Sunday, January 31, 2010

နှစ်ဆယ့်တစ်ရာစု ပြိုလဲခြင်း

နှစ်ဆယ့်တစ်ရာစုကို ရောက်လာခဲ့တာ ဆယ်စုနှစ်တစ်ခု ကျော်လာခဲ့ပြီ။ ဒါပေမဲ့ ဒီဆယ်စုနှစ်တစ်ခုဟာ လွန်ခဲ့တဲ့ အနှစ်ငါးဆယ်ထက် ကမ္ဘာကြီးကို ပိုမို အသွင်ပြောင်းစေခဲ့တယ်။ နှစ်ဆယ့်တစ်ရာစုဟာ လူသားမျိုးနွယ်ကို နှစ်ဆယ်ရာစုထက် ပိုမို ခြိမ်းခြောက်နိုင်လာခဲ့ပြီ။ နှစ်ဆယ်ရာစုကို ကြည့်လိုက်ရင် ကမ္ဘာစစ်တွေ၊ အယူဝါဒတိုက်ပွဲတွေ၊ တော်လှန်ရေးတွေနဲ့ ကမ္ဘာ့သမိုင်း စာမျက်နှာကို ချယ်လှယ်နိုင်ခဲ့ပေမယ့် ဒါတွေကို ကျွန်တော်တို့ ဖြတ်ကျော်နိုင်ခဲ့ကြတယ်။ အဲဒီအဖြစ်အပျက်တွေရဲ့ ရလဒ်ဟာ နှစ်ဆယ့်တစ်ရာစုမှာ အရိပ်ထင်လာခဲ့တယ်။ နှစ်ဆယ့်တစ်ရာစုဟာ လူသားမျိုးနွယ်ကို ဆိုးဝါးတဲ့ နမိတ်ပုံတွေနဲ့ စတင်လာခဲ့တယ်။ ကမ္ဘာမြေနဲ့ လူသားတို့ရဲ့ ရှင်သန်ရေးတိုက်ပွဲ (survival quest) မှာ ကမ္ဘာမြေဟာလည်း လူသားမျိုးနွယ်ကို ပြန်လည် တိုက်ခိုက်လာခဲ့တယ်။

လူသားနဲ့ ကမ္ဘာမြေတို့ရဲ့ စစ်ပွဲမှာ ကမ္ဘာမြေက လူသားတို့ကို တန်ပြန်ထိုးစစ် (counter attack) နဲ့သာ တိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် နှစ်ဆယ့်တစ်ရာစုအစမှာ ကမ္ဘာမြေရဲ့ ဗျူဟာ အပြောင်းအလဲကို ကျွန်တော်တို့ ခပ်ရေးရေး မြင်လာခဲ့ရတယ်။ ခံစစ်ကနေ ထိုးစစ် အနေအထားကို ပြောင်းလဲလာတာ တွေ့ရတယ်။ ကျွန်တော်တို့ လူသားတွေကို နှစ်ဆယ့်တစ်ရာစုဟာ ပထမဆုံးနေ့မှာတင် Y2K ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရစေတယ်။ ဒါဟာ လူသားမျိုးနွယ်တစ်ရပ်လုံးကို တုန်လှုပ်သွားခဲ့စေပေမယ့် Y2K ပြဿနာဟာ နောင်လာမယ့် အခက်အခဲများစွာရဲ့ ရှေ့ပြေး နိမိတ်ပုံအဆင့်သာ ရှိပါတယ်။



နှစ်ဆယ်ရာစု စက်မှုတော်လှန်ရေးရဲ့ အကျိုးဆက်အနေနဲ့ ကျွန်တော်တို့လို နှစ်ဆယ့်တစ်ရာစု လူသားတွေဟာ ကမ္ဘာကြီးပူနွေးလာတဲ့ ပြဿနာနဲ့ ထိပ်တိုက်ရင်ဆိုင်ရလာတယ်။ ပထဝီအနေအထားအရ လုံခြုံမှု ပြည့်ဝတဲ့ မြန်မာလို နိုင်ငံမျိုးမှာတောင် မာလာ၊ နာဂစ် စတဲ့ သမိုင်းဝင် မုန်တိုင်းတွေ ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ ဝင်ရောက်ခဲ့တယ်။ မီးတောင်တွေ ပေါက်ကွဲတယ်။ ငလျှင်ဆိုတာ ဖြစ်နေကျ ကိစ္စတစ်ခုလို ဖြစ်လာတယ်။ မြန်မာမှာ မုန်တိုင်းတိုက်နေတုန်း တရုတ်မှာ ငလျှင်အကြီးအကျယ်လှုပ်တယ်။ ဆူနာမီဆိုတဲ့ စံချိန်တင် ရေလှိုင်းတွေ မကြာမကြာ မြင်လာရတယ်။ လောလောဆယ်မှာပဲ ဟီတီမှာ ငလျှင်လှုပ်တဲ့ကိစ္စမှာ ကယ်ဆယ်ရေးတွေ မလောက်ဘူးဆိုတာတွေ ကြားနေရတယ်။ ကမ္ဘာဟာ လူသားကို နှစ်ဆယ့်တစ်ရာစုမှာ အပြင်းထန်ဆုံး တိုက်ခိုက်လာပြီဖြစ်တယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်တာ ကာလအတွင်းမှာပဲ စစ်ပွဲတွေ၊ အကြမ်းဖျက်မှုတွေ ယခင်ကထက် ပိုမို များပြားလာခဲ့တယ်။ ၉/၁၁ အကြမ်းဖက်မှုဟာ အမေရိကန်ကို မီးမွှေးပေးလိုက်သလိုဖြစ်သွားတယ်။ သူ့ဟာသူ စစ်ဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းကို အမေရိကန်၊ အင်္ဂလန်တို့ ဝင်လာခဲ့တယ်။ အီရတ် ကျူးကျော်စစ် ဖြစ်ပွားတယ်။ ထိုအချိန်မှစပြီး ကမ္ဘာမှာ အမေရိကန်ဟာ အာဏာရလာခဲ့တယ်။ အမေရိကန်က ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ ကြံစည်နေတယ် ဆိုတဲ့ အသံတွေတောင် ကြားလာရတယ်။ မြန်မာကိစ္စနဲ့ တရုတ်နဲ့ အမေရိကန် ထသတ်မလို ဖြစ်သေးတယ်။ အရင်က ငြိမ်နေတဲ့ မြောက်ကိုရီးယားဟာလည်း နျူကလီးယားတွေ ဘာတွေစမ်းပြီး တစ်စခန်းထလာတယ်။ နှစ်ဆယ့်တစ်ရာစုရဲ့ လေထုထဲမှာ စစ်ရိပ်စစ်ငွေ့တွေဟာ နေရာအနှံ့ ပြန့်နှံ့နေခဲ့တယ်။ ကမ္ဘာကြီးဟာ ဓာတ်ငွေ့တွေ ပြည့်နေတဲ့ အခန်းလိုပဲ၊ မီးစလေး တစ်ခုရလိုက်တာနဲ့ ထပြီး ပေါက်ကွဲမယ့် အနေအထားဟာ ဆယ်နှစ်တာ ကာလအတွင်းမှာ ရောက်လာခဲ့တာ အံ့သြစရာပဲ။

ကမ္ဘာ့စီးပွားရေးဟာလည်း ချွတ်ခြုံကျလာတော့တယ်။ စီးပွားပျက်ကပ် တစ်ကမ္ဘာလုံးမှာ ဆိုက်လာတယ်။ တစ်ချို့ ကမ္ဘာ့ သူဌေးကြီးတွေ တောင်းစားရမယ့် အခြေအနေဖြစ်ကုန်တယ်။ ကမ္ဘာ့အကြီးဆုံး ဘဏ်တွေ လမ်းဘေးရောက်သွားတယ်။ ဆိုရှယ်လစ်တော်လှန်ရေးမှာ ပပျောက်သွားပြီလို့ ထင်ခဲ့ရတဲ့ အရင်းရှင်စနစ် ပြန်ပြီး ဦးမော့လာတယ်။ လူတန်းစား ကွာခြားချက်ဟာ တဖြည်းဖြည်း ကြီးမားလာပြီး လူဆင်းရဲနဲ့ လူချမ်းသာပဲ ကျန်တော့တယ်။ တစ်ကမ္ဘာလုံး ဒီမိုကရေစီ ဆိုတာတွေချည်း ဖြစ်ကုန်တယ်။ ဈေးကွက်စီးပွားရေး စနစ်တွေ ဘာတွေ ဟစ်လာတယ်။ တရုတ်ဟာလည်း တစ်ကမ္ဘာလုံးကို ဝယ်နိုင်တော့မယ့်အလား စီးပွားရေးအရ လွှမ်းမိုးလာတယ်။ နှစ်ဆယ့်တစ်ရာစုမှာ ကမ္ဘာကို ကြီးစိုးတဲ့ ကျားနှစ်ကောင်သာ ရှိတော့တယ်။ နိုင်ငံရေးအရ လွှမ်းမိုးတဲ့ အမေရိကန်နဲ့ စီးပွားရေးအရ ချုပ်ကိုင်တဲ့ တရုတ်တို့ပဲဖြစ်တယ်။ အာဆီယံတို့ အီးယူတို့ဟာ သူတို့ရဲ့ ရိုက်ဖားသာသာလောက်ပဲရှိတယ်။

အနုပညာအပိုင်းကို ကြည့်ရင်လည်း ရင်လေးစရာတွေသာ တွေ့ရလိမ့်မယ်။ ပုံနှိပ်မီဒီယာဟာ သူ့ရဲ့ နောက်ဆုံးနေ့ရက်တွေကို လက်ချိုးရေပြီး စောင့်နေရပြီဖြစ်တယ်။ ကမ္ဘာကျော် Readers' Digest လို မဂ္ဂဇင်းမျိုးတောင် ဆလံသ သွားခဲ့ရပြီ။ လူတွေရဲ့ စိတ်ထဲမှာလည်း အနုပညာကို လေးစားစိတ်တွေ ကုန်ဆုံးလာကြပြီ။ အနုပညာခံစားမှုက ထမင်းစားရမှုရဲ့ အနောက်မှာပဲရှိတယ်။ ခဏတာ ဖျော်ဖြေမှုအတွက် လူပြိန်းကြိုက် ပေါ့ပ်အနုပညာ ခေတ်စားလာတယ်။ အနုပညာရဲ့ လေးနက်မှုတွေ ပျောက်ကုန်တယ်။ ဒီကြားထဲ ပို့စ်မော်ဒန်အနုပညာဆိုပြီး ထွက်လာသေးတယ်။ နဂိုကမှ အထင်မကြီးကြတဲ့ အနုပညာကို “နားမလည်ဘူး” ဆိုတဲ့ စကားနဲ့တင် နောက်ပြန်လှည့်ကုန်တယ်။ ပါးစပ်ပါရင် အဆိုတော်ဖြစ်ကုန်တယ်၊ မျက်နှာပါရင် ရုပ်ရှင်ရိုက်ကြတယ်။ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုတွေနဲ့ တီဗွီဖန်သားပြင်ကို ကြီးစိုးထားတယ်။ အနုပညာအစား အတုပညာတွေ နာမည်ကြီးလာတယ်။ အနုပညာရှင် စစ်စစ်တွေ ထမင်းငတ်ကုန်ပြီး အလုပ်ပြောင်းလာကြတယ်။

နည်းပညာ ဖွံ့ဖြိုးတိုးတက်လာခြင်းဟာ လူသားတန်ဖိုး (value) ပျောက်ဆုံးခြင်းကို ဦးတည်လာစေတယ်။ နှစ်ဆယ့်တစ်ရာစု လူသားရဲ့ စိတ်သဏ္ဍာန်ဟာ ဒြပ်မဲ့သဘောကို ဆောင်လာတယ်။ ဘဝရဲ့ လေးနက်မှု အနှစ်သာရကို မေးခွန်းထုတ်လာတဲ့ လူငယ်တွေ များပြားလာတယ်။ “ဘုရားသခင်တကယ်ရှိတယ်” ဆိုတာတွေ ကြားရလာတယ်။ “ဘုရားသခင်တကယ်မရှိဘူး” ဆိုတဲ့ အဆိုတင်သွင်းကြတယ်။ အသိပညာ တိုးတက်လာမှုဟာလည်း သံသယကို တိုးပွားလာစေတယ်။ နှစ်ဆယ့်တစ်ရာစုမှာ ဘဝရဲ့ အဓိပ္ပာယ်မဲ့ခြင်းကို ပျော်ပျော်ကြီးခံစားရင်း အပေါ်ယံ နေထိုင်မှုနဲ့သာ ဖြတ်သန်းလာခဲ့ကြတယ်။ နှစ်ဆယ့်တစ်ရာစုမှာ လူသားမျိုးနွယ်ရဲ့ ကျဆုံးခြင်းအပိုင်းကို ရောက်ရှိလာပြီဖြစ်တယ်။

Green Day ရဲ့ ပြဇာတ်ဆန်ဆန် ရေးဖွဲ့ထားတဲ့ “နှစ်ဆယ့်တစ်ရာစု ပြိုလဲခြင်း” (21st Centuary Breakdown) အယ်လ်ဘမ် ထွက်လာခဲ့တယ်။ အဲဒီအခွေကို နားထောင်ကြည့်ရင် နှစ်ဆယ့်တစ်ရာစုမှာ နေထိုင်ရတဲ့ လူနေမှု ဖြစ်စဉ်ကို ခပ်ရေးရေး တီးခေါက်နိုင်လိမ့်မယ်။ အခွေထဲမှာ နှစ်ဆယ်ရာစု အတွေးအခေါ်တွေနဲ့ ဘုရားသခင်ကိုယုံကြည်သူ ကောင်မလေး ဂလိုရီယာ (Gloria) နဲ့ နှစ်ဆယ့်တစ်ရာစု လူသား ဘုရားမဲ့ဝါဒီ ခရစ်စတင် (Christian) တို့ရဲ့ အချစ်ဇာတ်လမ်းကို နှစ်ဆယ့်တစ်ရာစု အမေရိကန်နိုင်ငံ နောက်ခံ ဆက်တင်နဲ့ Green Day ဟာ လှလှပပ ရေးဖွဲ့နိုင်ခဲ့တယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာလည်း ကောင်းမလိုလိုနဲ့ ဆိုးဝါးလာခဲ့တယ်။ အမေရိကန်နဲ့ တကျက်ကျက်၊ လူစည်ကားတဲ့ နေရာမှာ ဗုံးတွေပေါက်တယ်၊ မုန်တိုင်းအကြီးအကျယ် ဒုက္ခပေးတယ်၊ ကိုယ့်အလုပ်ကိုယ်မလုပ်တဲ့ ဘုန်းဘုန်းတို့ အရိုက်အနှက်ခံရတယ်။ ဟိုအဒေါ်ကြီးလဲ လွတ်မလိုနဲ့ နောက်ဆုံးတော့ ကမ္ဘာပျက်မယ့်ရက်အထိ ရွှေ့ဆိုင်းသွားခဲ့တယ်။ မီးတွေအရင်ကထက် ပိုပြတ်လာတယ်၊ ကော်နက်ရှင်လည်း ပိုဆိုးလာတယ်။ စီးပွားရေးအရကြည့်ရင်လည်း ငွေကြေးဖောင်းပွမှုဟာ ငါးထောင်တန်ငွေစက္ကူက သက်သေခံနေတယ်။ တရုတ်ရဲ့ သြဇာလွှမ်းမှု ကြီးမားလာတယ်။ ဟိုဦးလေးကြီးတစ်ယောက်တည်းက တစ်နိုင်ငံလုံးကို ဝယ်နိုင်တော့မယ့် အရိပ်အယောင်တောင် မြင်လာရတယ်။ နှစ်ဆယ့်တစ်ရာစုမှာ ကမ္ဘာတင်မဟုတ်ဘူး မြန်မာပါ ဆုတ်ယုတ်မှုဘက်ကို အလေးသာလာခဲ့တယ်။

ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကို ပြန်ကြည့်ရင် ခြောက်ခြားစရာတွေပဲ မြင်တွေ့နိုင်တယ်။ ကမ္ဘာမြေဟာ လူသားမျိုးနွယ်ကို နှစ်ဆယ့်တစ်ရာစုမှာ အပြီးသတ်ချေမှုန်းဖို့ ကြိုးစားနေသလိုပဲ။ ဒီကြားထဲ 2012 မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်မှာလဲ အထောက်အထားတစ်ချို့ကို တွေ့နိုင်တာကိုး။ ဘာပဲဖြစ်ဖြစ် ကမ္ဘာဟာ ကျွန်တော်တို့ ခင်ဗျားတို့ကို သုတ်သင်ဖို့ ဒီရာစုနှစ်မှာ အစွမ်းကုန်အားထုတ်မှာပဲဖြစ်တယ်။ ကျွန်တော်တို့ဟာလည်း ရှေးယခင်ကလို နည်းမျိုးစုံနဲ့ ဆက်လက်ရှင်သန်နိုင်ဖို့ ကြိုးပမ်းရဦးမှာပဲ။ ဒီတိုက်ပွဲဟာ ကမ္ဘာဦးကတည်း စတင်ခဲ့တဲ့ တိုက်ပွဲ။ အနိုင်အရှုံးဟာ လူသားရဲ့ ဆုံးဖြတ်ချက်နဲ့ ဖန်တီးနိုင်မှုစွမ်းအားပေါ်မှာပဲ မူတည်နေတယ်။ ကျွန်တော်တို့ဟာ အနာဂတ်ကို ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်နေရဦးမှာပဲ။ နှစ်ဆယ့်တစ်ရာစုဟာ လူသားမျိုးနွယ်ရဲ့ ကျဆုံးခန်း၊ လူ့ယဉ်ကျေးမှု တစ်ရပ်လုံး ပြိုလဲခန်း ဖြစ်မလားဆိုတာကိုတော့. . . . . . . .

2 comments:

တေဇာ (လရောင်လမ်း) said...

ရေးထားတာတွေကို ကြည့်တာနဲ့ General Knowledge ကောင်းတာကို တွေ့ရတယ်။ ဘုန်းဘုန်းတွေ ကိုယ့်အလုပ်ကိုယ်မလုပ်ကြဘူးလား၊ တစ်နည်း “ကိုယ့်အလုပ်မဟုတ်တာကို လုပ်ခဲ့ကြတာလား” ၊ ဒီမေးခွန်းဟာ တစ်ကြောင်းတည်း ရေးဖို့ ဘယ်လိုမှ လုံလောက်မှု မရှိဘူး။ ဟိုအဒေါ်ကြီးကို ဟိုအဒေါ်ကြီးလို့သုံးတာရော သင့်ပါ့မလားလို့လည်း မေးစရာရှိပါတယ်။ ဒါပေမဲ့ ဟိုအဒေါ်ကြီးလို့ပဲ သုံးမှဖြစ်မယ့် အခြေအနေလို့ ယူဆလို့ သုံးလိုက်တာလို့ပဲ ထင်ပါတယ်။

တကယ်တော့ အစုအလိုက်အပြုံလိုက် သေကြေမှုတွေဟာ မွေးဖွားနှုန်းနဲ့ ပြန်ကာမိရုံမက အစွန်းထွက်လောက်ပဲ ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုပြောလို့ ကျင့်ဝတ် အမြင်နဲ့ကြည့်ရင်တော့ တမျိုးမြင်နိုင်ပါတယ်။ ဒါပေမဲ့ ၂၁ ရာစုကြီး တကယ်ပြိုလဲတော့မှာလားဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာအမြင်နဲ့ကြည့်ရင်တော့ လက်သင့်ခံနိုင်မယ် ထင်တယ်။ ကျွန်တော့်အမြင်အရတော့ မိမိကိုယ်ပေါ်က လူတွေအားလုံးကို ခါထုတ်ဖို့ ကမ္ဘာကြီး အတော်ကြိုးစားရဦးမယ်လို့ မြင်ပါတယ်။

ဆောင်းပါးကို ခြုံငုံပြောရရင် အရွယ်နဲ့မလိုက်အောင် ရေးနိုင်စွမ်းမြင့်တယ်။ Pessimism ဆန်သောအမြင်ရှိတယ်။ (Pessimism လို့သုံးတာ ကန့်ကွက်ခြင်းသဘော မပါပါ) မနုဿဗေဒအမြင်နဲ့ ကြည့်ရင်တော့ ၂၁ ရာစုဟာ လူ့သမိုင်းပြဇာတ်ရဲ့ ဖလင်ကွက်လေးတစ်ကွက်စာလောက်ပဲ ရှိပါတယ်။ ဇာတ်သိမ်းခန်းရိုက်ဖို့ လုံလောက်ပါ့မလားဆိုတာ အများကြီး သံသယရှိစရာ ကောင်းတယ်။

kookaburra said...

If You really wrote this , you are becoming a good writer.You have a sense.