Friday, February 5, 2010

မချစ်ကြပါနဲ့ (မြင့်သန်း)

Love, Love alone, has pains severe and many:
Then, Loveliest! Keep me free,
From torturing jealousy.

John Keats. "To Fanny".

အနောက်ဘက်ကို မျက်နှာမူနေတဲ့ ပြတင်းပေါက်ရဲ့မှန်ကို ခေါက်လိုက်သံ ကြားလိုက်ရတယ်။ ကျွန်တော့်အခန်းမှာ ပြတင်းပေါက်တွေက တောင်ဘက်နဲ့ အနောက်ဘက်မှာပဲ ရှိတယ်။ တောင်ဘက်က ပြတင်းပေါက်ရှေ့မှာ နွယ်သာကီ အဖြူရောင်အပင်ရှိနေလို့ ပြတင်းပေါက်တွေကို ကာထားသလို ဖြစ်နေတယ်။ အနောက်ဘက်က ပြတင်းပေါက်တွေကတော့ အိမ်နောက်ဖေးက ကားဂိုထောင်ကိုသွားတဲ့ ကားလမ်းဘေးမှာ။ အဲဒီဘက်မှာတော့ ခေါင်ရမ်းပန်းပင်တွေရှိတယ်။ ဖေဖေက တကူးတကမှာပြီး စိုက်ထားတဲ့ ဝါလွင်လွင် ခေါင်ရမ်းပန်းပင်တွေ။ မစ် ဟာဝိုင်ယံလို့ ခေါ်တယ်ထင်တယ်။ နားထောင်နေတုန်း ခေါက်သံ ထပ်ကြားလာပြန်တယ်။ ကျွန်တော်လည်း ဖတ်လက်စ စာအုပ်ကို အသာချပြီး ပြတင်းပေါက်ဆီ သွားလိုက်တယ်။ ခန်းဆီးစကိုဖယ်ပြီး တံခါးဖွင့်လိုက်ရင်း အော်. . နင်ကိုးလို့ ပါးစပ်က အသံထွက်သွားတယ်။ နင်က ဘယ်သူထင်လို့လဲလို့ သူက ပြန်မေးတယ်။ ကျွန်တော်က ငါက သိကြားမင်းလားလို့။ ခွေးသားရေပတ်နဲ့ နာမည် လာမှတ်သလားလို့ ပြန်ပြောလိုက်တော့ သူက သိကြားမင်းကတော့ အချိန်ကုန်ခံပြီး နင့်ကို စာရင်းလာမှတ်မှာ မဟုတ်တော့ဘူး။ သူ့ စာရင်းထဲမှာ နင့်နာမည်က များလှပြီလို့ပြောရင်း ပြုံးတယ်။ ပြီးတော့မှ နင် ဘာလုပ်နေသလဲလို့ မေးတယ်။ ငါ စာဖတ်နေတယ်လို့ ကျွန်တော်က ဖြေလိုက်တယ်။ အစောကြီးဟယ်။ ခုမှ ဆယ်နာရီခွဲ ဆယ့်တစ်နာရီလောက်ပဲ ရှိသေးတယ်လို့ သူက စကားစမပါဘဲ ကောက်ချက်ချတယ်။ မနက်ဘက် စာမဖတ်ရဘူးလို့ နင့်ကို တစ်ယောက်ယောက်က ပြောဖူးသလားလို့ ကျွန်တော် ပြန်ပြောလိုက်တော့ သူက ဘာမျှမပြောဘဲ အိမ်ရှေ့ဘက်ကို လှမ်းကြည့်နေတယ်။ ငါ ပျင်းလို့လို့ သူကပြောပြီး နင်ဖတ်နေတာတွေ သိပ်အရေးမကြီးရင် စကားပြောရအောင်လို့ သူက ဆက်ပြောတယ်။ ဘာမျှအရေးမကြီးပါဘူး။ ငါလည်း ပျင်းတာနဲ့ ဘိုင်ရွန်ကဗျာတွေ ပြန်ဖတ်နေတာ . . လို့ ကျွန်တော်က ပြောနေတုန်း ဟယ် . . ဘိုင်ရွန်လို့ သူ့ပါးစပ်က အရင်းမရှိ အဖျားမရှိ အသံထွက်လာတယ်။ ဘိုင်ရွန် . . ဘာဖြစ်သလဲလို့ ကျွန်တော်က အသံမာမာနဲ့ မေးလိုက်မိတယ်။ ဘာမျှမဖြစ်ပါဘူးလို့ သူက ပြုံးစေ့စေ့ သရော်တော်တော် မျက်နှာထားနဲ့ပြောပြီး အိမ်ရှေ့ဆီ လာခဲ့လေလို့ ပြောတာနဲ့ ကျွန်တော်လည်း ခေါင်းညိတ်ပြလိုက်တယ်။



ကျွန်တော်တို့အိမ်ရှေ့မှာ သစ်ပင်အုပ်ရှိတယ်။ အိမ်ကိုဝင်တဲ့၊ ထွက်တဲ့ ကားလမ်းနှစ်ဖက်စလုံးမှာ သစ်ပင်ကြီးတွေ ရှိတယ်။ ဆင်ဝင်ရဲ့ ရှေ့ဘက်ဆီမှာတော့ သရက်ပင်အုပ်ကြီး ရှိတယ်။ တစ်နှစ်ပတ်လုံး အရိပ်ရနေတယ်။ အဲဒီအောက်မှာ သစ်သားခုံတန်းကလေးတွေ ရှိတယ်။ ခြံဝဘက်ဆီ မျက်နှာမူထားတယ်။ ခြံရှေ့က ကားလမ်းရဲ့ တခြားတစ်ဖက်မှာ ရေကန်ရှိတယ်။ ခြံထဲကနေတော့ မမြင်ရဘူး။ ကြခတ်ဝါးရုံ ခြံစည်းရိုးက မြင့်နေလို့ ရှိနေမှန်းပဲ သိရတယ်။ အိမ်ရှေ့တံခါးဖွင့်ပြီး ဆင်းလာတော့ သူက အိမ်ဘက်ကို ကျောပေးထားတဲ့ ခုံတန်းကလေးတစ်ခုပေါ်မှာ ထိုင်နေနှင့်ပြီ။ သူ့ဆံပင်တွေက ခုံတန်းရဲ့ ကျောမှီကိုကျော်ပြီး ကျနေတယ်။ ဆံပင်လျှော်ပြီးရင် ဖားလျားချထားတဲ့အကျင့် သူ့မှာရှိတယ်။ ကျွန်တော်လည်း သူ့နဘေးမှာ ဝင်ထိုင်လိုက်ရင်း ငါ ကော်ဖီတစ်အိုး နှပ်ခိုင်းထားတယ်။ ဘစ်စကစ်လေး ဘာလေးတော့ ရှိမယ်ထင်လို့ သူ့ကိုပြောရင်း သူ့ခေါင်းကို လက်နဲ့အသာဖွလိုက်တယ်။ သူက ခေါင်းခါလိုက်ရင်း ငါ ခေါင်းလျှော်ထားတယ် မကိုင်နဲ့လို့ ပြောတယ်။ ငါသိသားပဲလို့ ကျွန်တော်ကပြောတော့ သူက ပြုံးနေတယ်။ ဘာလို့ ကော်ဖီလုပ်ခိုင်းရတာလဲလို့ မေးတယ်။ သောက်ရင်အောင်ပေါ့။ နင် မသောက်ချင်နေလို့ ကျွန်တော်ကပြောတော့ မသောက်ချင်လို့ မဟုတ်ပါဘူး၊ ထမင်းစားချိန်နဲ့ နီးနေလို့ပါလို့ သူက ပြန်ပြောတယ်။ ဘာဆိုင်သလဲ။ ထမင်းစားတာက ထမင်းစားတာပဲ၊ ကော်ဖီသောက်တာက ကော်ဖီသောက်တာပဲ . . လို့ ကျွန်တော်က ပြောလိုက်တယ်။ ပြောလို့မဆုံးသေးခင်ပဲ ဟိတ် တော်ပြီ။ ငါ စကားများရအောင် လာတာမဟုတ်ဘူး။ စကားပြောရအောင် လာတာ။ တော်ကြာရင် ငါ့အိမ်မှာလိုက်ပြီး ထမင်းစားလှည့်လို့ သူက ပြောတယ်။ နင့် မွေးနေ့လားလို့ ကျွန်တော်က ပြုံးရင်းမေးလိုက်တော့ သူက ရိုက်တော့မယ့် ပုံမျိုးနဲ့ လက်ကိုရွယ်လိုက်ပြီး နင် ငါ့မွေးနေ့ ဘယ်တော့ဆိုတာ မသိဘူးလားလို့ မေးတယ်။ ငါ့မွေးနေ့ကို ငါ သတိမရတောင် နင့်မွေးနေ့တော့ ငါ မမေ့ပါဘူးလို့ ပြောတော့မှ သူက ပြုံးတုံးတုံး ပြန်လုပ်တယ်။ မေမေက အခါတွင်းမှာ ကျောင်းတိုက်က ကိုယ်တော်တွေကို အုန်းထမင်း၊ ပဲထမင်း ကပ်တယ်။ နင်လည်း ကြိုက်တယ်ဆိုလို့ အိမ်ကလူတွေကို အမဲနှပ်ခိုင်းထားတယ်။ နင့်ကို ခေါ်ကျွေးလိုက်ဖို့ မှာခဲ့လို့ သူက ဆက်ပြောတယ်။ ကျွန်တော်က မျက်နှာမဲ့ပြလိုက်မိတယ်။ ဒီတော့ သူက နင့်ဘာသာ စားချင်စား မစားချင်နေလို့ ပြောတယ်။

အန်ကယ် ဘယ်နေ့ကတည်းက သွားလဲလို့ သူက မေးတယ်။ သင်္ကြန်မကျခင် သုံးရက်လောက်ကတည်းကပဲ ထင်တယ်လို့ပြောပြီး နင့် ဒယ်ဒီရောလို့ မေးလိုက်မိတယ်။ အမှန်တော့ မမေးသင့်ဘူး။ မေးပြီးမှ မမေးသင့်ကြောင်း သတိရလိုက်တော့ ဘာမျှမတတ်နိုင်တော့ဘူး။ သင်္ကြန်ချိန်ဆိုရင် သူ့အဖေရော ကျွန်တော့်အဖေပါ အိမ်မှာ မရှိတတ်ကြဘူး။ မရှိပုံကတော့ မတူဘူး။ ဖေဖေက ကလောမှာ သွားနေတယ်။ နွေအပူဒဏ်ကို ရှောင်တဲ့သဘောပဲ။ ဖေဖေ့မှာ ရာသီဥတု သိပ်ပူလာရင် ခေါင်းကိုက်တတ်တော့ တစ်ခါတလေ တစ်လလောက် အဲဒီမှာ သွားနေရတတ်တယ်။ သင်္ကြန်ကာလဆိုရင် သူ့အမေက တရားစခန်းဝင်တာတို့ ဘာတို့ လုပ်တယ်။ အဲဒီလိုအခါမျိုးကျရင် သူ့အဖေက တခြားအိမ်တစ်အိမ်မှာ သွားနေတတ်တယ်။ သင်္ကြန်ရယ်၊ ဘာရယ်၊ ညာရယ်မှ မဟုတ်ပါဘူး။ သူ သွားချင်တဲ့အခါ သွားနေတာပဲ။ ရေကြည်ရာ မြက်နုရာ ရှာနေတဲ့ သဘောပဲ။ တိုးတိုးတိတ်တိတ် ခပ်ပြောင်ပြောင်လို့ပဲ ပြောရမလား။ ခပ်ပြောင်ပြောင် တိုးတိုးတိတ်တိတ်လို့ပဲ ပြောရမလားမသိဘူး။ စကားလုံးကို ရှေ့နောက်ပြောင်းလို့ရပေတဲ့ အခြေအနေကတော့ တစ်မျိုးတည်းပဲ။ ဒီတော့လည်း သင်္ကြန်တိုင်းဆိုရင် သူလည်း သူ့အိမ်မှာ တစ်ယောက်တည်း ကျွန်တော်လည်း ကျွန်တော့်အိမ်မှာ တစ်ယောက်တည်း။ သူရော ကျွန်တော်ပါ သင်္ကြန်ရေပက်တာတို့ ဘာတို့ကို မကြိုက်ဘူး။ ပျင်းလာကြရင် တစ်ယောက်အိမ်ဘက် တစ်ယောက်ကူးပြီး စကားပြောကြတယ်။ ပြောတာကြာလာပြန်ရင်လည်း စကားများကြရော။ သင်္ကြန်ရက်တွေမှာ အဲဒီလို ဖြစ်တာဟာ ကျွန်တော်တို့အတွက်တော့ ပုံမှန်ပဲ။ တစ်ခါတလေ သူတို့အိမ်မှာ လာနေတဲ့ သူ့အဒေါ် အပျိုကြီးကတော့ ကျွန်တော်တို့ စကားများကြပြီဆိုရင် အချိန်ကိုက်ပဲ။ သိကြားနဲ့ အသူရာ စစ်ခင်းချိန် ရောက်ပြီကိုးလို့ ပြောပြီး နောက်လေ့ရှိတယ်။

သူက ရှိနေပေတဲ့ လှမ်းပြီးမမြင်ရတဲ့ ရေကန်ဆီကိုပဲ ကြည့်နေတယ်။ စကားပြောရအောင်ဆိုပေတဲ့ ပြောစရာ အကြောင်းရှာမရသေးဘူးထင်တယ်။ ကျွန်တော်က သူ့ကျောကို လက်နဲ့အသာပုတ်လိုက်ရင်း နေစမ်းပါဦး ဘိုင်ရွန်လို့ ငါ ပြောလိုက်တိုင်း နင့်ဆီက မကျေနပ်သလိုမျိုး၊ မကြိုက်သလိုမျိုး အသံထွက်လာတယ်။ နင်နဲ့ ဘိုင်ရွန်နဲ့ ဘာဖြစ်ထားကြသလဲ၊ မဟုတ်ရင် အန်ကယ် ဦးဝင်းဖေက နင်တို့ကို လော့(ဒ)ဘိုင်ရွန် မကောင်းကြောင်း ပြောထားလို့လားလို့ မေးလိုက်မိတယ်။ အန်ကယ် ဦးဝင်းဖေက အင်္ဂလိပ်စာဘွဲ့လွန်တန်းတွေကို စာသင်ပေးလေ့ရှိလို့ ကျွန်တော်က နောက်ပြီးပြောလိုက်တာ။ သူက ပြုံးတယ်။ ချက်ချင်း ဘာမျှပြန်မပြောတာနဲ့ ကျွန်တော်လည်း ဆက်မပြောတော့ဘူး။ အတော်ကြာမှ သူက ကျွန်တော့်ကို လှည့်ကြည့်ြ့ပီး နင့်မှာ မနက်အိပ်ရာက နိုးတာနဲ့ ဒီနေ့အဖို့ တစ်ယောက်ယောက်ကို အပြစ်တင်ရင် ကောင်းမလားလို့ စတွေးပုံရတယ်လို့ ပြောပြီး ရပ်နေတယ်။ ခဏကြာမှ လော့(ဒ)ဘိုင်ရွန်ရဲ့ ကဗျာတချို့ကို ငါ ကြိုက်ပါတယ်။ ဒါပေမဲ့ နင်ကြိုက်တဲ့ “ထိုထိုသော ချစ်ခြင်းတို့သည် အပြစ်ကင်း၏” ဆိုတဲ့ အပိုင်းကို ငါ မကြိုက်ဘူးလို့ ဆက်ပြောတယ်။ ဘာလို့လဲလို့ ကျွန်တော်က ချက်ချင်းမေးလိုက်မိတယ်။ သူက ဘာမျှပြန်မပြောဘဲ ခေါင်းကို မသိမသာ ခါလိုက်တယ်။ သူ ခေါင်းလှုပ်သွားတိုင်း သူ့ဆံပင်တွေ လှုပ်ရမ်းသွားတယ်။ ငါ သဘောပေါက်သလောက် ပြောရရင်တော့ ဘိုင်ရွန်ရေးတဲ့ “ထိုထိုသော ချစ်ခြင်းတို့သည် အပြစ်ကင်း၏” ဆိုတာဟာ “လှပခြင်းသည် လှပခြင်းအတွက်သက်သက် လှပနေ၏” ဆိုသလိုမျိုး နေလိမ့်မယ်ထင်တယ်။ ထပ်ပြီး သက်သေပြစရာ မလိုတော့တဲ့ ဆင်ခြေမျိုးဖြစ်မယ်ထင်တယ်လို့ ကျွန်တော်က ပြောလိုက်တယ်။

ကျွန်တော့်စကားဆုံးသွားတော့ သူက ကျွန်တော့်ကို ကြည့်လိုက်ရင်း နင့်မှာ ဘာမဆို ဆင်ခြေပေးစရာ ရှိတယ်မဟုတ်လားလို့ ပြောသလိုလိုနဲ့ မေးတယ်။ နင် အဲဒီလို ပြောလိမ့်မယ်လို့ ငါလည်း အထင်သားပဲလို့ ပြန်ပြောလိုက်ပြီး ငါ့အထင်တော့ လူ့ဘဝကြီးတစ်ခုလုံးဟာ ဆင်ခြေတွေနဲ့ တည်ဆောက်ထားတာချည်းပဲလို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။ သူက ဘာမျှပြန်မပြောဘူး။ ကျွန်တော်တို့ နှစ်ယောက်စလုံး ငြိမ်နေကြတော့ ကမ်းစပ်ဆီက ပင်လယ်ကဗီးပင်ကို လေတိုးသံ ကြားလာရတယ်။ အတော်ကလေးကြာမှ သူက စကားစတယ်။ နင် အေမီတို့အကြောင်း ကြားပြီးပြီ မဟုတ်လားတဲ့။ အေး တင်မောင်အေး ငါ့ကို လာပြောတယ်လို့ ပြန်ဖြေလိုက်တယ်။ ပြီးမှ နင့်ကိုတော့ အိက ပြောမှာပေါ့လို့ မေးလိုက်တယ်။ သူက ခေါင်းညိတ်ပြပြီး ချက်ချင်း ဘာမျှပြန်မပြောဘဲ ရေကန်ဘက်ကိုပဲ ကြည့်နေတယ်။ သူ ဘာဆက်ပြောမလဲလို့ ကျွန်တော် စောင့်ပြီးနားထောင်နေတယ်။ သူက ဆက်ပြောတယ်။ တင်မောင်အေးတစ်ယောက် လုပ်ပုံက မဟုတ်ဘူးထင်တယ်လို့ သူက ကျွန်တော့်ကို လှည့်မကြည့်ဘဲ ပြောတယ်။ ဘယ်အပိုင်းက မဟုတ်တာလဲလို့ ကျွန်တော်က ချက်ချင်း ပြန်မေးလိုက်တယ်။ သူက ကျွန်တော့်ကို သိပ်မကျေနပ်တဲ့ပုံမျိုးနဲ့ လှည့်ကြည့်ပြီးကာမှ မျက်နှာထားကို နဂိုအတိုင်းဖြစ်အောင် ပြန်ပြင်လိုက်တယ်။ နင် တစ်ခုစဉ်းစားကြည့်ဆိုပြီး သူက စကားစလိုက်တယ်။ အိနဲ့ တင်မောင်အေး ကြိုက်နေကြတာ ကြာပြီ။ လူတိုင်း သိတယ်။ နောက်တော့ တင်မောင်အေးက အေမီနဲ့ ကြိုက်တယ်။ အတော်များများ မသိကြဘူး။ အိလည်း မသိဘူး။ ခုတော့ အိသိသွားတယ်။ သိသွားလို့ တင်မောင်အေးကို မေးတော့ ဟုတ်တယ်လို့ ဝန်ခံတယ်။ ဒီတော့ အိက သူ့အိမ်ကိုပြောပြီး စေ့စပ်ခိုင်းတယ်။ ဟိုအကောင့်အိမ်က ဘာမျှမကန့်ကွက်ပေတဲ့ နင့်အကောင်က စဉ်းစားပါရစေဦးလို့ ပြောသတဲ့လို့ပြောပြီး သူက စကားပြောနေတာကို ခဏရပ်လိုက်တယ်။ ပြောရင်း သူ့အသံထဲမှာ ဒေါသသံတွေ ပါလာတယ်။ ခဏကြာတော့မှ အခု ဘာတွေဖြစ်ကြဦးမလဲ မသိဘူးလို့ ဆက်ပြောရင်း ကျွန်တော့်ကို ကြည့်နေတယ်။

ကျွန်တော်လည်း သူ့ကိုကြည့်နေရင်းက နင့်ကိုငါ တစ်ခုပြောပြမယ်။ ဒါပေတဲ့ နင်က ဘယ်သူ့ကိုမျှ ပြန်မပြောပါဘူးလို့ ကတိပေးရမယ်လို့ ပြောလိုက်တယ်။ သိပ်အရေးကြီးလို့လားလို့ သူက ပြန်မေးတယ်။ အရေးကြီးလို့ မကြီးလို့မဟုတ်ဘူး။ တင်မောင်အေးက ငါ့ကို ပြောပြတဲ့ အကြောင်းတစ်ခု။ သူ့ကို ငါ ကတိပေးထားတယ်။ သူပြောတဲ့ အကြောင်းကို နင်ကလွဲရင် ဘယ်သူ့မျှ မပြောဘူး။ နင့်ကို ပြောရင်တောင် တခြားလူတွေကို ပြန်မပြောဖို့ ကတိတောင်းမယ်လို့ ငါ ပြောထားလို့လို့ သူ့ကို ဖြေရှင်းပြလိုက်တယ်။ ငါ မပြောပါဘူးလို့ သူက ကတိပေးတယ်။ တင်မောင်အေးက ငါ့ကိုပြောတယ်လို့ ပြောပြီး ကျွန်တော်က စကား စလိုက်တယ်။ သူက ကျွန်တော့်ကိုကြည့်ရင်း စိတ်ဝင်တစား ဖြစ်နေပုံရတယ်။ တင်မောင်အေးက တကယ်လို့ အိနဲ့အေမီတို့ နှစ်ယောက်ထဲက တစ်ယောက်ယောက်ကို ရွေးရမယ်ဆိုရင် သူ အေမီကို ရွေးမယ်။ အေမီကို ယူမယ်လို့ ဆုံးဖြတ်ထားတယ်လို့ ငါ့ကို ပြောတယ် . . ။ ကျွန်တော့်စကားမဆုံးခင် သူက တစ်ခုခုမေးမယ်လို့လုပ်ရင်း ပါးစပ်ပြင်လိုက်တယ်။ ကျွန်တော်က ခေါင်းခါရင်း အသာ လက်ကိုကာပြလိုက်တယ်။ သူလည်းမမေးတော့ဘူး။ တင်မောင်အေး ငါ့ကို ပေးတဲ့ဆင်ခြေက သူ့အနေနဲ့ နှစ်ယောက်စလုံးကို ချစ်တာပဲ။ နှစ်ယောက်စလုံးက သူ့ကိုချစ်မှန်း သူလည်း သိတယ်။ ဒါပေတဲ့ အိက သူ့ကို ချစ်ရုံချစ်တာ၊ သူ့ကို နားမလည်ဘူး။ အေမီက သူ့ကိုချစ်တယ်၊ နားလည်တယ်၊ နားမလည်ရင်လည်း နားလည်အောင် ကြိုးစားတယ်တဲ့။ နင်လည်း သိသားပဲ။ လူတွေဟာ ချစ်တယ်ဆိုတာတစ်ခုတည်းနဲ့ အသက်ရှင်နေကြတာမှ မဟုတ်ဘဲလို့ ကျွန်တော်က ပြောလိုက်တော့ သူက သူ့ဘာသာ ခေါင်းခါနေတယ်။ ဘာများ သူက ပြန်ပြောဦးမလဲလို့ ကျွန်တော် စောင့်နေမိတယ်။ နောက်တော့ သူ့ဘာသာ ပြောသလိုလိုနဲ့ ဟုတ်တယ်။ အိက ခက်တော့ ခက်တယ်လို့ ပြောတယ်။ ဟုတ်တယ် ခက်တယ်လို့ သူပြောတာကို ထောက်ခံလိုက်ရင်း ကျွန်တော်က စကားဆက်လိုက်မိတယ်။ နင်တို့ ကွန်ဗင့်ကျောင်းထွက်တွေ၊ မင်းကြီး သမီးတွေ၊ သံအမတ်ကြီး သမီးတွေဟာ သူများထက် ကမ္ဘာကြီးကို မြင်ခွင့်၊ ကြည့်ခွင့်ရတယ်။ အင်္ဂလိပ်စာကို မွတ်နေအောင် တတ်တယ်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ပုံတွေကို အကုန်တုပနိုင်တယ်။ နင်တို့ . . ။ ကျွန်တော့်စကား မဆုံးသေးခင် သူက ခေါင်းကို ဖြည်းဖြည်းချင်း ကျွန်တော့်ဘက်လှည့်လိုက်တယ်။ အပြည့်မလှည့်ဘဲ သူ့ရဲ့မျက်လုံးထဲက သူငယ်အိမ်ကို မျက်လုံးထောင့်မှာကပ်ပြီး ဒေါသပါတဲ့အကြည့်နဲ့ စိုက်ကြည့်နေရင်း ကျွန်တော်ပြောနေတာ ရပ်ဖို့ လက်ညှိုးထောင်ပြတယ်။ ကျွန်တော်ကလည်း စကားပြောတာ ခဏရပ်လိုက်တယ်။

သူ့အဖေ မင်းကြီးဖြစ်လို့ ငါ့အဖေ သံအမတ်ဖြစ်ခဲ့လို့ ဆိုတာတွေက တစ်ပိုင်း။ ငါတို့အားလုံးကို တစ်မျိုးတစ်စားတည်း သဘောနဲ့ “နင်တို့” လို့တော့ မပြောနဲ့၊ ငါ လက်မခံနိုင်ဘူးလို့ သူက ပြောတယ်။ သူ့အသံထဲမှာ ဒေါသကို ထိန်းထားရတဲ့ အသံပါနေတယ်။ ကျွန်တော်လည်း ကြိုးကြာသံ၊ ကရဝိတ်သံနီးပါး အသံကို ချိုသာအောင် ပြင်လိုက်ပြီး သူ့လက်မောင်းကို အသာလှမ်းကိုင်လိုက်ရင်း ငါပြောတာ မှားသွားတယ်။ နင်ဟာ သူတို့လို မဟုတ်ဘူးဆိုတာ ငါသိပါတယ်။ နင့်အကြောင်းကို နင်ကလွဲလို့ အသိဆုံးလူဟာ ငါပါလို့ ပြောလိုက်တယ်။ သူက မပွင့်တပွင့် ပြုံးရင်း ကျွန်တော့်ဘက်ကို မျက်နှာအပြည့် လှည့်ကြည့်လိုက်ပြီး အဲဒီ “နင်တို့” က ဘာဖြစ်သလဲလို့ ပြောတယ်။ သူတို့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို အလွယ်ကလေး တုပနိုင်တယ်။ ဒါပေတဲ့ လူတွေဟာ ကာလတရားနဲ့အတူ သိမှုတွေ၊ နားလည်နိုင်စွမ်းတွေ ပြောင်းလဲလာတာတွေကို သတိမရကြဘူး။ မသိကြဘူး။ သိအောင်လည်း မကြိုးစားကြဘူး။ အခု အိတို့ကိစ္စကိုပဲကြည့်။ အိအမြင်မှာ ချစ်ခြင်းဆိုတာ ရိုမီယိုနဲ့ ဂျူးလီးယက် ခေတ်ကလိုမျိုး။ မောင်ရင်မောင် မမယ်မတို့ ခေတ်ကလိုမျိုး မြင်နေ လက်ခံနေသေးတာကိုး။ ချစ်ခြင်းလည်း ကာလတရားနဲ့အတူ ပြောင်းလဲနေတယ်ဆိုတာ သူ သိမှမသိဘဲလို့ ကျွန်တော်က ပြောလိုက်တော့ သူက ကျွန်တော့်ကို လှည့်မကြည့်ဘဲ သူ့ဘာသာ ခေါင်းညိတ်နေတယ်။ ကျွန်တော်က ဆက်ပြောလိုက်မိပြန်တယ်။ ငါ့အနေနဲ့ အိကို အပြစ်တင်တာတော့ မဟုတ်ဘူး။ သူတို့လို လူမျိုးတွေအနေနဲ့ လောကကြီးရဲ့ ဖြစ်၊ ရှိ နေခြင်းကို ကျယ်ကျယ်ပြန့်ပြန့်မြင်ဖို့ လိုလာပြီလို့တော့ ပြောချင်တယ်။ ချောင်းထဲ မြောင်းထဲမှာ ငါးရှာစား၊ ဖားရှာစားနေတဲ့ လူတွေအတွက် အဲဒီလောက်အထိ ကျယ်ကျယ်ပြန့်ပြန့်မြင်ဖို့ လိုချင်မှ လိုမယ်။ ဒီနေရာမှာ လူတန်းစား ခွဲခြားနေတာ မဟုတ်ဘူး။ သိမှုကို အသုံးချတဲ့အပိုင်းနဲ့ အသုံးမချတဲ့အပိုင်းကို အခြေခံပြီး မြင်ကြတာကို ပြောချင်တာ။ နင် စိတ်ရှည်ရှည်ထားပြီး နားထောင်မယ်ဆိုရင် ငါ ပြောချင်တာကလေးတွေ ရှိတယ်လို့ပြောပြီး သူ့အနေအထားကို မေးကြည့်လိုက်တယ်။ နင် ပြောလို့ပြီးရင် နင်နဲ့ငါ စကားများလို့ ရသလားလို့ ရယ်ရင်း သူက ပြန်ပြောတယ်။ ပြီးမှ ပြောပါလို့ ထပ်ပြောတယ်။

ဒီလိုလို့ဆိုရင်း ကျွန်တော်က စကားစလိုက်တယ်။ လူတစ်ယောက်က တခြားတစ်ယောက်ကို ချစ်တယ်လို့ ပြောလိုက်တာဟာ ပြောလိုက်တဲ့လူရဲ့ ရိုးသားတဲ့ ဝန်ခံမှု တစ်ရပ်ပဲ။ ဥပမာ နင့်ကို ငါက ချစ်တယ်လို့ ပြောခဲ့ရင် အဲဒါဟာ ငါရဲ့ ရိုးသားတဲ့ ဝန်ခံချက်တစ်ရပ်။ ရိုးသားတဲ့ ဖော်ထုတ်ချက်တစ်ရပ် . . ပဲလို့ ပြောနေတုန်း သူက ကြားဖြတ်ပြီး ခု နင်ပြောတာ ဥပမာမဟုတ်လား။ နင် ဘယ်တုန်းကမျှ ငါ့ကို မပြောဖူးတဲ့ စကားမဟုတ်လားလို့ ပြောသလိုနဲ့ မေးတယ်။ ပြုံးစေ့စေ့ လုပ်နေတယ်။ ကိုင်း . . တကယ်လို့ပဲ သဘောထားလို့ ကျွန်တော်က ပြောလိုက်တော့ သူက လက်ကာပြပြန်တယ်။ ပြီးတော့မှ သဘောထားရမှာလား၊ တကယ်လားလို့ ထပ်မေးပြီး ဒင်္ဂါးပြားမှတ်လို့ လက်ခံမိတယ်။ သေသေချာချာကြည့်တော့မှ သုံးမရတဲ့ ခဲမူးစေ့ဖြစ်နေတယ်ဆိုသလို ဖြစ်နေမှာစိုးလို့လို့ ပြောတယ်။ ဒီလိုဆိုရင်လည်း တကယ်ပေါ့လို့ ကျွန်တော်က ပြောနေတုန်း ဟိတ် . ဒီလိုလိုဆိုရင် . . ဆိုတာက ငါ့ပယောဂပါနေတယ်။ ငါ့ကြောင့် နင်က တကယ်လို့ ပြောရတာဟာ တကယ်တော့ တကယ်စစ်စစ် မဟုတ်ဘူးလို့ သူက ထပ်ပြောပြန်တယ်။ တကယ် တကယ်လို့ ကျွန်တော်က ပြောလိုက်ရင်း နေပါဦး ငါပြောနေတာ ဘယ်ရောက်သွားမှန်းတောင် မသိတော့ဘူးလို့ ပြောလိုက်မိတယ်။ ဟ . . ဟားလို့ သူ့ဆီက ရယ်သံထွက်လာတယ်။ နင် ငါ့ကိုချစ်တယ်လို့ပြောတာ တစ်မိနစ် မပြည့်သေးဘူး။ နင် မေ့သွားပြီလားလို့ မေးတယ်။ ကျွန်တော်က ဘာမျှမပြောတော့ဘဲ သူ့ကို စိုက်ကြည့်နေမိတယ်။ သူပြောတာကို မတုံ့ပြန်တော့ဘဲ ကျွန်တော် ပြောလက်စ စကားကို ဆက်လိုက်တယ်။ နင့်ကို ငါချစ်တယ်လို့ ပြောတဲ့အတွက် နင့်အနေနဲ့ ငါ့အပေါ်မှာ နင့်စိတ် နင့်သဘောနဲ့ ကြိုက်သလို တုံ့ပြန်နိုင်တယ်။ သဘောတူလက်ခံနိုင်တယ်။ ဆန့်ကျင် ငြင်းဆိုနိုင်တယ်။ ဒီလိုမှ မဟုတ်ရင် အသိအမှတ်ပြုရုံကလေး ပြုနိုင်တယ်။ တကယ်လို့ နင်က ငါ့ကို ပြန်ပြီးချစ်ပါတယ်ဆိုရင် နင်ဟာ ငါ့ရဲ့ အဆိုကို အတည်ပြု လက်ခံတဲ့ သဘောပဲ။ ဒါပေမဲ့ နင့်ရဲ့ အတည်ပြု လက်ခံမှုဟာ ငါ့ကို ပိုင်းခြားကန့်သတ်လို့ မရဘူး။ ငါက နင့်ကို ချစ်တယ်လို့ ပြောတဲ့စကားက နင်ဟာ တခြားလူကို မချစ်ရတော့ဘူးလို့ မတားနိုင်သလို နင်က ငါ့ကိုပြန်ပြီး ချစ်ပါတယ်လို့ ဆိုတာဟာ နင်က ငါဟာ တခြားလူကို မချစ်ရတော့ဘူးလို့ အမိန့်ထုတ်တာ၊ ကန့်သတ်တာ မဟုတ်ဘူး။ လူတစ်ယောက်က တခြားလူတစ်ယောက်ရဲ့ အသိပိုင်ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကို မတားနိုင်ဘူး။ ထိန်းချုပ်ကန့်သတ် မပစ်နိုင်ဘူး။ ခပ်ရှည်ရှည်ရှင်းပြီး ကျွန်တော်က စကားပြောနေတာကို ရပ်လိုက်တော့ သူက သူ့လက်ထဲက သောက်လက်စ ကော်ဖီခွက်ကို ကျွန်တော့်ဆီ လှမ်းပေးတယ်။ ကျွန်တော်လည်း တစ်ငုံလောက် သောက်လိုက်တယ်။

အဲဒီတုန်းမှာပဲ သူက ပြောတယ်။ နင်ပြောသလို ဆိုရင်တော့ ချစ်တယ်ဆိုတဲ့စကားဟာ သိပ်အရေးမပါသလိုပဲပေါ့။ ငါက နင့်ကို ချစ်ပါတယ်လို့ ပြောပေတဲ့ နင့်ဘာသာ ချစ်ချင်ရာတွေ လျှောက်ချစ်လို့ ရနေသေးတာပဲ။ ဘာအဓိပ္ပာယ် ရှိတော့လို့လဲတဲ့။ ကျွန်တော်က ကော်ဖီခွက် သူ့ကို ပြန်ပေးလိုက်တယ်။ ချစ်ချင်ရာ လျှောက်ချစ်နိုင်တယ်ဆိုတာတော့ ဟုတ်တယ်။ ချစ်ပုံချင်းက တူမှာမဟုတ်ဘူးလို့ ကျွန်တော်က ပြောလိုက်တော့ သူက ကော်ဖီသောက်နေရင်း မျက်လုံးလှန်ပြီး ကြည့်တယ်။ ငါ့ကို ချစ်တယ်ဆိုတာဟာ နင့်ဒယ်ဒီကို နင်ချစ်တာ၊ နင့်အမေကို နင်ချစ်တာ၊ နင်တို့အိမ်ရှေ့က ပိတောက်ပင်ကြီးကို နင်ချစ်တာ ချစ်တော့ ချစ်တာပဲ။ ချစ်ပုံချင်း ချစ်တဲ့ဒီဂရီ အတိုင်းအတာချင်းတော့ မတူနိုင်ကြဘူး။ တို့လူမျိုးမှာ အမြဲတမ်းမှားနေတဲ့ဟာ တစ်ခု ရှိတယ်။ ၁၅၀၀ ကို ၅၂၈ နဲ့ ရောပစ်တာ။ ပိဿာကို ပေါင်ချိန်နဲ့ ရောပစ်လိုက်တာမျိုးပဲ ရောပစ်လို့ မရနိုင်ဘူး။ ငါ နင့်ကို ချစ်တာဟာ တခြားသူတွေ၊ တခြားဟာတွေကို ချစ်တာနဲ့ မတူနိုင်ဘူး။ ပိုဆိုးတာတစ်ခုက ချစ်တယ်လို့ ပြောတာ။ တချို့ကျတော့လည်း သတ္တိမရှိလို့ ရည်းစားစာရေးပြီး အသိပေးတာ။ ဘယ်လိုလုပ်လုပ် ဘာသာစကားဘောင်ထဲမှာတော့ သာမန်အဆိုတစ်ခုပဲ။ ချစ်တယ်ဆိုတာကို ပြောစကား၊ အရေးစကားနဲ့မှ မဟုတ်ဘူး။ ဘာသာစကားမပါပဲလည်း အမျိုးမျိုး ဖော်ထုတ်ပြနိုင်တယ်။ အသိအမှတ်ပြု လက်ခံနိုင်တယ်။ ဒါပေတဲ့ လူတွေက ချစ်ခြင်းဆိုတာကို အလွယ်တကူ သုံးပစ်လိုက်ကြတယ်။ လူတွေဟာ ချစ်ခြင်းရဲ့ နောက်ဆက်တွဲတွေကို ကြိုတွေးပြီး ချစ်တယ်လို့ ပြောတတ်ကြတာ။ နောက်ဆက်တွဲဆိုတာက ပိုင်ဆိုင်လိုတာ။ ကိုယ်ကာယချင်း နှီးနှောချင်တာ စတာတွေ အပုံကြီးပဲ။ နင် ခုနပြောတဲ့ လော့(ဒ)ဘိုင်ရွန်ပြောတဲ့ “ထိုထိုသော ချစ်ခြင်းတို့သည် အပြစ်ကင်း၏” ဆိုတာက နောက်ဆက်တွဲ မပါတဲ့ ချစ်ခြင်းပဲ။ ရိုးသားတဲ့ ချစ်ခြင်းပဲလို့ပြောပြီး ကျွန်တော်က စကားပြောနေတာ ခဏရပ်လိုက်တယ်။ သူက သူ့လက်ထဲက ကော်ဖီခွက် ကျွန်တော့်ကို လှမ်းပေးရင်း ဒီလိုဆိုရင် ချစ်ခြင်းကို ဘာသာစကား အခြေခံမှုဖြင့် လွဲမှားစွာ အသုံးချမှုကြီးဆိုပြီး ကုလသမဂ္ဂတို့၊ သည်ဟိဂ်က အပြည်ပြည်ဆိုင်ရာ တရားရုံးတို့ကို တိုင်ရင် မကောင်းဘူးလားလို့ နောက်ပြီး ပြောတယ်။ ကျွန်တော်က ကော်ဖီ မသောက်သေးဘဲ ငါ အကောင်းပြောနေတာလို့ ပြောလိုက်တယ်။ ငါလည်း အကောင်းတစ်ခု ပြောမယ်လို့ သူက စကားစလိုက်တယ်။ ကော်ဖီသောက်ရင်း ခေါင်းညိတ်ပြလိုက်တယ်။ နင့်စကားအတိုင်းပဲ။ နင့်ကို ငါက ချစ်တယ်လို့ ပြန်မပြောတော့ဘူး။ နင့်လည်ပင်းမှာ ကြိုးကွင်းစွပ်ထားသလို ဖြစ်သွားမှာစိုးလို့။ နင့်ဘာသာ သိချင်သိ၊ မသိချင်နေ မဟုတ်ဘူးလားလို့ပြောပြီး ကျွန်တော့်လက်ထဲက ကော်ဖီခွက်ကို လှမ်းယူပြီး ကော်ဖီဗန်းထဲ ပြန်ချထားလိုက်တယ်။

တော်ပြီ ချစ်တဲ့ကိစ္စ ခဏထားလိုက်ဦးလို့ ကျွန်တော်က စကားစလိုက်ရင်း ဟို စနေနေ့တုန်းက နင်တို့သားအဖ ဘာတွေ ငြင်းကြတာလဲလို့ မေးလိုက်တယ်။ သူက ခဏစဉ်းစားပြီး ဟ ဟားလို့ ရယ်တယ်။ အမေးကို တည့်တည့်မဖြေဘဲ နင်အကြောင်းစုံ ကြားပြီပြီ ထင်တယ်လို့ ပြန်မေးတယ်။ ကျွန်တော်က ခေါင်းပဲ ညိတ်ပြလိုက်တယ်။ မဟုတ်ဘူးဟဲ့။ ဒယ်ဒီမှာ နောက်လူတွေဟာ သူတို့ခေတ်ကလောက် မတော်ကြဘူးဆိုတဲ့ အမြင်ရှိတယ်။ အဲဒါနဲ့ပတ်သက်လို့ ငါ လက်မခံနိုင်ဘူး။ ရှေ့ကသွားသွား နောက်ကလာလာ လူတိုင်းဟာ လူတော်တွေချည်း မဟုတ်ကြဘူးလို့တော့ လက်ခံရမှာပေါ့လို့ သူက ပြောတယ်။ ပြီးတော့ ဟ ဟားလို့ သူ့ဘာသာ ရယ်ပြန်တယ်။ ဂေါ့ကွင်းမှာ နင့်ဖေဖေက ဒယ်ဒီကို ဘာပြောတယ်ဆိုတာလည်း ငါ ကြားပြီးပြီ။ နင်ကော သိပြီးပြီမဟုတ်လားလို့ မေးတယ်။ ဖေဖေပြောပြတယ်လို့ ကျွန်တော်က ပြောလိုက်တယ်။ သူက ဘာမျှဝင်မပြောဘဲ ကျွန်တော့်ကို ကြည့်နေလို့ ကျွန်တော်က ဆက်ပြောလိုက်တယ်။ အဲဒီနေ့က နင့်ဒယ်ဒီက လက်ပျက်တယ်။ ဒါနဲ့ ဆယ့်ရှစ်ကျင်းပြီးတော့ ဘီယာသောက်ရင်း မင်း တယ်လက်ပျက်ပါလားလို့ ဖေဖေက မေးတော့ နင့်ဒယ်ဒီက ပြောသတဲ့။ ညက အိမ်က ပညာတတ်မနဲ့ ငြင်းလာရတာနဲ့ စိတ်ထဲမကြည်ဘူးလို့ ဖြေတယ်တဲ့။ ဖေဖေက မင်းသမီးနဲ့ ငါ့သား ပေးစားပစ်လိုက်ကြရင် ကောင်းမယ်ထင်တယ်။ ငါလည်း နားငြီးသက်သာရအောင်လို့လို့ ပြောသတဲ့။ ဒီတော့ နင့်ဒယ်ဒီက ပြောသတဲ့။ ပေးစားပြီး အိမ်နားကပ်နေလို့တော့ မဖြစ်ဘူး။ ဝေးဝေးလံလံ ပို့ထားမှ ကောင်းမယ်လို့ ပြောတယ်တဲ့။ ဒီတော့ ဖေဖေက ပြောသတဲ့။ ငါ့မှာ စိုက်ပျိုး မွေးမြူရေး လုပ်ရအောင်ဆိုပြီး မြေဧက တော်တော်များများ ဝယ်ထားတာရှိတယ်။ မြောင်းတကာဘက်မှာ သူတို့နှစ်ယောက်ကို ပေးစားပြီး အဲဒီမှာ သွားနေခိုင်း။ နွားအကောင် တစ်ရာလောက် ဝယ်ပေးထားလိုက်။ သူတို့ချင်း ငြင်းလို့မရရင် ငြင်းစရာ ရသွားအောင်လို့လို့ ပြောသတဲ့လို့ ကျွန်တော်က ပြောပြရင်း ရယ်လိုက်မိတယ်။ သူက ဘာမျှ မပြောဘဲ ခေါင်းကို သာသာခါရင်း တိုက်ရိုက်မမြင်ရတဲ့ ရေကန်ရှိရာဘက်ကို ကြည့်နေတယ်။ ခေါင်းခါလိုက်တိုင်း သူ့ဆံပင်အဖျားတွေ လွင့်သွားတယ်။ သူ့စိတ်ထဲမှာ တစ်ခုခုကို နက်နက်ရှိုင်းရှိုင်း စဉ်းစားနေပုံပဲ။ ကျွန်တော်လည်း ရေကန်ရှိရာဘက်ကို ကြည့်နေရင်း သူများ စိတ်ပြောင်းသွားမလားဆိုတဲ့ အတွေးနဲ့ ဘာလို့ နင်က ငါ့ကို ထမင်းကျွေးမှာလဲလို့ သူ့ကို စကားအဆက်အစပ်မရှိဘဲ ထပ်မေးလိုက်မိတယ်။

သူက ကျွန်တော့်ကို လှည့်ကြည့်တယ်။ မရယ်မပြုံးဘဲ နင်မစားလည်း ငါတို့အိမ်မှာ ကျွေးပစ်စရာ ခွေးမရှိလို့လို့ ပြောတယ်။ ပြီးတော့ ကျွန်တော့်လက်ကို လှမ်းဆွဲလိုက်ပြီး လက်ပတ်နာရီကို ကြည့်လိုက်တယ်။ သွားကြရအောင်။ ဆယ့်နှစ်နာရီတောင် ကျော်နေပြီလို့ ပြောတယ်။ ကျွန်တော်တို့နှစ်ယောက်သား သူတို့အိမ်ဘက်ဆီ လျှောက်လာခဲ့ကြတယ်။ ရေကန်ကို မြင်ရတော့ ရေကန်ထဲမှာ ရေတောင် အတော်ခမ်းနေပါကလားလို့ ကျွန်တော်က ကောက်ချက်ချလိုက်တယ်။ နွေမို့ ရေခန်းတာဟာ အဆန်းလား။ နင့်မှာ သည်ထက်အရေးပါတာ စဉ်းစားစရာ မရှိဘူးလားလို့ မေးတယ်။ ကျွန်တော်လည်း ဘာမျှပြန်မပြောရဲဘူး။ သူ့ကြည့်ရတာ တစ်ခုခု စိတ်ခုသွားပုံရတယ်။ ကျွန်တော့်ခေါင်းထဲကိုတော့ ဘကြီးသုခပြောတဲ့ စကားတစ်ခွန်း ဝင်လာတယ်။ မိန်းမများ စိတ်ခုနေရင် ကြောက်ရသကွ။ ငှက်မွေးကလေး ပြုတ်ကျတာနဲ့ တောင်ကြီးပြိုသွားအောင် ငလျင်လှုပ်သွားနိုင်တယ်ဆိုတဲ့ အခြေအနေမျိုးပဲတဲ့။ သူတို့ ခြံတံခါးကို ကျွန်တော်က ဖွင့်လိုက်တယ်။ ကျွန်တော်တို့နှစ်ယောက်စလုံး သူတို့ခြံထဲရောက်တော့ ကျွန်တော်က ခြံဝင်းတံခါးကို ပြန်ပိတ်လိုက်တယ်။ သူက ရပ်စောင့်ရင်း ကျွန်တော့်ကို ကြည့်နေတယ်။ သူ့ဆီကို လျှောက်သွားရင်း ဟိုဘက်မှာ တို့ ထိုင်စကားပြောနေတုန်းက နင် ပြောတာတစ်ခုရှိတယ်။ ငါ့ကို ချစ်ပါတယ်လို့ မပြောတော့ဘူးဆိုတာ တကယ်လားလို့ မေးလိုက်တယ်။ အိမ်ဆီကို လျှောက်လာကြရင်း သူက ပြန်ပြောတယ်။ ဟိုဘက်မှာက နင်တို့ပိုင်နက်၊ နင့်အမြင်၊ နင့်သဘော။ ဒီဟာက ငါတို့ခြံ၊ ငါ့ပိုင်နက် ဟိုဘက်ကဟာတွေ ဟိုမှာပြီးပြီလို့ ပြောတယ်။ ကျွန်တော့်ခေါင်းထဲမှာတော့ မရှင်းလှဘူး။ စကားလမ်းကြောင်း ပြောင်းသွားအောင် ငါကတော့ နင်ငါ့ကို ထမင်းကျွေးတာဟာ ငါ့ကို ချစ်လို့ပဲလို့ ထင်တယ်လို့ ကျွန်တော်က ပြောလိုက်တယ်။ သူက လမ်းလျှောက်နေတာ ရပ်လိုက်ပြီး ကျွန်တော်ပါ လမ်းလျှောက်နေတာ ရပ်သွားအောင် ကျွန်တော့်လက်မောင်းကို လှမ်းကိုင်ပြီး ဆွဲထားလိုက်ရင်း မျက်နှာကို သေသေချာချာကြည့်နေတယ်။ ပြီးမှ ငါကျွေးတဲ့ ထမင်းကို နင် စားချင်စား မစားချင်နေ၊ နင်မစားလို့ ငါ့မှာ ကျွေးစရာ ခွေးမရှိပေတဲ့ အမှိုက်ပုံးထဲ လွှင့်ပစ်နိုင်တဲ့ နောက်ထပ်အခွင့်အရေးတစ်ခု ငါ့မှာ ကျန်နေသေးတယ်။ နင် မမေ့နဲ့လို့ သူက ပြောတယ်။ ပြီးတော့ ကျွန်တော့်လက်ကိုလွှတ်ပြီး အိမ်ဘက်ဆီ လျှောက်သွားတယ်။

သူ့နောက်ကနေ ကျွန်တော် လျှောက်လိုက်လာရင်း ခေါင်းထဲမှာ တွေးစရာတွေအများကြီး ရလာတယ်။ လော့(ဒ)ဘိုင်ရွန်ပြောတဲ့ အပြစ်ကင်းတဲ့ ချစ်ခြင်းအကြောင်း။ ရှိနေမှန်း သိနေပေတဲ့ မမြင်ရတဲ့ ရေကန်အကြောင်း။ တင်မောင်အေးရဲ့ ချစ်ရုံနဲ့ မလုံလောက်ဘူး နားလည်တတ်ဖို့လည်း လိုတယ်ဆိုတဲ့အကြောင်း၊ ကျွန်တော့်ဖေဖေပြောတဲ့ နွားအကောင်တစ်ရာအကြောင်း၊ ဘကြီးသုခပြောတဲ့ ငှက်မွှေးကလေးအကြောင်း၊ သူပြောတဲ့ နင့်ကို ငါ ချစ်တယ်လို့ မပြောတော့ဘူးဆိုတဲ့အကြောင်း၊ ကျွေးတာမစားချင်ရင် လွှင့်ပစ်လို့ ရတယ်ဆိုတဲ့ အခွင့်အရေးအကြောင်း အစုံပဲ။ မဆီမဆိုင် ထပ်ပြီးစဉ်းစားစရာတစ်ခု ပေါ်လာတယ်။ လောကမှာ ချစ်ချင်တဲ့လူတွေ၊ အချစ်ခံချင်တဲ့လူတွေ အပုံကြီးပဲ။ အချစ်မခံချင်တဲ့ လူတွေလည်း ရှိတော့ရှိမှာပဲ။ နည်းတော့ နည်းမယ်။ ဒီလူတွေဘက်က ရပ်ပြီး တွေးကြည့်မိတယ်။ လူတွေအနေနဲ့ မချစ်ကြရင် အတော်ကောင်းမှာပဲလို့။ တကယ်တော့ အချစ်ခံရတယ်ဆိုတာက သိပ်တာဝန်ကြီးတာကိုး။ အချစ်ခံရတယ်ဆိုတာကိုက ရေးသားမထားတဲ့ စည်းကမ်းမျိုးစုံနဲ့ ညင်သာစွာ အကျဉ်းချထားခြင်း တစ်မျိုးပဲ။ ဒါကြောင့်မို့ ဖြစ်နိုင်ရင် လူတွေကို မချစ်ကြပါနဲ့ဗျာလို့ တောင်းပန်ကြည့်ချင်တယ်။ ဖြစ်နိုင် မဖြစ်နိုင်တော့ မသိဘူး။ ဖေဖေ့အစီအမံအတိုင်း ဖြစ်လာလို့ နွားအကောင်တစ်ရာနဲ့ သွားနေရတဲ့အခါ သူတို့ကို မေးကြည့်ပါမှပဲ။ ခုနေတော့ ကျွန်တော်ကိုယ်တိုင် ဘာအဖြေမှ ပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေတဲ့ အဲဒီအခါကျပြန်ရင်လည်း ကျွန်တော်ကိုယ်တိုင် ကာလတရားနဲ့အတူ လိုက်ပါ ပြောင်းလဲလိုက်ရတဲ့ ပြစ်ဒဏ်ကို ခံရကောင်း ခံရပြီး ဖြစ်နေတော့မှာမို့ ဒီမေးခွန်းကို မေ့ကောင်း မေ့နေလေမလားပဲ။

1 comment:

တေဇာ (လရောင်လမ်း) said...

ပြန်ဖတ်သွားတယ်။ ပထမအကြိမ်ကထက် ပိုသဘောကျလာတယ်။ နောက်တစ်ခေါက် ဖတ်ဖြစ်ချင်ဖတ်ဖြစ်ဦးမယ်....။း)