Friday, January 22, 2010

အထီးကျန်လူအုပ်ကြီး

မြို့ပြဝါဒရဲ့ ရိုက်ခတ်မှုကြောင့် မြန်မာပြည်ရဲ့ မြို့ပြလူဦးရေဟာ တစ်ဟုန်ထိုး များပြားလာခဲ့တယ်။ လူဦးရေများလာတာနဲ့အမျှ အလုပ်သမားတွေ များပြားလာခဲ့တယ်။ အပေါ်ဆုံးအလွှာနဲ့ အောက်ခြေအလွှာရဲ့ ကွာဟမှုကလည်း ပိုမိုကြီးထွားခဲ့ရပြန်တယ်။ မြို့ပြရဲ့ အဆင်တန်ဆာဖြစ်တဲ့ တိုက်ခန်းတွဲတွေကလည်း မှိုလိုပေါက်ခဲ့ပေါ့။ မြို့ပြလူ့အဖွဲ့အစည်းဟာ ကျေးလက်လူ့အဖွဲ့အစည်းနဲ့ မတူချေဘူး။ မြို့ပြက လူတွေဟာ တိုက်ခန်းတွဲတစ်ခုထဲ အတူနေတာတောင် တစ်ယောက်နဲ့တစ်ယောက် မသိကြဘူး။ လမ်းပေါ်မှာ ခင်ဗျားတွေ့ရတဲ့ လူတွေဟာ မျက်နှာစိမ်းတွေချည်းပဲ။ ယုံကြည်လို့ မရတဲ့ သူတွေချည်းပဲ။ များသောအားဖြင့် ကိုယ့်ကို ကြည့်နေကြတဲ့ မျက်နှာတွေက စိတ္တဇလူသတ်ကားတွေထဲကလို အေးစက်တဲ့ မျက်နှာသေကြီးတွေ ဖြစ်နေတတ်တယ်။



တစ်ခန်းတည်းနေ ဝဋ်ဒုက္ခများ
အခန်းတံခါးနဲ့ လှေကား
အမြဲတမ်း သော့ခတ်ထားတယ်။

နံရံမှာ တစ်ရောင်ထဲ စိတ်လေစိတ်လွင့်
လမ်းက အသံမှုန် အသံစလွင့်
တစ်ယောက်ယောက်ကို အသင့်ပြင်ထားတဲ့
တွဲလောင်းကျ လူခေါ်ခေါင်းလောင်းကြိုးများ
မျက်နှာချင်းဆိုင် အခန်းတွဲများမှာလည်း
ကိုယ့်အတွေးအခေါ်လို လမ်းမမျှော်များ
အခေါင်းတည်း အလောင်းမရှိသလို
အမြဲတမ်း အဝတ်အထည်များ။ ။

(စိုင်းဝင်းမြင့်၏ မြို့တွင်းပြော အဝေးပြော)

စိုင်းဝင်းမြင့်ရဲ့ ကဗျာကို ကြည့်ရင် မြို့ပြရဲ့ မလုံခြုံမှု (sense of insecurity) မြို့ပြလူသားရဲ့ အမြဲတစေ ခြိမ်းခြောက်ခံနေရမှု (sense of threat) စတာတွေအပြင် မြို့ပြလူလတ်တန်းစား ဘဝရဲ့ ငြီးငွေ့ဖွယ်ကောင်းမှု၊ အထီးကျန်မှုနဲ့ အနှစ်သာရကင်းမဲ့မှုတို့ကို တွေ့နိုင်တယ်။ မြို့ပြလူသားတွေ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ် ပြတ်တောက်နေတာကို တွေ့နိုင်တယ်။

မြို့ပြနှင့် စိတ်ဖိစီးမှု
. . . . . . . . . . . . . . .
သူငယ်ချင်းက သက်ပြင်းချတယ်
ငါက ဆေးလိပ်မီးထပ်ညှိတယ်။
(မိုးဝေး၏ ညများ)

မြို့ပြမှာ တစ်နေ့တာ အသက်ရှင်သန်မှုဟာ စိတ်ဖိစီးမှုတွေနဲ့ ပြည့်နှက်နေတယ်။ လူသားဟာ စက်ရုပ်တစ်ရုပ်လို အလုပ်လုပ်နေရတယ်။ နေဝင်ပြီး မိုးကြီးချုပ်မှ အင်မတန် နွမ်းနယ်နေတဲ့ ကျောက်ရုပ်ကြီးတွေ အိမ်ထဲကို လေးလေးကန်ကန် လှမ်းဝင်သွားတာ တွေ့ရလိမ့်မယ်။ ရုပ်ဝတ္ထုလိုအပ်ချက်တွေက ကြောက်စရာကောင်းလောက်အောင် ကြီးမားလာခဲ့တယ်။ စိတ်ဝေဒနာတွေ ပိုမိုများပြားလာခဲ့တယ်။ မြို့ပြလူသားဟာ စိတ်ငြိမ်ဆေးကို မှီဝဲနေရတဲ့ ယဉ်ယဉ်ကလေး ရူးနေတဲ့သူဖြစ်တယ်။ လေထဲမှာ သက်ပြင်းချသံတွေနဲ့ ဆေးလိပ်ငွေ့တွေ ပိုမိုများပြားလာခဲ့တယ်။

ကိုယ်အိပ်လို့မရတဲ့ည
မင်းလည်း အိပ်မရတဲ့ည
နှစ်ယောက်လုံး အိပ်မရညကြီးရဲ့ အလယ်တည့်တည့်။
စတီးလ် လက်ဆေးကန်ထဲ
ရေတပေါက်ပေါက်ယိုကျ
“တိတ်စမ်း
ပါးစပ်ပိတ်ထားစမ်း၊
ငါလည်ပင်းကို လိမ်ချိုးမိတော့မယ်”
“ဘာဖြစ်လဲ၊ အောက်တန်းကျတယ်
အောက်တန်းကျတယ်ကွာ
ကဲ ဘာဖြစ်ချင်သလဲ”
ပြတင်းပေါက်က ပါးစပ်အဟောင်းသားငေးလို့၊
မျက်တောင်တခတ်ခတ် မီးချောင်းတဲ့
လျှပ်စစ်ဓာတ်တွေ ဆူပွက်လို့။
. . . . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . . . .
(မောင်ပြည့်မင်း၏ “တကယ်ဆိုဖြစ်ခဲ့တဲ့ သီချင်း” မှ)

အဲဒီကဗျာကိုကြည့်ရင် ပြဿနာတက်နေတဲ့ မြို့ပြရဲ့ညတစ်ညကို တွေ့ရမယ်။ အခန်းထဲမှာ အိပ်မပျော်တဲ့ ခန္ဓာကိုယ်နှစ်ခုရှိတယ်။ စတီးလ် လက်ဆေးကန်ထဲ ရေတစ်ပေါက်ပေါက်ကျနေတဲ့ အသံဟာ တိတ်ဆိတ်တဲ့ညထဲမှာ (ကဗျာထဲက ဇာတ်လိုက်ရဲ့ ရင်ထဲက စကားသံတွေလိုပဲ) ကြောက်စရာကောင်းလောက်အောင် ကျယ်လောင်နေတယ်။ သူ့ရင်ထဲက ပြဿနာဟာ (မျက်တောင်ခတ်နေတဲ့ မီးချောင်းထဲက လျှပ်စစ်ဓာတ်တွေလို) တအုံနွေးနွေး ဆူပွက်နေခဲ့တယ်။ လက်ဆေးကန်ထဲ တစ်ပေါက်ပေါက်ကျနေတဲ့ ရေသံနဲ့ ညကြီးအချိန်မတော် လင်းနေတဲ့ (မျက်တောင်ခတ်နေတဲ့) မီးချောင်းဟာ ကဗျာရဲ့ မငြိမ်သက်တဲ့ စိတ္တဇအကျိုးသက်ရောက်မှုကို ပိုမိုပေါ်လွင်စေခဲ့တယ်။

>>အောင်ခင်မြင့်၏ “တိမ်လွှာမို့မိုလွင်မှသည် ပို့စ်မော်ဒန်အနုပညာဆီသို့” မှ<<

1 comment:

Notes on Web of My Pieces said...

အပိုင်းပိုင်း ရိုက်တင်တာလားဗျ...။ အဲလိုကြီးဆို ဖတ်ရတဲ့ သူတွေ ဆတ်တငင်ငင် ဖြစ်ကုန်မယ် ထင်တယ်...အဲဒီ စာစု တပုဒ်လုံးက အပြန့်ကျယ်တော့ အားလုံး ဆဝါးနိုင်ဖို့ တပုဒ်လုံးလောက် မရှိမဖြစ် လိုမယ်ထင်တယ်...း)
(မြှောက်ပေးတာ...အကုန် ရိုက်အောင်လို့..း)