Wednesday, January 20, 2010

မင်္ဂလာရှိသော ညနေခင်း

`ဟိတ်´.. ခပ်ဆတ်ဆတ် ဟောက်လိုက်သံကြောင့် သူလန့်ပြီး မော့ကြည့်သည်။ နည်းနည်းတော့ ကြောက်သွားပုံရသည်။ ထည့်လက်စ ပလတ်စတစ်အိတ်လေးကို လုံး၍ ကိုင်လိုက်သည်။ ဘေးနားတွင် ချထားသော ခြင်းကို ကောက်လွယ်ပြီး ပြေးဟန်ပြင်သည်။ `ဟိတ်နေဦး´.. ကျွန်တော်အသံမာမာနှင့် ပြောလိုက်သောကြောင့် သံလိုက်နှင့် အဆွဲခံရသလို တန့်သွားသည်။

`ဒီ ခွက်ထဲကထမင်းတွေမင်းနေ့တိုင်းယူနေတာလား´

သူခေါင်းညိတ်ပြသည်။

`ဒါခွေးစားဖို့ထည့်ထားတာကွ မင်းသိလား´

သူဒုတိယအကြိမ်ခေါင်းညိတ်ပြသည်။



`ဘာလဲ မင်းအိမ်မှာခွေးမွေးထားတာရှိလို့လား´

သူခေါင်းခါသည်။ ကျွန်တော်စိတ်မရှည်တော့။

`မင်းခေါင်းညိတ်ခေါင်းခါပဲလုပ်တတ်တာလား စကားမပြောတတ်ဘူးလား´

သူဘာမှပြန်မပြော.. မျက်လုံးထဲတွင်တော့မျက်ရည်တွေဝဲလာသည်။

`ပြောလေကွာ´

`ဟို… ဟို´

အထစ်ထစ် အငေါ့ငေါ့အသံထွက်လာသည်။

`ဒါတွေမင်းဘာလုပ်မလို့လဲ ပြောစမ်းပါကွာ ဘာလုပ်မလို့လဲ´

`ဟို ကျွန်တော်တို့စားဖို့ပါ´

`ဘာ´

သူ့ကိုအော်ခြင်းမဟုတ်.။ ကျွန်တော် လန့်သွား၍ ဒီလောက် ကျယ်သွားခြင်း ဖြစ်သည်။ နားကြားလွဲသွားသည် ထင်၍ သေချာအောင် ထပ်မေးလိုက်သည်။

`စားဖို့ ဟုတ်လား´

သူခေါင်းညိတ်လျက်ပြောသည်။
`ဟုတ် ဟုတ်ပါတယ် ကျွန်တော်ရယ် ကျွန်တော့်အမေရယ် ကျွန်တော့်ညီမလေးရယ် စားဖို့ပါ။ ကျွန်တော်အမေက မကျန်းမာတာ ကြာပါပြီ။ တစ်ခါတစ်ခါ သွေးအန်ရင် အများကြီးပဲ။ အခုလဲ ညက သွေးအန်ထားလို့ မောကျန်ရစ်ပါ တယ်။ ညီမလေးကတော့ ငယ်သေးတော့ ဘာမှ မလုပ်နိုင်သေးဘူး´

သူငိုသံလေးနှင့်ရှင်းပြသည်။ ကျွန်တော်သိချင်တာကိုမေးလိုက်သည်။

`မင်းတို့အဖေရော´

`ကျွန်တော်တို့ တောမှာနေတုန်းက ပိုးထိပြီး သေသွားပါပြီ…။ အဖေသေတော့ ကျွန်တော်တို့သားအမိ မလုပ်တတ်မကိုင်တတ်နဲ့ အားကိုးမရှိ ဖြစ်နေတုန်း မြို့အမေ့ညီမက ဒီကို ပြောင်းလာခဲ့ကြ၊ ဒီကျမှကြည့်လုပ်ကိုင်စားကြမယ် ဆိုလို့ ကျွန်တော်တို့သားအမိ မြို့တက်လာတာ၊ ဒီလဲရောက်ရော အဒေါ့်အလောင်းပဲတွေ့ရတယ်´

`ဟေ.. ဘယ်လိုဖြစ်လို့လဲကွ´

`သူကလဲ ရောဂါသည်ပဲ၊ ယောက်ျားနဲ့ကွဲနေတာကြာပြီ၊ သားသမီးကလဲမရှိတော့ ပြုစုမယ့်သူမရှိဘူးပေါ့၊ ကျွန် တော်တို့မရောက်ခင် တစ်ရက်ကပဲအဒေါ်ဆုံးတာ´

`အားပါး ဆိုးလှချည်လား´

`ဒါနဲ့ရောက်တဲ့အတူမထူးဘူးဆိုပြီးအဒေါ့်တဲလေးပေါ်မှာပဲနေပြီးကျရာအလုပ်ကိုလုပ်စားနေရတာပါ´

`သြော်´

`ကျွန်တော်ပလတ်စတစ်လိုက်ကောက်တာတစ်နေ့ဆန်တစ်ပြည်ဖိုးတောင်မရပါဘူး´

`အင်းပေါ့´

`ဒါကြောင့်ဒီခွက်ထဲကထမင်းတွေကိုကျွန်တော်ပလတ်စတစ်ထဲထည့်ယူမိတာပါ´

သူကသူ့ဘ၀ကိုရှင်းပြရင်းအပြစ်ကိုဝန်ခံသည်။ ကျွန်တော်လည်းအတော်လေးစိတ်ထိခိုက်သွားသည်။

`ဒါနဲ့ မင်းလောက်ရောလား´

`ဒီလိုပဲ အိမ်တွေက စွန့်ပစ်ထားတဲ့ ထမင်းကို ကျွန်တော် လိုက်ကောက်၊ အိမ်ပြန်ရောက်တော့ ရေပြန်ဆေးပြီး အ ခြောက်လှန်းထား၊ နောက်တနေ့ ပြန်ချက်စားနဲ့ ဆန်ဖိုးတော့ မပူရပါဘူး ကျွန်တော်တို့ သားအမိ သုံးယောက်စာ လောက်ပါတယ်´

`ဟုတ်လား´

`ဒီပလတ်စတစ်လိုက်ကောက်ရောင်းတာလေးကငါးပိဖိုး၊ ဟင်းရွက်ဖိုးတော့ရပါတယ်´

အရှည်ကြီးရှင်းပြရ၍ မောသွားသည် ထင်သည်။ ညှိုးနွမ်းနေသည့် သူ့မျက်နှာကိုကြည့်ပြီး ကျွန်တော်ဘာပြန်ပြောရမှန်းမသိ။ အရွယ်နှင့် မလိုက်အောင် လောကဓံ၏ ဖိစီးမှုကိုခံနေရသည့် ကောင်လေးကို ကျွန်တော် သနားသွားသည်။ ကျွန်တော့်ထက် အလွန်ဆုံးငယ်လှ ငါးနှစ်ပေါ့။ စောစောက အော်လိုက်မိတာကိုတောင် စိတ်မကောင်း ဖြစ်မိသွားသည်။ နောက်ဆုံး ကျွန်တော်မနေနိုင်တော့။ `လာ.. လိုက်ခဲ့´ အိမ်ပေါ်သို့ခေါ်ကာ သူ့အား ထမင်းတစ်နပ် ကျွေးလိုက်သည်။ အစကတော့ သူ ငြင်းနေသေးသည်။ နောက်တော့ ဗိုက်ဆာနေ၍လားမသိ၊ ခေါင်းမဖော်ပဲ စားတော့သည်။ သူ စားပြီးနောက် အိမ်မှမုန့်များကို ထည့်ပေးလိုက်သည်။ ကိုယ်ကလည်း ဒါပဲ ကူညီနိုင်သည် မဟုတ်ပါလား။ သူကတော့ ကျေးဇူးတင်သည့် အကြောင်း အခေါက်ပေါင်းများစွာ ပြောသွားသည်။ ကျွန်တော်ကတော့ သူ့ဘ၀ရှေ့ရေးကို တွေး၍ ရင်လေးမိသည်။ စုတ်ပြတ်ထွက်နေသည့် အင်္ကျီလေး၊ ညစ်နွမ်းနေသည့် ဘောင်းဘီတိုနှင့် ခြင်းလေးကိုလွယ်လျက် တဖြည်း ဖြည်းထွက်သွားသော ကောင်လေးကိုကြည့်ရင်း…….

1 comment:

little brook said...

သုခမြို့တော် ...