Thursday, May 6, 2010

စကင်းနား၏ အဖြေများ (၂)

စကင်းနားကား သက်ရှိ စိတ်ပညာဆရာတွေထဲမှာ သြဇာအကြီးဆုံးဖြစ်သည်။ ဟားဗတ်က ပါမောက္ခ၊ အပြုအမူဝါဒ (Behaviorism) ကို ဦးဆောင် ဦးရွက်ပြုသူ၊ စာအုပ် ၁၄ အုပ် ရေးသူဖြစ်သည်။ Walden Two နှင့် Beyond Freedom and Dignity နှစ်အုပ်လည်း ထိုသူ၏ စာအုပ်စာရင်းတွင် ပါသည်။ အသေးစိတ်သိလိုလျှင် ဤနေရာ တွင် ဖတ်ရှုနိုင်သည်။ အင်တာဗျူးကို ဟားဗတ်တက္ကသိုလ်တွင် လုပ်ပါသည်။ ချင်းတွင်းမဂ္ဂဇင်း ယခုလထုတ်တွင် ပါဝင်၍ မောင်အာကာကျော်မှ မနေနိုင်မထိုင်နိုင် ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။

မေး ။    ။ ပုံသွင်းခံရတာ မရှိဘူး (Unconditioned) လို့ ခင်ဗျား ယုံကြည်သလား။
ဖြေ ။    ။ ပုံသွင်းခံရတယ်ဆိုတဲ့ ဝေါဟာရကို မသုံးပါနဲ့ဗျာ။ လူဟာ လူ့ဘဝကို ပုံသွင်းခံရခြင်း မရှိဘဲနဲ့ စခဲ့တာပါ။ ပုံသွင်းခြင်း (Conditioning) က လူ့ဘဝလမ်းမှာ နောက်မှဖြစ်လာတာ။ တခြားလူတွေရဲ့ သက်ရောက်မှုတွေ၊ လူတစ်ယောက်ဆီက အကြံယူရတာ အမိန့် သို့မဟုတ် ဥပဒေတစ်ခုကို လိုက်နာရတာတွေက နောက်မှ ဖြစ်လာတယ်။ အကျိုးအကြောင်းဆီလျော်လို့ လုပ်ရတာတွေနဲ့ပဲ ကျုပ်ဘဝကို ဖြည့်ထားချင်တယ်။ တစ်စုံတစ်ယောက်က ပြောလို့၊ အစိုးရက၊ ဘာသာတရားက၊ စီးပွားရေးစနစ်က ခိုင်းလို့စေလို့ လုပ်ရတာတွေထက် ကျိုးကြောင်းဆီလျော်လို့ လုပ်ရတာမျိုးက ပိုကောင်းတယ်လို့ ထင်တယ်။


မေး ။    ။ ဆင်းရဲဒုက္ခတွေ ဘာကြောင့်ရှိရသလဲ။ မကောင်းမှုတွေ ဘာကြောင့်ရှိရသလဲ။
ဖြေ ။    ။ ဆင်းရဲမှုတွေကိုဖြစ်စေတဲ့ အခြေအနေကို ကြည့်ရမယ်။ ဒါက တခြားလူတွေရဲ့ လုပ်ဆောင်မှုတွေပဲ။ တိရစ္ဆာန်လောကမှာ ဒုက္ခတွေ ပြည့်နေတာပေါ့။ တစ်ကောင်ကို တစ်ကောင်က အစာအဖြစ် စားနေတာမဟုတ်လား။ ဒုက္ခဖြစ်စေတာပေါ့။ လူတွေကတော့ ကိုယ်ချစ်တဲ့သူနဲ့ ကွေကွင်းရလို့၊ အပြစ်ဒဏ်ခံရလို့ စသည်ဖြင့် ဒုက္ခတွေ့ကြတာပေါ့။ ဒါပါပဲ။ အထက်ဘုံကစေစားလို့ အကုသိုလ်ကံကြောင့်မို့ ကျုပ်တို့ ဒုက္ခရောက်နေတာ မဟုတ်ဘူး။ မကောင်းတာ တစ်ခုခုဖြစ်တယ်ဆိုတာက မကောင်းခြင်းဆိုတာ ဘာလဲဆိုတဲ့ ခင်ဗျားရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ်မှာ မူတည်တယ်။ ဘေးရောက်စေတဲ့ အခြေအနေတွေကို ဆိုလိုတာလား။ တခြားလူတွေကို ဘေးရောက်အောင် ပြုလုပ်တဲ့ လူတွေကို ဆိုလိုတာလား။ အာဖရိကမှာ ခြင်္သေ့တွေက ဒရယ်လေးတွေကို ကိုက်သတ်ပြီးစားတယ်။ ဒရယ်တွေဘက်ကကြည့်ရင် ခြင်္သေ့ဟာ မကောင်းတဲ့သတ္တဝါပဲ။ တချို့တိရစ္ဆာန်တွေက လွန်လွန်ကဲကဲ လိုတာထက်ပိုပြီး သတ်ဖြတ်တယ်၊ ပျော်လို့ သတ်သတဲ့။ ခွဲစိတ်ဆရာဝန်တွေက လူတွေ နာကျင်မယ်သိလျက်နဲ့ ခွဲကြစိတ်ကြတယ်။ အားလုံးဟာ ရလာမဲ့ အကျိုးဆက်ပေါ် မူတည်တာပါပဲ။ ကလေးတစ်ယောက်ဟာ ယင်တစ်ကောင်ရဲ့အတောင်ပံကို ဆွဲနှုတ်နေတယ်။ မကောင်းဘူးလို့ သိမှမသိဘဲ။ ယင်ကောင်ဟာ စိတ်ဝင်စားစရာကောင်းတဲ့ ကစားစရာလေးပဲ။ လူကြီးတစ်ယောက် ဆိုရင်တော့ ဒီအပြုအမူဟာ သဘာဝမကျတဲ့ အပြုအမူပေါ့။

မေး ။    ။ ဘာသာတရားတွေအပေါ် ဆရာ့အယူအဆ။
ဖြေ ။     ။ ကိုးကွယ်တဲ့ ဘာသာတရားတွေက ဒီကမ္ဘာကို စွန့်လို့ရတဲ့ အရာတစ်ခုလို့ ယူဆကြတာက များတာပဲ။ အနာဂတ်ကမ္ဘာ၊ အနာဂတ်လောကကိုသာ မျှော်ကြတာပဲ။ ကွန်ဖျူးရှပ်ဝါဒလို ဘာသာတရားကတော့ ကျင့်ဝတ်နီတိကိုပဲ ဟောတယ်။ ဘာသာတရားတွေဟာ ဒေါင်လိုက်စနစ်တွေ၊ ဂေါ့ဒ်ကနေ အပေါ်ကနေ အောက်ကိုညွှန်တာချည်းပဲ။ ဘာသာတရားအများစုကတော့ တချို့ပုဂ္ဂိုလ်တွေကို အကောင်းဘက်အကျိုးဆက်တွေ ဖြစ်စေပါတယ်။ ကက်သလစ်ကောင်းတစ်ယောက် ဆိုပါစို့။ သိပ်လည်းမစဉ်းစားဘူး၊ ကောင်းကင်ဘုံရောက်ဖို့လည်း အလွန်မကြောင့်ကြဘူးဆိုရင် ဘာသာတရားကိုသက်ဝင်ရတာ ကောင်းတယ်။ တောင်တောင်အီအီစဉ်းစားတယ် ပဋိသန္ဓေတားခြင်းကိုဆန့်ကျင်လို့ ဖြစ်လာမယ့် မကောင်းတဲ့ အကျိုးဆက်တွေကိုလည်း သိတယ်ဆိုရင် ဘာသာတရားကို သက်ဝင်ယုံကြည်ခြင်းကနေ ဘာမှရမှာမဟုတ်ဘူး။ ဘာသာတရားကို သက်ဝင်ယုံကြည်ခြင်းရဲ့ ရလဒ်ကဘာတုန်း။

ဘာသာတရားတွေ ဘယ်ကရောက်လာတာတုန်း။ မေးခွန်းတွေရှိမှာပေါ့။ ဘာသာတရားတွေကို နှိုင်းယှဉ်လေ့လာပြီး ဖြေကြည့်တာပေါ့။

ဓမ္မဟောင်းနဲ့ ဓမ္မသစ်ကျမ်းတွေကို ဘယ်လိုများ ရေးခဲ့ပါသလဲ။ ဘယ်တုန်းက ရေးခဲ့ပါသလဲ။ ဘယ်သူက ရေးခဲ့ပါသလဲ။ သမိုင်းနောက်ခံက ဘယ်လိုပါလဲ။ ဒီမေးခွန်းတွေကို ကျုပ် အလွန်စိတ်ဝင်စားတယ်။ သမ္မာကျမ်းဟာ ဘုရားသခင်ရဲ့စကားပဲ။ ဘုရားသခင်ရဲ့ နှုတ်ကမြွတ်ဟတာတွေပဲ ရေးထားတာလို့ ယုံကြည်သူတွေအတွက်တော့ ဒါမျိုးကို လက်ခံနိုင်မယ်မဟုတ်ဘူး။

ဓမ္မဟောင်းကျမ်းတွေ ရေးခဲ့တုန်းက အခြေအနေတွေ အထူးအားဖြင်း အရှေ့အလယ်ပိုင်းရဲ့ နိုင်ငံရေးအခြေအနေတွေကို ယခု ကျုပ်တို့ သိကြပြီ။ ယခုတလောကမှတွေ့လာတဲ့ ခရစ်ဝင်ကျမ်းသစ်တွေကနေ ကျုပ်တို့ တော်တော်လေးကို သိလာကြပါတယ်။ ဥပမာ - စိန့်ဂျွန်ရဲ့ အရေးအသားတွေဟာ တော်တော်လေးကို ရွေးချယ်ထားတာကိုး၊ တရားနုတွေကို ပယ်ထားတာ၊ အားလုံးပယ်ထားတာပဲ သားရေစက္ကူလိပ်တွေထဲကျမှ ပြန်တွေ့တာ။ သမ္မာကျမ်းထဲမှာပါတဲ့ အပိုင်းက ပေါလ်နဲ့ တခြားသူတွေရဲ့ အရေးအသားတွေပဲ။ သူတို့ကပဲ ခရစ်ယာန်သာသနာဆိုတာ ဒါပါပဲလို့ ပြောလိုက်တာ။

ဗုဒ္ဓဘာသာက အတ္တ (self) ကို ငြင်းပယ်တယ်လို့ ကျုပ်ကို ပြောပြကြတယ်။ ကျုပ်ရဲ့ သိပ္ပံအမြင်နဲ့ အလွန်နီးစပ်ပါတယ်။ “အတ္တကို ငြင်းပယ်ခြင်း” ကပဲ တစ်ခုခုကို စတင်နိုင်တာမဟုတ်လား။ အရာမှန်သမျှဟာ အတွင်းနဲ့ အပ အကြောင်းတရားတွေက ပြဌာန်းတယ်၊ မူလက ဘာမှမရှိဘူး။

ကျုပ်က ပရက်စ်ဘိုင်တေးရီးယန်းတစ်ယောက်အနေနဲ့ ကြီးလာခဲ့ရတယ်။ ပြဌာန်းချက်အတိုင်းဖြစ်နေမှု (determination) ကို ယုံကြည်ခဲ့ရတယ်။ ကယ်ဗင်နစ်ဆင်း (calvinisim) ကိုလည်း ကျုပ် စိတ်ဝင်စားတယ်။ ဂုဏ်ကျက်သရေ (grace) ကို အလုပ်လုပ်ခြင်းအားဖြင့်ပဲ ရနိုင်သလား . . အဲဒီမေးခွန်းရဲ့ အဖြေကိုသိချင်တယ်။ အဲသလိုဆိုရင် ဂုဏ်ကျက်သရေဟာ ဂုဏ်ကျက်သရေ ဘယ်ဟုတ်မှာလဲ။ တစ်စုံတစ်ယောက်ဟာ ဆု (reward) အနေနဲ့ ကောင်းကင်ဘုံ ရောက်တာမှမဟုတ်တာ။ ကျက်သရေရှိဖို့အတွက် အလုပ်လုပ်တယ်ဆိုရင် ဘယ် ကျက်သရေရှိမှာလဲ။

မျှော်မှန်းပြီး လုပ်လို့ရတဲ့အရာဟာ ဂုဏ်ကျက်သရေ ဘယ်ဟုတ်မှာလဲ။ ဒေါ်လာတစ်ထောင်ရှိတဲ့ ပိုက်ဆံအိတ်တစ်လုံး ကောက်ရလို့ ရဲကိုသွားအပ်တဲ့အခါ ခင်ဗျားပဲ ယူလိုက်ပေတော့လို့ ရဲကပြောရင် . . ခင်ဗျားလုပ်တာက ဒေါ်လာ တစ်ထောင်ရချင်လို့လုပ်တာ မဟုတ်တော့ ခင်ဗျားအလုပ်က ကျက်သရေရှိတာပေါ့။ ခင်ဗျား ကျက်သရေရှိတာပေါ့။ အလုပ်ကြိုးစားလုပ်တယ်၊ ဒေါ်လာတစ်ထောင်ရတယ်၊ ဒီနှစ်ခုက အလွန်ကွာခြားတာပဲ။ ခင်ဗျားရတဲ့ အရသာချင်းလည်း ကွာမှာပဲ။

မိုဟာမက်၊ မီးနဲ့ ဓားအကြောင်းတော့ ကျုပ် နည်းနည်းပဲ သိပါတယ်။ အာရပ်တွေဟာ မိုဟာမက် ကျေနပ်စရာတွေကို အတိအကျလုပ်နေတယ်လို့ ကျုပ် ယူဆတယ်။ သူ့ကို မသက်ဝင်သူတွေကို များနိုင်သမျှများများ သတ်နေကြတယ်လေ။

ဘာသာတရားတွေဟာ ထင်ထင်ရှားရှားကိုပဲ အဆင့်ဆင့်ပြောင်းလဲနေကြတာပါပဲ။ ပစ္စုပ္ပန်ကိုလွန်ပြီးဟောတဲ့ သက်ဝင်ယုံကြည်မှုတစ်ခုခုမှ မရှိတဲ့ လူတစ်စုကို အပြုံလိုက်တွေ့ဖို့ မလွယ်ဘူး။ လူမှာ ယုံကြည်ကိုးကွယ်မှုတစ်ခုခု ရှိကို ရှိရမယ့်သဘာဝ ရှိနေတယ်ထင်ပါတယ်။

ဘာသာတရားမရှိရင် လူမှာ ဘာများဖြစ်မလဲ၊ မျက်စိတွေမပါများ မပါတဲ့ လူအကြောင်းကို ပြောရတာခက်တယ်။ မျက်စိမပါတဲ့ တိရစ္ဆာန်တွေတော့ ရှိတယ်။ သူတို့က သူတို့လမ်းသူတို့ တစ်နည်းနည်းနဲ့တော့ သွားနိုင်တာ တွေ့ရတယ်။

မေး ။    ။ လူ့သမိုင်းက ပုဂ္ဂိုလ်တစ်ဦးနဲ့ တွေ့ဖို့ဖြစ်နိုင်မယ်ဆိုရင် ဘယ်ပုဂ္ဂိုလ်ကိုများ တွေ့ချင်ပါသလဲ။
ဖြေ ။    ။ ကျုပ်ငယ်ငယ်ကတည်းက ဖရန်စစ်ဘေကွန်အကြောင်း ဖတ်ဖူးတယ်။ သူ့သိပ္ပံဒဿနနဲ့ ကျုပ်ရဲ့ သိပ္ပံဒဿနက တူတယ်။ ကျုပ်သူနဲ့ စကားပြောချင်တယ်။ သူလိုဖြစ်ချင်တာတော့ မဟုတ်ဘူးနော်။ သူ့နေပုံထိုင်ပုံစရိုက်ကို ကျုပ် မကြိုက်လို့ပါ။ သူပြောခဲ့တာတွေကို ပိုပြီးရှင်းလင်းအောင် ဟောပါအုံးလို့ မေးချင်တာကြောင့်ပဲ တွေ့ချင်တာပါ။ သူ့မှာ အလွန်အရေးကြီးတဲ့ အယူအဆတစ်ခု ရှိတယ်။ သဘာဝကိုစေစားဖို့ရာ သဘာဝကို နာခံရမယ် (Nature, to be commended, must be obeyed တဲ့) သဘာဝနဲ့ အလုပ်တစ်ခုခု လုပ်ဆောင်နိုင်ဖို့အတွက် ကျုပ်တို့က သဘာဝကို တုံ့ပြန်ရမယ်၊ အလွန်အရေးကြီးတဲ့ အယူအဆ။

သူ့အယူအဆနောက်တစ်ခုက “စာအုပ်ဟာ သိပ္ပံနောက်လိုက်ရမယ် သိပ္ပံဟာ စာအုပ်နောက် မလိုက်ရဘူး။ အကြောင်းခြင်းရာတွေရဲ့ ပကတိကိုရှာဖွေ၊ တစ်စုံတစ်ယောက်ရဲ့ စကားတစ်ခွန်းကို မယုံလိုက်လေနဲ့။” အလွန်အရေးကြီးတဲ့ နိယာမပေါ့။

မေး ။    ။ ခင်ဗျားအနေနဲ့ တစ်ခုခုကို ပြောင်းလဲပစ်နိုင်မယ်ဆိုရင် ဘယ်အရာကို ပြောင်းလဲချင်ပါသလဲ။
ဖြေ ။    ။ တစ်ခုပဲ အရွေးခိုင်းရသလားဗျာ။ ပညာရေးကိုတော့ ပြောင်းလဲပစ်ချင်ပါတယ်။ ယခုပညာရေးကို ကိုင်တွယ်ပုံက ဆိုးလွန်းလို့ပါ။ ကျုပ်က လောကကြီးတစ်ခုကို မျှော်ချင်တယ်။ အဲဒီမှာ လူတွေကို ပညာရေး၊ တိုင်ပင်ခြင်း၊ အကြံဥာဏ်ပေးခြင်း၊ ကုသခြင်းနည်းတွေနဲ့ပဲ အုပ်ချုပ်တယ်။

ကမ္ဘာကြီးကို ပြဌာန်းနေတဲ့ အဓိက အင်စတီကျူးရှင်းငါးခုရှိတယ်။ အစိုးရ၊ ဘာသာတရား၊ ဘောဂဗေဒ၊ ပညာရေးနဲ့ ကုသခြင်း (ကုသခြင်းဆိုတာ လူတွေနဲ့တိုင်ပင် လူတွေပြောတာ နားထောင်ပြီး အကြံဥာဏ်ပေးခြင်းကို ဆိုလိုတယ်။) ပဲ။ ပထမသုံးခုက ဗြောင်ကျတဲ့ နည်းတွေကို သုံးတယ်။ အစိုးရက မှားတဲ့အပြုအမူ၊ ဥပဒေနဲ့မညီတဲ့ အပြုအမူတွေကို အပြစ်ပေးတယ်။ ဘာသာတရားကတော့ ဆုပေးဒဏ်ပေးလုပ်တယ်။ စက်မှုလုပ်ငန်းတွေက ပစ္စည်းတွေနဲ့ လူတွေကို ခိုင်းတာပဲ။ အပြစ်လည်းပေးတာပဲ။ လူတစ်ယောက်က တနင်္လာနေ့ မနက်ကနေ သောကြာနေ့ ညနေထိ အလုပ်လုပ်တယ်ဆိုရုံနဲ့ လခရတာ မဟုတ်ဘူး။ ကြီးကြပ်သူတစ်ယောက်အောက်မှာ ကောင်းကောင်းမလုပ်ရင် အလုပ်ဖြုတ်ခံရမယ်။ လူဟာ ကျွန်တစ်ယောက်လိုပဲ နှင်တံကိုင်ထားတဲ့ သခင်တစ်ယောက်နဲ့။

ကျောင်းဆရာတွေနဲ့ အတိုင်ပင်ခံကုသပေးသူ (Therapists) တွေကျတော့ သူတို့အလုပ် အောင်မြင်ချင်ရင် တပည့်တွေ၊ လာတိုင်ပင်သူတွေကို အားရှိအောင် လုပ်ပေးရတယ်။ ကျောင်းသား တစ်ယောက်ဟာ စာအုပ်တွေဆီ ဆရာတွေဆီ ပြန်ပြန်လာနေရတယ်ဆိုရင် ဒီကျောင်းသားဟာ ကောင်းကောင်းအသင်မခံရလို့ပဲ။ စိတ်ကုဆရာဝန်ဆီ ပြန်လာနေရတဲ့ လူနာဟာ မပျောက်လို့ပဲ။ ကျုပ်စိတ်ထဲမှာရှိတဲ့ ကမ္ဘာကြီးဟာ လူတွေကို ထိန်းကွပ်ထားတဲ့ အလေ့အကျင့်တွေ မရှိတော့တဲ့ ကမ္ဘာကြီးဖြစ်တယ်။

မေး ။    ။ ယောက်ျားနဲ့ မိန်းမ အခြေခံအားဖြင့် ကွာခြားတယ်လို့ ယုံကြည်ပါသလား။
ဖြေ ။    ။ ပတ်ဝန်းကျင်ကြောင့်မဟုတ်တဲ့ ကွာခြားတာတွေ ရှိတယ်လို့ ကျုပ်ထင်တယ်။ သေချာပေါက်ကွာတာတစ်ခု ရှိတယ်လေ။ မိန်းမကပဲ ကလေးမွေးနိုင်တာလေ။ လိင်ကွာခြားမှုကြောင့် ခွဲခြားမှုတွေ အမြဲတမ်းရှိနေမှာ မဟုတ်ဘူးလို့ ကျုပ်ထင်တယ်။

မေး ။    ။ ခင်ဗျားအတွက် အရေးအကြီးဆုံးအရာက ဘာပါလဲ။ ခင်ဗျားရဲ့ သုတေသနလုပ်ငန်းလား၊ ခင်ဗျားရဲ့ မိသားစုလား။
ဖြေ ။    ။ ကျုပ်ကို နားမလည်ကြတဲ့ အလွန်အရေးကြီးတဲ့ မေးခွန်းပဲဗျ။ မွန်တိန်း (Montaigne) ကို မေးခွန်းတစ်ခု အမေးခံရဖူးတယ်လို့ ကျုပ်ထင်တယ်။ ခင်ဗျားရဲ့ စာအုပ်တွေကို မြေမြှုပ်ပစ်မှာလား ဒါမှမဟုတ် ခင်ဗျားရဲ့ ကလေးတွေကိုလားဆိုတဲ့ မေးခွန်းပေါ့ဗျာ။ မွန်တိန်းရဲ့ အဖြေက ကလေးတွေတဲ့။ (Would you rather bury your books or your children? Montaigne answered, "My children".)

ကျုပ်လည်းပဲ အလားတူ ကျုပ်သားသမီးတွေကို ပြောခဲ့ဖူးပါတယ်။ နှိုင်းယှဉ်ရရင် ကျုပ်ရဲ့ မျိုးဗီဇတွေထက်ပိုပြီး ကျုပ်ရဲ့စိတ်ကူးတွေနဲ့ ကမ္ဘာကြီးအတွက် ကျုပ် အလုပ်လုပ်နိုင်ခဲ့ပါတယ်။ ကျုပ် သားသမီးတွေကို အလွန်ချစ်ပါတယ်။ သူတို့ကို မြေမြှုပ်ပစ်မှာလည်း မဟုတ်ပါဘူး။ သို့ပေတဲ့ ဒီလိုရွေးချယ်မှုမျိုး ဘယ်တော့မှ မလုပ်ပါရစေနဲ့လို့ ဆုတောင်းမိပါတယ်။ ဒါပေတဲ့ ကျုပ်ခန္ဓာနဲ့ ကျုပ်စိတ်ကူး ရွေးရမယ်ဆိုရင်လည်း ကျုပ်ခန္ဓာကိုပဲ မြေမြှုပ်ပစ်မှာပါ။

အကယ်၍သာ နတ်ဆိုးတစ်ကောင်ပေါ်လာပြီး “ကျုပ် ခင်ဗျားကို ဘဝအသစ်တစ်ဖန်ဖြစ်အောင် လုပ်ပေးမယ်။ ပုံသွင်းခံရတာမျိုး မရှိတဲ့ ကလေးတစ်ယောက် ဖြစ်စေမယ် ခင်ဗျားအသက်ရှင်နေခဲ့ဖူးတယ်ဆိုတဲ့ အထောက်အထားတွေအားလုံးကိုလည်း ဖျောက်ဖျက်ပစ်မယ်” လို့ ပြောရင် ကျုပ်က ငြင်းမှာပဲ။ ကျုပ် ကံကောင်းတဲ့သူပဲ၊ ဒီနေရာက ကျုပ်အတွက်နဲ့ ကမ္ဘာကြီးအတွက် ကျုပ်ဘဝ အသစ်တစ်ဖန် ပြန်စမှာထက် အများကြီး အရေးကြီးပါတယ်။

1 comment:

Mar Nwe Aye said...

ချင်းတွင်းမှာပါတဲ့ အင်တာဗျူး.....မှတ်မှတ်ရရ ရထားစီးရင်း ဖတ်ခဲ့တာ။ သိပ်သဘောကျတော့ အိပ်ငိုက်နေကျ ခရီစဉ်တောင် မအိုက်ငိုက်ဖြစ်တော့ဘူး။