Friday, October 1, 2010

အချစ်၊ ဘာလဲ ဘယ်လဲ

ရည်ညွှန်း - မော်မော်သင်း။ ။ သူရဲကောင်း၏ မိုးစက်ပွင့်များ၊ ရှုမ၀မဂ္ဂဇင်း၊ ၁၉၈၂၊ မေလ၊

ဆိုရှယ်လစ် သရုပ်မှန်စာပေ။ ရေးသောခုနှစ်မှာ ၈၂ ခုနှစ်ဖြစ်သောကြောင့် ဆိုရှယ်လစ်ခေတ်အတွင်းတွင် ဇာတ်အိမ်တည်ထားသည်။ ထို့ကြောင့် “ပြည်သူ”၊ “ပစ္စည်းမဲ့လူတန်းစား”၊ “ဘဝမဆန်ဘူး” စသည့် အသုံးအနှုန်းတွေကို တွေ့ရသည်။ ဆိုရှယ်လစ်စနစ် အတွင်းမှာ ဖြစ်တည်နေသော ချစ်ခြင်းမေတ္တာအကြောင်းကို အဓိက ဖော်ကျူးထားသည်။ ရသအပိုင်းမှာ ပြောစရာမရှိ။ သာမန်ရိုးကျ အချစ်ဇာတ်လမ်းတွေကို သဘောကျသော ချာတိတ်တွေ၊ ချာတိတ်မတွေ အကြိုက်ဖြစ်ပါလိမ့်မည်။ တစ်ခါတစ်ရံ စာရေးဆရာ၏ ခေတ်ကို လှောင်နေသော အသံကို ကြားရသည်။ “သူတို့သည် ရုပ်ရှင်ကြည့်လျှင်လည်း ငါးကျပ်တန်းကမှ၊ ဟင်းမကောင်းလျှင် ထမင်းမစားချင်ကြ၊ လက်ဖက်ရည်ဆိုင်ထိုင်ရင်း အချိန်မှန်သမျှကို ရေရာသောအလုပ် ဘာမျှမရှိဘဲ ပစ္စည်းမဲ့လူတန်းစားအတွက်ဟုဆိုကာ ဖြုန်းနေကြလေသည်။” စသည့် စာကြောင်းများတွင် တွေ့ရသည်။


ဤ ဝတ္ထုတိုမှာ နှစ်ဆယ်ရာစုမှ လူငယ်တွေအကြိုက် ဖြစ်နိုင်သော်လည်း အခုခေတ် (တိုးတက်တဲ့ အမြင်ရှိသော) ခေတ်ပြိုင်လူငယ်တွေ၏ အကြိုက်ဖြစ်နိုင်သလားဆိုသည်မှာ စဉ်းစားစရာပင်။ ချစ်ခြင်းမေတ္တာ၏ နက်ရှိုင်းပုံ၊ အမှတ်တမဲ့မှ အမှတ်တရ ဖြစ်သွားပုံ စသည်တို့အား ဖွဲ့ထားသည်။ လူ့အဖွဲ့အစည်း၌ ချစ်ခြင်းမေတ္တာသည် ကြီးမားတဲ့ အခန်းကဏ္ဍတွင် ရှိသည်ဟု ပြောချင်တာထင်သည်။ ထိုစဉ်တုန်းကမူ ဒါဟာ အမှန်တရားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပိတ်မိနေသည့် ဆိုရှယ်လစ် လူ့ဘောင်အတွင်း၌ အချစ်သည် ဖြေဆေးတစ်ခု ဖြစ်ခဲ့သည်။ ကန့်သတ်ခံထားရသော ဆိုရှယ်လစ်စနစ်အောက်တွင် လူသားသည် တစ်သီးပုဂ္ဂလဆန်လာသည်။ တစ်ချိန်တည်းမှာပင် သူသည် လူ့အသိုင်းအဝိုင်းထဲကို တိုးဝင်ချင်နေသည်။ ထို စိတ်နှစ်ခု၏ အားပြိုင်မှုကြောင့် သူ့၏ နှလုံးသားမှာ ပင်ပန်းလာသည်။ ထိုအချိန်တွင် အချစ်သည် ဖြေဆေးတစ်လက် ဖြစ်လာသည်။ ထို့ကြောင့် နှစ်ဆယ်ရာစု မြန်မာတွေသည် အချစ်ကို ကိုးကွယ်ခဲ့ကြသည်။

သို့သော် အခုခေတ်ပြိုင် လူ့အဖွဲ့အစည်းသည် ပြောင်းလဲသွားပြီ ဖြစ်သည်။ ကမ္ဘာကြီးသည် ပြောင်းလဲသွားပြီ ဖြစ်သည်။ လွတ်လပ်သော အတွေးအခေါ်တွေနှင့် အတူ အမှန်တရားတွေသည် ပြောင်းလဲခဲ့ပြီ။ အချစ်သည် အရင်ကလောက် ဘဝတွင် အရေးပါသော အရာတစ်ခု မဟုတ်တော့။ လွတ်လပ်သော လူသားတွင် ရွေးချယ်စရာတွေ အများကြီး ရှိလာပြီဖြစ်သည်။ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပေါ့ပ်ယဉ်ကျေးမှု စတာတွေနှင့် အလုပ်ရှုပ်နေသည့် အတွက် အချစ်ပေါ်တွင် လေးနက်မှု လျော့လာသည်။ ထိုအရာတွေဟာ အချစ်၏ နေရာကို ယူလာကြပြီ ဖြစသည်။ လွတ်လပ်သော နိုင်ငံအချို့မှာဆိုရင် အချစ်သည် လိင်ပိုင်းဆိုင်ရာ တပ်မက်မှုတစ်ခု သာသာပဲ ကျန်တော့သည်။ အချစ်ကို ကိုးကွယ်တယ်ဆိုသည်မှာ ဟာသတစ်ပုဒ်လို ဖြစ်လာပြီ။

ထို့ကြောင့် ယခုလို အချစ်ကို ကိုးကွယ်သည့် အရေးအသား၊ အနုပညာတွေသည် အခု ခေတ်ပြိုင်လူငယ်တွေအပေါ်တွင် လွှမ်းမိုးမှု လျော့နည်းလာပေပြီ။ အခုခေတ် ကိုရီးယားကားတွေတောင်မှ ဆောင်းဦးရွက်ကြွေလို အချစ်သက်သက် ဇာတ်လမ်းမျိုးထက် ဂျူမုံလို နိုင်ငံရေး အရှုပ်အထွေးပါတဲ့ ဇာတ်လမ်းမျိုးကို ပိုပြီး သဘောကျလာကြပြီ မဟုတ်ပါလား။

No comments: