Tuesday, January 5, 2010

အမှောင်ညအလွန်

ညဆယ်နာရီခန့်တွင် ဖြစ်သည်။ အနက်ရောက် ဇိမ်ခံကားလေး တစ်စီးသည် မှောက်မိုက်သောလမ်းမပေါ်တွင် ဖြည်းဖြည်း မှန်မှန် မောင်းနှင်လာသည်။ ယာဉ်မောင်းသူမှာ လူငယ်ပင်ဖြစ်ပြီး ရုပ်ရည်ချောမော ပြေပြစ်သူဟု ဆိုနိုင်ပေသည်။ သူ၏မျက်လုံးများမှာ စူးရှ၍ တစ်စုံတစ်ခုအား အမြဲလိုလိုပင် အာရုံစူးစိုက်နေ သယောင်ယောင် ရှိသည်။ သူသည် အနောက်တိုင်းဝတ်စုံ အနက်ရောင်ကို သပ်ရပ်စွာ ၀တ်ဆင်ထားသည်။ ထိုသူ၏ အမည်မှာ မောင်ပြည်သိန်း ဖြစ်ပြီး လူကုံထံ အသိုင်းအ၀ိုင်းတွင် သူ့အား မသိသူရှားသည်။ ပွဲစား မောင်ပြည်သိန်းဆိုလျှင် အထူးသဖြင့် သူဌေးကတော်များ သိကြသည်။ သို့သော် အမြဲလိုလို ဟန်ဆောင်ပြုံးခဲ့သော သူ၏ မျက်နှာသည် ယခုတော့ စိတ်ညစ်သော အရိပ်အယောင်များ သိသာထင်ရှားစွာ ပေါ်လွင်နေသည်။ မောင်ပြည်သိန်းသည် ကားမောင်းရင်နှင့်ပင် တစ်စုံတစ်ခုကို အလိုမကျ သကဲ့သို့ ပါးစပ်မှ ရေရွတ်နေပေသည်။


"တောက်.. စိတ်ညစ်လိုက်တာနော်။ အလုပ်ကိစ္စ အဆင်မပြေပါဘူး ဆိုနေမှာ အခုလည်း ဖဲရိုက်တာ ရှူံးပြန်ပြီ။ အကြွေးတွေကလည်း တော်တော်လေးတော့ များနေပြီ။ ဘယ်လိုရှင်းရမှန်းတောင် မသိတော့ဘူး။ ထပ်ချေးဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ဘူး။ အေပရယ့် အဒေါ်ဆီကတော့ ချေးလို့ ရတန်ကောင်းပါရဲ့။ အဲ..။ မေ့လို့။ အဲဒီ ဘွားတော်ကြီးက ငါ ဟိုတစ်ခေါက် ချေးတာ ပေးမှ မပေးဘဲ။ ငါ့များ ပြောလိုက်သေးတယ်။ နင်လို အကောင်ကို ချေးမယ့်အစား ရေကန်ထဲ ပစ်ချလိုက်တာမှ ပလုံ လို့မြည်ဦးမယ်တဲ့။ ငါ့များ ရာရာစစ..။ အေပရယ်နဲ့များ လေသံက အစ ကွာတာ..."

"ဒါနဲ့... အခုအချိန် အေပရယ် ဘာတွေများ လုပ်နေလဲ မသိဘူး။ ငါ့ကို ထမင်းစားဖို့ စောင့်နေမလား။ ငါ ပြောတော့ ပြောခဲ့တာပဲ။ အင်း...။ ဒါတွေ တွေးနေမယ့် အစား ငွေ ရပေါက်ရလမ်းလေး တွေးမှပါ။ ဟို ဘွားတော်ကြီးကလည်း မြန်မြန် မသေနိုင်ဘူး။ သူသေလို့ အမွေတွေရရင်လည်း အဲဒါတွေနဲ့ အကြွေးတွေ ဆပ်လို့ရမှာ။ အခုတော့ ဘယ်လိုလုပ်ရမှန်း မသိဘူးဟ...။ စိတ်ညစ်တယ်။ သူမသေရင်တော့ ငါပဲ အရင်သေမလားမသိဘူး။"

ဤကဲ့သို့ မောင်ပြည်သိန်းတစ်ယောက် ရောက်တတ်ရာရာ တွေးတော၍ မောင်းလာစဉ်တွင် ကားရှေ့မှ လူတစ်ယောက်...။

"ကျွီ...!!!"

"ဟာ... ဟေ့လူ။ ခင်ဗျား သေချင်နေပြီလား။ ညကြီးမိုးချုပ် ကားတစ်စီးလုံးတောင် မမြင်ဘူးလားဗျ။ ဒီမှာ စိတ်ညစ်ရတဲ့ ကြားထဲ ခင်ဗျားကို တိုက်ပစ်လိုက်မယ်..။"

ထိုသူ ဘာမှ ပြန်မပြော။ ကားရှေ့သို့ တစ်လှမ်းချင်း လျှောက်လာသည်။ ညအချိန်တွင် ထိုသူ၏ ခြေသံမှာ ခြောက်ခြားစရာပင် ကောင်းသေး၏။ ကားအနားသို့ ရောက်သောအခါ မောင်ပြည်သိန်းအား ငုံ့ကြည့်၍...

"မင်းက မြို့ထဲဘက် သွားမှာ မှတ်လား"
"အင်းလေ... ခင်ဗျား ဘာလုပ်မလို့လဲ"

ထိုသူ ဘာမှ ပြန်မပြော။ ကားနောက်ခန်းတွင် ၀င်ထိုင်လိုက်၏။ ထို့နောက် မောင်ပြည်သိန်းအား...

"မောင်းတော့...။ မြန်မြန်သာမောင်း"
"ဟေ့လူ...။ ခင်ဗျား ဘာလုပ်တာလဲ။ ဘလိုင်းကြီး ကားပေါ်ထိုင်ပြီးတော့"
"ဟာကွာ မင်းကလဲ။ ကားကြုံလေးတောင် မလိုက်ရဘူးလားကွ.. ဟီ..ဟိ"
"အမ်.. ခင်ဗျား ဘာရယ်တာလဲ"
"ငါ ရယ်လိုက်လို့လား..။ အေး..။ ငါက အဲလိုပဲ ပျော်ရင် ဖြစ်ဖြစ် ၀မ်းနည်းရင် ဖြစ်ဖြစ် သတိလွတ်သွားတတ်တယ်"

ဒီလူ့ ပုံစံ ကြည့်ရတာ ပုံမှန်မဟုတ်သလိုပဲ။ ၀တ်ထားတာကလည်း အဖြူဝမ်းဆက်နဲ့။ ကြည့်ရတာ ထောင်အင်္ကျီနဲ့ တူသလိုလို....။ ဟမ်..။ ရင်ဘတ်မှာ 2046 တဲ့။ ဒါ..ဒါဆို ဒီလူက ထောင်ပြေးပေါ့။ ဒုက္ခပါပဲ။ အင်း...။ သူ့ကို မြင်ဖူးသလိုပဲ..။ ဘယ်မှာ မြင်ဖူးပါလိမ့်။

"ဟေ့ရောင် ဘာတွေ စဉ်းစားနေတာလဲ။ မြန်မြန်မောင်းလေကွာ"
"ဟုတ်...ဟုတ်ကဲ့။ ဘယ်.. ဘယ်ကို မောင်းရမှာလဲ"
"ဘယ်ကို မောင်းမောင်းကွာ။ ဒီနေရာနဲ့ ဝေးရင် ပြီးရော။ ငါက မင်းထင်တဲ့အတိုင်း ထောင်က ထွက်ပြေးလာတာကွ"
"ဟုတ်...ဟုတ်ကဲ့"

အာ... သတိရပြီ။ ဟိုးတလောက သတင်းစာထဲမှာ မိန်းမနှစ်ယောက်ကို လည်ပင်းညစ်သတ်လိုက်တဲ့ သတင်းမှာ မိန်းမနှစ်ယောက်နဲ့ ရိုက်ထားတာ ဒီလူကိုး။ ဒါ..ဒါဆို ဒီလူက လူသတ်သမားပေါ့။ အမလေး.. ငါတော့ ဒုက္ခပါပဲ။

"ဟေ့ကောင် ဘာတွေ စဉ်းစားနေတာလဲ။ သြော်.. ငါသိပြီ မင်းက ငါ့ကို မြင်ဖူးသလိုရှိလို့လား။ အေးလေ။ မြင်ဖူးမှာပေါ့ ဟိုးတလောက မိန်းမနှစ်ယောက်ကို သတ်လိုက်တဲ့ အမှုဆိုပြီး သတင်းစာထဲမှာ ဟိုးလေးတကျော် ပါလာတာ ငါ့ပုံကြီးပေါ့ကွာ... ဟီ..ဟိ။ ဘာကြောင့်သတ်လဲဆိုတာရော သိချင်သေးလား"

"အင်း...အင်း" မောင်ပြည်သိန်း အသံတွေ တုန်နေသည်။ ကြောက်စိတ်ကြောင့် ဖြစ်မည်ထင်သည်။ 2046 ကတော့ တရင်းတနှီးပင် ပြောပြနေသည်။

"ငါသတ်လိုက်တာ ငါ့မိန်းမနဲ့ ငါ့ခယ်မပေါ့ကွ။ မိန်းမကိုတော့ တခြားယောက်ျားနဲ့ ဖောက်ပြန်လို့ သတ်လိုက်တာ။ ခယ်မ ကတော့ အောင်သွယ်လုပ်ပေးလို့။ မိန်းမတွေကို သတ်ရတာ လွယ်လွယ်လေးကွ။ လက်မနှစ်ချောင်းနဲ့ လည်ပင်းကို အကြောလေး နှစ်ခုကို ညှစ်မိရင် ပြီးပြီ။ မင်းရော စိတ်ဝင်စားလား.. ဟီ..ဟိ"

"ပေါက်ပေါက်ရှာရှာဗျာ... လူသတ်တာများ စိတ်ဝင်စားစရာလား" 2046 က တရင်းတနှီး ဆက်ဆံသောကြောင့် မောင်ပြည်သိန်း ကြောက်စိတ် အတန်ငယ်လျော့သွားသည်။ ဒီကောင်က အရူးပါး ဟုတောင် စိတ်ထဲတွင် တွေးမိ၍ ပြုံးမိသေးသည်။

"ဒါနဲ့.. ငါတစ်ခု စဉ်းစားမိတယ်ကွ။ ငါအခုလို ထွက်ပြေးတာ တစ်ချိန်ချိန်တော့ မိမှာပဲ။ အဲဒါကြောင့် မမိခင် ထွက်ပြေးရတာ တန်အောင်လို့ လူတစ်ယောက်လောက်တော့ ထပ်သတ်ချင်သေးတယ်။ အဲဒါ မင်းမှာ မကျေနပ်တဲ့ လူတွေ ဘာတွေ ရှိရင်ပြော။ သိလား။ ငါသတ်ပေးမယ်။"

ထိုသို့ပြောစဉ်တွင် မောင်ပြည်သိန်း တစ်စုံတစ်ခုကို သတိရသွားသည်။ အာ...။ ဟုတ်သားပဲ။ ဒီကောင်နဲ့ဆို အတော်ပဲ။ ဘွားတော်ကြီးကို ဒီကောင်နဲ့ ရှင်းလိုက်ရင် ငါနဲ့ အေပရယ် အမွေတွေရ။ အာဟ..။ အကြွေးတွေလဲကျေ။ အိုကေ...။ ပြီးရင် ဒီကောင့်ကို တစ်ခုခုရှာပြီး ပေးလိုက်ရင် ကျေနပ်သွားမှာပဲ။ အို..။ အဆင်သင့်လိုက်လေ.။

"ခင်ဗျား တကယ်ပြောတာလား"
"ငါလူကြီး..။ လျှောက်ပြောပါ့မလား မသာရဲ့... ဟီ... ဟိ"
"ဒါဆိုရင်....."
အနက်ရောင်ကားကလေးသည် အမှောင်ရိပ်ထဲသို့ တိုးဝင်လျှက်။

x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x

လူကုံထံ ရပ်ကွက်အတွင်းရှိ ခြံကျယ်ကျယ် တစ်ခုအတွင်းသို့ အနက်ရောင် ကားလေးဝင်သွားသည်။ ကားပေါ်တွင်တော့ မောင်ပြည်သိန်းနှင့် ကိုယ်ပိုင်နံပါတ် 2046 တို့ဖြစ်သည်။

“မင်းပြောတာ ဒီအိမ်လားကွ“
“အင်း ဟုတ်တယ်“
“လုပ်လေ ငါ့မှာ သတ်ချင်နေတာ လက်ကိုယားနေပြီ“
“အင်းပါ“

ထို့နောက် သူတို့နှစ်ယောက် အိမ်ထဲသို့ ၀င်သွားသည်။ အင်း..။ နှစ်ယောက်လုံးတော့ အိပ်ပျော်နေပြီ။ ထို့နောက် အပေါ်ထပ်သို့ တက်၍…

“ဟော ဟိုက အခန်းထဲ ၀င်သွားပြီးတော့ အဲဒီ အထဲမှာ ရှိတဲ့ အဖွားကြီးကိုသာ ရှင်းလိုက်“
“အိုကေ“

ခဏကြာတော့ ၀ရုန်းသုန်းကား အသံတွေကို ကြားရပြီး 2046 ပြန်ထွက်လာသည်။ ရုပ်ကတော့ ပြုံးဖြီးဖြီးနှင့်။

“ကဲ ဆရာသမား။ ပြီးပြီ။ အရေးထဲ ငါ့ပြန်သတ်နေသေးတယ်။ ဒါပေမယ့် ဘယ်နိုင်မလဲ ဟီ ဟိ“
“အေး အေး ကျေးဇူးပဲကွာ“

အောက်ထပ်သို့ ဆင်းပြီး ပေးစရာ တစ်ခုခု ရှာလိုက်သည်။ တွေ့ပါပြီ။ ငွေဖလားတစ်လုံး ပေးလိုက်သည်။

“အား.. မိုက်တယ်ဗျာ… ကျေးဇူးပါပဲ ဆရာသမားရယ်.. ဟီ.. ဟိ“
“အေး ပြီးရင် ဒီနေရာကနေ အဝေးဆုံးကို လစ်တော့။ မတော်လို့များ မိသွားရင် ငါ့အကြောင်း တစ်လုံးမှ မပါစေနဲ့နော်“
“အင်းပါ ဆရာသမားက ကျွန်တော့်ကို ကစားစရာပေးတာပဲ ဟီ ဟိ“

2046 ထွက်သွားသည်။ ကဲ.. ငါလဲ အမြန်ထွက်မှပဲ။ တစ်ညလုံး အိမ်မပြန်တဲ့ ပုံစံလုပ်ရမယ်။ ဒါမှ သံသယ မဖြစ်မှာ။ ပြီးရင်တော့ အမွေတွေရ။ အိုကေ နေတာပဲ နော့။

ထိုစဉ် အိမ်ပေါ်ထပ်မှ ခြိုးခြိုးချွတ်ချွတ် အသံများ ကြားလိုက်ရသည်။ မောင်ပြည်သိန်း ခေါင်းနပန်း ကြီးသွားသည်။ ဟိုကောင် လုပ်တာ မသေချာလို့လား။ သေချာအောင် တက်ကြည့်ဦးမှပဲ။ ထို့နောက် မောင်ပြည်သိန်း ကြောက်ကြောက်နှင့် အိမ်ပေါ်သို့ တက်သွားသည်။

အေပရယ့်အဒေါ်အခန်း အတွင်းသို့ ၀င်ရန် တံခါးလက်ကိုင်ဘုကို ကိုင်ရသည်မှာ လက်တွေတုန်ရင်နေသည်။ ထို့အချိန်တွင် သူ့အနောက်သို့ တစ်လှမ်းချင်း လာနေသော ခြေသံကို ကြားလိုက်ရသည်။ မောင်ပြည်သိန်း ကြောက်စိတ်မှာ အထွတ်အထိပ် သို့ပင် ရောက်သွားသည်။ ထို့နောက် တဖြည်းဖြည်း လှမ်းကြည့်သည်။ ခြေသံများမှာ တဖြည်းဖြည်း နီးကပ်လာသည်။

ထို့နောက်တွင်တော့ သွေးပျက်စရာ မြင်ကွင်းတစ်ခုကို မောင်ပြည်သိန်း တွေ့လိုက်ရသည်။

ည၀တ်အင်္ကျီကို ၀တ်ဆင်ထားသော ခေါင်းစုပ်ဖွားနှင့် မိန်းမတစ်ယောက်သည် မောင်ပြည်သိန်းထံသို့ တလှမ်းချင်း လာနေသည်။ မျက်နှာမှာ ကြောက်လန့်၍ သွေးမရှိသကဲ့သို့ ဖြစ်နေပြီး မျက်ကွင်းများမှာလည်း အိပ်ရေးပျက်သည့်အလား ညိုမည်းနေသည်။

“ဟင်.. ခင်ဗျား..ခင်ဗျား အေပရယ့် အဒေါ်မှတ်လား..။ ခင်ဗျားက..ဘယ်လိုလုပ်… ခင်ဗျားက.. သေပြီလေ.. ဘယ်လို“

မောင်ပြည်သိန်း ပါးစပ်မှ ယောင်ရမ်းပြီး ထွက်လာသည်။ ထို့နောက် အခန်းအတွင်းသို့ အရဲစွန့်ပြီး ၀င်သွားသည်။ အခန်းထဲတော့ ကုတင်ပေါ်မှ တ၀က်တပျက် ကျနေသော မိန်းမတစ်ယောက်၏ အလောင်း…

“ဟာ… ဘာတွေဖြစ်.. အေ..အေပရယ်.. အေပရယ်.. သေပြီ.. အေပရယ်သေပြီ.. ဘယ်လိုတွေဖြစ်…2046“

မောင်ပြည်သိန်း ကြောက်စိတ်နှင့် အံ့သြမှုတို့ ရောထွေး၍ အရူးတစ်ယောက်လို ဖြစ်နေသည်။ နောက်မှ အေပရယ့်အဒေါ် အိပ်မှုန်စုံမွှားနှင့် အခန်းအတွင်းသို့ ၀င်လာသည်။

“ဟယ်.. အေပရယ်.. ဘယ်လိုဖြစ်တာလဲ။ နင်..နင် ပြည်သိန်း။ နင်.. လုပ်တာပေါ့.. ဟုတ်လား.. အမယ်လေး !! “

x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x

“ဒီနေ့ ညမှ အေပရယ်က သူ့အခန်းမှာ Air Con: ပျက်နေတယ်ဆိုပြီး ကျွန်မနဲ့ အခန်းချင်းလဲပြီး အိပ်တာပါ။ ဆယ့်တစ်နာရီလောက် သူ့အခန်းထဲက ၀ရုန်းသုန်းကား အသံတွေကြားလို့ ကျွန်မ ထကြည့်တော့ အခန်းဝမှာ မောင်ပြည်သိန်း ကြောက်နေတာ။ ပြီးတော့ အခန်းထဲ ၀င်သွားတော့ ကျွန်မလဲ လိုက်ဝင်သွားပါတယ်။ အဲမှာ အေပရယ့် အလောင်းကို တွေ့တာပါပဲ။ ဒါပါပဲ စခန်းမှူးကြီးရယ်“

No comments: