Thursday, January 14, 2010

ကျွန်တော်နှင့်အယ်လ်ကိုဟော


ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ခန္ဓာကိုယ်ထဲသို့ အယ်လ်ကိုဟော ဝင်ရောက်ခြင်းသည် လွန်ခဲ့သော သုံးနှစ်ခန့်၊ အသက်ဆယ့်လေးနှစ်၊ ရှစ်တန်းကျောင်းသားအရွယ်တွင် ဖြစ်သည်။ ဘယ်အပေါင်းအသင်းမှ ဆွဲဆောင်ဖျက်ဆီး၍ လည်းမဟုတ်၊ မိမိဘာသာပျက်စီးချင်သည့် ဗီဇ ပါလာ၍ အဖေ့အရက်ပုလင်းမှ ခိုးသောက်မိခြင်းပင်။ ထိုသို့ပြော၍ ကျွန်တော့်အဖေ အရက်သမားဟု မထင်လိုက်ပါနှင့်။ အဖေသည် လူကြီးပီပီ ဆေးဖြစ်ဝါးဖြစ် တစ်နေ့ နှစ်ပက်ခန့် ပုံမှန်သုံးဆောင်နေသော ဂုဏ်သရေရှိ “လူကြီးလူကောင်း” သာဖြစ်သည်။ ထိုစဉ်က သီတင်းကျွတ်ကာလဖြစ်ရာ အဖေ့ကို လာရောက် “သြကာသ” သူများနှင့် စည်ကားလျက်၊ အိမ်တွင် ပုလင်းများ တန်းစီနေသော အချိန်ကောင်းပင် ဖြစ်သည်။ လူငယ်ပီပီ အရာရာကို စမ်းသပ်ချင်သော သဘာဝ၏ စေ့ဆော်မှုကြောင့် ဟူ၍သာ လွှဲချလိုက်တော့မည်။


ထိုနေ့က ကျောင်းတွင်းစာမေးပွဲ၊ မြန်မာစာဖြေမည့်နေ့ ဖြစ်သည်။ မိဘများ အလုပ်သွား၍ အိမ်တွင် ဘယ်သူမှမရှိ။ စာမေးပွဲက နေ့လည်မှဖြစ်၍ ထမင်းစားပြီး သွားဖြေရမည် ဖြစ်သည်။ ဤတွင် မသမာဒေဝ နတ်ဆိုးနတ်ယုတ် များ၏ စောင်မမှုအရ ပုလင်းများဘက်သို့ မျက်စိရောက်သွား၏။ ထမင်းမစားခင် တစ်ပက်ခန့် သောက်လျှင် ထမင်းမြိန်သည်ဟု ကြားဖူးသည်။ မန္တလေးရမ်လား ဘာလားသေချာမမှတ်မိ၊ ခွက်ထဲသို့ ပုလင်းအဖုံးနှင့် ချိန်ထည့်ပြီး ရေခဲတုံးထည့်သည်။ နောက်မှ စိတ်မရှည်တော့သဖြင့် ရေခဲတုံးထုတ်ကာ တစ်ကျိုက်တည်း မော့ချလိုက်သည်။ ခါးသက်သော အရသာနှင့်အတူ လည်ချောင်းထဲသို့ ပူဆင်းသွားကာ ဝမ်းဗိုက်ထဲတွင် နွေးတေးတေးနှင့် ကျန်ခဲ့သည်။ အင်မတန် အရသာရှိလေသည်။

ထမင်းစားလို့လည်း အလွန်ကောင်းသည်။ ထမင်းတစ်ပန်းကန် ခဏလေးနှင့် ပြောင်သည်။ စားပြီးမှ စဉ်းစားမိသည်။ အရက်သောက်ပြီး မမူးလျှင် သောက်ရတာမတန်၊ ခိုးသောက်တာသိလျှင် အဆူခံထိတာသာ အဖတ်တင်မည်။ အဆူခံရတာချင်း အတူတူ အတော်သေးသောက်သွားမည်ဟု ဆုံးဖြတ်၍ နောက်တစ်ခွက် ထည့်သည်။ မော့၏။ ဘာမှမဖြစ်သေး။ အယ်လ်ကိုဟောတွင် ပါရမီထူး၍လားမသိ။ တော်ရုံသောက်လျှင် ဘာမှမဖြစ်ဟုထင်ကာ နောက်တစ်ခွက်ထည့်သည်။ ဒီတစ်ခါ လက်ဆ များသွား၍ထင့်၊ အဟွတ်ဟွတ်ပါ ဖြစ်လာသည်။ အေ့ကနဲ့ လေတက်၏။ အင်း . . . ဇာတ်လမ်းတော့ စပါပြီ။ လမ်းလျှောက်မှ ပို၍ သိသာသည်။ စိတ်သွားတိုင်း ကိုယ်မပါဆိုတာ ဒါမျိုးပင် ဖြစ်မည်။ ရှေ့တည့်တည့်သို့ လှမ်းသော်လည်း ဘေးသို့ ယိုင်ယိုင်သွား၏။ မတတ်နိုင်။ ဒီအခြေအနေနှင့်ပင် ကျောင်းသွားရဦးမည်။

တီတီစီ ကျောင်းနှင့် အိမ်သိပ်ဝေးလှ၍ ပြဿနာမရှိလှ။ ပြဿနာက ကားလမ်းကူးရာတွင် ဖြစ်သည်။ ကျောင်းရှေ့ ပြည်လမ်းမကို ဖြတ်ကူးရာတွင် မကူးရဲတော့။ ကိုယ့်အခြေအနေ ကိုယ်ရိပ်မိသည်။ တစ်ခါမှ ဤကဲ့သို့ အရက်မူး၍ ကားလမ်း မကူးဖူးသဖြင့် တိုက်မည့် ရာခိုင်နှုန်းမှာ အတော်ပင် များနေသည်။ ကားတားပေးမည့် လမ်းပြပုလိပ်ကလည်း နေ့ခင်းဘက်မရှိ။ နောက်မှ လူအုပ်ကြားထဲတွင် အလယ်မှဝင်ကာ ရောကူးရသည်။ သူများခြေထောက် နင်းမိသည်မှလွဲ၍ ပြဿနာမရှိ။ ကျောင်းထဲရောက်တော့ အနံ့ထွက်မည် စိုး၍ ပါးစပ်ပိတ်ကာ ထိုင်နေလိုက်သည်။ အကျိုးတော့ ရှိပါ၏။ မြန်မာစာ စာစီစာကုံး ရေးရာတွင် အတော်လက်သွက်သည်။ တစ်ခါမှ လေးမျက်နှာကျော်အောင် မရေးနိုင်ခဲ့သူက ခုနစ်မျက်နှာခန့် ရေးခဲ့လေသည်။

ထို့နောက်ပိုင်း ကိုးတန်း၊ ဆယ်တန်း၊ ဆယ်တန်းအောင် ယခုကာလအထိ မတော်တဆလောက်ပင် သောက်ဖြစ်သည်။ အရက်စစ်စစ်တော့ မသောက်တော့၊ ဘီယာလောက်ပင် မိတ်ဖြစ်ဆွေဖြစ် သောက်တော့သည်။ စာမေးပွဲပြီး အထိမ်းအမှတ်၊ မွေးနေ့၊ ရည်းစာရ၍ ပျော်ရွှင်ခြင်း အထိမ်းအမှတ်၊ ရည်းစားနှင့် ပြတ်သော အထိမ်းအမှတ်၊ နယ်မှ သူငယ်ချင်း ပြန်ရောက်လာသော အထိမ်းအမှတ်၊ စသည့် စသည့် အထိမ်းအမှတ်များဖြင့်သာ အောင်ပွဲခံ ကျင်းပဖြစ်တော့သည်။ ကံဆိုးချင်၍ အိမ်ရှေ့တွင် ဘီယာဆိုင်တစ်ဆိုင် ရှိပါသည်။

ဤသို့ ရေးနေ၍ အရက်သမား၊ အရက်ခရေဇီ၊ အရက်စပယ်ရှယ်လစ် စသည်ဖြင့် မထင်ကြစေလိုပါ။ မီးလာ၍ ပျင်းပျင်းနှင့် ထိုင်ရေးနေခြင်းသာ ဖြစ်ပါသည်။ အခြား သုံးစွဲဖူးသော မူးယစ်ဆေးဝါး အတွေ့အကြုံများကိုလည်း ကြုံလျှင်ကြုံသလို ဝေမျှပါဦးမည်။ သည်းခံကြပါကုန်ဝ်။ . . . ။

1 comment:

Notes on Web of My Pieces said...

အခြား သုံးစွဲဖူးသော မူးယစ်ဆေးများဆိုတာ...မထိတထိ သုံးစွဲ ခဲ့ဖူးတာလာ.း..။ ပေါက်တဲ့ အထိ သုံးခဲ့တာလား...း)

ပေါက်တဲ့ အထိ သုံးကြည့်ပြီးမှ အဲဒီ အတွေ့အကြုံကို ပြန်ရေး..ဗျ။။ အဲဒါကမှ တကယ့် အဖိုးတန် ဗဟုသုတရယ်...