ဒဿနိကဗေဒကို တော်တော်ရှုပ်တဲ့ ဘာသာရပ်ဟု ပြောစမှတ်ပြုကြသည်။ တချို့ဆိုလျှင် ဘယ်လောက်ဖတ်ဖတ် နားမလည်ဘူးဟု ပြောင်ပြောင်တင်းတင်း ဝန်ခံကြသေးသည်။ မှန်ပါသည်။ ဒဿနိကဗေဒသည် အင်မတန်ရှုပ်ပါသည်။ ဝေါဟာရတွေကို စနစ်တကျလေ့လာသော ဘာသာရပ်လည်း ဖြစ်သောကြောင့် ဝေါဟာရများမှာ အင်မတန်နက်နဲပါသည်။ ထိုသို့ နက်နဲသော ဝေါဟာရများကို မြန်မာဘာသာသို့ ပြန်ဆိုရာတွင် မြန်မာဘာသာစကား၏ နက်နဲမှုကြောင့် ပို၍ပင် ရှုပ်ကုန်ပါတော့သည်။ ထို့ကြောင့် ဒဿနိကဗေဒကို နားမလည်ရသော အကြောင်းရင်း၏ လက်သည်မှာ စကားလုံးများပင် ဖြစ်သည်ဟု ဆိုပါရတော့မည်။
ဒဿနိကဗေဒအကြောင်းကို ရေးသားရာတွင် အချို့ဝေါဟာရများကို မြန်မာဘာသာသို့ ဖလှယ်ခြင်း မပြုဘဲ မူရင်း အင်္ဂလိပ်ဘာသာအတိုင်း ရေးသားလျှင် ပို၍သင့်တော်မည်ဟု ထင်ပါသည်။ ဘာသာစကားတစ်ခုမှ တစ်ခုသို့ ဖလှယ်ရာတွင် မူရင်းအဓိပ္ပါယ်ပျောက်ဆုံးမှု အနည်းငယ်ရှိပါသည်။ ဒဿနိကဗေဒ ဝေါဟာရတချို့ကို မြန်မာသာသာသို့ ပြန်ဆိုလိုက်သောအခါတွင် အဓိပ္ပါယ်သွေဖီသည်သာမက လုံးဝမတူတော့သည်များပင် ရှိသည်ကို တွေ့ရပါသည်။
ဥပမာအားဖြင့် ပလေတို၏ idea ကို မြန်မာလို စိတ်ကူးထည်များဟု ရေးသားလိုက်သည်မှာ လုံးဝကို အဓိပ္ပါယ်လွဲမှားသွားပါသည်။ ပလေတို၏ idea မှာ လူတစ်ဦးတစ်ယောက်၏ စိတ်ထဲတွင်ရှိသည့် စိတ်ကူးကို ဆိုလိုခြင်းမဟုတ်ပါ။ စင်စစ် စိတ်ကိုမှီခိုခြင်း မပြုသည်သာမက မည်သည့်အရာကိုမျှ မှီခိုခြင်း မရှိသည့် အရာများ၊ independent ဖြစ်သောအရာများပင် ဖြစ်သေးသည်။ ယေဘုယျနာမ်ဟု ပြန်ဆိုခြင်းမှာ အနည်းငယ် နီးစပ်သော်လည်း ရုတ်တရပ် ဘာကိုဆိုလိုမှန်း သဘောမပေါက်နိုင်ပါ။ မြန်မာလို ယေဘုယျ ဆိုသည့်စကားကို average နှင့်တွဲ၍ သဘောပေါက်တတ်သော်လည်း ပလေတို၏ idea မှာ average သဘောမဟုတ်ပါ။ idea ကို idea ဟုပြောတာက အကောင်းဆုံးဖြစ်မည်ဟု ထင်ပါသည်။
ဒေးကား သက်သေပြခဲ့သော God ကို ဘုရားသခင်ဟု ပြန်ဆိုခြင်းကိုလည်း သဘောမကျပါ။ ကျွန်တော့်ကဲ့သို့ လူပြိန်းတစ်ယောက်အနေနှင့် ဘုရားသခင်ဆိုလျှင် ခရစ်ယာန်ဘုရားသခင်ကိုသာ ပြေးမြင်မိပါသည်။ သို့သော် ဒေးကားပြောသည့် God မှာ ဘုရားသခင် မဖြစ်နိုင်ပါ။ ဘုရားသခင်ဆိုသည်မှာ သမ္မာကျမ်းစာတွင်ပါသည့် ကောင်းကင်ဘုံကိုကြီးစိုးသည့် မုတ်ဆိတ်မွှေးထူလပျစ်နှင့် ထာဝရတန်ခိုးရှင်ကြီး ဖြစ်ပါသည်။ ဂျာမန် Idealism ကိုလည်း အဘယ်ကြောင့် ဝိညာဏဝါဒဟု ပြန်ဆိုမှန်း ကျွန်တော်မသိသေးပါ။ ဝိညာဏဆိုတာ ဘာကိုပြောမှန်း ကျွန်တော်နားမလည်ပါ။ နောက်ထပ် Absolute God ကို အနန္တဝိဥာဏ်တော်ဟု အဘယ်ကြောင့်ပြောမှန်း မသိပါ။
ကျွန်တော်ပြောနိုင်သည်မှာ ဒဿနိကဗေဒ၏ God concept မှာ first cause, unmoved mover ကို ဆိုလိုခြင်း ဖြစ်ပါသည်။ အကြောင်းနှင့်အကျိုး သီအိုရီအရ အရာရာကို ပထမဆုံး စတင်ဖြစ်ပေါ်စေသည့်၊ ၎င်းအား ဖြစ်ပေါ်စေရန် အကြောင်းမလိုအပ်သည့် အကြောင်းတရားကြီးပင်ဖြစ်ပါသည်။ မုတ်ဆိတ်မွှေးနှင့် တန်ခိုးရှင်ကြီးမှာ ခရစ်ယာန်တို့၏ ပုံပြင်တွင်သာရှိပြီး တွေးခေါ်ပညာရှင်များ၏ ခေါင်းထဲတွင် နေရာယူနိုင်မည် မထင်ပါ။
စင်စစ် ဒဿနိကကျမ်းအချို့သည် မူရင်း လက်တင်၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ် ဘာသာစကားများမှ အင်္ဂလိပ်သို့ ပြန်ဆိုထားခြင်းများ ဖြစ်ကြပါသည်။ ထိုသို့ ပြန်ဆိုရာတွင်လည်း အဓိပ္ပါယ်သွေဖီမှုများ ရှိနိုင်မည်ဖြစ်သည်။ ထိုမှ တစ်ဆင့် မြန်မာဘာသာသို့ ပြန်ဆိုလိုက်ရာတွင် ပို၍ပင် ရှုပ်ထွေးကုန်တော့သည်။ ထိုသို့ ရှုပ်ရခြင်းမှာ မြန်မာတို့၏ ရှေးရိုးစွဲ ပါဠိစကားလုံး အသုံးအနှုန်းကြောင့်လဲ ပါဝင်သည်။ ကျွန်တော်တို့ကဲ့သို့ နောက်ပိုင်းမျိုးဆက် လူငယ်များမှာ ပါဠိစာလုံးများနှင့် မရင်းနှီးခဲ့ကြပါ။ ကုန်ကုန်ပြောရရင် အသံထွက်ဖို့တောင် ကြိုးစားယူရပါသည်။ ထို ပါဠိစကားလုံးများစွာ သုံးစွဲထားသော စာပေများကို စိတ်ဝင်စားရန်ဝေးစွ အသေအချာတောင် နားမလည်နိုင်ကြပါ။ ဘုန်းဘုန်းများရေးသော တရားစာအုပ်များတွင်လဲ ပါဠိစာလုံးများ ထူပိန်းအောင် တွေ့ရတတ်ပါသည်။ များသောအားဖြင့် နားမလည်ပါ။ ဘုန်းဘုန်းပြောသမျှ ဟုတ်ပါ့ ဆိုသော သူများအတွက်တော့ အဆင်ပြေသော်လည်း နားလည်ချင်စိတ်ရှိသူများမှာ အခက်တွေ့ကုန်ပါသည်။ ထို့ကြောင့် စာရေးဆရာများနှင့် ဘုန်းဘုန်းများ ပါဠိရှောင်စေချင်ပါသည်။
အမှန်တကယ်တွင် ဒဿနိကဗေဒသည် ခက်ခဲသော ဘာသာရပ်တစ်ခု မဟုတ်ပါ။ လူတိုင်းနှင့် အကျွမ်းတဝင်ရှိသော ဘာသာရပ် ဖြစ်ပါသည်။ လူဆိုသည်မှာ ငယ်စဉ်ကတည်းက လောကကို စူးစမ်းလိုသောစိတ် ရှိကြပါသည်။ ထိုသို့ လောက၏ အမှန်တရားများကို စနစ်တကျလေ့လာသော ဘာသာရပ်မျိုးကို လူထုအတွက် လွယ်လွယ်ကူကူ ချပြလာနိုင်သော တစ်နေ့တွင် လူတိုင်း ဘဝကို အလေးအနက်ထားကာ အတွေးအခေါ် ရွှေခေတ်ရောက်သော နေ့ရက်များ ရောက်လာနိုင်လိမ့်မည်ဟု ထင်ပါသည်။
1 comment:
The first thing that pop up into my mind when I read your article was the title "Lost in Translation".
I do admit that Pali words are often beyond my comprehension. However, the linguistic nature of Pali is too useful to avoid using them. In addition, Pali would likely to disappear if we stop using them.
Philosophy itself is a complicated subject matter not only because of the words and terms but also because of the unconventional ideas that it embraced.
Post a Comment