Friday, January 1, 2010

မှတ်ဥာဏ်ထဲမှ အပိုင်းအစများ

ဟက်ပီးနယူးရီးယားပါ မိတ်ဆွေတို့။ အားလုံးလဲ နှစ်သစ်ကို အမျိုးမျိုးကြိုဆိုခဲ့ကြပြီလို့ ထင်ပါတယ်။ ကျွန်တော်လဲ အားရပါးရ ကြိုဆိုလိုက်တာ နှစ်ပင်၊ သုံးပင်လိမ်ပြီး ခေါင်းတွေကိုက်နေပြီ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ဘာလိုလိုနဲ့ 2010 တောင်ရောက်လာခဲ့ကြပြီနော်။ ကမ္ဘာကြီးလဲ အသက်တစ်နှစ်ကြီးသွားပြီ။ ဖြစ်ပျက်သဘောအရဆိုရင်တော့ ကမ္ဘာပျက်ဖို့ တစ်နှစ်နီးသွားပြီပေါ့နော်။
တစ်ချို့တွေလဲ ဒီနှစ်မှာ ငါဘာဖြစ်ရမယ် ညာဖြစ်ရမယ်လို့ ကြွေးကြော်နေကြပြီပေါ့။ ဒါပေမယ့် နှစ်သစ်မှာ စိတ်ဓာတ်အဟောင်းတွေနဲ့ ရှေ့ဆက်မယ်ဆိုရင်တော့ အနာဂတ်ဟာလည်း အဟောင်းပဲဖြစ်နေဦးမှာပဲ။


နှစ်သစ်ရဲ့ ပထမခြေလှမ်းနေ့မှာ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားမိတယ်။ ဘာမှလဲ မယ်မယ်ရရ လုပ်စရာမရှိတော့ စာရေးမယ်ပေါ့။ (ပိုက်ဆံမှမကုန်တာကိုး) အဲ... ဒါပေမယ့် ဘာအကြောင်းရေးမလဲ၊ ဘယ်လိုရေးမလဲ။ ကျွန်တော့်လို စာရေးဆရာလိုလို ဘလော့ဂါလိုလို ရူးနေတဲ့ကောင်တစ်ယောက်အတွက် စာတစ်ပုဒ်ရေးဖို့ဆိုတာ အင်မတန်ခက်တာခင်ဗျ။ ဒါနဲ့ပဲ ကြံရာမရတဲ့ အဆုံး ကိုယ့်အကြောင်းကိုယ် ဖောက်သည်ချတာပဲ ကောင်းပါတယ်လေ လို့တွေးမိတယ်။ အဲ... ကြွားတယ်ပဲ ဆိုပါစို့။

ကျွန်တော်လူ့လောကထဲကို ရောက်လာတာ ဒီလမှာဆိုရင် 17 နှစ်တောင် ပြည့်တောမယ်ခင်ဗျ။ လူကသာ ငယ်ငယ်လေး၊ သတိက အရမ်းမေ့တတ်တာ။ ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်တွေးကြည့်ရင် အချို့တစ်ဝက်၊ အပိုင်းပိုင်း အပြတ်ပြတ်ပဲ မှတ်မိတော့တယ်။ ဒါပေမယ့် မှတ်မိသလောက် ပြန်ပြောပြမယ်။

ကြွားတယ်တော့ မထင်ကြပါနဲ့။ ကျွန်တော်က ငါးနှစ်သားကတည်းက စာဖတ်တတ်တာဗျ.. အဟိ။ ငါးနှစ်သားဆိုတော့ သူငယ်တန်းပေါ့။ မှတ်မှတ်ရရ ပထမဆုံး ဖတ်တတ်တဲ့ စာကြောင်းက (ကျောင်းမှာသင်တဲ့ ညအခါ၊ လသာသာ တို့က လွဲရင်) အရင်က သတင်းစာ မျက်နှာဖုံးစာရွက်မှာ အမြဲပါတဲ့ စာကြောင်း။ “နိုင်ငံတော်အခြေခံဥပဒေ ပေါ်ပေါက်ရေးသည် နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်” အဲဒါလေးခင်ဗျ။ တစ်တန်း၊ နှစ်တန်းလောက်ရောက်တော့ ဂျာနယ်၊ မဂ္ဂဇင်းတွေ ဖတ်တတ်နေပြီဆိုပဲ။

ငယ်ငယ်က စာဖတ်တာ ဝါသနာမပါဘူး။ ကျောင်းမှာသင်တဲ့ဟာတွေထဲမှာ တွက်ရ ချက်ရ တဲ့ သင်္ချာတို့ ဘာတို့ကို ပိုအားသန်တယ်။ ဒါပေမယ့် ဘာသာစကား ဘာသာရပ်တွေဖြစ်တဲ့ မြန်မာစာ၊ အင်္ဂလိပ်စာတို့တော့ စိတ်ဝင်စားတယ်။ ပထဝီ၊ သမိုင်းဆိုတာ အမုန်းဆုံးဘာသာရပ်တွေပေါ့။ အခုတော့ သင်္ချာဆို ခေါင်းခါနေပြီး သမိုင်းကို အတော်လေးစိတ်ဝင်စားနေမိတယ်။

ကျွန်တော်ငယ်ငယ်က စာတော်တယ်။ ကျောင်းမှာ ပညာရည်ချွန်ဆုတွေဘာတွေ ဖြေဖူးသေးတယ်။ (ရတော့မရပါဘူး) ဟို ပြိုင်ပွဲ ဒီပြိုင်ပွဲ တွေလဲလျှောက်ပြိုင်တတ်သေးတယ်။ အဲ.. ကိုးတန်း နှစ်ဝက်လောက်က စပြီးပျက်စီးတော့တာပဲ။ လူတစ်ယောက်က လူပျိုပေါက်၊ အပျိုပေါက် အရွယ်ရောက်လာရင် ငယ်ငယ်က အကျင့်စရိုက်နဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်သွားတတ်တယ်ဗျ။ ကျောင်းစာထက် အခြားစာအုပ်တွေပဲ လျှောက်ဖတ်နေတော့တာ။

ငယ်ငယ်က ဂိမ်းအရမ်းကစားတယ်။ အိမ်မှာ မီးလာတဲ့အချိန်တိုင်းက ဂိမ်းကစားနေတာများတယ်။ မီးပြတ်မှ ကျန်တာတွေလုပ်တယ်။ ကိုးနှစ်သားလောက်တုန်းက ကိုရင်ဝတ်တာ ကိုရင်ဝတ်နဲ့ပဲ အိမ်မှာ ဂိမ်းကစားသေးတယ်။ :D အခုတော့ ဖတ်စရာ စာအုပ်မရှိတော့မှ ဂိမ်းကစားဖြစ်တော့တယ်။ ဘာပဲဖြစ်ဖြစ် ရုပ်ရှင်နဲ့ ဂိမ်းနဲ့ဆိုရင် ဂိမ်းတွေကို ပိုကြိုက်တယ်။ ရုပ်ရှင်ကြည့်မယ့်အစား ဂိမ်းကစားနေလိုက်တယ်လေ။ Final Fantasy Series တွေဆို အသေကြိုက်ပေါ့။

အရင်က ပေါကြောင်ကြောင်အလုပ်တွေလဲ လုပ်တတ်သေးတယ်။ အခုလို နှစ်သစ်ကူးတဲ့အချိန် 12 နာရီမှာ ဆုတောင်းရင် ပြည့်ဆိုလို့ ဆုတောင်းဖူးတယ်။ (ဘာမှလဲမဆိုင်ဘူးနော်) အင်း... ကျွန်တော်ငယ်ငယ်က ဆုတောင်းတာကို တော်တော်လေးယုံခဲ့တယ်။ ဆုတောင်းတိုင်းပြည့်မယ် ထင်ခဲ့လားမသိပါဘူး။ တစ်ခုခုဆိုရင် ဘာဖြစ်ပါစေ၊ ညာဖြစ်ပါစေနဲ့။ အခုမှ ပြန်စဉ်းစားရင် တော်တော်လေး ရှက်မိတယ်။ ဟို... ကိုးနဝင်းအဓိဌာန်ဆိုလား.. အဲဒါတောင် လုပ်ပြီး ပုတီးတွေ ဘာတွေ စိပ်သေးတယ်။ အဟီး။ ကြုံတုန်းတစ်ခုကြွားလိုက်ဦးမယ်။ ကိုးနှစ်သားလောက်က ကိုရင်ဝတ်ကတည်းက ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းအကြောင်း အတော်လေး နားလည်နေပြီခင်ဗျ။

ကိုးတန်း နှစ်ဝက် (အသက် ဆယ့်ငါးနှစ်ပြည့်ခါနီးလောက်) က စပြီး လူက ပုံစံ လုံးဝပြောင်းသွားခဲ့တာ အခုချိန်ထိပဲ။ စာပေ၊ အနုပညာနဲ့ ဘာသာရေးကို ပိုစိတ်ဝင်စားလာတယ်။ အွန်လိုင်းမှာ ဘလော့တွေဘာတွေ လုပ်လာတယ်။ အပေါင်းအသင်းတွေကြားမှာ အနုပညာသမားလိုလို ဒဿနဆရာလိုလို လေကျယ်လာတယ်။ ဖြစ်တည်မှုပဓာနဝါဒီတို့ “ငါတွေးသည် ထို့ကြောင့် ငါရှိသည်” တို့ ဟစ်တတ်လာတယ်။

အခုတော့ အသက်လဲ 17 ပြည့်တော့မယ်။ ဟိုသင်တန်း ဒီသင်တန်းလျှောက်တတ်၊ နေ့လည် တစ်နာရီ နှစ်နာရီမှ အိပ်ရာထ၊ ပေတေ လေလွင့်၊ ညအချိန်မတော်မှအိမ်ပြန်၊ အင်္ဂလိပ်စာမတတ်တခေါက်နဲ့ ဖလော်ဆော်ဖီစာအုပ်အထူကြိးတွေ လျှောက်ဖတ်၊ မြန်မာလက်ကွက်ရိုက်တတ်တိုင်း အွန်လိုင်းမှာ ပေါက်ကရ လျှောက်ရေးပြီး သူများတွေကို လင့်ခ်တွေလိုက်ပေးနေတဲ့ ကောင်ဟာ ကျွန်တော်ပါပဲခင်ဗျာ။

2 comments:

နေ့အိပ်မက် said...

၁၇နှစ်ဆို ငယ်ငယ်လေးပဲရှိသေးတာပေါ့...

ဒါနဲ့ ဟိုစာကြောင်းက “ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး.....” မဟုတ်ဘူးလား... ဘာလို့ဆိုတော့ ငါးနှစ်လောက်တုန်းက အဲဒီစာကြောင်းအောက်မှာ လက်ရေးလှလိုက်လိုက်ရေးတယ်လေ.. အဲဒီစာကြောင်းအောက်မှာ ဖောင်းဖောင်းလေတွေနဲ့ နေရာလွတ်နေတာလေ.. :)

Arkar Kyaw said...

အင်း.. ဟုတ်မယ်ထင်တယ်...။ ဥာဏ်က သိပ်မကောင်းတော့ မေ့ပြီခင်ဗျ။ အဲတုန်းက လက်ရေးလှလဲမရေးပါဘူး ဟီးဟီး လက်ရေးလဲမလှပါဘူး