခံစားမှုတွေကိုလွန်တဲ့ ခံစားမှုက ကမ္ဘာကြီးအသက်ရှင်တည်တံ့ရေး၊ ယခုတလော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ ဂေဟသမားတွေ ပူပင်နေတဲ့ ကိစ္စပေါ့။ ပုဂ္ဂလိကပျော်ရွှင်မှု၊ ပုဂ္ဂလိက အောင်မြင်မှုနဲ့ ဒီကိစ္စက ပြဒါးတစ်လမ်း သံတစ်လမ်း။

စံတွေအကြောင်း ကျုပ်မပြောချင်ဘူး။ ယေဘုယျအနေနဲ့ ပြောရရင် ကျုပ်တို့ဟာ ကွပ်ညှပ်ထိန်းချုပ်မှုတွေက လွတ်အောင်ရုန်းပြီး အားဖြည့်ပေးတဲ့အရာတွေဆီ သွားတာပဲ။ ဒီလိုသွားရင်းနဲ့ပဲ ကျုပ်တို့ အနာဂတ်နဲ့ ကျုပ်တို့ကမ္ဘာကြီးအတွက် အန္တရာယ်တွေကို မြင်လာတယ်။ အနာဂတ်ဟာ အရေးကြီးတယ်လို့ လူတွေသိမြင်အောင် ဘယ်လိုလုပ်ရမလဲ။ ဒါပေတဲ့ “အနာဂတ်” ဟာ ကျုပ်တို့အပေါ် အကျိုးသက်ရောက်မှု ဘာမှမရှိနိုင်ဘူး။ အဲ . . အနာဂတ်ကိုတော့ ကျုပ်တို့က အဆုံးအဖြတ်ပေးနိုင်တယ်။ ဆင်ခြင်နိုင်တယ်။ သိပ္ပံအချက်အလက်တွေ စသည်ဖြင့် . . ။

ပျော်ရွှင်မှုကို ဆီးတားမဲ့ အဟန့်အတားတွေကို စာရင်းချနိုင်သလား။ လူကို ဒုက္ခပေးတဲ့အရာတွေ ဥပမာ - မိဘက၊ ဘာသာတရားက၊ အစိုးရက၊ ရုံးက၊ အပြစ်ပေး ဒဏ်ပေးတာတွေကလွတ်အောင် လုပ်နေရရင်၊ ရှောင်ကွင်းနေရရင် “ကျုပ်တို့ပျော်တယ်” လို့ မပြောကြဘူး။ ကျုပ်တို့ကို ခွန်အားတိုးစေ တောင့်တင်းမြဲမြံစေတာကို လုပ်နေရရင်တော့ “ကျုပ်တို့ပျော်တယ်” လို့ လူတွေက ဆိုကြတယ်။ “အဟန့်အတား” ဆိုတာထက် “ကျုပ်တို့ အလုပ်လုပ်နေရသော အခြေအနေများ” လို့ ကျုပ်ပြင်ဆင်ခြင်တယ်။

မေး ။    ။ သေခြင်းကို ခင်ဗျားဘယ်လို မြင်သလဲ။
ဖြေ ။    ။ သေရင်ပြီးပြီ။ ဒါပဲ။ ကျုပ်ဖြင့် သေရမှာကို သေမလောက် မကြောက်ပါ။ ကျုပ် ၈၃ နှစ်ရှိပြီ (အင်တာဗျူးမေးသော နှစ်မှာ ၁၉၉၅ ခုနှစ်) အလုပ်အများကြီးလုပ် ပျော်ပျော်ကြီးလည်း နေခဲ့ပြီ။ သေမှာကို မကျေနပ်ဘူး ပြောလို့မသင့်၊ ကျေးဇူးကန်းရာ ရောက်မယ်။ မကျေနပ်စရာမရှိတဲ့ ကျုပ်ဟာ အင်မတန် ကံကောင်းပါတယ်။

ကျုပ်သေတော့မယ်ဆိုရင် အော်လီဗာ ဝင်းဒယ်ဟုမ်း လုပ်သလို လုပ်မယ်စိတ်ကူးတယ်။ အော်လီဗာသေခါနီး စကားတောင် ကောင်းကောင်းမပြောနိုင်တဲ့ အချိန်မှာ သူငယ်ချင်းတစ်ယောက်လာတော့ အော်လီဗာက သူ့လက်မြှောက်ပြတယ်။ ပြီးတော့ သွားတာပဲ။ ကျုပ်လည်းပဲ . . . ။ (စကင်းနားက လက်မကို နှာခေါင်းနားထိမြှောက်ပြီး လက်ခါပြတယ်။)

မေး ။    ။ ဘဝရဲ့ အကြီးမားဆုံး ပြဿနာသုံးခုကို ပြောပြပါဦး ခင်ဗျာ။
ဖြေ ။    ။ ခင်ဗျားက စစ်စစ်ပေါက်ပေါက် မေးတာကိုး။ ကျုပ်တွေးတာက အဲသလို မဟုတ်ဘူး။ ကျုပ် နာမည်မတပ်နိုင်တဲ့ ပြဿနာတွေ အများကြီးရှိတယ်။ “ကျုပ်တို့ ကမ္ဘာကြီးကိုကယ်ဖို့ ဘာကြောင့်မလုပ်ကြတာလဲ” ဆိုတဲ့ စာတမ်းတစ်စောင် ရေးဖူးတယ်။ အနာဂတ် ခန့်မှန်းချက်တွေက ကျုပ်တို့အပေါ် သြဇာမသက်ရောက်အောင် ဟန့်တားထားတဲ့ မျက်မှောက်ပြဿနာတွေ၊ အခြေအနေတွေကို ရေးထားတာပါ။ ဥပမာ - အစိုးရတွေဆိုပါစို့။ တရုတ်ပြည်လို အာဏာရှင်အစိုးရတွေကလွဲလို့ မွေးနှုန်းကို မကန့်သတ်နိုင်ဘူး။

မေး ။    ။ ဘဝမှာ ခင်ဗျားကို သင်ပေးမယ့် ကိစ္စတွေ၊ အကြောင်းခြင်းရာတွေ ကျန်နေသေးတယ်လို့ ခင်ဗျား ခံစားရပါသလား။
ဖြေ ။    ။ ဒီကိစ္စမှာလည်း ဘာတွေတော့ ရှိပါသေးတယ်လို့ သတ်သတ်မှတ်မှတ်မပြောချင်ဘူး။ ဘဝဆိုတာက အမြဲတစေ ကျုပ်တို့အပြုအမူတွေကို အသင့်ပြင်နေအောင် တွန်းနေတာမို့ပါ။ ကျုပ်အလုပ်က ခုထိလည်း မပြီးသေးဘူး။ မနက်ခင်း ကျုပ် စားပွဲမှာ ထိုင်ရင်း . . ဒီမနက်ခင်းကိုပေါ့။ အသစ်အစုံတစ်ရာကို တွေ့တာပဲ။ ဒီမနက် . . ကျုပ်လုပ်နေတဲ့ အကြောင်းအရာကို ကျုပ်အမြင်သစ် တစ်မျိုးနဲ့ ကျုပ်မြင်တယ်။

မေး ။    ။ အပြုအမူကို ပုံသွင်းလို့ရတယ်လို့ ယုံကြည်နေတုန်းပဲလား ဆရာကြီး ခင်ဗျား။
ဖြေ ။    ။ ပုံသွင်းတယ် (Conditioned) ဆိုတဲ့ စကားလုံးကို မှားယွင်းပြီး သုံးစွဲကြတာပါ။ ကျုပ်အနေနဲ့ ပက်ဝ်လော့ဗ်ရဲ့ ပုံသွင်းခြင်း (Pavlovian conditioning) ကို တစ်ကြိမ်တစ်ခါတောင်မှ မပြောဖူးပါဘူး။ ကျုပ်တို့က အကျိုးဆက်တွေအကြောင်း (Consequence) ပဲ ပြောတာပါ။ “ယင်းအကြောင်းတို့ကြောင့်၊ သို့ဖြစ်သောကြောင့်” အဲဒါတွေပဲ ပြောတာပါ။

(၁) ကျုပ်တို့ရဲ့ ကိုယ်ခန္ဓာနဲ့ သဘာဝရွေးချယ်မှုကို သက်ရောက်နေတဲ့ အကျိုးဆက်တွေ ရှိတယ်။
(၂) အရန်သင့် စုဆောင်းထားတဲ့ ကျုပ်တို့ရဲ့ အပြုအမူတွေ (repertiores) အပေါ်မှာ သက်ရောက်နေတဲ့ အကျိုးဆက်တွေ ရှိတယ်။
(၃) ဓလေ့ထုံးတွေရယ်လို့ ဖြစ်လာစေတဲ့ အားဖြည့်ပေးနေမှုတွေ (reinforcement) ရှိတယ်။

အကြမ်းအားဖြင့် အထက်ကဖော်ပြခဲ့တဲ့အတိုင်း အကျိုးဆက် ၃ မျိုးရှိပါတယ်။

ကျုပ်တို့က မျိုးစိတ်တစ်ခုရဲ့ အဖွဲ့ဝင်တွေအနေနဲ့ စဖြစ်လာတယ်။ ကျုပ်တို့ အပြုအမူတွေက တူကြတယ်။ ဥပမာ - အမေ့နို့စို့တဲ့ အပြုအမူမျိုး ဆိုပါစို့။ ဒါက ဗီဇကပါလာတဲ့ အပြုအမူ။

ကျုပ်တို့က သတ္တဝါတစ်ခုကိုမွေးဖွားပေးနိုင်တဲ့ သတ္တဝါ။ လိုတဲ့အခါ အရန်သင့်ဖြစ်နေအောင် အပြုအမူတွေ (repertiores) တွေကို ရယူနိုင်တဲ့သတ္တဝါ။ လူတစ်ယောက်မှာ ဂုဏ်အင်္ဂါလက္ခဏာ အမျိုးအမျိုး (different selves) ရှိတယ်။ မိသားစုနဲ့ကျတော့ ဂုဏ်လက္ခဏာ (self) တစ်မျိုး၊ သူငယ်ချင်းတွေနဲ့ကျရင် နောက်တစ်မျိုး (different self)။ အကယ်၍ သူငယ်ချင်းတစ်ယောက်ကို အိမ်ကို ဖိတ်ခေါ်တယ်ဆိုရင် သူဟာ ဘယ်ဂုဏ်အင်္ဂါရှိတဲ့သူ ဖြစ်သင့်သလဲ။ အဖြေရတတ်တဲ့ ဟာတွေပေါ့ဗျာ။

လူတွေဟာ ဗီဇအရပါလာတဲ့ဂုဏ်သတ္တိကို အကောင်းဆုံး ပေါက်မြောက်စေဖို့ အခွင့်အရေး ဆတူရှိပါတယ်။ ဗီဇအားဖြင့် လူတွေဟာ အတူတူချည်းပဲလို့တော့ ကျုပ် မထင်ဘူး။ လူတွေဟာ မတူတဲ့လောကတွေ၊ အခြေအနေတွေထဲက မွေးလာကြတယ်။ ဒီလောကတွေက လူကို အဓိကအားဖြင့် ပြဌာန်းတော့တာပါပဲ။ လူဟာ သီးခြားလွတ်ကင်းပြီး ဖြစ်လာတာ မဟုတ်ဘူး။

1 comment:

တေဇာ (လရောင်လမ်း) said...

စကင်းနား၊ သူ့အင်တာဗျူးဖတ်ပြီး သူ့စာအုပ်တွေကို ဖတ်ဖို့ တေးထားလိုက်တယ်။ လူရဲ့ရင်းမြစ်နဲ့ပတ်သက်ရင် ဒါဝင်ဝါဒကိုသာ (သူ့စကားအတိုင်းဆိုရင်) “ယူမှတ်” ထားတာ ကျိုးကြောင်းအဆီလျော်ဆုံး ဖြစ်လိမ့်မယ်။ ဘယ်လိုဆိုတာတွေကို လေ့လာပြီးတဲ့နောက် “ဘာကြောင့်” ဆိုတဲ့ မေးခွန်းကို မေးခွင့်မရှိတော့လောက်အောင် ဖြစ်သွားတော့မယ်။ ဒီအင်တာဗျူးမှာ ဘာသာပြန်သူနာမည် ပါလာတာ မတွေ့ရဘူး။ ဘာဖြစ်လို့ဆို သူညွှန်းထားတဲ့ အင်တာဗျူးမေးချိန် ၁၉၉၅ ခုနှစ်မှာ စကင်းနားဟာ သေဆုံးပြီး ဖြစ်လို့ပဲ။ ၀ီကီအရ သူဟာ (၁၉၀၄-၁၉၉၀) အသက် ၈၆ မှာ ကျေကျေနပ်နပ်ကြီး ထွက်ခွာသွားတယ်။ ဒါမျိုးတွေ ရိုက်တင်ပေးတာ ကျေးဇူးတင်ဖို့ကောင်းတယ်။ မောင်အာကာကျော် အမြဲ မနေနိုင်မထိုင်ဖြစ်နေရင် အတော်ဟန်ကျမယ်လို့ တွေးမိတယ်။း)