Tuesday, May 18, 2010

မိုး

မိုးရာသီ ရောက်တော့မည်။ ပူပြင်းတောက်လောင်နေသော ပျင်းရိဖွယ်ရာ နွေဥတုကို ကျောခိုင်းရန် အသင့်ဖြစ်ပြီ။ နံနက် စောစော စီးစီး ကြားလိုက်ရသော မိုးခြိမ်းသံသည် နွေဥတုကို နှုတ်ဆက်လိုက်သော အသံပေလားဟုပင် ထင်မိသည်။ ငြီးငွေ့ဖွယ် နွေရက်များကို ကျော်ဖြတ်ပြီးနောက် မိုးရာသီသို့ ရောက်တော့မည်။ ကြည့်လေ . . . အခုကျနေတဲ့ မိုးရေစက်တွေက ခေါင်းညိတ်ပြနေတယ် မဟုတ်လား . . . ။

မိုးရာသီကို ငယ်ငယ်ကတည်းက နှစ်သက်သည်။ ကျောင်း စာစီစာကုံးတွင် “အနှစ်သက်ဆုံးရာသီ” ဟူသော ခေါင်းစဉ်ကို မြင်လိုက်သည်နှင့် မိုးသားတိမ်လိပ်များနှင့် မိုးရေစက်များကိုသာ မြင်မိတတ်သည်။ (ဘာကြောင့်မှန်းမသိ) မိုးရာသီ၏ အငွေ့အသက်ကို ရလျှင်ပင် ကြည်နူးမိသည်။ နွေရက်များတွင် စိတ်အိုက်နေခဲ့သော အပူများကို မိုးရေများဖြင့် ဆေးကြောပစ်လိုက်မည်။ ဘာကြောင့်မှန်းမသိ မိုးရာသီကို ကျွန်တော် အလွန်သဘောကျမိပါသည်။


မိုးရာသီ၏ အရသာကို မြန်မာတစ်နိုင်ငံတည်းမှသာ အပြည့်အဝ ခံစားနိုင်ပါသည်။ မိုးရာသီသည် မြန်မာတို့၏ သဘာဝရတနာ တစ်ပါးဖြစ်သည်။ မိုးရာသီဆိုသည်မှာ မြန်မာတစ်နိုင်ငံတည်းမှသာ ကြုံတွေ့နိုင်သည် မဟုတ်ပါလား။ မိုးရေများသည် ပတ်ဝန်းကျင် တစ်ခုလုံးကို အသက်သွင်းစေသကဲ့သို့ လူတို့၏ စိတ်ကိုလည်း အသက်သွင်းပါသည်။ နွေ၏ ပူပြင်းမှုကြောင့် ညစ်ညူးနေသော စိတ်များသည် မိုးရေစက်များနှင့် ထိတွေ့လိုက်သောအခါတွင် တစ်ဖန်ပြန်လည် တက်ကြွလာခဲ့ပါသည်။ မိုးသည် အလွန်လှပသော ပိတောက်ပန်းများကို ပွင့်စေသည်။ မိုးသည် အေးချမ်းမှုကို သယ်ဆောင်လာသူ ဖြစ်သည်။ မိုးသည် သဘာဝပန်းချီကားချပ်ကို ပိုမိုလှပအောင် အရောင်တင်စေနိုင်ပါသည်။

မိုးရွာနေစဉ် မြင်ကွင်းသည် ရေးဆွဲသူမဲ့သော သဘာဝ၏ ပန်းချီကးတစ်ချပ် ဖြစ်ပါသည်။ မြောင်းရေများ ပြည့်လျှံလာပုံ၊ ခေါင်မိုးပေါ်မှ ရေများ တစက်စက် ကျလာပုံ၊ ရေများ မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသွားကြပုံ၊ ထီးမပါသူများ မိုးရေထဲတွင် ပြေးလွှားနေကြပုံ၊ ကလေးများ ဆော့ကစားနေကြပုံ စသည့်မြင်ကွင်များမှာ မရိုးအီနိုင်သော မြင်ကွင်းများဖြစ်ပါသည်။

ကောင်းကင်ယံမှ မျက်ရည်စက်များ တဖြောက်ဖြောက် ကျဆင်းသောရာသီ၊ လေနုအေးများနှင့် လေပြင်းမုန်တိုင်းများ နေရာလုသောရာသီ၊ ညဆိုလျှင် ရစ်သမ်မကိုက်သော ဖားအော်သံများ ကြားရသည့်ရာသီ၊ ထိုရာသီကို ကျွန်တော် ကော်ဖီသောက်ရင်း၊ စီးကရက်ဖွာရင်း၊ ချစ်သူကိုလွမ်းရင်း စောင့်နေပါသည် . . . ။   
,

No comments: