တစ်အိမ်လုံးတွင် အခန်းလေးတစ်ခန်းမှ လွဲ၍မှောင်နေသည်။ ကွန်ပြူတာမှ သီချင်းသံတိုးတိုးလေး ထွက်နေသည်။ ကုလားထိုင်ပေါ်တွင် ကောင်လေးတစ်ယောက် ယန်းပေါလ်ဆာတ်၏ “နော့်ဆီယာ” (Nausea) စာအုပ်ကို ဖတ်နေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်သက်။ ကားတစ်စီးနှစ်စီး လမ်းမပေါ်တွင် ဖြတ်သွားသံကို တစ်ခါတစ်ရံ ကြားရသည်။ ပူနွေးသော ရန်ကုန်မြို့၏ ညသန်းခေါင်ယံ သို့မဟုတ် မိုးသောက်ယံအချိန်တွင် တိုက်ခန်းတစ်ခန်းအတွင်း၌ အသက်ဝိဥာဉ်ကင်းမဲ့နေသလိုပင် ထင်နေရသည်။ ဒီနေ့သည် ဇန်နဝါရီလ ၁၇ ရက် ဖြစ်သည်။ ယနေ့မှစ၍ လွန်ခဲ့သော ၁၇ နှစ်တိတိ နံနက် ၀:၂၂ တွင် ထို “စာဖတ်သူ” ကောင်လေးကို မွေးဖွားခဲ့သည်။ ထို့ကြောင့် ယနေ့သည် ထိုကောင်လေး၏ မွေးနေ့ဟု သတ်မှတ်ကြသည်။ သတ်မှတ်ထားပါသည်။
သတ်မှတ်ချက်များကို မေးခွန်းထုတ်လေ့ရှိသော ထိုကောင်လေးသည် သူ၏ မွေးနေ့အပေါ်တွင် သံသယ ဝင်ခဲ့ပါသည်။ လူတစ်ယောက်မွေးနေ့ဆိုသည်မှာ ထိုလူတစ်ယောက် လောကကြီးအတွင်းသို့ ရဲရဲဝံ့ဝံ့ ဝင်ရောက်လာသော နေ့သာ ဖြစ်သင့်သည်။ ထိုသို့ဆိုလျှင် ထိုကောင်လေး ယခုချိန်ထိ မမွေးဖွားသေး။ သူသည် သူ့ကမ္ဘာကျဉ်းကျဥ်းလေး၊ ပတ်ဝန်းကျင် သေးသေးလေး အထဲတွင်သာ အချိန်ဖြုန်းခဲ့သည်မှာ ၁၇ နှစ်တိုင်ခဲ့ပြီ။ မည်သို့ပင်ဖြစ်စေ ယနေ့သည် ထိုသို့ အချိန်ဖြုန်းခဲ့သော ၁၇ နှစ်မြောက် အထိမ်းအမှတ်နေ့အဖြစ်တော့ အနည်းဆုံး သတ်မှတ်၍ ရနိုင်ပါသေးသည်။
ကောင်လေး များသောအားဖြင့် အချိန်ဖြုန်းလေ့ရှိသော ဆိုက်ဘာစပေ့စ် (Cyber-Space) ခေါ် အင်တာနက် မှ အပေါင်းအသင်းများကလည်း ကောင်လေး၏ မွေးနေ့အား အသိအမှတ်ပြုသော အားဖြင့် Happy Birthday ဟူသော စာသားများ လက်ဆောင်ပို့ပေးကြသည်။ ထိုသူများအား သူ ကျေးဇူးတင်မိပါသည်။ စိတ်ထဲမှ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ထို Birthday Wish စာသားများသည် သူ၏ ဖြစ်တည်မှု၊ တည်ရှိမှုကို အသိအမှတ်ပြုသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။ သို့သော် သူ၏ ဖြစ်တည်မှုသည် အဓိပ္ပာယ်မဲ့သော၊ ပျင်းရိဖွယ်ကောင်းသော၊ “တစ်နေ့သေရန်” ဟူသော ရည်ရွယ်ချက်မှ လွဲ၍ အခြားမရှိသော ဖြစ်တည်မှု သက်သက်သာ ဖြစ်သည်။ လူသား၏ ဖြစ်တည်မှုအပေါ် မေးခွန်းထုတ်ရင်းနဲ့ပင် သူ့ဖြစ်တည်မှုအပေါ် အနည်းငယ် မုန်းတီးမိပါသည်။
သူ့အား အသိအမှတ်ပြုပေးသူများကို ကျေးဇူးတင်ရင်းနှင့်ပင် ယနေ့အတွက် ကျေးဇူးတင်စရာ အကောင်းဆုံး လူသားနှစ်ယောက်ကို သူသတိရလိုက်မိပါသည်။ အဖေနှင့် အမေပင် ဖြစ်ပေတော့သည်။ မိဘများသည် သူ့အား မွေးဖွားပေးခြင်း ဟူသော အချက်တစ်ခုတည်းနှင့်ပင် ကျေးဇူးရှင်စာရင်း၌ အော်တိုမက်တစ် ဝင်ရောက်သွားကြသော ဤလောကရှိ နှစ်ယောက်တည်းသောသူများသာ ဖြစ်ပေသည်။ သူပြုံးမိလိုက်ပါသည်။ “ကျေးဇူးတရား” ဆိုသော စကားလုံး၏ အနက်အဓိပ္ပာယ်ကို လုံးစေ့ပတ်စေ့ပင် နားမလည်သေးသော သူက လူတကာကို ကျေးဇူးတင်ပါသည် လျှောက်ပြောနေခြင်းသည် အဓိပ္ပာယ်ရှိသော ကိစ္စတစ်ခုဖြစ်သည်မဟုတ်ပေ။ သို့သော် သေချာပါသည်။ ဤလောကတွင် “သူ” ဟူသော လူသားတစ်ယောက် ရှိနေသည်ဟု သက်သေပြနိုင်သော လူများ ရှိနေသည့်အတွက် ထိုလူများကို သူ ကျေးဇူးအထူးတင်ရှိပါသည်။
အဝေးမှ ငှက်အော်မြည်သံအချို့ ကြားနေရပြီ။ ဆောင်းတွင်းဖြစ်သောကြောင့် နေထွက်နောက်ကျသော်လည်း ပတ်ဝန်းကျင်၌ အမှောင်ထု တဖြည်းဖြည်း အင်အားလျော့လာပြီ။ လောကသည် နံနက်ခင်းဖြင့် နေ့သစ်တစ်ခုကို စတင်တော့မည်။ တကယ်တော့ သူ့ဘဝသည် နံနက်ခင်းသို့ ရောက်နေပါပြီ။ သို့သော် ဘဝကို စတင်ရမည့် သတ္တိနှင့် အစွမ်းအစ သူ့တွင် လိုအပ်နေသေးသည်။ ကြက်ဖတစ်ကောင် အားနှင့်မာန်နှင့် တွန်နေသည်မှာ လူတို့ကို “နိုးထလော့ အိပ်ရာမှထကြလော့” ဟု နှိုးဆော်နေသလားလို့တောင် ထင်ရပေသည်။ ပတ်ဝန်းကျင်သည် အားသစ်မာန်သစ်နှင့် နေ့သစ်ကို ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီ။ သူကော??? မသေချာသေး။ နေ့သစ်ကို ရင်ဆိုင်ရမှာ မဝံ့မရဲ ဖြစ်နေသည်။ ရွေးချယ်မှုအချို့ကို ပြုလုပ်ပြီးသော်လည်း ဖြစ်လာမည့် အကျိုးဆက်ကို ရင်ဆိုင်ရန် သတ္တိနည်းနေသည်။ ဘာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်. . . နံနက်ခင်းသို့ ရောက်ပေပြီ။ ဝရန်တာမှထွက်၍ လောကအား “မ င်္ဂ လာ နံ န က် ခ င်း ပါ” ဟု အော်ဟစ် နှုတ်ဆက်လိုက်လေသည်။

No comments:
Post a Comment