Tuesday, January 5, 2010

မလျှော့သောဖွဲနှင့်

ဒီအကြောင်းဟာ Reader’s Digest မှာ Richard Neol က Marathon man of the East ဆိုတဲ့ဆောင်းပါးကနေ ဘာသာပြန်ထားတာပါ။ ကာယကံရှင်ကိုယ်တိုင်လည်း လုံးချင်းစာအုပ် ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

လီတန်ဟာ တောင်ဗီယက်နမ်နိုင်ငံက ဂျက်လေယာဉ်မှူးဟောင်းဖြစ်ပြီး ဗီယက်နမ်ပြည်တွင်းစစ် ပြီးခဲ့တဲ့ ၁၉၇၅ ခုနှစ်နှောင်းပိုင်းမှာ အာဏာပိုင်တွေရဲ့ ထိန်းသိမ်းခံခဲ့ရပါတယ်။ အကျဉ်းစခန်းတွေမှာ ၅ နှစ်ကြာ အဖမ်းခံခဲ့ ရတာပါ။

ဒီနောက် သူ ၂၇ နှစ်အရွယ်မှာ အကျဉ်းသားမိတ်ဆွေတစ်ယောက် ထောင်ဝင်စာတွေ့ချိန်မှာ သူ့မျက်စိအောက်မှာတင် ပစ်သတ်ခံရတာ မြင်လိုက်ရတာက သူထွက်ပြေးဖို့ ကြံခဲ့တော့တာပါပဲ။


လအနည်းငယ်အကြာမှာ လီတန်ဟာ အစောင့်အကြပ် သိပ်မများတဲ့ သစ်ခုတ်စခန်းမှ အဖော်တစ်ယောက်နဲ့အတူ ထွက်ပြေးခဲ့ပါတယ်။ နောက်တစ်နေ့ည လမ်းမှာ လှည့်ကင်းက မှတ်ပုံတင်စစ်ရာ သူ့အဖော်က အကြောက်လွန်ပြီး ထောင်ပြေးတွေဖြစ်ကြောင်း ထုတ်ပြောလိုက်လို့ ပြန်အဖမ်းခံလိုက်ရတယ်။

ထောင်ပြေးမှုနှင့် သူ့ကို နှစ်ရှည်ထောင်ဒဏ်နှင့် ‘သေတ္တာတိုက်ပိတ်စေ’ လို့ အပြစ်ဒဏ်ချမှတ်လိုက် တယ်။

သေတ္တာတိုက်ဆိုတာ ဗီယက်နမ်အကျဉ်းသားတွေ အကြောက်ဆုံးစကားလုံးပေါ့။

အမြင့် ၈ ပေ အကျယ် ၄ ပေခွဲသာရှိတဲ့ ၄ ထောင့်သံသေတ္တာကြီးထဲမှာ ၆ လတိုင်တိုင် လီတန် ၀င်နေခဲ့ရပါတယ်။

အထဲမှာ နေ့ဘက်ဆို အပူချိန်ဖာရင်ဟိုက် ၁၀၀ ကျော်ရှိတယ်။ ညဆိုရင်လည်း အရိုးကွဲမတတ် အေးစက်နေတာ။ ဒီကြားထဲ ကောင်းကောင်း အိပ်မရအောင် အပြင်က သံချောင်းနဲ့ခေါက် ထုနှက်ညှဉ်းဆဲတာ ခံရသေးတယ်။

လီတန်ကတော့
“လောလောဆယ် ငါကကြွက်။ ကြွက်ပေမယ့် ခြင်္သေ့စိတ်မွေးရမယ်၊ ဒုက္ခတွေကို ခွန်အားအဖြစ် ပြောင်းပစ်ရမယ်”

သူ့ကိုယ်သူ သံမဏိစိတ်ဓာတ်နဲ့ အားပေးတောင့်ခံနေခဲ့တယ်။ ကွန်မြူနစ်တွေလည်း လီတန်ကို သံသေတ္တာထဲက ထုတ်လိုက်ရတယ်။ နောက် ၁ နှစ်အကြာ အဆိုးဆုံးဖြစ်တဲ့ အကျဉ်းစခန်း ၅၂ ကိုပို့လိုက်တယ်။ သူ့ကို ရိုက်နှက်နှိပ်စက်ပြီး ဇွဲချွတ်တယ်။ သူကလည်း အံကြိတ်ခံတယ်။ နောက်ဆုံး ကိုယ့်တွင်းကိုယ်တူးစေပြီး သတ်ဖို့အထိ ခြိမ်းခြောက် ခံခဲ့ရတယ်။ စိတ်တိုင်းကျ ညှဉ်းဆဲလို့ဝပြီဆိုမှ ထမ်းပိုးတစ်ချောင်းမှာ နှစ်ပတ်လုံးလုံး ကြိုးတုပ်ခံလိုက်ရတယ်။ ထမ်းပိုးထမ်း ဘ၀ကလွတ်တော့လည်း နေပူကြီးထဲမှာ ဦးထုပ်မပါ ခြေဗလာနှင့် အလုပ်လုပ်ရပြန်တယ်။

စာဖွဲ့လို့မကုန်အောင် ကြီးမားဆိုးဝါးလှတဲ့ အကျဉ်းခံဘ၀က ထွက်ပြေးဖို့သာ လီတန် ကြံနေခဲ့ပါတယ်။
ဒီလိုနဲ့ ၁၉၈၀ ပြည့်နှစ် ဇူလိုင်လ ၁၂ ရက်နေ့ ဆိုင်ဂုံ (ဟိုချီမင်းမြို့တော်) ရဲ့ အရှေ့မြောက် မိုင် ၂၄၀ အကွာမှာရှိတဲ့ ဖူခန်းအကျဉ်းစခန်း အေ-၃၀ ကနေ နောက်တစ်ကြိမ် ထွက်ပြေးခဲ့ပါလေရော။

အိမ်သာ ပြတင်းပေါက်သံတိုင်ကို နှဲ့ဖြုတ်ခဲ့ပြီး ညလူလစ်ချိန်မှာ ထွက်ခဲ့ရာက သံဆူးကြိုးခြံစည်းရိုးကို သံမဏိကတ်ကြေးနှင့်ဖြတ်ပြီး ပြေးခဲ့တာပါ။ တွိုင်းဟားမြို့အရောက် တစ်ညလုံး လမ်းလျှောက်ခဲ့ရတယ်။ မိတ်ဆွေတစ်ဦးက ပိုက်ဆံထုတ်ပေးလို့ ငထရန်ကိုသွားတဲ့ ဘတ်စ်ကားစီး၊ အဲဒီကမှတစ်ဆင့် ဟိုချီမင်းမြို့တော်ကို ရောက်ခဲ့ရတယ်။

၁၉၈၁ ခုနှစ် စက်တင်ဘာလအထိ ဘ၀တူမှောင်ရိပ်ခိုနေသူများနဲ့ ပေါင်းသင်းနေခဲ့ရတယ်။

ပထမတော့ အများနည်းတူ လှေစီးပြေးဖို့ ကြံပါသေးတယ်။ ဒါပေမယ့် လှေစီးပြေးဒုက္ခသည်တွေ တောင်တရုတ်ပင်လယ်ကို ဖြတ်ရင်း ကမ်းခြေစောင့်တွေလိုက်ပစ်လို့ မုန်တိုင်းတွေ လှိုင်းတွေမိလို့ သောင်းနှင့်သိန်းနှင့် ချီပြီး သေကြတာသိတော့ ဒီအကြံကို စွန့်လွှတ်လိုက်တယ်။

လေယာဉ်မှူးပီပီ လေယာဉ်ခိုးပြေးဖို့ စီစဉ်တယ်။ ဒီတော့လည်း ပြည်ပက လေယာဉ်အပိုပစ္စည်းတွေ ပိတ်ထားတာကြောင့် ဗီယက်နမ်မှာ တကယ်တမ်း ကောင်းကင်ပျံနိုင်တဲ့လေယာဉ် အနည်းငယ်ပဲ ရှိတော့တယ်။

ဒီလိုနဲ့ လီတန်ဟာ ကမ်ပူးချား (ကမ္ဘောဒီးယား) နယ်စပ်ကို ဘတ်စ်ကားစီးခဲ့ရာကတစ်ဆင့် တစ်ဘက်နိုင်ငံထဲကို မှောင်ခိုလမ်းက ခြေလျင် ၀င်ရောက်ခဲ့ပါတယ်။

ကမ်ပူးချားမှာ ၅ လတိုင်တိုင်အချိန်ဖြုန်းပြီး ပုန်းအောင်းတိမ်းရှောင်ခဲ့ရတယ်။

ဒီကြားထဲ ပိုပေါ့တပ်တွေနဲ့ ဗီယက်နမ်တွေ တိုက်ပွဲအကြီးအကျယ် ဖြစ်နေတဲ့ အချိန်။

အစစ်အဆေး အမျိုးမျိုးကြားက မြို့တော်ဖနွမ်းပင်ကို ရောက်လာတယ်။ ထိုင်းနယ်စပ် ဘက်ဒမ်ဘင် ကို ရထားစီးမယ့်ဆဲဆဲ ဘူတာရုံမှာ ကမ်ပူးချားစစ်သားက မသင်္ကာလို့ အဖမ်းခံလိုက်ရပြန်ရော။

ရဲစခန်းမှာပဲ သူက ပြတင်းပေါက်ကို ချိုးဖျက်ထွက်ပြေးခဲ့ပေမယ့် ခြောက်လှန့်ပစ်ခတ်တဲ့ သေနတ်သံတွေနဲ့အတူ ကိုက် ၁၀၀ အတွင်းမှာ ပြန်အဖမ်းခံလိုက်ရပါသတဲ့။

ဒီကမှ ဗီယက်နမ်တွေအုပ်ချုပ်တဲ့ ဖနွမ်းပင်က ဆိုးဝါးရက်စက်လှတဲ့ အကျဉ်းထောင် ၇၇၀၈ ကိုပို့လိုက်တယ်။ သူ့ကို ရက်ပတ်အနည်းငယ်အတွင်း ဗီယက်နမ်ပြန်ပို့မယ်လို့လည်း သိလိုက်ရတယ်။

လီတန်က ဘယ်အညံ့ခံပါ့မလဲ။ ပြတင်းသံတိုင် ၆ တိုင်ကို ၃ နာရီနဲ့ ရအောင်ဖြုတ်ပြီး မနက် ဝေလီဝေလင်း အစောင့်တွေ အိပ်မောကျနေတုန်း ချွတ်နင်းထွက်ပြေးခဲ့တာပါပဲ။ ဒီတစ်ခါတော့ သူလွတ်လာတယ်။

၎ လလုံးလုံး ကမ်ပူးချား အနောက်မြောက်ပိုင်း မဲခေါင်မြစ်ကြောင်းတစ်လျှောက် လှည့်လည်နေပြီး တံငါရွာတစ်ရွာမှာတောင် ငါးဖမ်းပိုက်ရှင်းတဲ့အလုပ် ၀င်လုပ်ခဲ့သေးတယ်။
အဲဒီကမှ ယိုးဒယားနိုင်ငံထဲဝင်ဖို့ တောလမ်းအတိုင်း စက်ဘီးစီး အ၀င်မှာ ကမ်ပူးချားစစ်သား ဆိုင်ကယ်သမားနဲ့ ပက်ပင်းတိုးပြီး အဖမ်းခံခဲ့ရတယ်။ ဆိုင်ကယ်နောက်က စက်ဘီးနင်းလိုက်ခဲ့ရာက တောထူတဲ့နေရာမှာ စက်ဘီးကိုပစ်ပြီး တောနက်ထဲ ၀င်ပြေးခဲ့ပြန်တယ်။ သေနတ်နှင့် လှမ်းပစ်ခံရပေမယ့် လွဲသွားတယ်။ စစ်သားတွေတောနင်းရှာတုန်း သူက ချုံပုတ်ကြီးထဲ ၀င်ပုန်းနေရတယ်။ သူပုန်းတဲ့ ချုံပုတ်ကြီးကလည်း ပုရွက်ဆိတ်တွင်းကြီး။ အန္တရာယ်လက်တစ်ကမ်းအကွာမှာ အသက်ကိုတောင် မရှုဝံ့အောင် ဖြစ်နေရတဲ့အထဲက ထောင်ချီနေတဲ့ ပုရွတ်ဆိတ်တွေ တရွရွတက်ပြီး ကိုက်တဲ့ဒဏ်ကို ၆ နာရီလောက်အံကြိတ် အောင့်ခံခဲ့ရတဲ့ ဒုက္ခကို စဉ်းစားသာကြည့်ပေတော့။

မှောင်ပြီဆိုပြီး ရန်သူတွေပြန်တော့မှ သူ ချုံထဲက ထွက်ရတော့တယ်။ အ၀တ်အစားတွေချွတ်ပြီး ပုရွက်ဆိတ်တွေ ခါရတာပဲ နာရီနဲ့ချီအောင်ကြာပါသတဲ့။

ဒီနောက် ချောင်းတွေကန်တွေ တစ်ပုံကြီးကို ဖြတ်ခဲ့ရတယ်။ ဝေလီဝေလင်းမှာ အိပ်မောကျနေတဲ့ ကမ်ပူးချားစစ်စခန်းဘေးက တိတ်တိတ်လေး ချွတ်နင်းခဲ့ရတယ်။ ကင်းစင်နဲ့ လက်ဖြောင့်တပ်သားရန်က ရှောင်ခဲ့ရတယ်။ မိုင်းကွင်းကြီးကို သတိကြီးစွာနဲ့ ဖြတ်သန်းခဲ့ရတယ်။

နောက်ဆုံးတော့ ယိုးဒယားနိုင်ငံထဲ ရောက်လာတာပေါ့။ အဝေးပြေးလမ်းမကြီးပေါ်ကနေ ဆိုင်ကယ်တစ်စီးကိုတားပြီး ကြက်ခြေနီရုံး ပို့ခိုင်းပါတယ်။ ကြမ္မာငင်ပုံက သူတားလိုက်တဲ့ဆိုင်ကယ်က လျှို့ဝှက်ရဲတစ်ယောက်ရဲ့ ဆိုင်ကယ် ဖြစ်နေတာပါပဲ။

ယိုးဒယားရဲတွေက ဟနွိုင်းက ပြည်ပြေးဒုက္ခသည်တွေရန်ကို ဟန့်တားတဲ့အနေနှင့် နယ်စပ်ဖြတ်ကူးလာသူ မှန်သမျှ ထောင်ထဲ ဖမ်းသွင်းပြီးမှ စစ်မေးလေ့ရှိပါတယ်။

လီတန်လည်း အရန်ညာပရာသတ် အကျဉ်းထောင်မှာ ၁၀ လကြာ အချုပ်ခံခဲ့ရပြန်ပါပြီ။

သံရုံးမှတစ်ဆင့် စင်ကာပူရှိ ဆွေမျိုးများထံ သတင်းပို့ပေးနိုင်ပြီး သူ လေယာဉ်မှူးဟောင်းတစ်ယောက်ဖြစ်ကြောင်း ထောက်ခံအတည်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို အပြီးတိုင် လွှတ်ပေးလိုက်ရမယ့်အစား ကမ်ပူးချားနယ်စပ် နွန်ဆမ်မက် ဒုက္ခသည်စခန်းကို လွှဲအပ်လိုက်ပြန်ရော။

လီတန်ကတော့ ထုံးစံအတိုင်း အစောင့်အကြပ်ထူတဲ့ ဒုက္ခသည်စခန်းက ထွက်ပြေးဖို့ အခွင့်ကောင်းကိုသာ ချောင်းနေခဲ့ပါတယ်။

ဒီအတွင်း အင်္ဂလိပ်စာ လေ့လာသင်ခဲ့သလို နယ်မြေဒေသ အခြေအနေတွေကိုပါ အသေးစိတ် မေးမြန်းစုံစမ်းထားခဲ့ပါတယ်။

ယိုးဒယားမှ မလေးရှား၊ မလေးရှားမှ စင်ကာပူ နယ်စပ် ၃ ခုနဲ့ မိုင် ၁၄၀၀ ခရီးကို ဖြတ်သန်းထွက်ပြေးဖို့ ကြံနေပြန်ပါပြီ။

ဒုက္ခသည်ဆိုတာက မိခင်နိုင်ငံကို အချိန်မရွေး ပြန်ပို့ခံရမည့် အန္တရာယ်ရှိနေတာ မဟုတ်လား။

၁၉၈၃ ခု ဖေဖော်ဝါရီလ ၁ ရက်။

လီတန် ဒုက္ခသည်စခန်း သံဆူးကြိုးကို တွယ်တက်၍ မိုင်းကွင်းတစ်ခုကို သက်စွန့်ဆံဖျား ဖြတ်ပြေးခဲ့ပါတော့တယ်။ ချောင်း ၅ ခု ကိုကူးပြီး တောကြီးမြက်မည်းထဲ တိုးဝှေ့လျက် အနောက်တောင်ဘက် ၁၅ မိုင်အကွာက အရန်ညာပရာသတ် မြို့ကို ဦးတည်ခဲ့တယ်။

မိုးလင်းစမှာ ထိုင်းစစ်ဆေးရေးဂိတ်တစ်ခုနဲ့ တန်းတိုးတော့တာပါပဲ။

“ရပ်”

သူက မရပ်ဘူး။ အမိန့်မနာခံဘဲ ထွက်ပြေးလို့ စစ်သားတွေက သေနတ်တွေနဲ့ ၀ိုင်းပစ်ကြတယ်။ သူလည်း ဒရောသောပါး ခြေကုန်သုတ်ပြေးခဲ့ပြီး မြက်ပင်ရှည်ကြီးတွေပေါက်နေတဲ့ ကွင်းကြီးထဲ ၀င်ပုန်းနေမိတယ်။ စစ်သားတွေက မြက်တောကြီးကို မီးတင်ရှို့လိုက်တယ်။

၁၅ နှစ်တိုင်တိုင် မငိုခဲ့ဘူးသော လီတန် မျက်ရည်တွေကျပြီး ရှိုက်ငိုရင်းက မြတ်စွာဘုရားထံ ဆုတောင်းနေမိပါတယ်။

“ဘုရားကျေးဇူးကြောင့် တပည့်တော် ခုချိန်ထိ လွတ်မြောက်ရတာပါ ဘုရား။ ရှေ့ဆက် အသက်ရှင်ခွင့် မရှိတော့ဘူးဆိုလည်း ခုကတည်းက မီးလောင်ပြီး သေချင်သေပါစေတော့။ ရန်သူတွေ လက်ထဲတော့ မကျပါရစေနဲ့ဘုရား”

ကံအားလျော်စွာပါပဲ။ ရှို့မီးက သူ ပုန်းခိုရာမရောက်ခင်မှာပဲ ငြိမ်းသွားတယ်။ စစ်သားတွေလည်း သူ သေပြီအထင်နဲ့ ပြန်သွားတယ်။

နောက်တစ်နေ့ နွန်ဆမ်ဖက်ဒုက္ခသည်စခန်းကို လာလည်ဖူးတဲ့ အမျိုးသမီးလေးတစ်ယောက်အိမ် ရောက်သွားပါတယ်။ အမျိုးသမီးလေးက သူ့အသက် သူစတေးခံပြီး ညားခါစလင်မယားအသွင်နဲ့ ဗန်ကောက်ကို ဘတ်စ်ကားစီး လိုက်ပို့ပေးခဲ့ပါတယ်။ ဗန်ကောက်ကမှ တောင်ပိုင်းကို ခရီးဆက်ဖို့ ရထားခပါ ကူညီလိုက်သေးတယ်။

လီတန် ယိုးဒယားနိုင်ငံတောင်ပိုင်း မြို့ကြီးဖြစ်တဲ့ ဟက်ယိုင်မှာ ရထားပေါ်က ဆင်းနေခဲ့တယ်။ နယ်ခြားစောင့် တပ်ဖွဲ့တွေနဲ့ လူဝင်မှုကြီးကြပ်ရေးတို့ အစစ် ဆေးမှုကလွတ်အောင် နယ်စပ်ကို ခြေလျင်ဖြတ်ဖို့ ကြံခဲ့တာကြောင့်ပါ။

သူဟာ ရထားလမ်းအတိုင်း တစ်နေကုန်လျှောက်ခဲ့တဲ့နောက် ညမှောင်စမှာ မလေးရှားနယ်စပ်ကို ရောက်ခဲ့ပါတယ်။ အဲဒီကမှ ကွာလာလမ်ပူသွားမယ့် ဘတ်စ်ကားကို ခပ်တည်တည်နဲ့ တက်စီးခဲ့တယ်။ နောက် မလေးရှားနဲ့ စင်ကာပူနယ်စပ်သို့ ဦးတည်ခဲ့ပြန်ပါရော။

ဂျိုဟိုးရေလက်ကြားဆိပ်ကမ်းကို ဘတ်စ်ကားကြီး ဆိုက်ချိန်မှာ ည ၈ နာရီ။

လီတန် ဘတ်စ်ကားပေါ်က မှောင်ရိပ်ထဲတိုးဝင်ပြီး ပင်လယ်ကမ်းခြေအတိုင်း အနောက်ယွန်းယွန်းကို ၂ မိုင်လောက် လျှောက်ခဲ့ပါတယ်။

လေတွေ တဟူးဟူး တိုက်နေတဲ့ကြားထဲက သူ့အ၀တ်အစားတွေကို ကျောပိုးအိတ်ထဲ စုထည့်ပြီး ရေထဲဆင်းလိုက်ပါတယ်။

စင်ကာပူဘက်ကမ်းမှ မီးရောင်တလက်လက်ကို မှန်းပြီး ကူးခဲ့တာပါ။

၂ မိုင်ခန့်ကူးမိလို့ ခရီးတစ်ဝက်ကျိုးတော့ ခြေကုန်လက်ပမ်း ကျရမည့်အစား အားသစ် အင်သစ်တွေပင်ပြည့်၍ တက်ကြွလန်းဆန်း လာခဲ့ရပြန်ပါသတဲ့။

မကြာလိုက်ပါ။ သဲပြင်ကို ခြေထောက်မိပါပြီ။

ကမ်းနားပန်းခြံတစ်ခုတွင် နာရီအနည်းငယ် အပန်းခြေအိပ်စက်လိုက်ပြီး သံရုံးသို့ ရောက်သွားတော့တာပါပဲ။

“ကျွန်တော် ဗီယက်နမ် တစ်ယောက်ပါ။ မလေးရှားကနေ ရေလက်ကြားကို ညက ဖြတ်ကူးလာပါတယ်”

“ဗျာ။ ညက ဒီလောက်ရာသီဥတုဆိုးတဲ့ကြားက ပင်လယ်ကို ဖြတ်လာတယ်ဟုတ်လား။ အို-မဖြစ်နိုင်တာကြီးပဲ”

တကယ်လည်း ယုံနိုင်စရာမရှိ။

လီတန်၏နောက်မှာ မိုင်ပေါင်း ၂၀၀၀ ကျော် ရေမြေတောတောင် အထပ်ထပ်နှင့် နိုင်ငံ ၅ ခု, နယ်စပ်အကျဉ်းစခန်း ၆ ခုတို့မှ အလွတ်ရုန်း ထွက်ပြေးခဲ့တာ မဟုတ်ပါလား။

ယခု လီတန်ဟာ အမေရိကန်နိုင်ငံ နယူးအော်လန်ပြည်နယ်မှာ နေထိုင်လျက်ရှိရာက ကိုယ်တွေ့စွန့်စားခန်းအကြောင်း ရေးပြီးနေသလို တက္ကသိုလ်တက်ဖို့လည်း မျှော်မှန်းထားပါတယ်။

“ကျွန်တော်တို့ တိုင်းပြည်လွတ်လပ်တဲ့ အချိန်ကိုမှန်းပြီး ကျွန်တော့်အနေနှင့် အသင့်ပြင်ဆင်ထားတာပါဗျာ” တဲ့။

လီတန် ပြောသလိုပါပဲ။

“ကြွက်ပေမယ့် ခြင်္သေ့စိတ်ဓာတ် မွေးရပါလိမ့်မယ်”

ခေါင်းဆောင်တစ်ယောက်အနေနှင့် ရည်မှန်းချက်ကို ပေါက်မြောက်အောင် သတ္တိရှိရှိ ရဲရဲရင့်ရင့် စွန့်စားဖော်ဆောင်ရပါလိမ့်မယ်။
လီတန်ရဲု့ဖြစ်ရပ်မှန်ဇာတ်လမ်းဟာ မိုက်ရူးရဲတာမဟုတ်သလို မကြောက်မရွံ့ နောက်မတွန့်တတ်တဲ့ သတ္တိခဲသူရဲကောင်းတွေရဲ့ နမူနာပဲဆိုရင်…..။

>>ညီညီနိုင်၏ ခေါင်းဆောင်မှုသဘောတရား စာအုပ်မှကောက်နုတ်ချက်<<

1 comment:

Notes on Web of My Pieces said...

မိုက်တယ်.....။
ကျေးဇူးတင်ပါတယ်.....။