Monday, January 18, 2010

ဆိုရှယ်လစ်လွန် ဟင်းလင်းပြင် နှင့် နတ္တိဝါဒ

ဆိုရှယ်လစ်လွန် ဟင်းလင်းပြင် (Post-Socialist Void)

ဆိုရှယ်လစ်ခေတ်မှာ အမှန်တရားဟာ ပါတီအမှန်တရားမျှသာဖြစ်ပြီး အနုပညာဟာလည်း ဝါဒဖြန့်ချီရေးအဆင့်သာ ရှိခဲ့တယ်။ အထူးသဖြင့် တရုတ်နဲ့ ရုရှတို့လို နိုင်ငံတွေမှာ ပိုဆိုးတာပေါ့။ ဆိုရှယ်လစ်စနစ် နိဂုံးချု့ပ်သွားတော့ ကျွန်တော်တို့ အသည်းနှလုံးကို ဖိနှိပ်ထားတဲ့အရာတွေ လျော့သွားတယ်။ အီလျာအာရင်ဘာ့(ဂ) (Ilya Ehrenburg) ရဲ့ စကားနဲ့ပြောရရင်တော့ “ကျွန်တော်တို့ မျိုးဆက်မှ လူများ၏ အသည်းနှလုံးများပေါ်၌ ကျောက်တုံးကြီးကဲ့သို့ လဲလျောင်းတည်ရှိနေသော အရာများအားလုံး” (all the things taht lie like a stone on the hearts of people of our generation) လျော့သွားတာပေါ့။




ဆိုရှယ်လစ်ခေတ်တစ်လျှောက်လုံးမှာ အသိဥာဏ်လွတ်လပ်မှု (Intellectual freedom) ပျောက်ဆုံးနေခဲ့သကိုး။ တကယ်တော့ ဆက် (sartre) နဲ့ ဒီဗူးဗွား (de Beauvoir) ပြောခဲ့သလိုပါပဲ။ ဘယ်သူမှ အပြစ်ကင်းကင်း မအုပ်ချုပ်နိုင်ပါဘူး။ လွတ်လပ်မှုတချို့ကတော့ အမြဲတစေ စွက်ဖက်ခံရတာချည်း ပါပဲ။ ဥပမာ - ကွန်မြူနစ် အစိုးရဆိုရင် ဘူဇွာအနုပညာရှင်တွေနဲ့ တွေးခေါ်ရှင်တွေကို နှိပ်ကွပ်ခဲ့တာပဲ ကြည့်လေ။

တကယ်တော့ ဆိုရှယ်လစ်လွန် ဟင်းလင်းပြင်ဟာ အပြင်က ဟင်းလင်းပြင် မဟုတ်ဘူး။ အတွင်းထဲက ဟင်းလင်းပြင် ဖြစ်တယ်။ လူတွေရဲ့ ရင်ထဲက ဟင်းလင်းပြင်သာ ဖြစ်ပါတယ်။ အဲဒီအချိန်ရဲ့ စိတ်ရဲ့အခြေအနေဟာ အင်မတန် ဖမ်းဆုပ်ရ ခက်ခဲတယ်။ အတွေးအခေါ်အရ ကြည့်ရင်တော့ လူ့အဖွဲ့အစည်းရ့ ယေဘုယျသဘောထားဟာ နတ္တိဝါဒ (Nihilism) ဆီကို ဦးတည်နေတယ်လို့ ပြောရမယ် ထင်ပါရဲ့။

နတ္တိဝါဒ (Nihilism)

နတ္တိဝါဒဆိုတဲ့ စကားလုံးကို ရေပန်းစားစေခဲ့တာတော့ ရုရှ စာရေးဆရာ တာဂေညက် (Tu-rgenev) ပဲ ဖြစ်တယ်။ တာဂေညက်ရဲ့ "Fathers and Sons" ဝတ္ထုထဲက ဇာတ်ကောင် ဘာဇာရာဗ့် (Bazavov) ဟာ နတ္တိဝါဒီတစ်ဦး၊ သူဟာ အစွန်းရောက် တစ်ကိုယ်တော်ဝါဒီ (individualist) တစ်ဦးဖြစ်ပြီး နိုင်ငံရေးစတဲ့ ကိစ္စတွေကိုလည်း စိတ်ဝင်စားမှု လုံးဝမရှိဘူး။ ဘာဇာရာဗ့်နဲ့တူတဲ့ တခြားဇာတ်ကောင်တစ်ဦးကတော့ ဒေါ့စတိုယက်ဗ်စကီး (Dostoevski) ရဲ့ "Crime and Punishment" ထဲက ရက်စကိုနီကောဗ့် (Raskolnikov) ပဲ ဖြစ်ပါတယ်။ ရက်စကိုနီကောဗ့်ဟာ အဘွားကြီးတစ်ယောက်ဆီက ပိုက်ဆံကိုလိုချင်လို့ အဲဒီ အဘွားကြီးကို သတ်ပစ်ခဲ့တယ်။ ဘာဇာရာဗ့်နဲ့ ရက်စကိုနီကောဗ့် နှစ်ဦးစလုံးဟာ ယုံကြည်မှုကင်းမဲ့တဲ့ဘဝကို စမ်းသပ်နေထိုင် ခဲ့ကြသူတွေချည်းပဲ။ သူတို့မှာ ယုံကြည်ချက်မရှိဘူး။ အခြေခံအတွေးအခေါ် အုတ်မြစ်မရှိဘူး။ ပြီးတော့ လူ့ကျင့်ဝတ်လည်း မရှိဘူး။

>>အောင်ခင်မြင့် ၏ “တိမ်လွှာမို့မိုလွင်မှသည် ပို့စ်မော်ဒန်အနုပညာဆီသို့” စာအုပ်မှ<<

No comments: