Tuesday, May 18, 2010

လွင့်မျောနေသော ကမ္ဘာကြီး၏ အနုပညာသည်တစ်ဦး

ပို့စ်မော်ဒန်ကာလအတွင်းမှာ ရေးသားနေကြ ပုံစံအတိုင်း အချိန်နဲ့ နေရာရဲ့ အရေးပါမှုကို လျှော့ချထားသည်။ ဇာတ်ကောင် အိုနိုသည် ဇာတ်ကြောင်းကို ပြောပြနေသော်လည်း တစ်ခါတစ်ရံတွင် သူလည်း အသိခံအရာဖြစ်သွားသည်ကို တွေ့ရသည်။ သားတစ်ယောက်၏ ဘဝ၊ ဖခင်တစ်ယောက်၏ ဘဝ၊ အဘိုးတစ်ယောက်၏ ဘဝ တို့ကို တင်ပြသွားပုံမှာ လေးစားဖွယ်ရာဖြစ်သည်။ အချို့ပြန်လည် သွားရောက်ခဲ့သော အခန်းများမှာ အကြောင်းရှိသကဲ့သို့ အသိပေးစေချင်သည်များလည်း ပါသည်။ စာရေးဆရာ၏ ဘာသာစကား ကျွမ်းကျင်မှုကို အတိုင်းသား မြင်တွေ့နိုင်သည်။ ဝတ္ထုရှည်တစ်ပုဒ်အတွင်း၌ ဝတ္ထုတိုများစွာ ပါဝင်လာသည်။


အနုပညာရှင်တွေအား လွင့်မျောနေသော ကမ္ဘာကြီးအတွင်းကနေ လက်တွေ့ဘဝထဲကို ဝင်ရောက်ရန် ပြောနေသံ သဲ့သဲ့ကို ကြားရသည်။ အတိတ်မှာ အမှန်တရားဟု ထင်ခဲ့သော အရာတွေသည် ကာလတရား၏နောက်တွင် လိုက်ပါပြောင်းလဲသွားတတ်တာကို မြင်နိုင်သည်။ ဂျပန်တွေ၏ ကိုယ့်နိုင်ငံကိုယ် တန်ဖိုးထားသော စိတ်ဓာတ်မှာ အားကျစရာ၊ လေးစားစရာ ဖြစ်ပါသည်။ ဂျပန်လူမျိုးတွေ၏ ယဉ်ကျေးမှု အစဉ်အလာကိုလဲ အရိပ်အကဲခတ်နိုင်သည်။ စစ်ကြီးအပြီး ဂျပန်မျိုးဆက်နှစ်ဆက်အကြားမှာ တစ်မဟုတ်ချင်း ပြောင်းလဲသွားသော အမြင်တွေကို တွေ့နိုင်သည်။

မြင့်သန်း၏ ဘာသာပြန်ရှိသော်လည်း မူရင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာအုပ်ကို ဖတ်နိုင်လျှင် ပိုကောင်းမည် ထင်ပါသည်။ ပထမတစ်ခေါက် ဖတ်ကြည့်ပြီးနောက် အရသာကို သိပ်မ“ရ” လိုက်သဖြင့် နောက်တစ်ခေါက် ပြန်ဖတ်မှ သဘောပေါက် သွားခဲ့သည်။ ဇာတ်ကောင်တို့၏ ဂျပန်နာမည်များမှာ မှတ်မိရန် ခက်ခဲလှသည်။ စာရွက်တစ်ခုတွင် ဇာတ်ကောင် အမည်များနှင့် သူတို့၏ ပတ်သက်ပုံများကို ရေးချပြီး ဖတ်မှ ပိုမိုလွယ်ကူပြီး သဘောပေါက်လွယ်နိုင်သည်။ တစ်အုပ်လုံးကို ချုံကြည့်သော် အလွန် သဘောကျဖွယ်ရာကောင်းသော စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ဝှိုက်ဘရက် စာပေဆုနှင့် ထိုက်တန်သည်ဟု ထင်မိပါသည်။ ဂန္တဝင် ဝတ္ထုကြီးများကို ဖတ်ရသည်ကို ငြီးငွေ့လာသော သူများ မြည်းစမ်းကြည့်ရန် သင့်တော်လှပေသည်။

No comments: