Saturday, January 9, 2010

လိုအပ်ချက်

ကျွန်မခင်ပွန်း ဒန်နီယယ် နဲ့ ပတ်သက်ပြီး သိခဲ့တဲ့ မိတ်ဆွေတစ်ယောက် ရှိပါတယ်။ သူ့နာမည်က ဂျက်ဖရီ ပါ။ သူတို့နှစ်ယောက်ဟာဆိုရင် ကျောင်းမှာလဲ အတူစား အတူလာ၊ အပြင်မှာရော ပူးပူးတွဲတွဲနဲ့ နေထိုင်ကြသူတွေပါ။ ဒန်နီရယ် နိုင်ငံခြားမှာ အင်ဂျင်နီယာကျောင်း သွားတက်တော့ ဂျက်ဖရီ က မလေးရှားမှာပဲ တက္ကသိုလ်တက်ပြီး ကျန်ခဲ့ပါတယ်။

အဲဒီမှာစပြီး ဂျက်ဖရီ ပျက်စီးတာပါပဲ။ သူ မူးယစ်ဆေးတွေ သုံးလာတယ်။ စာတွေမကျက်ဘူး။ နောက်ဆုံး သူ့အဖေက သူ့ကို အိမ်က နှင်ချတဲ့အထိတောင် ဆိုးရွားလာပါတယ်။ ဂျက်ဖရီ ဟာ ကွာလာလမ်ပူ မြို့ရဲ့ လမ်းမတွေမှာ နေထိုင်ကျက်စားပြီး ဘ၀ရဲ့အချိန်တွေကို ပိုက်ဆံ တပြားတချပ်မှမရှိဘဲ မူးယစ်ဆေးနဲ့ ကုန်လွန်စေခဲ့ပါတယ်။ ကံကောင်းချင်တော့ ဂျက်ဖရီ ရဲ့ ကျောင်းတုန်းက သူငယ်ချင်းဟောင်းတစ်ယောက် သူ့ကိုတွေ့သွားပြီး သနားတာနဲ့ သူ့ကို အင်္ကျီအသစ်တွေဝယ်ပေး၊ ထမင်းကျွေး၊ ပိုက်ဆံနည်းနည်းပေးပြီး အိမ်အထိ ပြန်လိုက်ပို့ပေးခဲ့ပါတယ်။


သူ့မိသားစုအကူအညီနဲ့ ဂျက်ဖရီ ဟာ အချိန်တိုအတွင်းမှာပဲ ပုံမှန်အတိုင်း ပြန်ဖြစ်လာပါတယ်။ မူးယစ်ဆေးလည်း ပြတ်သွားပြီး အလုပ်လုပ်ကာ အိမ်ထောင်ရက်သားကျလာပါပြီ။ သူ့ဘ၀ဟာ ပျော်ရွှင်စရာ ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ကံကြမ္မာဆိုးက အရှေ့မှာ စောင့်ကြိုနေပါတယ်။ သူ့မှာ HIV ရောဂါပိုး စွဲကပ်နေပါပြီ။ အဖြစ်နိုင်ဆုံးကတော့ မသန့်ရှင်းတဲ့ ဆေးထိုးအပ်ကြောင့် ဖြစ်ပါလိမ့်မယ်။

ကျွန်မနဲ့ ဂျက်ဖရီ ပြန်တွေ့တာ အထက်တန်းကျောင်းပြီးနောက် ၁၅ နှစ်ကျော်မှပါ။ အဲဒီအချိန်မှာ သူဟာ နည်းနည်းလေးမှ ရောဂါသည်ပုံမပေါက်ပါဘူး။ သူ့မှာ နွေးထွေးတဲ့အပြုံးကို ပိုင်ဆိုင်ထားပြီး အရင်ကထက်တောင် စကားများလာပါသေးတယ်။ကျွန်မ သူဆေးစွဲပြီး လမ်းပေါ်ရောက်တာကို မသိခဲ့ပါဘူး။ ဒန်နီယယ် နဲ့ ဂျက်ဖရီ တို့က ကျောင်းက သူငယ်ချင်းဟောင်းတွေ တွေ့ဆုံပွဲမှာ ပြန်တွေ့ကြတာပါ။ ကျွန်မနဲ့ ဒန်နီယယ် တို့ ၂၀၀၁ ခုနှစ်မှာ ဂျက်ဖရီ ရဲ့အိမ်ကို သွားကြပါတယ်။ သူ့ဇနီး ဆစ်တီ နဲ့ လေးနှစ်သမီးလေး အာယု တို့ဟာ အင်မတန်ဖော်ရွေကြပါတယ်။

ဂျက်ဖရီ နဲ့ ကျွန်မတို့ဟာ အတော်လေးကို အဆင်ပြေခြဲ့ပါတယ်။ နှစ်ယောက်စလုံးက ငါးမျှားတာ ၀ါသနာပါတဲ့အတွက် သူ့အိမ်နားမှာရှိတဲ့ ငါးမျှားကန်လေးကို ခေါ်သွားတတ်ပါတယ်။ ဂျက်ဖရီ က ကျွန်မကို ငါးမျှားနည်းအသစ်တွေနဲ့ ဘယ်ငါးမျှားတံကို ဘယ်လိုသုံးရမလဲဆိုတာ သင်ပေးပါတယ်။ ဆစ်တီ ကတော့ သာမန်ကျေးတောသူတစ်ယောက်ပါ။ သူက ရှက်တတ်တယ်။ ဒါပေမယ့် ခင်ဖို့ကောင်းပါတယ်။ သူက ကျွန်မထက်ငယ်ပေမယ့် ကျွန်မတို့နှစ်ယောက်က သူငယ်ချင်းကောင်းတွေ ဖြစ်လာပါတယ်။ သူတို့သမီးလေး အာယု ကတော့ အရမ်းချစ်ဖို့ကောင်းတဲ့ ကလေးတစ်ယောက်ပါ။ ကျွန်မတို့ ငါးမျှားနေရင်လည်း ၀င်မနှောက်ယှက်ပါဘူး။ ချစ်ဖို့ကောင်းတဲ့ ကလေးမပါ။

ကျွန်မနဲ့ ဂျက်ဖရီ နဲ့က ငါးမျှားကန်မှာပဲ အချိန်ကုန်ကြတာများပါတယ်။ အဲဒီနေရာဟာဆိုရင် လှပပြီး သီးသန့်ဆန်တဲံ နေရာလေးပါ။ အနီးအနားမှာရှိတဲ့ တောင်ပေါ်ကကျတဲ့ ရေတွေဟာ ကန်ထဲမှာ ကြည်လင်အေးမြနေပါတယ်။ မြင့်မားပြီး အရိပ်ရတဲ့ အပင်တွေဟာလည်း အနီးအနားမှာ ရှိနေကြပြီး ခပ်လှမ်းလှမ်းမှာရှိတဲ့ တောအုပ်ထဲမှာတော့ မျောက်အော်သံတွေနဲ့ ငှက်အော်သံတွေ ကြားရတတ်ပါတယ်။

နောက်လတွေမှာဆိုရင် ကျွန်မသားနဲ့သမီး၊ ဒါမှမဟုတ် ကျွန်မမိဘ၊ သူငယ်ချင်းတွေနဲ့ အဲဒီကို ငါးမျှားသွားတတ်လာပါပြီ။

အဲဒီကာလတောအတွင်းမှာပဲ ဂျက်ဖရီ မှာ AIDS ဖြစ်နေပြီဆိုတဲ့ သတင်းကို ဒန်နီယယ် ရဲ့ သူငယ်ချင်း ဆရာဝန်ဆီက ကြားလိုက်ရပါတယ်။ ကျွန်မနဲ့ ဒန်နီယယ် အရမ်းစိတ်မကောင်း ဖြစ်မိပါတယ်။ ကျွန်မတို့ရဲ့ သူငယ်ချင်းကောင်းလေးဟာ သေဆုံးရတော့မယ်လေ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ဟာ ဂျက်ဖရီ နဲ့ အဆက်အဆံမပြတ်ရှိနေမှာပါ။ သူက ကျွန်မတို့ရဲ့ အားပေးကူညီမှုလိုတယ်လေ။

ဂျက်ဖရီ နဲ့ ပြန်တွေ့တဲ့ ပထမနှစ်မှာ သူဟာ ကျန်းကျန်းမာမာပဲ ရှိနေပါတယ်။ ဒုတိယနှစ်ရောက်တော့ သူက ဆေးရုံကို ပုံမှန်သွားနေရတယ်လို့တော့ ပြောပါတယ်။ ဒါပေမယ့် ကျွန်မက ဘာကြောင့်လဲလို့တော့ တစ်ခါမှ မမေးကြည့်မိပါဘူး။ ဆစ်တီ ကတော့ ဂျက်ဖရီ မှာ သွားရောဂါရှိတယ်လို့ ပြောပါတယ်။

တတိယနှစ်ရောက်တော့ ဂျက်ဖရီ နေမကောင်းတာ ပိုပြီးသိသာလာပါပြီ။ သူခဏလေးနဲ့ မောပန်းလာပြီးတော့ ခဏခဏ အိပ်နေပါတယ်။ လမ်းကိုလဲ ဖြည်းဖြည်းပဲ လျှောက်ပြီး အစားနည်းလာပါတယ်။ သူ့ရဲ့ ကျန်းမာရေးအကြောင်းပြောတဲ့အခါတိုင်း အကြမ်းဖျင်းအားဖြင့်ပဲ ပြောပြတတ်ပါတယ်။

ဘာပဲဖြစ်ဖြစ်ပါ။ သူဟာ အရင်က ဂျက်ဖရီ ပါပဲ။ ခင်ဖို့ကောင်းပြီး ပျော်ပျော်နေတတ်ပါတယ်။ ကျွန်မတို့ ငါးမျှားနေစဉ်မှာ သူဟာ ဟာသတွေအများကြီး ပြောပါတယ်။ တစ်ခါတလေ သူက နိုင်ငံရေးအကြောင်းတွေတောင် ဆွေးနွေးတတ်ပါသေးတယ်။

ဒါပေမယ့် ရုတ်တရပ် အခြေအနေတွေ ပြောင်းလဲသွားပါတယ်။ ဂျက်ဖရီ တို့မိသားစု နေထိုင်ဟာ ဂျက်ဖရီ ရဲ့ အစ်ကိုအိမ်ပါ။ ဂျက်ဖရီ နဲ့ ဆစ်တီ တို့ဟာ အိမ်ကိုစောင့်ရှောက်ကြပြီး ကျောင်းအားလပ်ရက်နဲ့ တနင်္ဂနွေနေ့တွေမှာတော့ ပျော်ပွဲစားထွက်တဲ့လူတွေကို ငှားပါတယ်။ နောက်ပိုင်းမှာတော့ ဂျက်ဖရီ နဲ့ သူ့အစ်ကိုတို့ စကားများကြပြီး သူတို့တွေ အိမ်ယာမဲ့ဘ၀ ရောက်သွားပါတော့တယ်။

ဂျက်ဖရီ နဲ့ ဆစ်တီ တို့ဟာ ထိုင်းနိုင်ငံမှာ အခြေချဖို့ ဆုံးဖြတ်ကြပါတယ်။ ဆစ်တီ က အလုပ်လုပ်ပြီးတော့ ဂျက်ဖရီ ကို အိမ်မှာပဲ သက်သက်သာသာ နေခိုင်းတယ်။ ဒါပေမယ့် သူတို့ ထိုင်းမှာ အဆင်မပြေကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဂျက်ဖရီ လိုအပ်တဲ့ ဆေးဝါးအကူအညီတွေ မရနိုင်လို့ပါ။ ဒါကြောင့် လအနည်းငယ်ကြာပြီးတော့ မလေးရှားကို ပြန်လာခဲ့ကြတယ်။ ဂျက်ဖရီ ကတော့ အထွေထွေ ဆေးရုံကြီးမှာ တက်ရောက်ကုသခဲ့ပါတယ်။

ကျွန်မတို့ ဂျက်ဖရီ ကိုသွားကြည့်တော့ အရင်ကထက် အခြေအနေဆိုးနေပါပြီ။ သူ့အသားအရေနဲ့ နှုတ်ခမ်းတွေဟာ အရမ်းကို ခြောက်သွေ့အက်ကွဲနေပါတယ်။ ဒါပေမယ့် သူ့အမူအရာကတော့ အရင်ကအတိုင်း ပျော်ပျော်ရွှင်ရွှင်ပါပဲ။ သူက ဆေးရုံအကြောင်း၊ ဆရာဝန်တွေ သူနာပြုတွေ၊ တခြားလူနာတွေ သူ့သမီးအကြောင်းတွေ ပြောပြနေပါသေးတယ်။ နောက်ပိုင်းမှာတော့ ဆေးရုံနားမှာရှိတဲ့ အိမ်ကို ဂျက်ဖရီ နဲ့ ဆစ်တီ တို့ ငှားပြီး ပြောင်းနေကြပါတယ်။

ဂျက်ဖရီ ရဲ့ ကျန်းမာရေးအခြေအနေဟာ အဆိုးရွားဆုံး အချိန်မှာ ရောက်နေပါပြီ။ သူ့အသားအရေဟာ အမည်းရောင်ဖြစ်နေပြီးတော့ အရမ်းကို ခြောက်သွေ့နေပါတယ်။ သူ့ ရင်ထဲမှာ မီးလောင်နေသလိုပဲလို့ ကျွန်မတို့ကို ပြောပါတယ်။

ကျွန်မတို့ သူ့အိမ်ကိုသွားတဲ့ နောက်ဆုံးအခေါက်ဟာ တစ်သက်တာမှာ ကြွေကွဲဖွယ်ရာ အကောင်းဆုံးပါပဲ။ ဂျက်ဖရီ ဟာ အရမ်းကို အားနည်းနေပြီးတော့ မလှုပ်ရှားနိုင်တော့ပါဘူး။ ကျွန်မသူ့ကို မကြည့်ရက်တော့ပါဘူး။ ကျွန်မတို့ သူ့ကိုနောက်ဆုံး နှုတ်ဆက်ခဲ့ပါတယ်။

မေလ 2004 မှာပါ။ ကျွန်မတို့ ကျွန်မမောင်ရဲ့ မင်္ဂလာဆောင်မှာ ရောက်နေတုန်း ဆစ်တီ က ဒန်နီယယ် ကို ဖုန်းဆက်ပြီး ပြောပါတယ်။ “သူဆုံးသွားပြီ… ဂျက်ဖရီ လေ… သူဆုံးသွားပြီ” ကျွန်မ ဖုန်းကိုင်လိုက်တဲ့အခါမှာတော့ ဆစ်တီ စိတ်မထိန်းနိုင်တော့ပဲ ငိုချလိုက်ပါတယ်။ ကျွန်မတို့နှစ်ယောက် ခဏကြာအတူ ငိုနေကြပါတယ်။ ကျွန်မသူတို့ အားပေးခဲ့ပါတယ်။ သူ့မှာ စောင့်ရှောက်စရာ သမီးတစ်ယောက် ကျန်သေးတယ်လေ။

ဖုန်းချပြီးတဲ့နောက်မှာတော့ ကျွန်မနဲ့ ဒန်နီယယ် တို့ဟာအရမ်း စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်မတို့ သူငယ်ချင်းအတွက် ငိုကြွေးရုံမှတပါး မတတ်နိုင်တော့ဘူးလေ။

ဂျက်ဖရီ ဟာ ဆင်းဆင်းရဲရဲနဲ့ သေဆုံးသွားခဲ့တာပါ။ ဒါပေမယ့် သူ့အသုဘကို အားလုံးလာကြတယ်။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ မန်နေဂျာတွေ၊ စာရင်ကိုင်တွေအားလုံး သူတို့ရဲ့ AIDS နဲ့ သေဆုံးသွားတဲ့ သူငယ်ချင်းကို လာနှုတ်ဆက်ကြပါတယ်။

ကျွန်မ ဂျက်ဖရီ ကို မကြာခဏ သတိရမိပါတယ်။ သူဟာ ဘ၀ကိုသတ္တိရှိရှိနဲ့ ရင်ဆိုင်သွားတာပါ။ ခင်ပွန်းကောင်းတစ်ယောက်၊ ဖခင်ကောင်းတစ်ယောက်နဲ့ သူုငယ်ချင်းကောင်းတစ်ယောက် ဖြစ်ပါတယ်။ သူဟာ သူ့နာကျင်မှုကို တခါမှ ထုတ်မပြောပေမဲ့ သူအရမ်းကို ခံစားနေရတယ်ဆိုတာ ကျွန်မကောင်းကောင်းသိပါတယ်။

ဂျက်ဖရီ က ကျွန်မကို ခင်မင်မှုနဲ့ မိသားစုအကြောင်းသင်ပေးခဲ့ပါတယ်။ ပြီးတော့ အရာရာကို အကောင်းမြင်စေခဲ့ပါတယ်။ ဂျက်ဖရီ ရဲ့ ကျေးဇူးကြောင့် AIDS ရောဂါသည်တွေဟာ ကြောက်စရာမရှိဘူးဆိုတော့ သိခဲ့ရပါတယ်။ ရောဂါသည်တွေ လိုအပ်နေတာ အားပေးမှုနဲ့ ကူညီမှု။ ပြီးတော့ သူငယ်ချင်းကောင်းတစ်ယောက် ပါပဲ…။

>>Kawan Setia ၏ Standing By အား ဘာသာပြန်ဆိုပါသည်<<

No comments: